← Chapters

သတို့သမီး

Vol. 1 Ch. 8

သတို့သမီး

Vol. 1 Ch. 8

ချန်ရှီသည် ပျက်စီးနေသော ဘုရားကျောင်း ပြတင်းပေါက် အနောက်ကွယ်တွင် ပုန်းနေပြီး သူ့မျက်လုံးများရှေ့က ထိုမြင်ကွင်းကို ကွက်ကွက်ကွင်းကွင်းကို မြင်​နေရသည်။ ခဏလေးအတွင်းမှာပဲ နတ်သန္ဓေသားနယ်ပယ်မှ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တာကြောင့် သူ့ကို တကယ် တုန်လှုပ်သွားစေခဲ့၏။

လရောင်အောက်မှ ကလေးမလေးက သူ့အကြည့်တွေကို တွေ့တော့ ဘာခံစားချက်မှ မရှိဟန်ဖြင့် လှမ်းကြည့်ရင်း လက်ကိုမြှောက်ပြီး ဝေ့ယမ်းပြလေသည်။ ထို့နောက် ပန်းသီးကို ကိုက်လိုက်လျက် လှည့်ထွက်သွားသည်။

အဘိုးဖြစ်သူရဲ့ အသံက ချန်ရှီအနောက်မှ ထွက်​ပေါ်လာသည်။

"အားကျမ​နေပါနဲ့ မင်းရဲ့ လက်ရှိ ခန္ဓာကိုယ်နဲ့ဆို အဲဒီအစိုးရအရာရှိတွေကို အနိုင်ယူနိုင်တယ်"

ချန်ရှီ အနည်းငယ် ထိတ်လန့်သွားပြီး အံ့အားလည်း သင့်သွားသည်။

"အခုကျွန်တော့်ရဲ့ ခန္ဓာကိုယ်က ဖန်းတျန်ရွာရဲ့ ကန့်ညောင်လောက်တောင် အစွမ်းထက်နေပြီလား?"

အဘိုးက ဆေးကို စိတ်ရှည်လက်ရှည်နဲ့ ကျိုချက်​နေပြီး ခေါင်းမမော့ဘဲ ပြန်ဖြေသည်။

“ကန့်ညောင်ရဲ့ အကိုင်းအခက်က မင်းကို သတ်နိုင်တယ်... အဲဒီ အစိုးရ အရာရှိတွေကို မထီမဲ့မြင် မလုပ်နဲ့ သူတို့ရဲ့ အာဏာကလည်း မင်းကို သတ်ပစ်နိုင်တယ်”

ချန်ရှီ ထပ်၍ အံ့သြသွားသည်။

"မင်း သတိထားမိပြီလား... အဲဒီနတ်သန္ဓေသားနယ်ပယ်တွေက သစ်ပင်အကိုင်းအခက်တွေ ချဉ်းကပ်လာတုန်း တစ်ခါတည်းနဲ့ သေသွားတယ်... ခုခံဖို့ အချိန်​တောင် မရှိဘူး။ သူတို့ရဲ့ နတ်သန္ဓေသားတွေက အစွမ်းထက်ပေမယ့် ရုပ်ခန္ဓာက အားနည်းလွန်းတယ်...သူတို့ရဲ့ စွမ်းအင်တွေကို မသုံးရ​သေးခင်မှာပဲ သစ်ကိုင်းက သူတို့ကို သတ်ပစ်လိုက်ပြီ..."

အဘိုးက ဆေးကို ​မွှေနေရာမှ အေးအေးဆေးဆေး ဆက်ပြောသည်။

"ကောင်းကင်နှလုံးချီကျင့်စဥ်ကို ကျင့်တဲ့ လူတွေက စိတ်နဲ့ဘဲ ကျင့်လေ့ရှိတယ်။ မင်းရဲ့ခန္ဓာကိုယ်က လုံလုံလောက်လောက် သန်မာလာပြီးရင် သန်မာလာပြီ... အဲဒီလူတွေထဲက အနိမ့်ဆုံးအဆင့်ကတင် မင်းကို အလွယ်တကူ သတ်နိုင်သလို မင်းမှာ ဝိညာဥ်စွမ်းအင်ကို တွန်းလှန်ဖို့ အစွမ်းအစ မရှိဘူး... မင်းလုပ်ရမှာက အခွင့်အရေးကို ဆုပ်ကိုင်ပြီး ရန်သူကို အရေးယူဖို့ အခွင့်မပေးဖို့ပဲ...."

