ရွာနတ်ဘုရားတွေရဲ့ တန်ခိုးက ဘုရင်ရဲ့ ဥပဒေလောက် မစွမ်းဘူး
Vol. 1 Ch. 7
ရွာလယ်ခေါင်ရှိ ရှေးကျသော သစ်ပင်ပေါ်သို့ လူတိုင်းရဲ့ မျက်လုံးများ ရောက်ရှိသွားသည်။
လျိုကျာရှီဟာ သူ့ခန္ဓာကိုယ်ကို စတေးပြီး သစ်ပင်အောက်မှာ ကြိုးဆွဲချ ထားတာက အဲ့လောက် မရိုးရှင်းပါဘူး။ သူ မသေခင်မှာ သူတွေးနေတဲ့အရာက သူ့မိသားစုအတွက် ပျော်ရွှင်မှု၊ တိုင်းပြည်အတွက် ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေအတွက် ငြိမ်းချမ်းပါစေ ဆိုတာမျိုး သေချာပေါက် မဟုတ်ချေ။
အဲဒါအစား လက်စားချေတာပဲ ဖြစ်ပေသည်။
သူ့ကို ဒီလိုအခြေအနေ ရောက်အောင် ထားခဲ့တဲ့သူတွေကို လက်စားချေဖို့ပင်။ သူကိုယ်တိုင် ကလဲ့စားချေတာ မလုပ်နိုင်ပါက တန်ခိုးကြီးသော နတ်ဘုရားမကို ယဇ်ပူဇော်ပြီး သူ့အတွက် လက်စားချေခိုင်းမည်။
ပြီးတော့ အလု သူ့ရှေ့မှ ဒီရှင်းရှန်ခရိုင် အစိုးရအရာရှိတွေက သူ့လက်စားချေရမယ့် ပစ်မှတ်တွေပါပဲ။
ချန်ရှီသည် နတ်ကွန်းရှေ့ရှိ ဘုရားကျောင်းငယ်လေးကို လှမ်းကြည့်လိုက်၏။ ကောင်မလေးက ထိုနေရာတွင် ထိုင်ရင်း အလှူပစ္စည်း မျိုးစုံကို မြိန်ရေရှက်ရေ စားနေကာ အရှေ့ကမြင်ကွင်းကို မျက်ကွယ်ပြုထားသည်။
သို့သော် အစိုးရအရာရှိများသည် ကလေးမလေးကို မမြင်နိုင်ကြ။ ဒါကြောင့် သူ့မျက်လုံးများက ရှေးဟောင်းသစ်ပင်ပေါ် မော့ကြည့်ရင်း လှောင်ပြောင်လိုက်၏။
"တကယ်လို့ ကန့်ညောင်က လျိုကျာရှီအတွက် လက်စားချေဖို့ ရည်ရွယ်ချက် ရှိရင် ရှင်းရှန်ခရိုင်နဲ့ မင်မင်းဆက်ကို ဆန့်ကျင်နေတာ ဖြစ်သွားပြီ... ရွာကန့်ညောင်တွေရဲ့ အစွမ်းက ဘုရင့်အာဏာလောက် မပြင်းဘူး... မင်မင်းဆက် ဥပဒေ ထွက်လာတာနဲ့ တပြိုင်နက် ကန့်ညောင်ကို အဆင့်သတ်မှတ်ဖို့ အလွယ်လေး...အဲ့အချိန်ကျရင် ဖန်းတျန်ရွာကို ကန့်ညောင် အကာအကွယ် မပေးနိုင်တော့ရင် အကုန်လုံး မကောင်းတဲ့ အကြည့်ကို လုပ်လိုက်ရုံနဲ့ကို အဆုံးစီရင်ခြင်း ခံရလိမ့်မယ်...”
ချန်ရှီ အနည်းငယ် ထိတ်လန့်သွားသည်။ ဤတံခါးပေါက် ခေါင်းဆောင်က ဖန်းတျန်ရွာရဲ့ ကန့်ညောင်ကို ခြိမ်းခြောက်ရဲတဲ့ သတ္တိတောင် ရှိနေပါရောလား။
နတ်ကွန်းထဲရှိ ကလေးမလေးသည် အလှူပစ္စည်းများကို စားသောက်နေဆဲဖြစ်ပြီး သူမရှေ့က အခြေအနေကို လုံးဝ ဂရုမစိုက်သလို ဖြစ်နေသည်။
"ဒါပေါ့... ဖန်းတျန်ရွာရဲ့ ကန့်ညောင်က လျိုကျာရှီအတွက် လက်စားချေတာထက် ဖန်းတျယ်ရွာက တခြားရွာသားတွေကို ကာကွယ်ပေးတာက ပိုအရေးကြီးတယ်လို့ သဘာဝကျကျ တွေးမှာပဲ...."
