ညင်သာမှု
Vol. 91 Ch. 1365
မြောင်ကော်ဖုန်း၏ ရုံးခန်းထဲကနေ ထွက်လာခဲ့ပြီးနောက် လင်းရီ၊ လီချူးဟန်နှင့် ချောင်ရှင်းတို့ နှလုံးခွဲစိတ်ဌာနထံ ပြန်ရောက်လာခဲ့ကြသည်။
ချောင်ရှင်းက အလိုက်တသိနှင့် ထွက်သွားခဲ့ပြီး သူတို့ နှစ်ယောက်ကို သီးသန့် နေရာတစ်ခု ပေးလိုက်လေသည်။
“ တုံးစန်း ကောင်တီက ဘယ်လိုလဲဟင်… လူတွေ ပြောကြသလောက်ရော ဆိုးလား…”
လီချူးဟန်သည် သူ ဝယ်လာခဲ့ပေးသည့် ပန်းသီးကို ကမ်းပေးရင်း သူ့ကို စားစေချင်နေသည်။
“ မင်း စိတ်ကူးမယဉ်နိုင်လောက်အောင်ကို ဆိုးတယ်…” လင်းရီ အားနာမနေဘဲ ပန်းသီးကို ကိုက်စားရင်း ပြောလိုက်၏။
“ ရှေ့ လေးငါးရက်လောက်တုန်းက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် အူအတက်ပေါက်လို့ဆိုပြီး ဆေးရုံသွားပြတာ … ကောင်တီက ဒေါက်တာက ဘာပြောလိုက်တယ်ထင်လဲ…”
“ သူ ဘာပြောလိုက်လဲ…” လီချူးဟန် ညင်သာသည့် အပြုံးတစ်ပွင့်ဖြင့် မေးလိုက်၏။ လူနာကို ဝေဒနာလျော့စေမည့် အပြုံးလေးပင်။
“ စမ်းသပ်မှုတွေ တသီကြီး လုပ်ပြီးတော့မှ ဆရာဝန်က ပြောလိုက်တာ ‘ မင်းကြည့်ရတာ အူအတက် ပေါက်နေသလိုပဲ ‘ တဲ့….”
“ ဟင်… သလိုပဲတဲ့လား…”
“ အင်း… သလိုပဲတဲ့… သူ အဲ့အတိုင်းပြောခဲ့တာ… ငါဆို လုံးဝ ကြောင်အမ်းသွားပါတယ်ဆိုနေ…” လင်းရီ ရယ်မောလျက် ပြောလိုက်သည်။
“ ငါတော့ ကောင်တီဆေးရုံက ရောဂါကုဖို့ပဲ မဟုတ်ဘဲ ဗေဒင်ဟောတဲ့ နေရာများလားလို့တောင် စိတ်ထဲ ထင်မိလိုက်သေးတယ်.. ရောဂါက ခံစားချက်တွေပေါ်မှာ အခြေခံပြီး… သူတို့ အာရုံထဲမှာ ပေါ်လာတဲ့ ရောဂါက လူနာရဲ့ ရောဂါပဲ…”
“ တကယ်လို့ ဦးနှောက်သွေးလွန်တာလို့… နှလုံး ရှော့ခ်ဖြစ်သွားတာတို့ဆိုရင် ICU တွေ မေ့လိုက်တော့ … ဒေါက်တာက တစ်ခါတည်း သဂြိုဟ်ရုံ သွားလိုက်တော့လို့ပဲ အကြံပေးလောက်တယ်…”
လီချူးဟန် မနေနိုင်ပဲ အချိန်အနည်းငယ်ကြာအောင် တခစ်ခစ် ရယ်မောနေမိသည်။
“ ငါ အရင်က သွားခဲ့ဖူးတဲ့ ကျေးလက်ဘက်တွေထက်တောင် ပိုဆိုးနေသလိုပဲနော်…”
“ ဆင်းရဲလွန်းတယ်ဆိုပြီး နာမည်ကြီးတဲ့ ကောင်တီပဲလေ… နားလည်ပေးလို့ရပါတယ်… အဲ့တာတော့ ဘယ်တတ်နိုင်မှာ..” လင်းရီ ပြောလိုက်သည်။
