← Chapters

ရိုးသားပြီး ကြင်နာပါ

Vol. 1 Ch. 2

ရိုးသားပြီး ကြင်နာပါ

Vol. 1 Ch. 2

မိုးမခပင်အိုကြီးပေါ်က စာပေပညာရှင် တစ္ဆေမှာ စကားမပြောနိုင်အောင် ဖြစ်သွားသည်။

ကျူးယိုချိုင်က သူ့နာမည်ပဲ​လေ။

သူသည် ထိုနေရာတွင် တွဲလောင်းကျနေပြီး သူ့လျှာသည် တစ်ပေခန့် ရှည်လျားလာကာ မျက်နှာကလည်း ဝက်အသည်းကဲ့သို့ ခရမ်းရောင် ပြောင်းသွားရာ ကြည့်ရတာ အတော်လေး ထူးဆန်းနေသည်။

"ရိုးသားလေးက လုံးဝ မရိုးသားဘူး... ဒီမိန်းမ ရုပ်ဆိုးတယ်လို့ ပြောဖို့ကို ငါ့နာမည် ယူသုံးတယ်..."

ကျူးယိုချိုင် စိတ်ထဲကနေ "ဒါပေမယ့် ဒီမိန်းမက ရုပ်ရည်မဆိုးပေမယ့် သူ့စိတ်ထားက မကောင်းဘူး... ရိုးသားလေး ကိုင်တွယ်နိုင်ပါ့မလားလို့" တွေးမိနေသည်။

သူသည် စိတ်ဝိညာဉ်နဲ့ ရှိနေတာကြောင့် ဤလူများက သူ့ကို မမြင်နိုင်သလို သူပြောတာကိုလည်း မကြားရပေ။ သူသည် ဤနေရာတွင် ကြိုးဆွဲချခံခဲ့ရသော်လည်း၊ ဤအပင်ဟောင်းကို မစွန့်နိုင်တာကြောင့် ချန်ရှီအဖိုးအား အသိမပေးနိုင်ပေ။

“အစ်မကြီးပြောနေတဲ့ ကြွေရုပ်တွေက ညနေခင်းမှာ ပေါ်လာတဲ့ ကောင်လေးတွေလား... သူတို့က မြက်ခင်းပြင်​တွေထဲကနေ တွားသွားပြီး ဝူးဝူးဝါးဝါးနဲ့ တီးတိုးပြောနေတဲ့ အကောင်တွေပဲ ဖြစ်မယ်.... ”

ချန်ရှီက ဆက်၍ "သူတို့ပြောနေတာတွေ အရမ်းမြန်လွန်းလို့ သူတို့ပြောတာ သိပ်မကြားရဘူး...လူလာရင် အဲ့ကောင်လေးတွေ အနီးနားက မြက်ခင်းထဲမှာ ပုန်းနေကြတာ ဘယ်မှာမှ ရှာမတွေ့တော့ဘူး... လူတွေထွက်သွားပြီးရင် ပြန်ထွက်လာလိမ့်မယ်... မိုးလင်းရင်လည်း ပျောက်သွားရော... သူတို့တွေက အစ်မကြီး ရှာနေတဲ့ဟာတွေ ဟုတ်တယ်မလား"

အဲဒီကြွေရုပ်တွေကို သူတကယ် မြင်ဖူးပြီး အဲဒီကောင်လေးတွေနဲ့ မကြာခဏ အပြန်အလှန်ပြောဆိုတတ်တာမို့ သူနဲ့ အရမ်းရင်းနှီးတယ်လို့ ဆိုလို့ရသည်။

ခရမ်းရောင် အမျိုးသမီးနှင့် ငါးပျံဝတ်စုံဝတ် အမျိုးသားများက ဒါကို ကြားသောအခါ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ကြသည်။

"လူကြီးမင်း... ဒီဟာလေး...အမ်... ညီငယ်လေးက အဲဒါကို ရှင်းရှင်းလင်းလင်း မှတ်မိနေတယ် ဆိုတော့ သေချာပေါက် အနီးအနားမှာ ရှိရမယ်"

ဖန်းဟဲ့ဆိုတဲ့ ငါးပျံဝတ်စုံဝတ်လူက ပြုံးပြီး ဝင်ပြောသည်။

"ကောလဟာလတွေက အမှန်ပဲ... တကယ့်ဘုရင်ကြီးရဲ့ သင်္ချိုင်းတစ်ခု ရှိသားပဲ... အဲဒီကြွေရုပ်တွေက ဝိညာဉ်တွေဖြစ်သွားတဲ့ သင်္ချိုင်းတွင်းက သင်္ချိုင်းပစ္စည်းတွေပဲ... ငါတို့သာ လုပ်နိုင်ရင် အဲဒီရတနာတွေကို ယူ…”