ချန်ရှီ ရိုးရိုးသားသားလေး ရေရွတ်လိုက်သည်။
ရှေးဟောင်းသစ်ပင်ကြီးက အချိန်အတော်ကြာ မလှုပ်တော့သည်ကို တွေ့လိုက်ရသဖြင့် အစိုးရရုံးအကြီးအကဲက အနည်းငယ်ပြုံးကာ အနောက်ပြန်လှည့် ပြောလိုက်သည်။
"လျိုကျာရှီ သေသွားပေမယ့် သူသေပြီးရင်တောင် အခွန်တွေကတော့ ပေးဆောင်ရမှာ ဒါက ဥပဒေပဲ... တခြားလူတွေ ဘယ်မှာလဲ သူ့မိသားစုမှာရော?"
ရွာသားတစ်ဦးက “ဘယ်သူမှ မရှိဘူး.... အစကတော့ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ရှိတယ် သမီးကို ရောင်းစားပြီး သားဖြစ်သူက ရေနစ်ပြီး သေသွားပြီ... အဲ့မိန်းကလေးကတော့ ရူးကြောင်ကြောင် ဖြစ်သွားပြီ.... သူမ တစ်ခါ သီဆိုကပြပြီး ရွာကထွက်သွားတာ ပြန်ပေါ်မလာတော့ဘူး...."
အစိုးရရုံးအကြီးအကဲက ခဏလောက် စဉ်းစားပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။
“အားလုံးသေပြီးရင် အားလုံး ပြီးသွားလိမ့်မယ် ထင်နေတာလား အတိတ်က အမှားတွေကို တာဝန်ခံမှာ မဟုတ်ဘူး... ဒါပေမဲ့ အခွန်ကတော့ ပေးဆောင်ရဦးမှာပဲ... လျိုကျာရှီရဲ့အိမ်က အဖိုးတန် ပစ္စည်းတွေကို ငါတို့ ပြန်သိမ်းသွားမယ်"
အစိုးရအမှုထမ်း တစ်ဖွဲ့သည် လျိုကျာရှီ၏ အိမ်သို့ အပြေးအလွှား ရောက်ရှိလာသော်လည်း လျိုကျာရှီတို့ မိသားစုသည် ဆင်းရဲပြီး နံရံပင် မရှိသောကြောင့် ဘာမှမရှိ။ ငွေအချို့နှင့်လဲလှယ်နိုင်မည်ဟု မျှော်လင့်ကာ အိုးခွက်များစွာကိုသာ သယ်ထုတ်ခဲ့ရသည်။
ဒါကိုမြင်တော့ ခေါင်းဆောင်က ခေါင်းခါပြီး။
“သနားစရာပဲ... ဒီငွေလေးတွေက တံခါးပေါက်အတွက် မပေးနိုင်မှာကို ကြောက်ရတယ်... ငါ့မိသားစုရဲ့ပိုက်ဆံကို သုံးရဦးမှာပဲ... ကမ္ဘာကြီးက ငါတို့အလုပ်တွေက အခကြေးငွေ ယူတယ်လို့ပဲ ထင်နေပေမယ့် အဲဒါက ကြီးကြီးမားမား နားလည်မှုလွဲနေမှန်း သူတို့ မသိကြဘူး...."
သူသည် စိတ်လှုပ်ရှားမှု အပြည့်နှင့် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
"ဒီအခွန်က မင်မင်းဆက်က ကောက်ခံတဲ့အခွန်ပါ... ငါတို့ရဲ့ ယွိမန်ဌာနနဲ့ ဘာဆိုင်လဲ၊ ငါတို့ ကောက်တဲ့အခွန်က ကြေးပြားက ငါတို့ခါးပေါ်ကျရင်တောင် ကောင်းကင်ရဲ့ နေရာတိုင်း မိုးခြိမ်းနေလိမ့်မယ်... ယုတ်စွအဆုံး အခွန်မလောက်ရင် ငါတို့အိတ်ထဲကတောင် စိုက်ရသေးတယ်... မဟုတ်ရင် ဧကရာဇ်မင်းကို လှည့်ဖြားတဲ့ ရာဇ၀တ်မှု ကျူးလွန်မိလိမ့်မယ်”
သူက ပတ်ဝန်းကျင်ကို လှမ်းကြည့်ရင်း ပြုံး၍ ပြောလိုက်သည်။
"မင်းတို့ အခွန်ကို ရိုးရိုးသားသား ပေးဆောင်ပြီး ဓားသုံးဖို့ မစဉ်းစားနဲ့.... လျိုစန်းယင် မင်းရဲ့ လည်ချောင်းပေါ်က ဓားကို ဖယ်လိုက်... ဓားနဲ့ ငှက်ကို မှားဖြတ်မိသွားမယ် သတိထားဦး!"
