ဖီးနစ်၏ ကျက်သရေ။
Vol. 167 Ch. 2337
ဝမ်ကြွယ်ဆံပင်များ တဖျပ်ဖျပ်ခတ်ပြီး လေထဲပျံဝဲနေကာ နတ်ဘုရားတစ်ပါး ကဲ့သို့ ထင်မှားစေသည်။
“ သတ္တမအဆင့် သူတော်စင် သခင် … ။ ”
မုရှို့ဟန်က မျက်နှာ ဖြူဖျော့သွားပြီး ကြောက်ရွံ့မှု ပေါ်လာသည်။ သူတော်စင် သခင် နောက်ဆုံး အဆင့်သုံးဆင့်သည် စိန်ခေါ်မှု ပိုများချေ၏။
အောင်မြင်သော် ပြောင်းလဲသွားမည် ဖြစ်သည်။ သတ္တမအဆင့်သည် ဆဋ္ဌမအဆင့် သူတော်စင် သခင်ထက် အနည်းဆုံး ဆယ်ဆ ပိုအားကောင်း၏။
ဤသည်မှာ သူတော်စင်ရောင်ဝါနှင့် သူတော်စင်စွမ်းအင်၏ ကွာခြားချက်ကဲ့သို့ သိသာချေပြီ။
မုရှို့ဟန်သည် ဆဋ္ဌမအဆင့် အထွတ်အထိပ် ရောက်နေပြီ ဖြစ်သော်လည်း အရည်အချင်းရှိသူ များမှာ သေနိုင်ချေ ပိုများသဖြင့် မလှမ်းဝံ့ သေးချေ။
အသက်ကြီးသော မျိုးဆက်များစွာသည် ဆိုးရွားစွာ သေဆုံးသွားကြသည်ကို သူမြင်ဖူး၏။ ထို့ကြောင့် ဝမ်ကြွယ်၏ ကျင့်ကြံမှုကို မြင်သော အခါ မနာလိုစိတ် ဖြစ်လာသည်။
ဤသည်မှာ နတ်ဘုရား တပည့်တော်၏ အကျိုးပေတည်း။ နတ်ဘုရား၏ လမ်းညွှန်မှုဖြင့် မအောင်မြင်လျှင်ပင် အသက်အန္တရာယ် ရှိမည် မဟုတ်ချေ။
“ ငါ သိပြီ။ ”
လင်းယွန်က ၎င်းတို့၏ ခွန်အားအပေါ် ကြီးမားသော ခြားနားချက်ကို နားလည်ခဲ့သည်။ ထို့ကြောင့် မည်သည့် ဝှက်ဖဲ သုံးရမည်ကို ချိန်ဆနေမိ၏။
နိဗ္ဗာန်တာအို၊ အမည်ခံ တောက်ပသော ရောင်ခြည်တော်ဓား ရည်ရွယ်ချက်၊ အုပ်စိုးရှင် နက္ခတ်၊ ဓားဒိုမိန်း၊ နိဗ္ဗာန်ဓားနှင့် ပိုးစုန်းကြူး နတ်ဓားတို့ ရှိသည်။
“ သူဟာ သတ္တမအဆင့် သူတော်စင် သခင်မှန်း မသိခဲ့ဘူး အခုတော့ ပြီးသွားပါပြီ … ။ ”
ရှန်းထျန်းနန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။ လင်းကျန်းရှန်က ဖျော့တော့သော အသားအရေဖြင့် ထရပ်လာကာ တစ်ဖက်လူထံ ပြန်မော့ကြည့်သည်။
“ မင်းတို့နှစ်ယောက်နဲ့ နောက်မှ ဖြေရှင်းမယ်။ ”
ဝမ်ကြွယ်က အထင်သေးစွာဖြင့် အကြည့် လွှဲလိုက်သည်။ လင်းယွန် အသက်ယူရန် အလျင် မလိုခဲ့ချေ။
“ မင်းကို မသတ်ဖို့ အကြောင်းပြချက် ပေးပါဦး။ ”