ချန်ရှီ ခေါင်းညိတ်လိုက်သည်။

ပြင်ပအစိုးရ အရာရှိများ အားလုံးသည် စာသင်သားတွေ ဖြစ်၏။ ၎င်းတို့အားလုံးသည် ချီသန့်စင်ခြင်းနှင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း နည်းလမ်းဖြစ်သည့် ကောင်းကင်နှလုံးချီကျင့်စဥ်ကို လေ့ကျင့်ကြရာ ကာယခွန်အားက အစွမ်းထက်မည် မဟုတ်ပေ။

အလင်းသုံးပါးကျင့်စဥ်က သူ​တော်စင်သန္ဓေသားလောင်းကို ပြုစုပျိုးထောင်ရန် လိုအပ်သော သန္ဓေသား ကျင့်ကြံမှုကို ရည်ညွှန်း၍ ထိုမှတစ်ဆင့် နတ်သန္ဓေသားကို ကျင့်ကြံနိုင်မည်။ ခန္ဓာကိုယ် ကြံ့ခိုင်မှုဆိုတာ မှော်စွမ်းအားနှင့် စစ်မှန်သော ချီစွမ်းအင်ကို ရည်ညွှန်းသည်။ ဆိုလိုသည်မှာ မှော်စွမ်းအား အစွမ်းထက်တာနဲ့ ခန္ဓာကိုယ်ကလည်း တန်းတူ သန်မာလာမည်။

ချန်ရှီမှာ နတ်သန္ဓေသားလေး မရှိချေ။ ဒါကြောင့် သူ့ရဲ့ မှော်အစွမ်းကို သန့်စင်ထားရင်တောင် ပျောက်ကွယ်သွားမှာပင်။ သူ့ရဲ့ စွမ်းအင်အားလုံးကို သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ အသုံးပြုမယ်ဆိုရင် သူ့ရဲ့ ကြီးထွားနှုန်းက ပုံမှန်ထက် နှစ်ဆ ပိုမြန်ပါလိမ့်မည်။

အဘိုး ချက်ပြုတ်ထားသော ဆေးဝါးနှင့် ထူးဆန်းသော အစားအစာများက အလင်းသုံးပါးကျင့်စဥ်နဲ့အတူ ဗိုက်ထဲ ဝင်ရောက်မှုနှုန်းက ပိုမိုမြန်ဆန်လာခဲ့သည်။

သိပ်မကြာခင်မှာ ဆေးက အဆင်သင့် ဖြစ်နေပါပြီ။ ချန်ရှီ ဆေးကိုသောက်ပြီး အလင်းသုံးပါးကျင့်စဥ်ကို ဆက်လက်လေ့ကျင့်ရင်း အာရုံစူးစိုက်မှု အခြေအနေသို့ ရောက်ရှိသွားကာ အပြင်လောကကို မေ့သွားခဲ့သည်။

လရောင်သည် တံခါးအပြင်ဘက်မှ ဖြာကျလာပြီး ပြတင်းပေါက်ရှိ အပေါက်များမှတဆင့် ကြမ်းပြင်ပေါ်သို့ ဖြာကျနေသည်။ လရောင်အောက်က ဘုရားကျောင်းပျက်မှာ တိတ်ဆိတ်ပြီး လျှို့ဝှက်ဆန်းကြယ်နေပုံရ၏။

အဘိုးသည် လရောင်ကို ရှောင်ပြီး ထောင့်တစ်​နေရာမှာ ထိုင်နေကာ သူ့ခန္ဓာကိုယ်ကလည်း အဆက်မပြတ် တုန်နေသည်။

"ဗိုက်ဆာတယ် ဗိုက်ဆာတယ်... အနံ့က မွှေးနေတာပဲ... မွှေးလိုက်တာ... လူ့အသားနံ့တွေ..."

ဝါးဦးထုပ်အောက်မှ သွေးနီရောင် မျက်လုံးတစ်စုံဟာ ချန်ရှီကို စိုက်ကြည့်နေ၏။ ပြိုကျပျက်စီးနေတဲ့ ဘုရားကျောင်းကြီးထဲက မီးပုံမှာ ရုတ်တရက် အစိမ်းရောင် ပြောင်းသွားသည်။ တစ်ဆက်တည်း နှင်းတွေကျနေသလိုမျိုး လေထုအပူချိန်ကလည်း သိသိသာသာ ကျဆင်းသွားလေသည်။

ခွေးနက်သည် တုန်တုန်ယင်ယင် ဖြစ်နေကာ တွားသွားဖို့တောင် မလှုပ်ဝံ့ပေ။ အမှောင်ထဲက ထောင့်တွင်တော့ အဘိုးသည် မတ်တတ်ထရပ်ကာ လေ့ကျင့်နေသော ချန်ရှီကို တိုက်ရိုက် စိုက်ကြည့်နေ၏။

"ငါတကယ် ဗိုက်ဆာနေပြီ လူသား စားချင်တယ်!"