ခရမ်းရောင် ၀တ်ထားသော အမျိုးသမီးသည် ဒေါသထွက်ကာ မျက်လုံးများ ပြူးကျယ်၍ သူ့ကို ပြင်းထန်သော အကြည့်တစ်ချက် ပေးလိုက်သည်။ ဖန်းဟဲ့သည်လည်း အံ့သြထိတ်လန့်သွားသလို ခံစားလိုက်ရပြီး အလျင်စလို ပါးစပ်ပိတ်လိုက်သည်။

ခရမ်းရောင် ဝတ်ထားသော အမျိုးသမီးက ချန်ရှီကို တစ်ချက်ကြည့်လိုက်သည်။ ချန်ရှီ စိတ်ရှုပ်ထွေးနေတာကို တွေ့လိုက်ရသောအခါတွင် ကလေးတစ်ယောက်က သင်္ချိုင်းကြီးတစ်ခု သို့မဟုတ် ဝိညာဥ် ဖြစ်လာရခြင်း၏ အဓိပ္ပာယ်ကို မသိတာ ထင်ရှား​လေသည်။

"မောင်လေး... အဲဒီကြွေရုပ်တွေ ပျောက်ကွယ်သွားတဲ့ နေရာကို ခေါ်သွားပေးနိုင်မလား?"

ချန်ရှီက စိတ်ရှုပ်နေတဲ့ပုံနဲ့ "ကျွန်​တော့်အဖိုးက ညစာ​ပြန်လာစားဖို့ စောင့်နေမှာ..."

ခရမ်းရောင်ဝတ် အမျိုးသမီးက ရယ်မောပြီး "အစ်မကြီးမှာ အရသာရှိတဲ့ အစားအစာတွေ ရှိတယ်... အဲဒါတွေက ဝိညာဥ်သားရဲတွေနဲ့ ထူးထူးခြားခြား သစ်ဥသစ်ဖုတွေနဲ့ ချက်ပြုတ်ထားတာ... မင်းအိမ်က စားစရာထက်တောင် အရသာရှိမှာ... "

သူမက လက်ခုပ်တီးလိုက်တော့ မကြာမီ တစ်စုံတစ်ဦးမှ အသားခြောက်များ ယူလာ​လေသည်။ ချန်ရှီက အသားခြောက် တစ်ဖဲ့စားပြီး တကယ်အရသာ ရှိတာကြောင့် သူ သဘောတူလိုက်၏။ အားလုံးက ချန်ရှီရဲ့နောက်က လိုက်လာကြသည်။ ခရမ်းရောင်ဝတ် အမျိုးသမီးက ပြောပြန်သည်။

"မောင်လေး... မင်းနာမည်ကို မသိရသေးဘူးနော်"

"ကျွန်​တော်နာမည်က ချန်ရှီ... စာဖတ်နည်းကို သင်ပေးတဲ့ လူကြီးက ချန်က ရိုးသားခြင်းရဲ့ ချန်... ရှီက အမှန်တကယ် ဆိုတဲ့ ရှီတဲ့... ရွာကလူတွေက ကျွန်တော့်ကို ရိုးသားလေးလို့ ခေါ်ကြတယ် ကျွန်တော် ဘယ်တော့မှ မုသားမပြောဘူး!"

ဒါကိုကြားပြီးနောက် အားလုံးက "ချန်ဆိုတဲ့ မျိုးရိုးက ဘယ်လိုလုပ် ရှိမှာလဲ၊ ဒီလိုရွာက ဆရာကလည်း ဉာဏ်မမီသလို အရည်အချင်းလည်း မရှိဘူး" ဟု ပြောဆိုကြတော့သည်။

ဖန်းဟဲ့သည် ခရမ်းရောင် ၀တ်စုံဝတ် အမျိုးသမီးထံသို့ လာရင်း လေးနက်စွာ ကြည့်၍ သတိပေးလာသည်။

"လူကြီးမင်း... ဒီကလေးမှာ တစ်ခုခု မှားနေပြီ..."

ခရမ်းရောင်ဝတ် အမျိုးသမီး၏ မျက်လုံးများသည် ချန်ရှီကျောပေါ်သို့ ကျရောက်နေပြီး သူမ မျက်လုံးများကို တစ်ချက်မှိတ်လိုက်သည်။

“ငါလည်း သတိထားမိပါတယ်”

သူမမျက်နှာတွင် ထူးဆန်းသော အကြည့်ဖြင့် တိုးတိုးလေး ပြောသည်။

"သူက ငယ်ငယ်ရွယ်ရွယ် ဖြစ်နေလို့သာ မဟုတ်ရင် ကျင့်ကြံသူလို့တောင် ထင်ရတယ်"