“ အဟက် ... မင်း အခု ထွက်သွားရင် ငါမမြင်သလို နေပေးလိုက်မယ် ... မဟုတ်လို့ ငါ ဓားဆွဲပြီးရင် မင်းအတွက် အချိန်မရှိတော့မှာ ကြောက်မိတယ်။ ”
လင်းယွန်ကလည်း လုံးဝ မလျော့ချေ။ ဤလူသည် နတ်ဘုရား အစောင့်များ ကဲ့သို့ မဟုတ်ဘဲ ၎င်းခန္ဓာကိုယ်တွင် နတ်ဘုရား အကာအကွယ် တစ်ခု ရှိနိုင်သည်။
ထို့ကြောင့် သတ်ရန် မသေချာသဖြင့် ထွက်သွားရန် ပြောကြားလိုက်ခြင်း ဖြစ်သည်။ သို့သော် လူအများ၏ အမြင်တွင် မောက်မာ လွန်းသော စကားဖြစ်နေ၏။
“ ဟေး အစ်ကိုလင်း ... မင်း တတ်နိုင်ရင် ထွက်သွားသင့်တယ်။ ”
ရှန်းထျန်းနန်က အော်ဟစ် သတိပေး လိုက်သည်။ တစ်ဖက်တွင် ကောင်းကင်ဓား ခန်းမရှိ လူတိုင်းက လင်းကျန်းရှန့်ထံ ထိတ်လန့်စွာ ကြည့်လာကြ၏။
“ နတ်ဘုရား တပည့်ရဲ့ ခွန်အားကို မင်း မသိသေးဘူး ထင်တယ်။ ”
ဝမ်ကြွယ်က တည်ငြိမ်စွာ ပြုံးရယ်ကာ လင်းယွန်ရှေ့သို့ ထပ်မံ ရွေ့လျားသွား ပြီးနောက် လက်ဖဝါးဖြင့် ဖိချလိုက်၏။
လင်းယွန်က နတ်အလင်းဓား၏ ရည်ရွယ်ချက်ကို အပြည့်အ၀ ကျွမ်းကျင်စွာ ထုတ်လွှတ်သည်။
ရွှေဓားရောင်ဝါများ တောက်လောင်လျက် သူ့ရင်ဘတ်မှ နဂါးဟောက်သံများ ဆူညံလာပြီး ဖိအားများ ချက်ချင်း သက်သာသွား၏။
“ ရွှပ် ... ။ ”
ထို့နောက် ဓားတစ်ချက်တည်းဖြင့် ဝမ်ကြွယ်၏ လက်ဖဝါးစွမ်းအားကို နှစ်ပိုင်းခွဲပစ် လိုက်သည်။
“ ဓားဒိုမိန်း ... ။ ”
ဝမ်ကြွယ်က ငွေရောင်ကမ္ဘာအတွင်း လှမ်းဝင်လျက်မှ ရေရွတ်လိုက်၏။ များမကြာခင် ဓားဒိုမိန်းအတွင်း သားရဲကြီး တစ်ကောင်ကဲ့သို့ လှည့်ပတ် တိုက်ခိုက်တော့သည်။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
ဆယ်ကြိမ် လှုပ်ရှားပြီးနောက် ဓားကို ပုတ်ထုတ်ထုတ်ကာ လင်းယွန် ရင်ဘတ်အပေါ် လက်ဖဝါးတစ်ချက် ပေးလိုက်နိုင်သည်။
သူတော်စင် စွမ်းအင်များက လင်းယွန်ကို လွင့်စဉ် သွားစေ၏။ လူအုပ်ကြီးမှာ သေပြီဟု စိတ်ထဲမှ အော်ဟစ် လိုက်ကြသည်။
“ မဟုတ်ဘူး … ။ ”
ကျိကျစ်ရှီက ဝမ်ကြွယ်ထံ ပြေးဝင် တိုက်ခိုက်လိုက်သည်။ သို့သော် လင်းကျန်းရှန့်မှ လက်ဖမ်းဆွဲထား၏။
“ နတ်အလင်းဓား ရည်ရွယ်ချက် ဖြစ်ဖြစ် ... မိုးပြာနဂါး နတ်ခန္ဓာ ဖြစ်ဖြစ် နတ်တပည့်ရှေ့မှာ အသုံးမဝင်ဘူး။ ”