ရုတ်တရက် ပြတင်းပေါက် ပွင့်လာသည်။ အဘိုးအိုသည် ပျက်စီးနေသော ဘုရားကျောင်းထဲမှ ပျောက်ကွယ်သွားပြီး ဘုရားကျောင်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။ သူသည် မြေပြင်ပေါ်ရှိ အလောင်းများကို မျက်ကွယ်ပြုကာ အကြိမ်အနည်းငယ် ရွေ့လျားပြီးနောက် လရောင်​အောက် ညအမှောင်ထဲမှာပဲ ပျောက်ကွယ်သွား၏။

ဟေးကော်သည် ပြတင်းပေါက် ပွင့်နေတာကို မြင်တော့ ခေါင်းကို အလျင်အမြန် မြှောက်လိုက်ပြီး နှစ်ကြိမ်ခန့် ဟောင်လေသည်။ ချန်ရှီ သတိဝင်လာပြီး ပြတင်းပေါက်ကို အမြန် ပြေးပိတ်လိုက်သည်။

"အဘိုး ထွက်သွားပြန်ပြီလား"

ချန်ရှီ နည်းနည်း ထိတ်လန့်သွားပြီး ဘုရားကျောင်း အပြင်ဘက်သို့ လျင်မြန်စွာ လှမ်းကြည့်လိုက်ရာ အစိုးရအမှုထမ်းများနှင့် မြင်းဖြူကောင်များပေါ်တွင် တောက်ပနေသော လရောင်ကိုသာ တွေ့လိုက်ရသည်။

ရုတ်တရက် အလောင်းတစ်လောင်းက အကြိမ်အနည်းငယ် တုန်ခါသွားသည်။ ချန်ရှီ သူ့မျက်လုံးတွေကို ပွတ်သပ်ကာ သေချာကြည့်လိုက်တော့ လရောင်ထဲမှာ အလောင်းတစ်လောင်း ဖြည်းညှင်းစွာ တွားသွား​နေ၏။

ချန်ရှီ ရုတ်​တရက်​ ​တွေးမိတာက။

"အလောင်းက အသက်ဝင်လာတာလား?"

ဒါကို သူတွေးကြည့်နေတုန်း အလောင်းတွေ မြေပြင်ပေါ်မှာ လှုပ်ယမ်းနေတာကို ထပ်တွေ့လိုက်ရသည်။ သူတို့တွေ တဖြေးဖြေး ထလာကြသည်။ မြင်းကောင်ရေ ရှစ်ကောင်တောင်မှ မြေပြင်ပေါ်မှာ ခွာလေးခွာနဲ့ မတ်တပ်ရပ်နေခဲ့ပြီ။

သူတို့ခန္ဓာကိုယ် တစ်ခုလုံးမှာ သွေးအပေါက်တွေ ရှိနေတာမို့ ထာဝရသေနေသင့်ပေမယ့် အခု အသက်ရှင်နေသယောင်နဲ့ လှုပ်ရှားနေကြသည်။ ချန်ရှီရဲ့ နှလုံးခုန်သံသည် အလွန်အမင်း ပြင်းထန်နေချေပြီ။ ထိုအချိန်တွင် ဟေးကော်ကလည်း ရောက်လာပြီး သူ့ရှေ့ခြေထောက်များကို မြှောက်ကာ ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်သည်။

ထိုအခိုက် လရောင်အောက်မှာ မြူးမြူးမြူးကြွကြွ တေးဂီတသံတွေ ထွက်ပေါ်လာ၏။ ထို​အလောင်းတွေက မူးနေသယောင် တေးသံထဲမှာ ယိမ်းယိုင်နေကြပြန်သည်။

လူတစ်​​ယောက်​နှင့်​ ​ခွေးတစ်​​ကောင်​တို့သည်​ အလွန်​စိတ်​လှုပ်​ရှား​နေပြီး ပတ်​လည်​ကို လှည့်​ကြည့်​ကာ တီးမှုတ်​သံ၏ အရင်းအမြစ်​ကို ရှာ​ဖွေရန်​ ကြိုးစားနေကြသည်။ မကြာခင်​မှာပဲ တံပိုးခရာသံနှင့်​ ဆူညံသံများက ပိုမိုရှင်းလင်းလာကာ အကအဖွဲ့နှစ်​​ဖွဲ့ ​တောထဲမှ ထွက်​လာကြလေ၏။

ချန်ရှီ မင်္ဂလာဆောင် ပွဲ​​တော်များစွာကို မြင်တွေ့ခဲ့ဖူးသည်။ ၎င်းတို့အားလုံးသည် ရွှင်မြူးတက်ကြွနေကာ အိမ်ရှင်မိသားစုက ကျန်အဖွဲ့တစ်ဖွဲ့အား သီဆိုဖျော်ဖြေရန် တောင်းဆိုကြတဲ့ ပွဲမျိုးပင်။

အပြင်ဘက်မြင်ကွင်းက သတို့သမီးကို ကြိုဆိုတဲ့ စီတန်းလှည့်လည်ပွဲ တစ်ခုလို ဖြစ်နေပေမယ့် ထိုဇာတ်အဖွဲ့ကို ကြည့်လိုက်ရင် လူသားလို နောက်ခြေထောက် နှစ်ချောင်းပေါ်မှာ ရပ်နေတဲ့ မြေခွေးတွေက ပါးပြင်တွေ ဖောင်းပွနေပြီး တံပိုးခရာကို အပြင်းအထန် တီးနေတာ တွေ့ရလေသည်။