ချန်ရှီသည် ဆတ်ဆတ်ခါနေသော အသားများကို စားနေဆဲ ဖြစ်ပြီး အမှန်တကယ်တော့ သူ့ပတ်ဝန်းကျင်တွင် အမှန်တကယ် စွမ်းအင်များ စီးဆင်းနေပါသည်။ ချန်ရှီ၏ ဦးခေါင်းနောက်တွင် အလင်းရောင်များ လင်းလက်လာနေပြီ။ ထို့နောက် အလင်းရောင်ဖြင့် ပြုလုပ်ထားသည့် နတ်ကွန်းတစ်ခု ထွက်ပေါ်လာတာကို မြင်လိုက်ရလေသည်။

အသားခြောက်ကို ဝိညာဉ်သားရဲများနှင့် ဆေးဘက်ဝင် အပင်အမျိုးမျိုးဖြင့် လုပ်ထားတာကြောင့် ချန်ရှီသည် အသားခြောက်ကို စားလိုက်သောအခါတွင် သူ့​​ဝိညာဉ်စွမ်းအင်ကို သန့်စင်စေပြီး သူ့ကျင့်ကြံမှုကို ထုတ်ဖော် ပြသလာတော့သည်။

"ချီသန့်စင်ခြင်းကာလ နတ်သန္ဓေသားနယ်ပယ်!"

ခရမ်းရောင်ဝတ် အမျိုးသမီးက "သူက နတ်သန္ဓေသားတောင် ပြောင်းလဲသွားပြီ... စစ်မှန်တဲ့ နတ်ဘုရားရဲ့ မျက်နှာသာပေးမှုနဲ့ နတ်သန္ဓေသားကို မွေးဖွားပေးတာ...သူက ပြည်နယ်မြို့တော်မှာ နေရာယူထားပြီး ပြည်နယ်စာမေးပွဲမှာ ပါဝင်နိုင်နေပြီ ! ဆယ်ကျော်သက်ကောင်လေးက..."

သူမ မယုံနိုင်ဘဲ ထိတ်လန့်သွားသည်။

ကျင့်ကြံသူများ၏ ကျင့်စဉ်ကို အဆင့်ငါးဆင့် ခွဲခြားထားသည်။ ချီသန့်စင်ခြင်း၊ နတ်အဖြစ်ပြောင်းခြင်း၊ နတ်အဖြစ်သန့်စင်ခြင်း၊ စိတ်ခံစားခြင်း၊ မဟာလမ်းပေါင်းစည်းခြင်း စတာတွေပဲ ဖြစ်သည်။

၎င်းတို့တွင် ချီသန့်စင်ခြင်းကို နယ်ပယ်လေးခုအဖြစ် ပိုင်းခြားထား​သေးသည်။ ချီသန့်စင်ခြင်း၊ အုတ်မြစ်တည်ဆောက်ခြင်း၊ နတ်ကွန်းနှင့် နတ်သန္ဓေသားကို ပြုစုပျိုးထောင်ပေးခြင်း ဖြစ်ကာ နတ်သန္ဓေသားနယ်ပယ် ရောက်လျှင် ပြည်နယ်စာမေးပွဲတွင် ပါဝင်နိုင်ပြီး ပညာရှင်ပါ ဖြစ်လာနိုင်သည်။

ယနေ့ခေတ်တွင် စာဖတ်ခြင်း နှင့် လေ့ကျင့်ခြင်းက အရေးကြီးလာပါပြီ။ ပညာတော်သင်များဟာ ကျင့်ကြံ​ခြင်းကို သူတို့ကိုယ်တိုင် ပြုစုပျိုးထောင်နိုင်ပြီး ကျော်ကြားမှု ရရှိလာပါက မင်းဆက်တွင် အရာရှိများ ဖြစ်လာနိုင်သည်။

ချန်ရှီသည် ဆယ်ကျော်သက် အရွယ်သာ ရှိသေးပြီး ကမ္ဘာပေါ်တွင်ပင် ရှားပါးသည့် နတ်သန္ဓေသား ဖြစ်လာခဲ့သည်။ ကျော်ကြားမှုသာ ရသွားရင် လောကကြီးကို တုန်လှုပ်စေမှာ သေချာပါ၏။

ခရမ်းရောင် ဝတ်ထားသော အမျိုးသမီးနှင့် အခြားသူများသည် ရှင်ကျန်း ပြည်နယ်မြို့တော်ရှိ ချမ်းသာသော မိသားစုမှ ဆင်းသက်လာရာ ကျေးလက်တောရွာတွင် ထိုသို့သော ပါရမီရှင်တစ်ဦးကို အမှတ်မထင် တွေ့ရတာကို မယုံနိုင်ဘဲ ဖြစ်နေသည်။

"မဟုတ်​သေးဘူး!"