ဝမ်ကြွယ်က လှောင်ပြုံးဖြင့် လင်းယွန်ကို ကြည့်ကာပြောကြားလိုက်သည်။ တိုက်ပွဲအပေါ် အဆုံးသတ်လိုသော ဆန္ဒများ ပေါ်လာ၏။
“ ငါ မသေသေးဘူး၊ မင်းက ဘာလို့ အနိုင်ရသူ တစ်ယောက်လို ပြောနေရတာလဲ။ ”
လင်းယွန်က ဒူးတစ်ဖက်ထောက်လျက် အနေအထားဖြင့် ပြုံးကာ တုန့်ပြန်လိုက်သည်။ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင်လာ၏။
ကောင်းကင် လွင်ပြင်သို့ လာခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်း သိလာ ခဲ့သည်။
အရေးအကြီးဆုံးမှာ ဆုစီယာကို ကျေးဇူးတင်သင့်၏။ အသူရာ အင်္ကျီကြောင့်သာ မဟုတ်က ဤလက်ဖဝါးကြောင့် ထွက်ပြေး မိပေမည်။
“ ဟမ့် ... ။ ”
ဝမ်ကြွယ်က အံ့သြသွားသည်။ နောက်ဆုံးတွင် သူ့လက်ဖဝါးသည် ပဉ္စမအဆင့် သူတော်စင် သခင်မှ ခံနိုင်ရည်ရှိသော အရာမျိုး မဟုတ်ချေ။
သို့သော် တစ်ဖက်လူသည် မည်သည့် ဒဏ်ရာမျှ မရရှိခဲ့ဘဲ တိုက်ပွဲဝင် ဆန္ဒများပင် ပြည့်နှက်နေသည်။
“ ဒဏ်ရာ မရဘူးလား။ ”
“ ဒီကောင် ဘာလဲ လူလား ... ဘီလူးလား ... ။ ”
ရပ်ကြည့်နေသည့် လူအုပ်မှာ ချက်ချင်း စိတ်လှုပ်ရှားလာ၏။ သူတို့အတွက် နတ်တပည့် ဟူသည် နတ်ဘုရားပေပင်။ သို့သော် ယနေ့တွင် ထိုကဲ့သို့သော တစ်စုံတစ်ယောက်သည် ဓားသမားကိုပင် မကိုင်တွယ်နိုင်ချေ။
ဝမ်ကြွယ်က မျက်မှောင်ကြုတ်ပြီး၊
“ မင်း လွင့်ပစ်တဲ့ ရွှေရောင်သစ်သီးတွေက အစစ် မဟုတ်ဘူး ဆိုတာ ငါသိတယ် ... မင်းအခု ရှုံးနိမ့်တာကို ဝန်ခံပြီး ... ရွှေရောင်သစ်သီးတွေ ပေးရင် ... အသက် ချမ်းသာပေးနိုင်တယ်။ ”
“ ငါ့ဓားက သဘောမတူဘူး။ ”
လင်းယွန်က ပန်းသင်္ချိုင်းကို ပြန်ခေါ်ကာ ထရပ်လိုက်သည်။
“ ငါ့သွေး မကုန်မချင်း ... ဟား ဟား ဟား ... ။ ”
လင်းယွန်က ရယ်မောလျက် ကနဦးဓား ထုတ်ဖော်လိုက်သည်။ မှုန်ဝါးဝါး အလင်းတန်း တစ်ခုကိုသာ ဝမ်ကြွယ် မြင်လိုက်ရ၏။
များမကြာခင် လင်းယွန်၏ ဓားရေးကို မှန်းဆမရ ဖြစ်လာသဖြင့် ဝမ်ကြွယ်ခမျာ အံ့ဩ လာခဲ့သည်။
“ ဝှစ် ... ။ ”
အကြိမ် သုံးဆယ် ပြည့်ပြီးနောက် ဝမ်ကြွယ်တစ်ယောက် လွင့်စဉ်သွားလေသည်။ သို့သော် လွင့်စဉ်နေလျက်မှ လင်းယွန်ထံ သူ့လက်ဖဝါးကို တွန်းထုတ်ခဲ့သည်။