သူသည် ရွာသား အများအပြားကို ဘာမှမဟုတ်သလို မှတ်ယူကာ ရွာသားများကြားတွင် တိုက်ရိုက်ပဲ လမ်းလျှောက်ထွက်သွားသည်။
“ငါ့ရဲ့ ဒီညီအစ်ကိုတွေက ခရိုင်စာမေးပွဲမှာ ပါဝင်ခဲ့ကြတဲ့ ပညာတော်သင်တွေပဲ... စစ်မှန်တဲ့ နတ်ဘုရားရဲ့ ကောင်းချီးကို ခံယူပြီး နတ်သန္ဓေသားအဖြစ် ကျင့်ကြံထားတာ... မင်းတို့ ငါတို့ကို ဓားနဲ့ထိုးပြီး ဘာလို့ ပြစ်မှုကျူးလွန် ချင်နေကြတာလဲ"
သူ့နောက်မှ လူများသည် ကောင်းကင်နှလုံးချီကျင့်စဥ်ကို တစ်ယောက်ပြီးတစ်ယောက် အသက်သွင်းလိုက်ကြရာ သူတို့၏ ဦးခေါင်းနောက်တွင် တစ်ပေခန့်မြင့်သော နတ်သန္ဓေသားတွေရှိတဲ့ နတ်ကွန်းများ ပေါ်ထွက်လာခဲ့သည်။
ဖန်းတျန်ရွာမှ ရွာသားများရဲ့ မျက်နှာအသီးသီး အုံ့မှိုင်းသွားကာ မီးဖိုချောင်သုံး ဓားနှင့် ပုဆိန်များကို တိတ်တဆိတ် ချလိုက်ကြလေသည်။
အစိုးရအရာရှိများ၏ ခေါင်းဆောင်သည် လက်ဝှေ့ယမ်းကာ အခွန်ကောက်ခံရန် အရာရှိများကို တစ်အိမ်တက်ဆင်း ခိုင်းစေပြီး သူကိုယ်တိုင်ကတော့ ချန်ရှီတို့ မြေးအဘိုးဆီသို့ လျှောက်သွားခဲ့သည်။
အဘိုးက အခွန်ငွေကို ပြင်ပြီးပြီ။ ဒါကြောင့် သူက ပေါ့ပေါ့ပါးပါးပဲ ထုတ်ပေလိုက်၏။
"ဆရာကြီးလုက ကြီးကျယ်ခမ်းနားပါပေတယ်"
ယွိမန်ခေါင်းဆောင်၏ အမည်မှာ လုထျန်းနမ် ဖြစ်သည်။ သူ့အဘိုးနှင့် သိသာထင်ရှားစွာ ရင်းနှီးသူဖြစ်ကာ အခွန်ကို လက်ခံရင်း ပြောလေသည်။
"မခံယူဝံ့ပါဘူးဗျာ... တရားရုံးအတွက် လုပ်နေတာပါ... လူကြီးမင်းချန်က ခွန်အားရှိတယ်...ကျွန်တော်တို့ နောက်ထပ် နှစ်အနည်းငယ်အထိ ခင်ဗျားဆီက အဆောင်အခွန်ကို ကောက်ခံရမှာပဲ ကြောက်မိတယ်...."
ရုတ်တရက် အနံ့လေးတစ်ခု ရလိုက်တော့ ထိုလူက နှာခေါင်းကိုတွန့်ပြီး မနေနိုင်လောက်အောင် အံ့သြတကြီးနဲ့ ပြောလာ၏။
"အလောင်းကောင်အနံ့!"
ချန်ရှီဆီကို သူ့မျက်လုံးများက စိုက်ကြည့်ကာ သူ့အမူအရာ ရုတ်တရက် ပြောင်းသွားလေသည်။
"လူကြီးမင်းချန် ဒီကလေးက အဲဒီတုန်းက ပြည်နယ်ငါးဆယ်မှာ အရည်အချင်း အရှိဆုံး ဖြစ်ခဲ့တဲ့ ကလေးမလား?"
အဘိုးက ဘာမှမပြော။
လုထျန်းနမ်က ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ ချန်ရှီနှင့် ခပ်ခွာခွာ ရပ်လိုက်သည်။ ထို့နောက် ချန်ရှီကို အထပ်ထပ်အခါခါ ကြည့်ကာ ပြုံးလျက် ဆက်ပြော၏။
"အံ့သြစရာပဲ လူကြီးမင်းချန်... ခင်ဗျားက တကယ်ကို အံ့သြစရာ ကောင်းလိုက်တာ ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူနေတာလား... မဖြစ်နိုင်တဲ့အရာက ခင်ဗျား လုပ်နိုင်လိုက်တာပဲ... ဒါပေမဲ့ ဥပဒေကို မချိုးဖောက်ပါနဲ့၊ မင်းငါ့လက်ထဲ ရောက်လာရလိမ့်မယ်!"