လင်းကွင်းကို ကိုင်ထားသော မြေခွေးများလည်း ရှိကြပြီး တီးမှုတ်သံများကို လုပ်ကာ ခါးတွင် ချိတ်ထားကာ ဗုံများကို အားကြိုးမာန်တက် တီးခတ်​နေကြသည်။ ၎င်းတို့က လရောင်အောက်မှာ ကခုန်နေသလိုမျိုး ယိမ်းနွဲ့နေကြ၏။

သူတို့နောက်မှာတော့ အနီရောင် ရထားလုံးကြီး တစ်စီးက ဘယ်သူမှ မသယ်ထားပါဘဲ လေထဲမှာ လွင့်ပျံနေပြီး သီချင်းသံနဲ့အတူ ယိမ်းနွဲ့နေသည်။ ဘုရားကျောင်းရှေ့ရှိ လူသေအလောင်း ဒါဇင်ပေါင်းများစွာတို့သည်လည်း လရောင်အောက်တွင် ဖော်မပြနိုင်လောက်အောင် ထူးဆန်းသည့် အသံတေးသံ၏ စည်းချက်အတိုင်း ကပြကြသည်။

"ဒါက ရှဲ (မကောင်းဆိုးဝါး) မဟုတ်ဘူး ဆွေ့ (နတ်ဆိုး)!"

ချန်ရှီသည် ရှဲများထက် ဆွေ့များက ပိုအစွမ်းထက်ကြောင်း သူ့အဘိုးပြောသံကို ပြန်သတိရသွားသည်။ ရွာရဲ့ ကန့်ညောင်ကတောင် ၎င်းတို့ကို မကာကွယ်နိုင်ပေ။ ဆွေ့ကြောင့် ဒုက္ခရောက်တိုင်း ရွာပေါင်းများစွာ သုတ်သင်ခံရပြီး ရွာသူရွာသားတွေနဲ့ သူတို့ရဲ့ ကန့်ညောင်တွေ အားလုံးကပါ ညတွင်းချင်း သေကုန်ကြသည်။

"အဘိုးရဲ့ အဆောင်စာရွက်က ဒီနတ်ဆိုးတွေကို မတားနိုင်​လောက်ဘူး!"

ချန်ရှီသည် မင်္ဂလာပွဲအခမ်းအနားအား ကြည့်လိုက်ရာ အနီရောင် ရထားလုံးကြီးရဲ့ ကန့်လန့်ကာသည် လွင့်နေကာ အနီရောင် မင်္ဂလာဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သူမ၏ လက်ဖဝါးများက ဖြူဖတ်နေကာ ခေါင်းနှင့် မျက်နှာကိုတော့ ပဝါအနီအောက်တွင် ဖုံးအုပ်ထားသည်။

"သတို့သားကို ဖိတ်​​ခေါ်ပါတယ်--"

မြေခွေးတစ်ကောင်က ရုတ်တရက် ခေါင်းကိုလှည့်ပြီး ချန်ရှီရှိရာ ဦးတည်ရာဘက်ကို ကြည့်နေသည်။ ကျန်တဲ့သူတွေကလည်သ သူတို့ လည်ပင်းကို တည့်တည့်မတ်မတ် ထားပြီး ခေါင်းကို မြှောက်လိုက်သည်။

"ထိုင်ခုံပေါ်တက်ဖို့ သတို့သားကို ဖိတ်ခေါ်ပါတယ်..."

တေးဂီတကို ကပြဖျော်ဖြေနေသော လူသေအလောင်းများလည်း ချန်ရှီကို ကြည့်နေသည်။ သူတို့ရဲ့ မီးခိုးရောင် မျက်လုံးများက ဘုရားကျောင်းထဲရှိ လူငယ်ကို တည့်တည့် စိုက်ကြည့်ကာ နောက်တစ်ကြိမ် ရေရွတ်ပြန်သည်။

"ကျေးဇူးပြုပြီး သတို့သားကို ရထားလုံးပေါ်တက်ဖို့ ဖိတ်ခေါ်ပါတယ်!"

ချန်ရှီနဲ့ ဟေးကော်တို့ ဆောလျင်စွာ ခေါင်းငုံ့ထားလိုက်ကြသည်။ ရင်ဘတ်ထဲမှ နှလုံးခုန်သံများ ခုန်ထွက်လုနီးပါး ဖြစ်နေ​ပြီ။ အပြင်ဘက်တွင်တော့ မင်္ဂလာဆောင်အဖွဲ့သည် တီးမှုတ်သီဆိုကာ အနီရောင် ရထားလုံးကလည်း လေထဲတွင် လွင့်မျောနေတုန်းပင်။ သတို့သားကို ကြိုဆိုရန်အတွက် ပျက်စီးနေသော ဘုရားကျောင်းဆီသို့ ဦးတည်သွားနေကြသည်။

ချန်ရှီသည် တံခါးနှင့် ပြတင်းပေါက်များပေါ်တွင် ချိတ်ဆွဲထားသော အဆောင်စာရွက်များကို စိုက်ကြည့်ရင်း အမြန် နောက်ဆုတ်သွားခဲ့သည်။