“ ကျန်းမာရေးနဲ့ ပညာရေး နှစ်ခုလုံးက ဒေသတွင်း စီးပွားရေး အခြေအနေနဲ့ ဆက်နွယ်နေတာဆိုတော့ စီးပွားရေး မကောင်းရင် ကျန်တာ ဘာမှလုပ်ပေးလို့ရမှာမှ မဟုတ်တာ..” လီချူးဟန် ပြောလိုက်သည်။
“ စီးပွားရေးက ရှေ့ဆက် ကောင်းသထက် ကောင်းလာဖို့ရှိတယ်… ဒါကြောင့်မို့ မကြာခင် ပညာရေးနဲ့ ကျန်းမာရေးဘက် ဦးလှည့်ရတော့မှာ…”
“ အွန်း.. ငါလည်း နင့်ကို အကောင်းဆုံး ကူညီပေးမယ်…”
“ ဘာကို ကူညီပေးမှာ… ဒီတိုင်း အယောင်ပြ လာပေးရုံနဲ့တင် ရပြီ…. ကိုယ့်ကိုယ်ကို အပင်ပန်းမခံနဲ့…”
“ ရပါတယ်… ငါ မပင်ပန်းပါဘူး..” လီချူးဟန် ညင်သာစွာ ပြန်ပြောလိုက်သည်။
“ အဲ့လိုဆိုလည်း မရဘူး… အလုပ်ကို တခြားသူတွေပဲ လုပ်ခိုင်းလိုက်…”
“ အင်းပါ… နင့် သဘောပါပဲ…” လီချူးဟန် ပြောလိုက်၏။ သို့သော် သူမ ဘာလုပ်မလဲတော့ သူမ သာလျှင် သိသည်။
“ ငါ ဒီည တခြား လုပ်စရာတွေ ရှိတယ်.. နင့်ကို အဖော်လုပ်ပေးနိုင်မှာမဟုတ်ဘူး… နင် မနက်ဖြန် အားလား… ငါတို့ သုံးလေးပတ်လောက် ပြိုင်မောင်းကြစို့လေ…”
“ ရတာပေါ့… ငါ့မနက်ဖြန် အလုပ်တွေကို သူများနဲ့ လွှဲထားလိုက်မယ်…”
“ ဒါဆို မနက်ဖြန် မင်းအိမ်လာခဲ့မယ်နော်.. မွ…”
မပြန်သေးခင် လင်းရီသည် လီချူးဟန်၏ နှုတ်ခမ်းကို တပ်မက်စွာ နမ်းရှိုက်လိုက်၏။ သူမ၏ နှုတ်ခမ်းနီက သရက်သီး အရသာ ဖြစ်ကြောင်းကို လင်းရီ သတိပြုမိလိုက်သည်။
ဆေးရုံကနေ ထွက်လာခဲ့ပြီးနောက် လင်းရီသည် ချောင်ရန် အုပ်စုထံ ပြန်လာပြီး ကျီချင်းရန်ကို အလုပ် လာကြိုပေးသည်။ ထို့နောက် အိမ်သို့ အတူပြန်လာလေသည်။
နောက်တစ်နေ့ နံနက်တွင် လင်းရီ လီချူးဟန်၏ အိမ်သို့ မောင်းလာခဲ့၏။
သူ အိမ်ထဲ ရောက်တော့ သူမက အိမ် သန့်ရှင်းရေးပင် လုပ်ထားပြီး ဖြစ်ကြောင်းကို သတိထားမိလိုက်သည်။ စာကြည့်ခန်းမှလွဲ၍ နေရာတိုင်းက သန့်ရှင်းတောက်ပြောင်နေသည်။
“ မနက်စာ စားခဲ့ပြီလား…”
“ စားပြီးပြီ… မင်း ပြီးပြီဆို သွားရုံပဲ…”