အဲဒါပြီးတော့ သူက လှည့်ထွက်သွားသည်။
ချန်ရှီ စိတ်ရှုပ်ထွေးသွားသည်။
"ဒီတံခါးခြောက်ပေါက်က ကျွန်တော့်ကို ကြောက်နေသလိုပဲ... အဘိုး ကျွန်တော်က ပြည်နယ်ငါးဆယ်မှာ နံပါတ်တစ် ကလေးစာသင်သား ဖြစ်ခဲ့ဖူးလား"
"အတိတ်ကို ဘာလို့ပြောနေတာလဲ"
အဘိုးက အဝါရောင်စာရွက်ကို ဖြန့်ပြီး သစ်ကြံပိုးခေါက်နဲ့ စုတ်တံကို ကောက်ယူလိုက်သည်။ ထို့နောက် ချန်ရှီကလည်း မှင်ကျောက်တွေကို လှည်းပေါ်က ပြေးယူလိုက်သည်။ အဘိုးက ဓားကိုထုတ်ကာ ဟေးကော်ရှေ့သို့ ဝှေ့ယမ်းပြလိုက်ရာ ဟေးကော်ခမျာ နာကျည်းစွာ ညည်းတွားကာ အမြှီးကို ခြေသလုံးကြားမှာ ဖွက်၍ ရှေ့သို့ တိုးလာရလေ၏။
အဘိုးက ဟေးကော်ကို ဓားနဲ့ထိုးလိုက်သည်။ ချန်ရှီလည်း ချက်ချင်းဆိုသလိုပဲ ခွေးနက်ရဲ့သွေးတွေကို ယူဖို့ ပန်းကန်ပြားလေး တစ်ပိုင်းကို ပေး၏။ အဘိုးက ဟေးကော်အတွက် အသားတစ်ပိုင်းကို ထုတ်ယူလိုက်တဲ့အခါ လှည်းအောက်ပြေးဝင်ပုန်းပြီး နာကျင်ရွှင်လန်းစွာဖြင့် စားသောက်တော့သည်။
အဖိုးနဲ့ မြေး ဈေးထဲမှာ အဆောင်စာရွက် မျိုးစုံဆွဲပြီး ရောင်းကြသည်။
ရှင်းရှန်ခရိုင်က အစိုးရတာဝန်ရှိသူများသည် အခွန်ကောက်ခံရန် တစ်အိမ်တက် တစ်အိမ်ဆင်း လုပ်နေကြရာ ဖန်းတျန်ရွာထဲတွင် ထိတ်လန့်တကြား အော်ဟစ်သံများ ရံဖန်ရံခါ ကြားနေရပြီး အလွန်စိတ်မကောင်း ဖြစ်ရသည်။
သို့သော် အမျိုးမျိုးသော ဆင်းရဲဒုက္ခတွေ ကြုံလာရရင်တောင် ပျော်ရွှင်စရာ အခိုက်အတန့်တွေ အမြဲရှိနေမှာဦးပါပဲ။
မြေးအဘိုးနှစ်ယောက် အချိန်အတော်ကြာ အလုပ်ရှုပ်နေခဲ့သည်။ ရုတ်တရက် အဘိုးအိုက ကောင်းကင်ကို မော့ကြည့်ရင်း စုတ်တံကို ဖယ်လိုက်ပြီး ပြော၏။
"နောက်ကျနေပြီ... ပြန်ရမယ့်အချိန် ရောက်ပြီ!"
ချန်ရှီ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကောင်းကင်က နှစ်ရက်ကြာတဲ့အထိ ကြည်လင်နေပြီး နေဝင်တော့မယ့် အရိပ်အယောင်တောင် မတွေ့ရသေးချေ။
မြေးအဘိုးနှစ်ယောက် ပစ္စည်းတွေ စုသိမ်းပြီး သစ်သားလှည်းပေါ် တက်ကာ ရွာထဲက မောင်းထွက်လာခဲ့သည်။ လှည်းပေါ်မှာ ထိုင်ရင်း ရှေးဟောင်းသစ်ပင်ရှေ့ရှိ နတ်ကွန်းငယ်ဆီသို့ လှမ်းကြည့်ရာ အတွင်းရှိ မိန်းကလေးက ငြိမ်သက်စွာ ထိုင်နေဆဲဖြစ်လေသည်။
ဖန်းတျန်ရွာကို လာသော ရှင်းရှန်ခရိုင်က တာဝန်ရှိသူများသည် မိသားစုတစ်ခုစီမှ ပေးဆောင်သော အခွန်များကို ကောက်ခံပြီး ရထားလုံး လေးစီးဖြင့် ထွက်ခွာဖို့ ပြင်နေကြသည်။ အစိုးရ အရာရှိ အများအပြားသည် မြင်းများ လျင်မြန်စွာ ပြေးနိုင်စေရန် မြင်းခြေထောက်များပေါ်တွင် သံချပ်ကာများကိုတောင် ချည်နှောင်ပေးထားသည်။
လုထျန်းနမ်: "မြန်မြန်ထုပ်ကြ... မမှောင်ခင် ခရိုင်ရုံးကို ပြန်လာမယ်.... မနက်ဖြန် တခြားရွာကိုလည်း သွားရဦးမယ်!"