ခရမ်းရောင်ဝတ် အမျိုးသမီးသည် ချန်ရှီ ခေါင်းနောက်ဘက်ရှိ နတ်ကွန်းသည် အချိန်မရွေး လေထဲတွင် လွင့်စင်သွား​တော့မလို ရုတ်တရက် မတည်မငြိမ် ဖြစ်နေတာကို မြင်လိုက်ရတဲ့အခါ သူမသည် ချန်ရှီထံ အမြန်လာပြီး သူ့ခေါင်းနောက်ဘက်ရှိ နတ်ကွန်းကို ကြည့်လိုက်သည်။

သို့သော်လည်း ချန်ရှီခေါင်းနောက်ဘက်ရှိ နတ်ကွန်းသည် ဗလာဖြစ်သွားကာ နတ်သန္ဓေသား မရှိတော့တာကို မြင်ခဲ့ရသည်။ ခရမ်းရောင်၀တ် အမျိုးသမီးလည်း အံ့အားသင့်စွာ ကြည့်နေ၏။

ထိုအချိန်တွင် ချန်ရှီ၏ ဦးခေါင်းနောက်ကွယ်ရှိ နတ်ကွန်းသည် တဖြည်းဖြည်း ပြန့်ကျဲသွားကာ သူ၏စစ်မှန်သော စွမ်းအင်များ ပြိုကွဲသွား၍ သာမန်လူတစ်ဦး ဖြစ်လာပြန်သည်။ ငါးပျံဝတ်စုံဝတ်ထားတဲ့ တခြားအမျိုးသားတွေလည်း ဒီမြင်ကွင်းကို မြင်လိုက်ကြတာမို့ သူတို့အားလုံးက ထူးဆန်းတဲ့ အမူအရာတွေကို ပြသလာခဲ့ကြသည်။

ခရမ်းရောင်ဝတ် အမျိုးသမီး: "သူ့နတ်ကွန်းတည်ဆောက်ပုံနဲ့ဆို နတ်ကွန်းထဲမှာ နတ်သန္ဓေသား ဖြစ်အောင် ပြုစုပျိုးထောင်သင့်တယ်... ဘာဖြစ်လို့ သူ့နတ်ကွန်းက လွတ်နေတာလဲ... ကျင့်ကြံမှုက ဘာလို့ ရုတ်တရက် ပျောက်သွားတာလဲ"

ချန်ရှီရဲ့ နတ်ကွန်းက အလွန်တည်ငြိမ်သည်။ သို့သော် သူ့နတ်ကွန်းတွင် နတ်သန္ဓေသားမရှိသဖြင့် နတ်ကွန်းသည် အချိန်မရွေး ပြိုကျသွားခဲ့သည်။ ၎င်းမှာ အမှန်တကယ်ပင် ထူးဆန်းသော အရာဖြစ်သည်။

ဖန်းဟဲ့က နားလည်စွာဖြင့် တိုးတိုးလေး ရယ်လိုက်သည်။

"လူကြီးမင်းက ကျော်ကြားတဲ့ မိသားစုက ဆင်းသက်လာပြီး ကမ္ဘာကြီးရဲ့ အန္တရာယ်တွေကို မသိသေးလို့ ဖြစ်မယ်... ဒီလိုကျေးလက်မှာ ကျင့်ကြံသူ ပါရမီရှင်တစ်ယောက် ပေါ်ထွန်းလာတယ် ဆိုတာ သေချာပေါက် ကောင်းမွန်တဲ့ အရာမဟုတ်ဘူး ကျိန်စာသင့်တာပဲ... အင်အားကြီး မိသားစုတွေက တပည့်တွေ အရည်အချင်းမပြည့်မီရင်၊ နတ်သန္ဓေသားအဖြစ် မကျင့်ကြံနိုင်ရင် ထူးချွန်တဲ့ အရည်အချင်းရှိပြီး နောက်ခံမရှိတဲ့ ပါရမီရှင်ကို ရှာဖွေဖို့ ဆရာကြီးတွေကို ငှားတတ်ကြတယ်... အဲ့ပါရမီရှင်ဆီက နတ်သန္ဓေသားကို ထုတ်ပြီး သူတို့ သားသမီးတွေထဲ အစားထိုးပေးကြတယ်... ဒီချန်ရှီဆိုတဲ့ကောင်လေးက အဲ့လိုအဖြစ်မျိုး ကြုံခဲ့ရလို့ နတ်ကွန်းက လွတ်နေတာ ဖြစ်မယ်”

ခရမ်းရောင်ဝတ် အမျိုးသမီးသည် ချန်ရှီကျောကို အံ့သြစွာကြည့်ကာ ပြန်မေးလိုက်၏။

"နတ်သန္ဓေသားကို ဖယ်လိုက်တာတောင် ဘယ်လိုလုပ် အသက်ရှင်နိုင်တာလဲ?"