အဆောင်စာရွက်များကို တံခါးစောင့်နတ်ပုံ စာလုံးမျိုး ရေးထွင်းထားသော်လည်း နတ်သန္ဓေသားကို ပြုစုပျိုးထောင်ခဲ့သော ကျင့်ကြံသူများ ရေးဆွဲထားသော အဆောင်စာရွက်တွေက သာမာန်မကောင်းသော အရာများကို ဆုတ်ခွာ သွားစေနိုင်သည်။

အဘိုးချန်ရဲ့ ခွန်အားက ပို၍ပင် ထူးကဲလှပေသည်။ သူရေးဆွဲထားသော အဆောင်စာရွက်ဟာ မကောင်းသော အရာများကို တွန်းလှန်ရန် ဘယ်သောအခါမှ မအောင်မြင်ခဲ့ပေ။

အပြင်မှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး ဘာသံမှ မကြားရတော့ချေ။ ဟေးကော်သည် ချန်ရှီရှေ့မှာ ဒူးထောက်လျက် ရှေ့တည့်တည့်ကို စိုက်ကြည့်ရင်း ခြိမ်းခြောက်သော အသံကို ထုတ်လိုက်သည်။ ရုတ်တရက် တံခါးနှင့် ပြတင်းပေါက်များပေါ်တွင် ချိတ်ဆွဲထားသော အဆောင်စာရွက် အားလုံး မီးလောင်ကျွမ်းပြီး ပြာကျသွားသည်။

ဘုရားကျောင်းတံခါး ပွင့်လာသည်။

ဘုရားကျောင်း တံခါးရှေ့မှာ အနီရောင် ရထားလုံး တစ်စီး ရပ်သွား၏။

"ဝူး ဝူး ဝူး!"

အိုးနက်ကြီးက တံခါးနောက်ကို ပြေးသွားပြီး အရူးတစ်ယောက်လို ပြုံးပြလိုက်သည်။ ဒီအချိန်မှာတော့ ရထားလုံးပေါ်ကနေ သွယ်လျတဲ့လက်တစ်စုံကို ဆန့်ထုတ်လာသည်။ ထိုလက်က ခန်းဆီးကို ညင်သာစွာ ဖွင့်လိုက်ကာ ထိုင်နေတဲ့ သတို့သမီးကို မြင်လိုက်ရ၏။

အနက်ရောင်အမွှေးများက ဟေးကော်ရဲ့ ခန္ဓာကိုယ်အနှံ့ ပေါက်ကွဲထွက်ကာ ပြင်းထန်စွာ ထအော်​တော့သည်။

"အိုးမည်းက သိပ်သစ္စာစောင့်သိတာပဲ!"

ချန်ရှီမှာ ဟေးကော် အမူအရာကိုမြင်ပြီး သူ့စိတ်ထဲမှာ တိတ်တိတ်လေးပဲ ချီးကျူးနေလိုက်သည်။ သတို့သမီးရဲ့ သွယ်လျသော လက်များသည် ကန့်လန့်ကာကို ဖြည်းညှင်းစွာ လျှော့ချလိုက်ရာ ချန်ရှီလည်း လန့်သွားလေ၏။

"ဒီနတ်ဆိုးက အပြစ်တင်ခံရမှာကို ကြောက်ပြီး ခက်ခက်ခဲခဲ ဆုတ်ခွာသွားတာ ဖြစ်နိုင်ပါ့မလား"

ဒါကိုတွေးနေတုန်း သူ့ဘေးမှာ နောက်ထပ်လူတစ်ယောက် ရှိနေတာ တွေ့လိုက်သည်။ ချန်ရှီ လှည့်ကြည့်လိုက်တော့ ရထားလုံးထဲက သတို့သမီးကို တွေ့လိုက်ရလေသည်။ ချန်ရှီ အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။

ဟေးကော်သည် ကန့်လန့်ကာ ပြုတ်ကျသည်ကို မြင်သောအခါ သူ စိတ်သက်သာရာ ရသွားသော်လည်း ရထားလုံးထဲ၌ အနီရောင်တောက်တောက် ၀တ်စုံကို ၀တ်ထားသူကို တွေ့ရပြန်၏။ ထိုသူက သတို့သား ဖြစ်သင့်သည်။

ရထားလုံး ကန့်လန့်ကာ ပြုတ်ကျသောအခါ ထိတ်လန့်တကြား တစ်ချက် ကြည့်လိုက်တော့ ထို​သတို့သားက ချန်ရှီနှင့် တစ်ထပ်တည်း တူ​နေကြောင်း မြင်လိုက်ရသည်။

ဟေးကော်ရဲ့ အမွေးမှန်သမျှ အဆုံးအထိ ထောင်သွားသည်။ ထိုအခါမှ ဘုရားကျောင်းထဲတွင် ချန်ရှီရဲ့ ခြေရာလက်ရာ မရှိတော့တာကို တွေ့လိုက်ရသည်။

အနီရောင် ရထားလုံးက ဖြည်းညှင်းစွာ လွင့်မျောသွားကာ မြေခွေးများစွာက မောင်းထု၊ ဒရမ်များကို တီးခတ်၍ သီဆိုကြသည်။ ကျန်တစ်ဖွဲ့ကလည်း အနီရောင် ရထားလုံးကြီးကို ဝမ်းသာအားရ ထမ်းရင်း ဘုရားကျောင်းမှ ထွက်ခွာသွားကြသည်။

