အုပ်စိုးရှင် ကျောက်တိုင်။
Vol. 167 Ch. 2327
ကျိကျစ်ရှီ ညွှန်ပြသော လမ်းကြောင်း အတိုင်းလိုက်လာပြီးနောက် တိုက်ပွဲတစ်ခုကို မြင်လိုက်ရသည်။
သွေးရိုးတံခါးမှ လူ သုံးယောက်သည် ဝူယုဟွာကို အုပ်စုဖွဲ့ တိုက်ခိုက်နေခြင်း ဖြစ်၏၊ ၎င်းတို့သုံးယောက်မှာ ဆဋ္ဌမအဆင့် သူတော်စင် သခင်များ ဖြစ်သော်လည်း ကောင်းကင် ဘုရင် ဓားကြောင့် အခက်တွေ့နေခဲ့သည်။
ခန္ဓာကိုယ်များကို သူတော်စင် စွမ်းအင်များဖြင့် ဖုံးအုပ်လျက် သွေးလွှမ်းသော ရောင်ဝါကို တာအိုနှင့် ကောင်းစွာ ပေါင်းစပ်ထား၏။
လက်သီးချက်တိုင်း ကြောက်မက်ဖွယ် ကောင်းလှကာ သားရဲ ဟောက်သံများ ကဲ့သို့ လေခွင်းသံများ ထွက်လာသည်။
“ သွေးအရိုးတံခါးနဲ့ ... ကောင်းကင်ဓား ခန်းမ ဟား ဟား ဟား ... သူတို့က သေစေတဲ့ ရန်သူတွေပဲ ... လင်းကျန်းရှန့် မရှိရင် ဒီလူရဲ့ အခြေအနေက အဆင်မပြေ လောက်ဘူး။ ”
ရှန်းထျန်းနန်က ပြောသည်။
“ သူတို့အားလုံးက ဆဋ္ဌမအဆင့် သူတော်စင် သခင်တွေပဲ။ ”
လင်းယွန်က မျက်မှောင်ကြုတ်ပြီး ဝူယုဟွာကို ပိတ်ဆို့ထားသော လူသုံးယောက်ထံ ကြည့်လိုက်သည်။
မိုးတိမ် နယ်မြေရှိ နတ်ဆိုးဂိုဏ်း တစ်ဂိုဏ်း၏ အုတ်မြစ်သည် အနည်းငယ် ကြောက်စရာ ကောင်းပုံရ၏။
ရှန်းထျန်းနန်က ပြုံးပြီး
“ ဆဋ္ဌမအဆင့် သူတော်စင် သခင်တွေက ပေါသောနေတာပဲ ... နောက်ဆုံးအဆင့် သုံးဆင့် ကသာ အသန်မာဆုံးပါ၊ အောင်မြင်မှု တစ်ခုစီက ဆယ်ဆ သန်မာလာမယ် ဒါပေမဲ့ သက်ဆိုင်ရာ ကပ်ဘေးတွေလည်း ရင်ဆိုင်ရလိမ့်မယ်၊ ...
... သတ္တမအဆင့်ကနေစပြီး မီးမုန်တိုင်း ကပ်ဘေးကို ရင်ဆိုင်ရတော့မှာမို့ ဘယ်သူမဆို ပေါ့ပေါ့တန်တန် မလုပ်ဝံ့ကြဘူး။ ”
“ ဒါဆို ... နင်ကရော ဆဋ္ဌမအဆင့် သူတော်စင်သခင် နယ်ပယ်နဲ့ ... နဂါးသတ် အဆင့်ကို ဘယ်လိုဝင်လာတာလဲ။ ”
ကျိကျစ်ရှီက သတိတရ ဝင်မေးသည်။
“ ကိုယ်လုံးကိုယ်ပေါက်ကြောင့်ပါ ... ငါက သူတော်စင် နယ်ပယ်ကို ရုပ်ခန္ဓာနဲ့ ဝင်လာတာ၊ အဲဒီတော့ သာမန် ဆဋ္ဌမအဆင့် သူတော်စင် သခင် တွေက ငါ့ကို မယှဉ်နိုင်ဘူး။ ”
ရှန်းထျန်းနန်က ပြန်ဖြေ၏။ တစ်ဖက်တွင် လင်းယွန်က တိုက်ပွဲအပေါ် စောင့်ကြည့်မိသည်။ ဝူယုဟွာသည် သူ့စကားအတိုင်း ကောင်းကင် စွမ်းအားကို ချေးငှားခြင်း မပြုတော့ချေ။
ထို့ကြောင့် ၎င်း၏ ကောင်းကင် ဘုရင် ဓားသည် ကွဲပြားနေသည်။ ပြိုင်ဘက်များမှာ ချက်ချင်း အန္တရာယ် မပေးနိုင်ခဲ့ချေ။
သို့သော် အချိန်ကြာလာသည်နှင့် အမျှ တဖြည်းဖြည်း မောပန်းလာပြီး သွေးတစ်လုတ် အန်လျက် ဝူယုဟွာ ဆုတ်ခွာလိုက်ရသည်။
“ သူ့ကို လက်စသပ်လိုက်။ ”