ဖန်းဟဲ့လည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး "ယုတ္တိဗေဒအရပြောရရင် နတ်သန္ဓေသားကို ဖယ်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဦးခေါင်းခွံကို ဖောက်ထုတ်လိုက်တာပဲ... နတ်သန္ဓေသား လွတ်သွားတဲ့ လူက သေရမှာ သေချာတယ်... ဒါပေမယ့် ဒီကလေးက နတ်သန္ဓေသား မရှိတော့တာတောင် ဘာလို့ အသက်ရှင်နေသေးတာလဲ... ”

မင်မင်းဆက်တွင် အလွန်အဖြစ်များသော သူတို့၏ နတ်သန္ဓေသားများကို ဖယ်ထုတ်ခြင်း ပြဿနာကြောင့် နှစ်စဉ် လူအများအပြား သေဆုံးခဲ့ကြသည်။ ချန်ရှီသည် နတ်သန္ဓေသား ဖယ်ထုတ်ထားသော်လည်း မသေသေးတာက ထူးဆန်းလှသည်။

ဖန်းဟဲ့လည်း ရှေ့သို့ လျင်မြန်စွာ လျှောက်သွားကာ ချန်ရှီနောက်မှ အနီးကပ် လိုက်၍ သူ့ဦး​ခေါင်းနောက်ကို စမ်းကြည့်လိုက်သည်။ သေချာသည်မှာ ချန်ရှီ၏ ခေါင်းအနောက်ဘက်တွင် ရှည်လျားသော အမာရွတ်တစ်ခု ရှိနေတာကို ခံစားလိုက်ရ​လေသည်။

ဤအမာရွတ်သည် သုံးလက်မ သို့မဟုတ် လေးလက်မရှည်ပြီး အမာရွတ်အောက်ရှိ အရိုးသည် ဖောင်းကားနေသည်။

"ချန်ရှီ မလှုပ်နဲ့..."

ဖန်းဟဲ့က ဒီလိုပြော​ပြီးတဲ့အခါ ချန်ရှီရဲ့ ဆံပင်တွေကို တွန်းဖယ်လိုက်သည်။ ချန်ရှီရဲ့ ခေါင်းနောက်ဘက်မှာ အနီရောင် ကင်းခြေများလို နီရဲတဲ့ ချုပ်ရိုးကြောင်းကြီး ရှိနေ၏။ ချန်ရှီက အသားခြောက်ကိုသာ စား​နေပြီး သူလုပ်နေတာကို ဂရုမစိုက်။

ခရမ်းရောင်၀တ် အမျိုးသမီးက ဒီအမာရွတ်ကို မြင်တော့ ဒီကောင်လေးက ခေါင်းပွင့်သွားတာတောင် အသက်ရှင်နေသေးတာ မြင်ရတော့ ထပ်ပြီး အံ့သြသွားရပြန်သည်။

"ဒီဒဏ်ရာနဲ့ အသက်ရှင်နိုင်တာ တကယ်ကို အံ့သြစရာပဲ!"

နတ်သန္ဓေသား မရှိလျှင် စစ်မှန်သော စွမ်းအင်မှန်သမျှသည် အမြစ်မရှိသော သစ်ပင်နှင့် အရင်းအမြစ်မဲ့ရေကဲ့သို့ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်။ ချန်ရှီက နတ်သန္ဓေသားကို လုယက်ခံရပြီး အသုံးမဝင်သော လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ထိန်းသိမ်းထားသော အစားအစာတွင် ပါရှိသော ဆေးစွမ်းအားသည် ချီအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ နတ်ကွန်းကို ပြန်လည် ပေါ်လာစေခဲ့သည်။ သို့သော် နတ်သန္ဓေသား မရှိသောကြောင့် နတ်ကွန်းနှင့် သူ့ရဲ့ကျင့်ကြံမှုက မှန်တစ်ချပ်လိုပင် ဖြစ်သွားသည်။

ဖန်းဟဲ့သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ အသံကို လျှော့လိုက်ပြီး။

"လူကြီးမင်း... ပြီးခဲ့သောနှစ်တုန်းက ရေနွားခရိုင်က ခရိုင်မှူးလီရဲ့သား လီရှောင်တင်က ပြည်နယ်စာမေးပွဲ ဖြေဆိုတာ ကျဲ့ယွမ်ရာထူး ရခဲ့တယ်တဲ့... ဒါပေမဲ့ အဲ့လီသခင်လေးက အတတ်ပညာမရှိ၊ မလိမ္မာ၊ အရမ်စမိုက်မဲပြီး နတ်ဘုရားဆီကတောင် မျက်နှာသာပေး မခံရဘူးလို့ လူတချို့က ပြောကြတယ်...နတ်ကွန်းတောင် မရှိဘူး... လီသခင်လေးက ဆင်းရဲသား ကလေးဆီ နတ်သန္ဓေသားကို ယူခဲ့တာတဲ့..."