"ခေါင်းဆောင် စောနေသေးပါတယ်... ကျွန်တော်တို့ အချိန်မီပြန်လို့ရတယ်မလား... ဘာလို့ အလျင်လိုနေတာလဲ"
ယွိမန်ရုံးရဲ့ အစောင့်တစ်ယောက်က ပြုံးလျက်ပြောသည်။
လု ခေါင်းယမ်းလိုက်ပြီး "ဒီကျေးလက်က ခရိုင်မြို့လောက် မကောင်းဘူး... ခရိုင်မြို့လေးမှာက ညဘက်မှာ နတ်ဆိုးတွေ မရှိဘူး ဒါပေမဲ့ ကျေးလက်မှာ ဒီလိုမျိုးတွေ အများကြီးရှိတယ် နတ်ဆိုးနည်းနည်းပဲ ရှိပေမယ့် ဂရုမစိုက်ရင် ငါတို့ကို ခြိမ်းခြောက်လာနိုင်တယ်”
သစ်သားလှည်းက ဖန်းတျန်ရွာမှ မောင်းထွက်လာစဉ် အဘိုးသည် ဈေးတွင်ဝယ်ခဲ့သော ဆေးဖက်ဝင် ပစ္စည်းများကို လှည်းပေါ်တွင်ထိုင်ကာ ခွဲခြမ်းစိပ်ဖြာနေ၏။ အဲဒါတွေ အားလုံးသည် အဆိပ်ရှိတဲ့မြွေ၊ အင်းဆက်၊ ပုရွက်ဆိတ်တွေသာ ဖြစ်သည်။
ချန်ရှီသည် ထိုအရာများကို ကြည့်ရင်း ကြောက်ရွံ့သွားသည်။
သစ်သားတွန်းလှည်းသည် ခြောက်မိုင် သို့မဟုတ် ခုနစ်မိုင်ခရီးကို မောင်းလာစဥ် ရုတ်တရက် အဘိုးအိုက ခေါင်းမော့ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။ တစ်ဆက်တည်း မျက်နှာကလည်း အရောင်ပြောင်းသွားသည်။
"အင်း... အရင်ကထက် တစ်နာရီ လေးပုံတစ်ပုံလောက် စောပြီး မှောင်လာနေပြီ!"
ချန်ရှီလည်း မြန်မြန်လေး မျှော်ကြည့်လိုက်ရာ ကောင်းကင်မှ နေလုံးနှစ်လုံးဟာ မျက်ခွံများကဲ့သို့ ဖြည်းညှင်းစွာ ပိတ်နေတာကို တွေ့လိုက်ရသည်။ ဒါဟာ ကောင်းကင်ပြင်ရှိ စစ်မှန်သော နတ်ဘုရား မျက်စိမှိတ်လို့ ညဘက် ကျရောက်တော့မယ့် နိမိတ်ပင်။
"ဟေးကော်က တစ်နာရီရဲ့ လေးပုံတစ်ပုံ နောက်ကျပြီးမှ အစီရင်ခံတာ ဖြစ်နိုင်ပါ့မလား"
ချန်ရှီက လှည်းရှေ့မှာ လမ်းလျှောက်နေတဲ့ ခွေးနက်ကို ကြည့်ပြီး သံသယနဲ့ကြည့်ရင်း မေးလိုက်သည်။ အဘိုးကလည်း ခွေးနက်ကို ကြည့်နေ၏။
"ဖြစ်နိုင်တယ်... နေက တစ်နာရီရဲ့ လေးပုံတစ်ပုံလောက် စောနေလို့မရဘူး... ဒါကြောင့် ဟေးကော်အပြစ်လို့ ပြောလို့ရတယ်။"
ခွေးနက်ကြီးက မကျေနပ်ချက်တွေကို ပြောပြချင်နေသည့်နှယ် ပြင်းပြင်းထန်ထန် ဟောင်လေသည်။
"အဘိုး ဒီခွေးက အသုံးမဝင်ဘူး ဒါပေမဲ့ အသားကတော့ အရမ်းလတ်ဆတ်မှာပဲ..."
အဘိုးက ခေါင်းညိတ်ပြီး “နောက်တစ်ခါ မင်းသတင်းမှားရင် စွပ်ပြုတ်အိုးထဲ ထည့်ပစ်မယ်”
ဟေးကော်သည် ၎င်း၏ခြေထောက်များကြားတွင် အမြီးကို ကုပ်ထားကာ ခွေးဘဝ၏ အခက်အခဲကို ဝမ်းနည်းကြေကွဲစွာ အသံတိတ် ညည်းနေတော့သည်။
တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံတွင် မီးလျှံများ ဖြာနေပြီ ဖြစ်ပြီး မီးတောက်များက မိုင်ထောင်ပေါင်းများစွာ နေဝင်ချိန်ကို ဖြစ်ပေါ်လာစေသည်။ အဘိုးနှင့်မြေးတို့ ကမန်းကတန်း ပြေးကြရင်တောင် ဟွမ်ဖောင်ရွာသို့ အချိန်မီပြန်ရောက်လိမ့်မည် မဟုတ်ချေ။
ချန်ရှီက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး လမ်းရဲ့ ဘယ်ဘက်ခြမ်းကို လက်ညှိုးထိုးပြလိုက်သည်။
"ဟိုမှာ ဘုရားကျောင်းတစ်ခု ရှိတယ်!"