“ ကောင်းကင်ဓားခန်းမကို မိုးတိမ် နယ်မြေကနေ မကြာခင် ဖယ်ရှားတော့မှာပဲ ... ဒီကံကြမ္မာကို ပြောင်းလဲဖို့ ကောင်းကင်ဘုံ လွင်ပြင်ကို အားကိုးချင်နေတာလား၊ ဟမ့် ... ။ ”
နတ်ဆိုး ကျင့်ကြံသူ သုံးဦးက ဝူယုဟွာကို သတ်ရန် ပြေးဝင်လိုက်၏။ သို့သော် ထိုအချိန်၌ ဓားအလင်းတန်း သုံးခု လွင့်ပျံလာသည်။
“ ရွှပ် ... ။ ”
၎င်းက ရင်ဘတ်များ အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာကာ သွေးများ ထွက်ကျ လာစေသည်။
နှလုံးသားများ ဖျက်ဆီး ခံလိုက်ရခြင်း ဖြစ်၏။ သို့သော် သူတို့သည် သူတော်စင်များ ဖြစ်လေရာ ဤနည်းဖြင့် မသေနိုင်ချေ။
“ ရွှပ် ... ။ ”
ယင်းအစား ဒေါသနှင့် တရားခံထံ လှည့်ကြည့်လိုက်ရာ ရာနှင့်ချီသော ဖဲကြိုးများ လွင့်ပျံလာသည်ကို နောက်ဆုံးအကြိမ် မြင်လိုက်ရသည်။
“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”
ပေါက်ကွဲသံ သုံးချက် ဆင့်ကာ မြည်သွားသည်။ ထိုမြင်ကွင်းက တုန်လှုပ်စရာ ကောင်းလွန်းတာကြောင့် ရှန်းထျန်းနန် တစ်ယောက် မှင်တတ်သွား၏။
သူသည် ကိုယ်လုံးကိုယ်ပေါက်ဖြင့် သူတော်စင် ဖြစ်လာရာ အားသာချက်များစွာ ရှိသည်။ ထိုဖဲကြိုးများမှာ သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းနိုင်မည် မဟုတ်ချေ။
သို့သော်လည်း ဖဲကြိုးများသည် သူတော်စင်စွမ်းအင်ကို ဖျက်ဆီးနိုင်ချေပြီ။ ဤမျှ အကွာအဝေးဖြင့် ဖဲကြိုးပေါ်ရှိ နတ်ရူရ်များကို မြင်ခဲ့ရသည်။
၎င်းတို့သည် ရှေးဟောင်း ကိုယ်ခံပညာဖြင့် ထွင်းထုထားခြင်း ဖြစ်ကာ ဘုန်းသူတော်စင် လက်ရာများနှင့် ယှဉ်နိုင်၏။
“ ညီအစ်ကိုလင်း ... ငါမင်းနဲ့အတူ မလိုက်ဖြစ်တော့ဘူး ... သွားနှင့်တော့မယ် နှုတ်ဆက်ပါတယ်။ ”
ထို့ကြောင့် အသံချန်ခဲ့ပြီး မှုန်နေအောင် ထွက်ပြေးတော့သည်။ လင်းယွန်က ဖဲကြိုးများ ပြန်သိမ်းနေသဖြင့် လှည့်မကြည့်နိုင်ချေ။
သူ သတိဝင်လာချိန်၌ တစ်ဖက်လူမှာ တစ်ခါမှ မရှိခဲ့သည့်အလား ပျောက်ကွယ်သွား ခဲ့သည်။
“ သူ အရမ်းကြောက်သွားတယ်။ ”
ကျိကျစ်ရှီက ပြုံးကာ ပြောသည်။
“ လာ ... ညီအစ်ကိုဝူကို သွားကြည့်ရအောင်။ ”
လင်းယွန်က လျစ်လျူရှုလျက် ဝူယုဟွာထံ ပျံသန်းလိုက်သည်။
“ ညီအစ်ကိုလင်း ... ငါ့ကို ကယ်ခဲ့တဲ့ အဲဒီလူက ဘယ်သူလဲ ... သူ့ကို ငါသိသလိုပဲ။ ”
ရှန်းထျန်းနန်၏ ကျောပြင်ကိုသာ မြင်လိုက်ရသဖြင့် ဝူယုဟွာခမျာ မရှင်း-မရှင်း ဖြစ်နေခဲ့သည်။ လင်းယွန်က ပြုံးရုံသာ ပြုံး၏။
“ အဲဒီလူ ကြည့်ရတာ သန်မာပြီး နဂါးသတ်အဆင့်မှာ ရှိပုံရတယ်။ ”