ခရမ်းရောင်ဝတ် အမျိုးသမီးက ချောင်းဆိုးပြီး အဓိပ္ပာယ်ရှိစွာ ပြောသည်။

"ခရိုင်မှူးလီက အရာရှိကြီး မဟုတ်ပေမယ့် လီမိသားစုက အင်အားကြီးတဲ့ မိသားစုပဲ... သခင်လေးလီ ကျင့်ကြံသူ ဖြစ်လာပုံက ငါတို့နဲ့ ဘာမှမဆိုင်ဘူး... ဒီကလေးကတော့ သနားစရာပေါ့..."

ချန်ရှီရဲ့ နောက်ကျောကို ကြည့်ပြီးနောက် သူမက တိုးတိုးလေး ဆက်ပြောသည်။

"ခဏနေရင် သူ့ကို ကောင်းကောင်း သင်္ဂြိုလ်ပေးလိုက်....မနှိပ်စက်နဲ့"

သူမက ဟွမ်ဖောရွာကို နူးညံ့တဲ့ မျက်နှာထားနဲ့ လှမ်းကြည့်ရင်း တိုးတိုးလေး ပြောပြန်သည်။

"ဒီရွာလည်း ရှိသေးတယ်...အဲ့လူတွေ ပါးစပ်ကနေ ပေါက်ကြားမသွားအောင် ရှင်းပစ်ပြီး ဒီကလေးနဲ့ မြှုပ်ထားလိုက်... ငါတို့ရဲ့ ကျောက်မိသားစုက လုပ်နေတဲ့အရာမှာ မရိုးသားဘူးဆိုတာ သိရင် မလွယ်ဘူး... စစ်မှန်တဲ့ ဘုရင့်သင်္ချိုင်းကို ရှာတွေ့ပြီးရင် မင်း သတ်တာကို သပ်သပ်ရပ်ရပ် လုပ်သင့်တယ်"

ဖန်းဟဲ့က ဦးညွှတ်ပြီး ဟုတ်ကဲ့ဟု ဆိုသည်။ ချန်ရှီရဲ့ အမူအရာဟာ ပုံမှန်ပဲ ဖြစ်သော်လည်း သူ့နားများကတော့ လှုပ်ယမ်းသွားသည်။ သူ့တွင် နတ်သန္ဓေသား မရှိတော့သော်လည်း သို့မဟုတ် လူနှစ်ယောက်ကြား စကားပြောသံက အနည်းငယ်မျှသာ ဖြစ်သော်လည်း သူ့အကြားအာရုံထဲက မလွတ်နိုင်ပေ။

"ဒီလူတွေက ငါနဲ့ ရွာကို မကောင်းကြံချင်တဲ့ ရည်ရွယ်ချက်တွေ ရှိတယ်... သူတို့က သွေးထိုးလှုံ့ဆော်သူတွေပဲ... ဆရာကြီးရဲ့ စကားအတိုင်း အမျိုးအနွယ်တွေ မရှိအောင် ကျူပင်ခုတ် ကျူငုတ်မကျန် လုပ်ချင်နေကြတာ....ငါ သူတို့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ် ဆရာကြီးက ပြောတယ် နတ်ဆိုးတွေက နတ်ဘုရားတွေအကြောင်း မပြောရဲဘူးတဲ့... ငါ့ရဲ့ လက်ရှိ ခွန်အားက မ​ကောင်းဆိုးဝါးလို့ ခေါ်ဖို့တောင် မလုံလောက်ဘူး... ငါ ဝိညာဥ်တွေကို ဖန်ဆင်းလို့မရဘူး...အဲ့တော့ ဓားငှားပြီး သတ်ရမှာပဲ... ဆရာကြီးရဲ့ စကားတွေက တကယ်ပဲ ဘဝရဲ့ အတွေးအခေါ်နဲ့ ပြည့်နေတာပဲဟ!"

စဥ်းစားရင် ဆရာကြီးအပေါ် ကြည်ညိုလေးစားမှု အလိုလို ပေါ်လာသည်။ ချန်ရှီသည် ငြိမ်သက်စွာ နှေးကွေးစွာဖြင့် လူတိုင်းကို သူ့နောက် လိုက်ရန် လှုံ့ဆော်ခဲ့သည်။

ခရမ်းရောင် အမျိုးသမီးနဲ့ တခြားသူတွေက သူ့နောက်ကို လိုက်သွားကြပေမယ့် အရှေ့က သစ်တောနားက စမ်းချောင်းနားမှာ အရပ်ဆယ်ပေကျော် ရှည်တဲ့ ကလေးတွေ ရေဆော့နေတာကို တွေ့လိုက်ရလေသည်။

ထို​လူလေးများသည် တူညီသော မျက်နှာအသွင်အပြင်၊ လက်ခြေခြေအစုံ၊ အစိမ်းရောင် အဝတ်အစားနှင့် သက်ရှိလူသားများကဲ့သို့ ဖြူစင်သော အသားအရေများ ရှိသည်။ တစ်ယောက်နဲ့ တစ်ယောက် ထိမိတဲ့အခါ ထွက်ပေါ်လာတဲ့ ကြွေသံက လူသားမဟုတ်ကြောင်း ညွှန်ပြနေ၏။