အဘိုးက ဟိုဟိုဒီဒီ ကြည့်လိုက်တော့ လှည်းလမ်းနဲ့ မနီးမဝေးက တောင်စောင်းတစ်ခု ရှိနေတာ တွေ့ရသည်။ တောင်ကုန်းပေါ်မှာ တော်တော် ယိုယွင်းနေတဲ့ ရှေးဟောင်း ဘုရားကျောင်း တစ်ခု ရှိနေ၏။
"ငါတို့လာတုန်းက ဒီတောင်ကုန်းနဲ့ ဒီရှေးဟောင်းဘုရားကျောင်း ရှိလား မှတ်မိသေးလား"
အဘိုးက ရုတ်တရက် မေးသည်။ ချန်ရှီ သေသေချာချာ ပြန်စဥ်းစားကြည့်လိုက်မှ သူတို့ရောက်တဲ့အခါ ဒီနေရာက မြေပြန့်ဖြစ်ပြီး တောင်စောင်းမှာ ရှေးကျတဲ့ ဘုရားကျောင်းတစ်ခုမှ မရှိပေ။ ထိုတောင်က မြေပြင်မှ ထွက်ပေါ်လာသလိုပါပဲ။
ဒီမြင်ကွင်းက ရှေးဟောင်းဘုရားကျောင်းနဲ့ တောင်ကို မြေအောက်ထဲ မြှုပ်ထားသလိုမျိုး။ တောင်ကြီးက ကြီးထွားလာတဲ့အခါ ရှေးဟောင်း ဘုရားကျောင်းကလည်း တောင်ထိပ်ပေါ် ရောက်သွားသလိုပါပဲ။
ဒီလို ထူးဆန်းတဲ့အရာတွေကို သူ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးပါ။
"ညအိပ်ဖို့ ရှေးဟောင်းဘုရားကျောင်းကို သွားရအောင်"
အဘိုးက ဆိုရင်း သံလိုက်အိမ်မြှောင်နဲ့ တီးခတ်လိုက်တဲ့အခါ သစ်သားလှည်းက တောင်ကုန်းပေါ်ကို ခုန်တက်သွားလေသည်။
ဘုရားကျောင်းသည် အချိန်အတော်ကြာ ပြိုကျပျက်စီးနေခဲ့ပုံရပြီး အုတ်ကျိုးများ၊ အုတ်တံတိုင်းများ၊ ပြိုကျနေသော တံခါးရွက်များ၊ ဘုရားကျောင်း ခေါင်မိုးမှာလည်း အပေါက်များနှင့် လေဝင်လေထွက်တောင် ရှိနေသည်။
အဘိုးက သူ့စုတ်တံ၊ မှင်၊ စာရွက်၊ မှင်ကျောက်နဲ့ ဓားကို ထုတ်ယူလိုက်သည်။ ဟေးကော်က နာခံစွာ ရှေ့ကို လှမ်းလာ၏။ ဟေးကော်ရဲ့ ပါးစပ်ထဲမှာတော့ ထူးခြားဆန်းပြား တိရိစ္ဆာန်အသားတစ်ပိုင်းကို ကိုင်ထားကာ ထောင့်တစ်ခုကို ပြေးရှာပြီး အသားကို ကိုက်စားနေတော့သည်။
ချန်ရှီသည် လှည်းပေါ်မှ သံချောင်းများကို ပြေးယူကာ မြေပြင်ပေါ်ရှိ သစ်သားပျဉ်ပြားများကို ကောက်ယူ၍ ကျိုးနေသော ပြတင်းပေါက်များကို အမြန်ပိတ်လိုက်သည်။
တံခါးသော့တံသည် ပုပ်ပွသွားသော်လည်း ဘုရားကျောင်း အပြင်ဘက်တွင်များစွာအလေးချိန်ရှိသော ကျောက်တုံးကြီးတစ်ခု ရှိနေ၏။ ချန်ရှီ သူ့အဖိုးကို လှမ်းခေါ်ကာ ရွှေ့ချင်သော်ငြား မမျှော်လင့်ဘဲ ထိုကျောက်တုံးကြီးကို တွန်းထုတ်ပစ်လိုက်ရာ သူထင်သလောက် မလေးတာ တွေ့လိုက်ရသည်။ ချန်ရှီ ချက်ချင်းပင် ကျောက်တုံးကြီးကို ဘုရားကျောင်းအနားသို့ ဖြည်းဖြည်းချင်း လှိမ့်လာ၍ ဘုရားကျောင်းတံခါးကို ပိတ်ဆို့ထားလိုက်သည်။
ပြိုပျက်နေသော ဘုရားကျောင်းအမိုးကို မျှော်ကြည့်လိုက်သည်။ ထို့နောက် ခြေထောက်များကို ကွေးကာ ခုန်တက်လိုက်တဲ့အခါ နောက်အခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံး ဘုရားကျောင်း ခေါင်မိုးအထက်ကို ရောက်ရှိသွားလေ၏။
ချန်ရှီ ရုတ်တရက် လန့်ဖျပ်သွားသော်လည်း ခဏကြာတော့ ငြိမ်သက်သွားသည်။
"ငါ အမြင့်ကြီး ခုန်နိုင်တယ်.... သဘာဝအတိုင်း ဘေးကင်းကင်းနဲ့လည်း ဆင်းသက်နိုင်တယ်... ပြုတ်ကျမှာကို စိုးရိမ်စရာ မလိုတော့ဘူး"