အိုးမည်းသည် သိပ်ဂရုမစိုက်တော့ဘဲ ပျက်စီးနေသော ဘုရားကျောင်းထဲက အမြန်ပြေးကာ ချန်ရှီကို ကယ်တင်ရန် စိတ်ပိုင်းဖြတ်ထားပုံဖြင့် အနီရောင် ရထားလုံးဆီသို့ ပြေးထွက်လာခဲ့သည်။

ဤအခိုက်တွင် ရထားလုံးထဲမှ အသံတစ်သံ ထွက်ပေါ်လာပြီးနောက် အုံ့မှိုင်းနေသော လေတစ်ချက် တိုက်ခတ်သွားသည်။ မှောင်လွန်းသဖြင့် ဦးတည်ရာကို ခွဲခြားရခက်သော ဟေးကော်သည် လျင်မြန်စွာ ရပ်တန့်သွားပြီး အုံ့မှိုင်းနေသော လေပြင်းကြောင့် အနီရောင် ထိုင်ခုံကြီးကိုသာ မြင်လိုက်ရသည်။

မြေခွေးအဖွဲ့နှင့် လူသေအလောင်းအားလုံး ပျောက်ကွယ်သွားကာ ချန်ရှီကတော့ မြေပြင်ပေါ်တွင် ထိုင်လျက်သား ကျန်နေခဲ့၏။ ဟေးကော်လည်း ရှေ့သို့ အမြန်ပြေးလာသည်။ ချန်ရှီမှာ စိတ်ရှုပ်ထွေးနေပုံရပြီး ရထားလုံးထဲတွင် သူဘာကြောင့် ပေါ်လာခဲ့သလဲ မသိလိုက်ပေ။

သတို့သမီးကို မြင်လိုက်သည်နှင့် သူ ရထားလုံးထဲက ထိုင်ခုံပေါ်တွင် ရောက်နေပြီးသား ဖြစ်နေတာကို တွေ့လိုက်ရသည်။

ရထားလုံးပေါ်ကနေ ဘယ်လို ရုန်းထွက်ခဲ့တာလဲ။

ထိုအချိန်တွင် သူ့ဘေးနားရှိခဲ့သော သတို့သမီးက သူ့အဝတ်အစားများကို ဆုတ်ဖြဲလိုက်တော့သည်။ ရုတ်တရက် တစ်ခုခုကြောင့် သူမ ထိတ်လန့်သွားပုံရပြီး ရထားလုံးထဲက ထောင့်တစ်​နေရာသို့ ကျသွားကာ သူမပါးစပ်မှ စူးစူးဝါးဝါး အော်သံတွေ ထွက်​ပေါ်လာသည်။ ထို့နောက် သူမသည် ရထားလုံးပေါ်တွင် ထိုင်နေရာမှ မြေကြီးပေါ် ရောက်သွားခဲ့သည်။

လူတစ်​​ယောက်​နှင့်​ ​ခွေးတစ်​​ကောင်​သည်​ ပျက်​စီး​နေသည့်​ ဘုရားကျောင်းသို့ ပြန်​သွား​ပြီး အတော်လေးကို ထိတ်​လန့်နေကြ၏။ ချန်ရှီသည် ပွင့်နေသော တံခါးနှင့် လောင်ကျွမ်းသွားသော အဆောင်စာရွက်များကို ကြည့်၍ အနည်းငယ် စိတ်လှုပ်ရှားနေသေးသည်။

သူသည် ရှေ့သို့ လျင်မြန်စွာ လျှောက်လာကာ ဘုရားကျောင်း တံခါးကို ပိတ်လိုက်သည်။ တံခါးနောက်ဘက်တွင် ပိတ်ဆို့ထားရန် ကျောက်တုံးကြီးကိုလည်း ရွှေ့ထားလိုက်သည်။

ဟေးကော်သည့ သစ်သားလှည်းထဲသို့ ခုန်ဝင်ပြီး တစ်ဖန် သစ်သားလှည်းပေါ်မှ အမြန် ခုန်ဆင်းလာသည်။ ထို့နောက် သူ့အဖိုးဓားကို ကိုက်ပြီး ချန်ရှီရှေ့သို့ ပစ်ချပေးကာ သူ့လည်ပင်းကို ညွှန်ပြသည်။

သူ့ရဲ့ဒီနေရာမှာ ဓားနဲ့ ထိုးလိုက်တော့လို့ ပြောနေသယောင်ပင်။

ချန်ရှီသည် ဘောပင်၊ မှင်၊ စက္ကူနှင့် မှင်ကျောက်ကိုယူကာ ဟေးကော်လည်ပင်းကို ထိုးမည့်အစား ဟေးကော်ခြေထောက်က သွေးအချို့ကို ဂရုတစိုက်ယူကာ အဆောင်စာရွက်ကို ထိုနည်းအတိုင်း လိုက်ဆွဲလေသည်။