သို့သော် နဂါးသတ် အဆင့်ရှိ တစ်စုံတစ်ယောက်သည် ဤအဆင့် နတ်ဆိုး သုံးယောက်ကို အလွယ်တကူ မသတ်နိုင်ချေ။
ကျိကျစ်ရှီက လက်ဖြင့် ကွယ်ကာ ပြုံးလေသည်။ ရှန်းထျန်းနန်သည် ဝူယုဟွာကို ကယ်တင်ရန်ထက် ဆက်နေရန်ပင် သတ္တိ မရှိချေ။
“ မင်းတို့ အတူတူ မသွားကြဘူးလား။ ”
လင်းယွန်က ရှင်းပြမနေတော့ဘဲ မေးလိုက်သည်။
“ ငါတို့အစတုန်းက အတူတူ သွားနေကြတာပဲ ဒါပေမယ့် ရတနာတွေက ခွဲဝေဖို့ မလောက်ငှတာနဲ့ သီးခြားရှာဖို့ ကြိုးစားလိုက်ကြတာ ... ။ ”
ဝူယုဟွာ ရှင်းပြနေစဉ် မိုးကုပ်စက်ဝိုင်း အစပ်မှ ဓားရောင်ဝါများ ပျံသန်းလာခဲ့သည်။
“ ခေါင်းဆောင် လာပြီ ... စောစောက ကယ်ဆယ်ရေး အချက်ပြမှုကို သုံးခဲ့တယ်။ ”
“ ဝှစ် ... ။ ”
များမကြာခင် လင်းကျန်းရှန့်က တပည့်ငယ်များ ဦးဆောင်လျက် မြေပြင်ပေါ် ဆင်းသက်လာ၏။ ထို့နောက် အခြေအနေကို မေးမြန်းလာတော့သည်။
“ သွေးအရိုးတံခါးက ... လူတွေနဲ့ ဆုံလိုက်ရတယ် ဒါပေမယ့် တစ်စုံတစ်ယောက် ကျွန်တော့်ကို ကူညီပေးခဲ့တယ် ... ကြည့်ရတာ ရှန်းထျန်းနန် ဖြစ်ပုံပဲ ... အရမ်းဝေးနေတော့ သေချာ မမြင်လိုက်ရဘူး။ ”
“ ရှန်းထျန်းနန်လား ... အဲဒီလူက မင်းကို ဘယ်အချိန်တည်းက ကူညီဖို့ စိတ်ကူး ရှိလာရ တာလဲ။ ”
လင်းကျန်းရှန့်က အံ့သြသွားပြီး လင်းယွန်တို့ထံ လှည့်ကြည့်လိုက်လေသည်။
“ ဘာများ အံ့ဩစရာ ရှိလို့လဲ ... ခေါင်းဆောင်ကို ကြောက်နေတာကြောင့် ကူညီပေးတာ နေမှာပေါ့။ ”
ချန်ကျွင့်က ပြုံးပြီး ဝင်ပြောသည်။ ယင်းကို ဝူယုဟွာနှင့် လင်းကျန်းရှန့်က မယုံချေ။ သူမက လင်းယွန်ထံ လှည့်ကာနှုတ်ဆက်သည်။
“ မင်းတို့နှစ်ယောက် အဆင်ပြေလား။ ”
“ မင်းရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ် ငါတို့ အဆင်ပြေတယ်။ ”
လင်းယွန်က ပြုံးကာ ပြန်ဖြေသည်။
“ မင်းသူတော်စင် သစ်သီး ဘယ်နှစ်လုံးရထားလဲ။ ”
သူတို့ စကားဝိုင်းကို ဘေးမှ နားထောင်နေသော ချန်ကျွင့်က လင်းယွန်ကို ဦးတည်မေးသည်။
“ ဟမ့် ... ငါတို့ စီနီယာ အစ်ကိုချန်က သူတော်စင်သစ်သီး ဆယ်လုံးနဲ့ နက်ပြာရောင် ကံကြမ္မာ သုံးလုံး ရထားတယ်။ ”
ရှလောက လင်းယွန် အဖြေကို မစောင့်ဘဲ ကြားဝင်ပြီး ကြွားဝါတော့၏။
“ ကိုယ့်ကိုကိုယ် အရှက် မခွဲမိစေနဲ့။ ”
လင်းကျန်းရှန့်က သူတို့နှစ်ယောက်ကို အေးစက်စွာ ငေါက်လိုက်သည်။ တစ်ဖက်လူ၌ ရွှေကံကြမ္မာကို သန့်စင်ထားကြောင်း သူမ ခံစားမိသည်။
“ တစ်စုံ တစ်ယောက်ကို အကဲဖြတ်ရင် ... ငါ့အမြင်က အမြဲမှန်တယ် ... မင်းရဲ့ အုတ်မြစ်က အားနည်းနေသေးပေမယ့် စိတ်ဝင်စားရင် ...