သူ့လက်ဖဝါးကို သူ့ဘေးက တိုင်ပေါ်တင်ပြီး တိုင်ကို ဖြတ်ပြီး ချောချောမွေ့မွေ့ လျှောချလာခဲ့သည်။ သူသည် ထင်းများကို စုဆောင်းပြီး နောက်ဆုံးတွင် ဘုရားကျောင်းခေါင်မိုးက အပေါက်ကို ဖာခဲ့သည်။
အဘိုးကလည်း မက်မွန်သီးအနှစ်ကို ဆွဲယူပြီး ဘုရားကျောင်း တံခါးများ၊ ပြတင်းပေါက်များနှင့် ခေါင်မိုးများတွင် အဆောင်စာရွက်များ ချိတ်ဆွဲကာ ချက်ပြုတ်ရန် မီးကို ထပ်မံထွန်းညှိခဲ့သည်။ ထမင်းဟုခေါ်သည် အရာမှာ နေ့ခင်းဘက်ဝယ် ဆေးဖက်ဝင် ပစ္စည်းများဖြင့် ပြုလုပ်ထားသော စွပ်ပြုတ်အိုးသာ ဖြစ်သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ရထားလုံးများနှင့် မြင်းများ၏ အသံကြောင့် ချန်ရှီ ပြတင်းပေါက်မှ လှမ်းကြည့်ရာ ကောင်းကင်တွင် မီးတောက်နေသော နေဝင်ချိန် ပျောက်ကွယ်သွားကာ လရောင်သည် အေးစက်စွာ တောက်ပနေလျက်။ အခြားအစိုးရ အရာရှိများက ထိုရထားလုံးနဲ့အတူ လိုက်ပါလာခဲ့သည်။
"ခေါင်း.... တစ်ခုခုမှားနေပြီ!"
အစိုးရအရာရှိ တစ်ဦးက မော့ကြည့်ကာ ဆိုလေ၏။
"နေဝင်တာက ဒီလောက် မစောသင့်ပါဘူး.... ငါတို့ ခရိုင်အစိုးရဆီ အချိန်မီ မပြန်နိုင်လောက်ဘူး... ငါတို့ ဖန်းတျန်ရွာကို ပြန်လှည့်ကြမလား"
လူတိုင်းသည် နတ်သန္ဓေသား နယ်ပယ်အထိ ကျင့်ကြံထားသော ကျင့်ကြံသူ ဖြစ်လင့်ကစား တောတွင်း၌ ညဘက်က အလွန်အန္တရာယ်များတဲ့အပြင် နတ်သန္ဓေသားနယ်ပယ် လူတစ်ယောက်ကို အလွယ်တကူ သတ်ပစ်နိုင်သော နတ်ဆိုးများစွာ ရှိနေကြောင်းလည်း ကြားဖူးသည်။
လုထျန်းနမ်လည်း အနည်းငယ် စိတ်ပူသွားသည်။ သူက ပြိုပျက်နေသော ဘုရားကျောင်းကို ရုတ်တရက် မြင်လိုက်တာနဲ့ ချက်ချင်း လှည့်ပြောလိုက်၏။
"ဟိုမှာ ဘုရားကျောင်း တစ်ခု ရှိတယ်...အနားယူဖို့ အထဲဝင်ရအောင် မနက်ဖြန် မနက်မှ ထွက်ခွာကြမယ်.."
အရာရှိများအားလုံး သဘောတူပြီး လှည်းကို ပြိုပျက်နေသော ဘုရားကျောင်းဆီသို့ မောင်းသွားကြသည်။
ချန်ရှီသည် ပြတင်းပေါက်ဘေးတွင် ရပ်ကာ လရောင်အောက်မှာ ရှင်းရှင်းလင်းလင်း မြင်နေတဲ့ ထိုအဖွဲ့ကို လှမ်းအကဲခတ်နေ၏။ တစ်ချိန်ချိန်တွင် ရထားလုံး အဖွဲ့နောက်တွင် အနီရောင် ပန်းသီးတစ်လုံးကို ကိုင်ဆောင်ကာ အဖွဲ့အနီးတွင် စားသောက်နေသူ တစ်ဦးကို တွေ့လိုက်ရသည်။
"ဖန်းတျန်ရွာရဲ့ ကန့်ညောင်.... ဘုရားကျောင်းထဲက ကလေးမလေး!"
ဒါကို ချန်ရှီ တွေးပြီးချိန်မှာတော့ အစိုးရအရာရှိတစ်ဦးဟာ ပန်းသီးစားနေတဲ့ ကလေးမလေးရှေ့မှာ ရုတ်တရက် တောင့်တင်းသွားလေသည်။ ခန္ဓာကိုယ်က ကြွက်တက်နေသလို သူ့ခန္ဓာကိုယ်က နောက်ပြန်တုန်နေပြီး တုန်တုန်ယင်ယင် ဖြစ်နေပါ၏။
ထို့နောက်တွင် အသံနှစ်သံနဲ့အတူ ချွန်ထက်သော အကိုင်းအခက်များ ပေါက်ထွက်ကာ သွေးစွန်းသော ပန်းများနှင့်အတူ သူ့ရင်ဘတ်ထဲ ထိုးဖောက် ဝင်ရောက်သွားသည်။
"ရန်သူ ရှိတယ်!"