အဘိုးရေးဆွဲတဲ့ အဆောင်စာရွက် စာလုံးပုံစံတွေက သူ့​နှလုံးသားထဲမှာ ရေးထွင်းထားခဲ့တာ ကြာပါပြီ။

မှင်တံကိုဆွဲခြင်းသည် စစ်မှန်သော ချီစွမ်းအင်ကို တွန်းအားပေးရန် အလင်းသုံးပါးကျင့်စဥ်ကို အသက်သွင်းထားရသည်။ လက်အားကို စုတ်တံထိပ်ဖျားတွင် အာရုံစူးစိုက်ပြီး အဆောင်စာရွက်ကို တစ်ချက်တည်း ဖြည့်ဆွဲလိုက်​သည်။

ညဉ့်နက်နေပြီဖြစ်၍ တံခါးနှင့် ပြတင်းပေါက်များကို တံဆိပ်ခတ်ရန် အဆောင်စာရွက် အလုံအလောက်ကို တတ်နိုင်သမျှ အမြန်ဆွဲရမည်။ မကောင်းသော အရာများက သူတို့ကို ရှာဖွေနေလေသည်။

ချန်ရှီ သခင်တစ်ယောက်လို ရေး​နေခဲ့ပြီး မကြာမီတွင် သူသည် ခြောက်ရွက်ကို ဆွဲထုတ်ကာ တံခါးပေါ်တွင် နှစ်ရွက်နှင့် ပြတင်းပေါက်လေးခုတွင် တစ်ရွက်စီ ချိတ်ဆွဲထားလိုက်သည်။ သူရေးတဲ့ အဆောင်စာရွက်က အသုံးဝင်လားဆိုတာ မသိခဲ့သလို အိပ်မပျော်နိုင်သလိုလည်း ခံစားရသည်။

လူတစ်ဦးနှင့် ခွေးတစ်ကောင်သည် ပြတင်းပေါက် အနားတွင် ကပ်၍ မကောင်းသော အရာများ ထပ်မံ မတိုက်ခိုက်ရန် တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

"အရမ်းထူးဆန်းတာပဲ ဒီနတ်ဆိုးက ငါ့ကို ဘာလို့များ လွှတ်​ပေးလိုက်တာလဲ"

ချန်ရှီ ထိုအကြောင်းကို ပိုတွေးလေ ထူးဆန်းလေ ဖြစ်နေသည်။ ဆွေ့တွေက ရွာတစ်ရွာကို အလွယ်တကူ ဖျက်ဆီးနိုင်၏။ သူနှင့်တူသော ကလေး တစ်ယောက်ယောက်ကိုလည်း တစ်ရှိန်ထိုး စုပ်ယူပစ်လိုက်နိုင်လေသည်။

ဒါပေမဲ့ ဒီသတို့သမီးဆွေ့ကတော့ သူ့ကို အရမ်းကြောက်နေပုံရပြီး သူ မပါဘဲတောင် ထွက်ပြေးသွားခဲ့သည်။ ချန်ရှီ နားမလည်နိုင်သောကြောင့် ၎င်းကို မစဉ်းစားနေတော့ဘဲ ဘုရားကျောင်း အပြင်ဘက်က လှုပ်ရှားမှုများကို သတိကြီးစွာ စောင့်ကြည့်နေခဲ့သည်။

အချိန်အတော် ကြာပြီးအထိ အပြင်မှာ ငြိမ်သက်နေသည်။

ဟေးကော်သည် ပြတင်းပေါက်ပေါ်တွင် သူ့ရှေ့ခြေထောက်များကို ချထားပြီး သူ့ခြေသည်းများကို လှဲချကာ အနားယူခါနီးတွင် ချန်ရှီအသံက သူ့နားသို့ ရောက်လာသည်။

"ဟေးကော်... အဖိုးက လူမဟုတ်တော့ဘူး "

ဟေးကော်က သူ့နားရွက်ကို မြှောက်ပြီး ချန်ရှီကို သံသယနဲ့ ကြည့်နေသည်။

လရောင်အောက်တွင် လူငယ်လေး၏ မျက်နှာပေါ်တး၌ မျက်ရည်အနည်းငယ် ထွက်နေသော်လည်း သူ့မျက်လုံးများက အနည်းငယ်နက်ရှိုင်းကာ အဝေးကို လှမ်းကြည့်လျက် ရှိသည်။

“လွန်ခဲ့တဲ့ လတစ်ဝက်ကျော်လောက်က အဘိုးက သူ့ရဲ့​​နောက်ဆုံး အချိန်ရောက်ပြီ အချိန်ကို ကိုင်ထားရမှာပေါ့လို့ ပြောတယ်...သူ့ကိုယ်သူ အသုဘချမယ်....ဒါမှ လူ့လောကထဲ ကြွလာတဲ့ သရဲတစ္ဆေတွေက လှည့်ဖြားခံရပြီး သူ့ကို ခေါ်မသွားမှာတဲ့..."