“ တစ်မိနစ်စောင့်… ငါ နင့်ဖို့ အသီးနည်းနည်း သွားယူလိုက်ဦးမယ်.. နင် အပြင်သွားရင်း စားလို့ရတာပေါ့…”
ပြောပြီးနောက် လီချူးဟန်သည် ရေခဲသေတ္တာထဲကနေ အသီး သေတ္တာ သုံးခု ထုတ်လာခဲ့၏။ အကုန်လုံးက လင်းရီ အကြိုက် သရက်သီးများ၊ ဖရဲသီး၊ ချယ်ရီသီးတို့ ပါဝင်နေသည်။
လင်းရီ လီချူးဟန်ကို ချစ်ခင် နှစ်သက်စွာ ပြုံးပြလိုက်သည်။ သူမက အနည်းငယ် အေးစက်ပြီး စကားအများကြီး ပြောရတာကို မနှစ်သက်သော်လည်းပဲ ချစ်သူအပေါ်တွင် ညင်သာမှုတို့တော့ ဖော်ပြတတ်လေ့ရှိ၏။
လျန်ရူရွှယ်ဆိုသည့် ကောင်မလေးသည် လီချူးဟန်ထံမှ ကောင်းကောင်းကြည့်ပြီး သင်ယူသင့်၏။ နှစ်ယောက်ကြားရှိ ခြားနားချက်က ပင်လယ်တမျှပင်။
အားလုံး အသင့်ဖြစ်တော့ နှစ်ယောက်သား ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းသို့ ရောက်ရှိလာသည်။
ဤအတောအတွင်း လီချူးဟန်၏ စကေးများက ထပ်မံပြီး တိုးတက်လာသည်ကို လင်းရီ သတိပြုမိလိုက်သည်။
အကယ်၍ ဆရာဝန် တစ်ယောက် ဖြစ်မလာခဲ့ဘူးဆိုလျှင်ပင် ယခု နယ်ပယ်၌ ပရော်ဖက်ရှင်နယ် တစ်ယောက်အဖြစ် ကောင်းကောင်း ရပ်တည်၍ ရလေသည်။
မနက်ခင်းတွင် လီချူးဟန်နှင့် ကားပြိုင်ပွဲကွင်း၌ ကစားပြီးနောက် နေ့လည်စာ စားရန် အပြင်သို့ ထွက်လာခဲ့ကြသည်။ စားသောက်ပြီးနောက် မောလ်သို့ သွား၍ ပစ္စည်းတစ်ချို့ ဝယ်ယူကာ လီချူးဟန်ကို အိမ်သို့ ပြန်လိုက်ပို့ပေးလိုက်သည်။
နောက် ရက်အနည်းငယ်အထိတိုင်အောင် လင်းရီသည် ကျိုးဟိုင်မှ မပြန်သေးချေ။ သူ လင်းယွင် အုပ်စုသို့ သွား၍ နောက်လာမည့် နည်းဗျူဟာ အစီအစဉ်များအား ပြင်ဆင် သုံးသပ်ပြီးမှသာ တုံးစန်းကောင်တီသို့ ပြန်လာခဲ့သည်။
“ နင် ဘယ်တော့လောက် ပြန်လာမယ် စိတ်ကူးထားလဲ…”
ညစာ စားပြီးနောက် ကျီချင်းရန်သည် လင်းရီ၏ ပေါင်ပေါ်တွင် ထိုင်နေရင်း သူ့မျက်နှာကို ထိတွေ့လျက် မေးလိုက်၏။
“ သိပ်မကြာခင်ပေါ့…” လင်းရီ ပြောပြီးနောက် ခေတ္တကြာအောင် စဉ်းစားလိုက်သည်။
“ စက်မှုဇုန်ကလည်း ဆောက်နေပြီ… ချီကြီးနဲ့ ကျန်တဲ့သူတွေကလည်း စိတ်ချရတဲ့ လူတွေဆိုတော့ ငါ ဘာမှ လုပ်စရာ မလိုဘူး… သွားပြီး အယောင်ပြရုံပဲ..”