လုထျန်းနမ်သည် သူ့ဦးခေါင်း အနောက်ဘက်တွင် အလင်းတန်းများကို လှည့်ပတ်စေကာ နတ်ကွန်းတစ်ခု ပေါ်ထွက်လာစေ၏။ သူ၏ချီစွမ်းအင်များ ပျံ့လွင့်လာကာ နောက်အခိုက်အတန့်တွင် မရေမတွက်နိုင်သော အကိုင်းအခက်များ လှုပ်ရှားနေတာကို တွေ့ရသည်။
၎င်းတို့က လရောင်အောက်မှာ အဆိပ်ရှိတဲ့မြွေတွေလို လေထဲမှာ ပျံ့လွင့်နေကြသည်။ အကိုင်းအခက်များထဲမှ တစ်ခုက သူ့မျက်ခုံးမွှေးများ ရောက်ရှိလာနေပြီ။
သို့သော် ရုတ်တရတ် ကျောကုန်းဘက်က နာကျင်လာပြီး အရိုးကျိုးသံများ ကြားလိုက်ရသည်။ ငုံ့ကြည့်လိုက်တဲ့အခါ ရင်ဘတ်မှ သွေးစွန်းသော သစ်ကိုင်းများ ထွက်လာတာ တွေ့လိုက်ရသည်။
"မြန်လိုက်တာ!"
လုထျန်းနမ်ရဲ့ နှလုံးကို သစ်ကိုင်းတစ်ခုဖြင့် ထိုးဖောက်ထားတဲ့အတွက် သွေးများက သူ၏ အဆုတ်၊ လည်ချောင်းနှင့် ပါးစပ်ထဲမှ လျင်မြန်စွာ စီးကျလာခဲ့သည်။
သူသည် လည်ပင်းကို ခက်ခက်ခဲခဲ လိမ်လိုက်ကာ နောက်လှည့်ကြည့်လိုက်ရာ သူ့နောက်လိုက်သော အစိုးရ အရာရှိအချို့သည် နတ်ကွန်းရဲ့ တန်ခိုးအာဏာကို မစည်းရုံးမီ အကိုင်းအခက်များဖြင့် ထိုးဖောက်ခံထားရတာ မြင်လိုက်ရသည်။ ပေအနည်းငယ် အကွာအထိ ပြေးသွားသူတွေကတောင် မြေအောက်အမြစ် တစ်ဒါဇင်ကျော်ဖြင့် ထိုးဖောက်ခံထားရ၏။
မြင်းများပင်လျှင် အကိုင်းအခက် အမြစ်များ ထိုးဖောက်ပြီး ချက်ချင်း သေဆုံးသွားသည်။ လုထျန်းနမ်၏ လည်ချောင်းထဲတွင် အော်ဟစ်ဆဲဆိုသံ တစ်ခု ထွက်ပေါ်လာပြီးနောက် သူ့ပါးစပ်မှ သွေးများ ထွက်ကျလာခဲ့ပြန်သည်။
လရောင်အောက်တွင် ဒါဇင်ပေါင်းများစွာသော ရှင်းရှန်ခရိုင်က အစိုးရအရာရှိများ၏ အလောင်းများနှင့် မြင်းရှစ်ကောင်တို့သည် မြုံနေသော တောင်ပေါ်ရှိ ပျက်စီးနေသော ဘုရားကျောင်းရှေ့တွင် လဲလျောင်းနေ၏။ လရောင်ကြောင့်သာ မဟုတ်ပါက ထိုအနက်ရောင်အကိုင်းအခက်များနှင့် အမြစ်များက မမြင်ရလောက်ပေ။
ကလေးမလေးသည် လရောင်ကို နင်းပြီး သစ်ကိုင်းများကြားတွင် အသံမထွက်ဘဲ တိတ်ဆိတ် ငြိမ်သက်စွာ ဖြတ်သန်းနေသည်။ သူမသည် လုထျန်းနမ်ဆီသို့ ရောက်လာပြီး ပန်းသီးကို ကိုက်ကာ ထိူလူရဲ့ မျက်နှာကို သေချာကြည့်လျက် ရှိသည်။
"ကန့်ညောင်က သူမရဲ့ လက်အောက်ခံ ဘယ်သူ့ရဲ့ ဆုတောင်းမဆို ဖြည့်ပေးမှာပဲ... အထူးသဖြင့် သူတို့ရဲ့ခန္ဓာကိုယ်ကို ယဇ်ပူဇော်ခဲ့တဲ့ လူတွေရဲ့ ဆန္ဒကို စွန့်လွှတ်ပစ်မှာ မဟုတ်ဘူး...."
ကလေးမလေးက ခေါင်းညိတ်ပြပြီး "အဲဒီလူတွေက မင်းတို့တွေပဲ... ငါလူမှားမသတ်မိဘူး"
မရေမတွက်နိုင်သော အကိုင်းအခက်များ ကျုံ့သွားကာ အစိုးရအရာရှိနှင့် မြင်းအလောင်းများ ကောင်းကင်မှ မြေပြင်ပေါ်သို့ တဗုန်းဗုန်းဖြင့် ပြုတ်ကျသွားသည်။