ဒါကို ဟေးကော် မှတ်မိသည်။

အဘိုးအိုသည် သရဲတစ္ဆေများကို လှည့်ဖြားဖို့ အချိန်အတော်ကြာအောင် စီစဉ်နေခဲ့ပြီး သူ့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ခန်းမတစ်ခုနှင့် သူ့ကိုယ်ပိုင် အထိမ်းအမှတ် ကျောက်ပြားများ ပြင်ဆင်ထားသည်။ ဒါက ပြောနေစရာပင် မလိုတော့ပေ။

“အဘိုးက ဈာပနခန်းမမှာ သေချင်ယောင်ဆောင်ပြီး ခေါင်းတလားထဲမှာ အိပ်​နေခဲ့တယ်လို့ အဘိုးက ပြောတယ်... ဒီနေ့ အသက်ရှင်ပြီး သရဲတစ္ဆေတွေကို လှည့်စားနေသရွေ့တော့ နောက်ထပ် နှစ်အနည်းငယ် အသက်ရှင်နိုင်ပါသေးတယ်တဲ့"

ချန်ရှီသည် အကွာအဝေးကို စိုက်ကြည့်ရင်း ခဏအကြာတွင် ဆက်

“ဒါပေမယ့် အဲဒီနေ့နောက်ပိုင်းမှာ အဘိုး ခေါင်းတလားထဲက ထွက်လာတော့ ပြောင်းသွားတယ်... ထမင်းမစားတော့ဘဲ ဖယောင်းတိုင်တွေကို စားရတာ ကြိုက်လာတယ်... အစားအသောက် အရသာကို မကြိုက်တော့ဘူး အဲဒီအစား နံ့သာနံ့ကို ကြိုက်တယ်... ထူးထူးဆန်းဆန်းတွေ စားရတာ ကြိုက်တယ်... ဥပမာ....လူ.... "

သူက တုန်တုန်ယင်ယင်နဲ့ ဝမ်းနည်းစွာ ပြောသည်။

"အဲဒီနေ့ပြီးတော့ ခေါင်းတလားထဲက ထွက်လာတဲ့ အဘိုးက သေနေပြီသား တစ္ဆေကို လှည့်စား​နေတာ မဟုတ်​တော့ဘူး"

သူ့အသက်အရွယ်နဲ့ လိုက်လျောညီထွေ မရှိစွာ ရင့်ကျက်တဲ့ ချန်ရှီက။

"ဒီအကြောင်းကို သူ ငါ့ကို သိ​စေချင်မှာ မဟုတ်ဘူး... သူက ငါ့ကို ကာကွယ်ပြီး ငါ့ကြီးပြင်းလာတာကိူ စောင့်ကြည့်ဖို့ ငါ့ဘေးမှာ နေချင်တာ... ဒါပေမဲ့ သူက လူသားတစ်ယောက် မဟုတ်တော့ဘူး... လူသေကောင်ပဲ"

ဟေးကော်၏ မျက်နှာသည် လေးနက်ပြီး မျက်ခုံးများ တွဲကျကာ လေးနက်စွာ ခေါင်းညိတ်လာသည်။

"ဘာပဲဖြစ်ဖြစ် သူအမြဲတမ်း ငါ့အဖိုးပဲ... သူကိုယ်တိုင်က ဖုတ်ကောင်တစ်ကောင်လို ပြောင်းသွားရင်တောင်မှ သူက ငါ့အဖိုး... ငါ့ကို အကြိမ်ပေါင်းများစွာ ကိုက်စားရင်တောင် သူက ငါ့အဘိုးပဲ"

ချန်ရှီ၏ မျက်လုံးများသည် ကြည်လင်ပြတ်သားလာပြီး တိုးတိုးလေး ပြောလိုက်တယ်။

"ငါ့မှာ ဆွေမျိုးတစ်ယောက်ပဲ ရှိတယ်... ဟေးကော် အရင်သွား အနားယူတော့...ခဏနေရင် ငါ့နေရာကို လာဝင်..."

ဟေးကော် သူ့ခြေသည်းတွေကို ချလိုက်ပြီး မြေကြီးပေါ် လှဲအိပ်လိုက်တဲ့အချိန် ပြတင်းပေါက်နားက လူငယ်လေးက ရေရွတ်လေ၏။

"... ခွေးက ငါ့အကြောင်း လျှို့ဝှက်ချက်တွေ အများကြီး သိထားတယ်... ဖြစ်နိုင်ရင် အဘိုးကို ပြောလိမ့်မယ် ငါ သတ်သင့်လား ခွေးကို နှုတ်ပိတ်သင့်လား"

ဟေးကော်က ချက်ချင်း ထရပ်ကာ ချန်ရှီထံ အမြန်လျှောက်သွားလေသည်။ သူက ချန်ရှီကို အိပ်ရာဝင်ရန် နှိုးဆော်ကာ သူ့ဘာသာသူ သတိထားကာ သူလုပ်သင့်သည်များကို ထုတ်ဖော်ပြသရန် သူ့အမြီးကို ဝှေ့ယမ်းလိုက်သည်။

All Chapters