“ တစ်ခု အရေးကြီးတဲ့ ပြဿနာက ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍပဲ… အဲ့ဒါလည်း ကောင်းရင် တစ်လ၊ ဆိုးရင် နှစ်လပါပဲ… အဲ့လောက်ဆို ပြီးပါပြီ…”
သူမ နံရံရှိ ပြက္ခဒိန်ကို တစ်ချက်ကြည့်လိုက်သည်။ “ နင် ပြန်လာမယ့် အချိန်လောက်ဆို နှစ်သစ်ကူးနေ့လောက် သွားကျမယ် ထင်တယ်…”
“ အဲ့ ဝန်းကျင်ပေါ့…”
“ စကားမစပ် နင်ယွဲ့ ငါ့ဆီ ဖုန်းဆက်လာတယ်.. သူတို့ မင်္ဂလာဆောင်မယ့် နေ့က နှစ်သစ်ကူးနားလောက်ပဲ ဖြစ်မယ်တဲ့.. ဒါပေမယ့် ရက် အတိအကျတော့ မဆုံးဖြတ်ရသေးဘူး… ခု စီစဉ်စရာ ရှိတာတွေတော့ စီစဉ်နေပြီ…”
“ သူ မင်းကို ဖုန်းဆက်လာတယ်ပေါ့… အမှန်ဆို အစ်ကိုဖြစ်တဲ့ ငါ့ဆီ အရင် ပြောပြသင့်တာ မဟုတ်ဘူးလား…”
“ နင့်ကို ခေါ်ပြီး ဘာလဲလုပ်မှာ… နင်က သူ့ကို မင်္ဂလာဆောင် ဝတ်စုံ ကူရွေးပေးမှာမို့လို့လား…”
“ လက်စသတ်တော့ ငါက အသုံးမဝင်လို့ကိုး…”
“ နင်ကလည်း လူကြီး ဖြစ်နေပြီကို အဲ့ဒါတွေ ဘာလို့ လိုက်ကပ်တွက်နေရတာလဲ… “ ကျီချင်းရန် တခစ်ခစ် ရယ်မောရင်း ပြောလိုက်ပြီး “ နင့်ကို ပိုက်ဆံ ရှာခိုင်းရင် ရှာလိုက်… ကောင်းတဲ့ ကိစ္စတွေ လုပ်ခိုင်းရင် လုပ်လိုက်… တခြား ကိစ္စတွေ ဂရုစိုက်မနေနဲ့…”
“ ဟင်း… ငါ့လို ယောက်ျားကောင်းတစ်ယောက်က အဲ့လို ဖယ်ကြဉ်ခံထားရတာ ဝမ်းနည်းစရာပဲ…”
“ လိမ်လိမ်မာမာနေ… နောင်ကျ ငါ့စကား နားထောင်ရင်ပဲ ရပြီ…” ကျီချင်းရန် လင်းရီပါးကို ဆွဲညစ်လိုက်၏။
“ နင့်ကို ပြောပြမယ်.. နင့် ဇနီး စီမံပေးတာ ခံရတာ နင် ကံကောင်းတာနော်.. အဲ့လို အထိန်းချုပ်ခံချင်နေတဲ့ စင်ဂယ်တွေ ဘယ်လောက်များလဲ နင်သိရဲ့လား…”
လက်ရှိ ကျီချင်းရန်မှာ ဇနီး ဟူသော အသုံးအနှုန်းနှင့် အတော်လေးကို အကျွမ်းတဝင် ဖြစ်နေချေပြီ။
သူမကိုယ်သူမ လင်းရီ၏ ဇနီး တစ်ယောက်အဖြစ် မှတ်ယူထားပြီး ဖြစ်၏။
“ ဒါဆို ငါက ကျေးဇူးတင်ရတော့မှာပေါ့…”
“ ရပါတယ်..”