ကြွေအရုပ်လေးတွေက တောင်ချောင်းဘေးမှာ ရေပက်ရင်း ငါးဖမ်းရင်း ဆော့ကစားနေကြတာ အတော်လေူ ပျော်စရာကောင်းနေပုံပင်။

ပါးစပ်ထဲရှိ စကားလုံးများသည်လည်း လူ့စကား မဟုတ်။ ပြောနေတာတွေက အဓိပ္ပာယ် မရှိကြသော်လည်း ကြွေရုပ်များသာ နားလည်နိုင်ပုံပါပဲ။ ၎င်းတို့က အချင်းချင်း ပြောဆိုဆက်ဆံနိုင်ကာ မကြာခဏဆိုသလို ရယ်မောသံများ ထွက်လာသည်။

ခရမ်းရောင် အမျိုးသမီးနဲ့ တခြားသူတွေက ချန်ရှီနောက်ကို လိုက်လာပြီး အသံတိုးတိုးနဲ့ ဆွေးနွေးနေကြသည်။

“ဒါက ဝိညာဥ်ဖြစ်သွားတဲ့ ဘုရင့်သင်္ချိုင်းမှာ မြှုပ်ထားတဲ့ ကြွေတုံး​တွေ ဖြစ်ရမယ်....စစ်မှန်တဲ့ ဘုရင်ကြီးရဲ့ သင်္ချိုင်းဂူ!”

ချန်ရှီ ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး မြေပြင်ပေါ်ရှိ သစ်ကိုင်းတစ်ကိုင်းကို ခုတ်ထစ်ကာ ယမ်းလိုက်သော် ကြွေရုပ်တစ်ရုပ်က သတိပြုမိသွားသည်။ ၎င်းက ချန်ရှီကို မြင်သောအခါ ပုစဥ်းရင်ကွဲ အော်သံကဲ့သို့ ပြတ်သားစွာ အော်လိုက်တော့သည်။

တခြားကြွေရုပ်များကလည်း ချန်ရှီကို မြင်သောအခါ အားလုံးက ခါးသီးပြီး နာကြည်းသည့် မျက်နှာအသွင်များ ပြောင်းကာ အင်္ကျီများကို လှန်လိုက်ကြသည်။ ထို့နောက် သူတို့က ဘာမုန်းတီးမှန်းမသိဘဲ မုန်းတီးနေကြသလို ပြင်းထန်စွာ သတ်သေသွားကုန်၏။

ထိုအချိန်တွင် ကြွေရုပ်များသည် ခရမ်းရောင် ၀တ်စုံနှင့် အခြားသူစိမ်းများကို တွေ့လိုက်သဖြင့် ထိန်းမနိုင်သိမ်းမရ ဝူးဝူးဝါးဝါး အော်ပြောကာ သူတို့အားလုံး စမ်းချောင်းဘေး မြက်ခင်းပြင်သို့ ဝင်သွားကြသည်။

မြက်ခင်းပြင်မှ အော်ဟစ်ဆဲဆိုသံများနှင့် ကျိန်ဆဲသံများက ဆက်ထွက်နေဆဲ။ ကြွေရုပ်များသည် ချန်ရှီက သူတို့ကို အနိုင်မယူနိုင်တာကြောင့် စစ်ကူခေါ်လာတယ်လို့ ထင်ကာ ဒေါသတကြီး ကြိမ်းမောင်းနေ၏။

ဖန်းဟဲ့နှင့် အခြားသူများ ရှေ့သို့ ကမန်းကတန်း ခြေလှမ်းကျဲကျဲဖြင့် ဝင်သွားကြကာ မြက်ပင်များကြား အမြန်လျှောက်လိုက်ကြသော်လည်း တောင်တန်းများသည် စိမ်းလန်းစိုပြေပြီး သစ်ပင်ကြီးများ မြင့်မားကာ သစ်တောများသည် အုံ့မှိုင်း၊ ကျယ်ပြောလှရာ ၎င်းတို့ဘယ်သွားမလဲ သူတို့ မသိနိုင်ပေ။

ထိုကြွေရုပ်များသည် တောအုပ်များနှင့် မြက်ခင်းပြင်များ ကြားတွင် လျင်မြန်စွာ ရွေ့လျားသွားနေ၏။ ၎င်းတို့နောက် လိုက်သူအားလုံးကို ခဏအတွင်း လမ်းပျောက်သွားစေခဲ့သည်။

ခရမ်းရောင်ဝတ် အမျိုးသမီးရဲ့ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။

"ချန်ရှီနောက်လိုက်!"