... ကောင်းကင်လွင်ပြင်က ထွက်တဲ့အခါ ငါတို့ ကောင်းကင်ဓားခန်းမကို မင်းဝင်နိုင်တယ် ငါထောက်ခံပေးမယ်။ ”
ထိုစကားကိုကြားသောအခါ ချန်ကျွင့်နှင့် ရှလော၏ မျက်နှာများ ပြောင်းလဲ သွားတော့၏။ လင်းကျန်းရှန့် အထောက်အထားဖြင့် မဖြစ်နိုင်စရာ အကြောင်း မရှိချေ၊
ထို့ကြောင့် သံသယဖြင့် ခေါင်းဆောင်၏ အထင်ကြီးမှုကို မည်သည့်အချက်က ရရှိသွား ခဲ့ကြောင်း စတင်စစ်ဆေးတော့၏။
“ မင်းက ငါ့ကို မြှောက်ပင့်နေပါပြီ။ ”
“ မဟုတ်ဘူး ... မင်းရဲ့ဓားက ငါ့ထက် မနိမ့်ကျဘူးဆိုတာ ငါသိတယ်။ ”
လင်းကျန်းရှန့်က သေချာပေါက် ပြော၏။
“ ဒါက အလျင်လို နေစရာ မလိုပါဘူး ... ငါစဉ်းစား လိုက်ပါတယ်။ ”
လင်းယွန်က ပြန်ဖြေ၏။ သူတို့နှစ်ဦးကြား တိုတောင်းသော အပြန်အလှန် စကားများက ချန်ကျွင့်တို့ကို စိတ်မချမ်းသာ စေချေ။
“ အစ်ကိုလင်း ... မင်းက တကယ်ပဲ နက်နက်နဲနဲ ဖုံးကွယ်ထားတာကိုး ... ငါ့ကို ကယ်ခဲ့တဲ့ လူက မင်းလား။ ”
ဝူယုဟွာက ဝမ်းသာအားရမေးသည်။
“ ဘာလို့ မှန်းဆ မကြည့်ရတာလဲ။ ”
“ အိုက်ရား ... ခေါင်းရှုပ်စရာပဲ။ ”
ဝူယုဟွာခမျာ မျက်နှာ ရှုံ့မဲ့သွားပြီး ခေါင်းရမ်းလိုက်တော့သည်။ ထို့နောက် သူတို့ အဖွဲ့သည် သွေးမြူစိမ့်တော အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဦးတည်လိုက်ကြ၏။
အလယ်ဗဟိုနှင့် နီးကပ်လာချိန်၌ အုပ်စိုးရှင်ကျောက်တိုင်မှ ထုတ်လွှတ်သော ရောင်ဝါကို ပိုမို ခံစားလာရသည်။
ဆယ်ရက်အကြာတွင် ရေကန်တစ်ခုသို့ ရောက်ရှိလာ၏။ ရေကန်ဟု ဆိုသော်ငြားလည်း မြစ်တစ်စင်းနှင့် မခြားချေ။
အုပ်စိုးရှင် ကျောက်တိုင်သည် ရေကန် တစ်ဖက် တောင်တန်းကြီး တစ်ခု အပေါ်တွင် တည်ရှိသည်။ ၎င်းကို ဝိုးတဝါး အဖြစ်သာ မြင်နိုင်၏။
“ ဒါက အုပ်စိုးရှင် ကျောက်တိုင်လား ... ကြည့်ရတာ သူတော်စင်တွေ အများကြီးကို ဆွဲဆောင်နိုင်မဲ့ ပုံပဲ။ ”
***