“ ငါ့မှာ ဇနီး တစ်ယောက်လည်း ရှိလာပြီဆိုတော့ နှစ်ယောက်အတူ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ဖို့က ငါ့အခွင့်အရေးပဲမလား…”
“ ဘာ အခွင့်အရေး…. အား……”
လင်းရီ သူမကို ပြန်မဖြေပဲ ထိုအစား အင်္ကျီအတွင်းထဲသို့ လက်ရောက်သွားခဲ့ပြီး လုပ်ရပ်ဖြင့် တုံ့ပြန်လိုက်၏။
“ အား…. နင် လူရမ်းကားကြီး… ငါ့ကို တစ်ချိန်လုံး အသားယူဖို့ပဲ စဉ်းစားနေတယ်…”
မနက်ဖြန်ဆို လင်းရီထွက်ခွာတော့မည် ဖြစ်သောကြောင့် ကျီချင်းရန်သည် သူနှင့် မခွဲခွာရက်ပဲ ဖြစ်နေခဲ့၏။ သူ့အပေါ် အချိန်အတော်ကြာ တွယ်ကပ်နေပြီး လင်းရီ ချော့သိပ်ပြီးနောက် အိပ်ပျော်သွားခဲ့၏။
နောက်တစ်နေ့ နံနက်၊ နံနက်စာ စားပြီးနောက် လင်းရီသည် ကျီချင်းရန်ကို အလုပ်သို့ လိုက်ပို့ပေးပြီး တုံးစန်းကောင်တီသို့ ပြန်လာလေသည်။
သို့သော် သူ ကောင်တီသို့ တန်းမတ်စွာ မသွားပဲ ထိုအစား စက်မှုဇုန်နေရာသို့ ရောက်ရှိလာခဲ့သည်။
ရက်ငါးဆယ်ကြာ ဆောက်လုပ်ရေး စပြီးနောက် အခြေခံ အဆောက်အအုံ ပုံစံ တစ်ချို့တော့ ရုပ်လုံးပေါက်လာခဲ့လေပြီ။ အပြင်မှ ကြည့်မည် ဆိုပါက ပြီးစီးပြီဟု ထင်ရ၏။
လင်းရီ တစ်ချက် တွက်ချက်ကြည့်လိုက်ပြီး တစ်လကျော် တစ်လခွဲလောက်ဆိုလျှင် ဆောက်လုပ်ပြီးစီးမည်ဟု မှန်းဆမှု ပြုလိုက်သည်။ ထိုအချိန်သို့ ရောက်ပါက ပစ္စည်းများကို စက်ရုံသို့ ရွေ့နိုင်ပေမည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ခဏကြာ လှည့်ပတ်ကြည့်ရှုပြီးနောက် လင်းရီ ကောင်တီသို့ ပြန်လာခဲ့၏။
ဂရုတစိုက်နှင့် တွက်ချက်ကြည့်ပြီးနောက် သူ ဤနေရာ၌ ရောက်ရှိနေသည်မှာ အချိန် နှစ်လပင် ကျော်နေချေပြီ။ ယခုတော့ ကောင်တီအတွင်း လူတို့ အနည်းငယ် စည်ကားလာသည်ကို လင်းရီ မြင်တွေ့နေရသည်။
လမ်းများလည်း ပို၍ ရှုပ်ယှက်ခပ်လာပြီး စီးပွားရေးသည်လည်း ဖြေးညင်းစွာဖြင့် ပြန်လည် နာလန်ထူလာသည်။
လမ်းများ၌ ခေတ္တကြာ လှည့်ပတ်သဝေထိုးပြီးနောက် လင်းရီသည် ကောင်တီရုံးခန်းသို့ မောင်းနှင်လာခဲ့လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ကောင်တီဆေးရုံရှေ့ ဖြတ်သွားတော့ သူ့ကို အံ့အားသင့်သွားစေသည်က ကောင်တီဆေးရုံရှေ့ အဝင်ဝ၌ ချိတ်ထားသည့် စာတမ်းများပင် ဖြစ်လေသည်။
၎င်းတို့ ရေးသားထားသည်က …
“ ယွီဟန်စန်း ဆေးရုံက ခေါင်းဆောင်ကြီးများ ကျွန်ုပ်တို့ ဆေးရုံလာပြီး သင်ပြပေးမှာကို နွေးထွေးစွာ ကြိုဆိုပါတယ်…”
ဟူ၍ပင်……။
စာစဉ် (၉၁) ပြီး၏။