ထိုအချိန်မှသာ ချန်ရှီသည် ဤတောင်ပေါ်က တောထဲတွင် လျင်မြန်စွာ လမ်းလျှောက်နေတဲ့အပြင် ကြွေရုပ်များကိုပါ လွယ်ကူစွာ လိုက်နိုင်နေကြောင်း လူတိုင်း သတိပြုမိသွားကြသည်။

ထိုကြွေရုပ်များက လူတိုင်းလိုက်ဖမ်းရန် ခက်ခဲသော်လည်း ချန်ရှီဆိုတဲ့ ပစ်မှတ်ကတော့ ပိုမိုကြီးမားပြီး ခြေရာခံရန် ပိုမိုလွယ်ကူသောကြောင့် ၎င်းတို့အားလုံး ချန်ရှီနောက်သို့ လိုက်ကာ တောင်များနှင့် သစ်တောများဆီသို့ တဖြည်းဖြည်း နက်ရှိုင်းသွားကြသည်။

ဒါပေမဲ့ သစ်ပင်တွေက ပိုသိပ်သည်းလာပြီး မြေပြင်ပေါ်မှာဆို နေရောင် အစက်အပြောက် အနည်းငယ်သာ ရှိတော့၏။ အရှေ့က ချန်ရှီ ရုတ်တရက် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားချိန်ရောက်မှ လူတိုင်းလည်း သူတို့ မသိတဲ့အကွာအဝေးတစ်ခုဆီ လိုက်လာခဲ့မိကြောင်း သတိထားမိသွားသည်။

အားလုံးက သူတို့နောက်ကို လိုက်ကြရင်းကနေ ကောင်းကင်ကို ကိုင်ထားသလို သစ်ပင်ကြီးတွေ၊ စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်ကြီးတွေက ကောင်းကင်ကြီးကို ကိုင်ဆောင်ထားသလိုမျိုး ကြီးထွားလာတာကို မြင်လိုက်ရတော့သည်။

ပေါင်းပင်တွေတောင် သစ်ပင်တွေလို ထူထပ်လာပြီ။ ကျောက်ဆောင်တွေက တောင်ကုန်းတွေလို ဖြစ်လာပြီး ချောင်းတွေက လှပတဲ့ လှိုင်းလုံးတွေနဲ့ ယန်ဇီမြစ် ဖြစ်လာ၏။

"မြက်ပင်တွေ၊ သစ်ပင်တွေက ပိုကြီးလာတာ မဟုတ်ဘူး... ငါတို့က ပိုသေးသွားတာ"

တစ်စုံတစ်ယောက် အော်ဟစ်သံကို ကြားလိုက်တဲ့အခါမှ သူတို့ အံ့သြသွားကြသည်။

ခရမ်းရောင် အမျိုးသမီးနှင့် အခြားသူများ ထိတ်လန့် သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဆွံံ့အသွား၏။ အရွယ်ရောက်ပြီးသူ အရွယ်မှ တစ်ပေလောက်အထိ လျော့နည်းသွားကြလေပြီ။ ခရမ်းရောင် အမျိုးသမီးမှာ သူမအရေပြားကို ကြည့်ကာ မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။

ခဏအကြာတွင် သူမသည် အံကြိိတ်ကာ သူမလက်မောင်းကို အသာအယာ ပုတ်လိုက်တော့ ကြွေသံက ပြတ်သားစွာ ထွက်​ပေါ်လာလေသည်။

သူမ မူးလဲလုမတတ်။

သူမ ကြွေရုပ်တစ်ရုပ် ဖြစ်သွား​ပြီ။ တခြားသူတွေကို ကြည့်လိုက်တော့ သူ့နောက်က အစောင့်တွေကလည်း ကြွေရုပ်တွေ ဖြစ်သွားတာကို တွေ့လိုက်ရ၏။

"ဒါနတ်တစ္ဆေဘုံပဲ... ငါတို့ နတ်တစ္ဆေဘုံထဲ ဝင်သွားပြီ! ဟုတ်သားပဲ...ချန်ရှီရော??"

ခရမ်းရောင်ဝတ် အမျိုးသမီးသည် အသက်ကယ်မြက်ခြောက်ကို ဆုပ်ကိုင်ထားမိသလို ချန်ရှီကို ပတ်ရှာတော့သည်။

"ချန်ရှီ ဒီကိုရောက်ဖူးတာ သေချာတယ်... ဘာဖြစ်နေတာလဲ သူ သိရမယ်... ခဏစောင့်!"

သူမ ချက်ချင်း ဖြူဖျော့လာသည်။

"ချန်ရှီက ဒီနေရာကို ရောက်ရင် ကြွေရုပ်တစ်ရုပ် ဖြစ်သွားမယ်ဆိုတာ သိထားရင် ငါတို့ကို ဘာလို့ ဒီကို ခေါ်လာသေးတာလဲ...ချန်ရှီက... ငါတို့တွေ့ခဲ့တဲ့ ချန်ရှီရော ဟုတ်ရဲ့လား?"

All Chapters