လင်းယွန်သည်လည်း လွင့်စဉ်သွား၏။ ဤတစ်ကြိမ်တွင် ဝမ်ကြွယ်ခမျာ သွေးများနှင့် ဖုံးလွှမ်းလာတော့သည်။ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းမျိုး ပေပင်။
“ မင်း အရမ်း လွန်နေပြီ။ ”
ဒေါသထွက်လာပြီး သူ့နောက်၌ ပန်းသုံးပွင့် ပေါ်လာကာ အကြည့်များ ပြောင်းသွားတော့၏။ အုပ်စိုးရှင် တာအို သုံးပါး ပေပင်။
၎င်းတို့မှာ မရဏတာအို၊ ဘဝတာအိုနှင့် ဝါးမြိုခြင်းတာအိုတို့ ဖြစ်သည်။ သည့်တင်မက ပံ့ပိုးမှု တာအို ငါးသောင်းအထိလည်း ပါရှိ၏။
ထိတ်လန့်စရာ ကောင်းသော မြင်ကွင်း တစ်ရပ်ဖြစ်ပြီး လူတိုင်း ဦးရေပြားများ ထုံကျင် သွားလေသည်။
ရှန်ထျန်းနန်နှင့် လင်းကျန်းရှန့်ပင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာ၏။ ကောင်းကင် ဓားခန်းမ၏ တပည့်များ အတွက်မူ ဒူးတုန်နေခဲ့သည်။
“ သုံးဆယ် မဟုတ်ဘူး … ဆယ့်ငါးမိနစ် သူ့ကို ဆယ့်ငါးမိနစ်လောက် ထိန်းထားပေး... ငါ သူ့ကို အနိုင်ယူ နိုင်တယ်။ ”
လင်းယွန်က အသက် ပြင်းပြင်းရှူလျက် ရှန်ထျန်းနန်နှင့် လင်းကျန်းရှန့်ထံ လှည့်ပြော လိုက်သည်။
ရှန်းထျန်းနန် တစ်ယောက် တုံ့ဆိုင်းနေ သော်လည်း သူ့ဘေးရှိ လင်းကျန်းရှန့်ထံမှ ဓား အလင်း ပြေးထွက်သွားသည်။
“ လူမိုက် ... ။ ”
ရှန်ထျန်းနန်က လင်းကျန်းရှန့်ထံ လှည့်ကြည့်ကာ မှတ်ချက်ပေးလိုက်တော့၏။ သည့်နောက် အံကြိတ်လျက်၊
“ ဒါဆို ... မင်းက နတ်ဘုရားရဲ့ တပည့် ဖြစ်နေရင်ရော ဘာဖြစ်လဲ ... ငါက နတ်ဘုရား သင်္ချိုင်းကိုတောင် တူးမဲ့လူပါ။ ”
-ဟု ရေရွတ်လိုက်တော့သည်။
လင်းကျန်းရှန့်၏ ဓားအလင်းသည် ကောင်းကင်ပေါ် ထိုးတက်သွားပြီး ဝမ်ကြွယ်ကို ဟန့်တားတော့၏။
“ ကောင်းကင်ဘုံ နတ်ဓား ... ။ ”
ဤဓားရောင်ခြည်ကို မြင်သောအခါ လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားသည်။ ကောင်းကင်ဓားခန်းမ၏ နာမည်ကြီး ကောင်းကင်ဘုံနတ်ဓား ဖြစ်သည်။
“ ထ စမ်း ... ။ ”
ရှန်းထျန်းနန်က အော်ငေါက်လျက် ခေါင်းတလား ဆယ်လုံကို ထရပ်စေလိုက်သည်။ ခေါင်းတလားများက သက်ရှိများလား မြေပြင်မှ ကြွတက်လာ၏။
“ ဒုန်း ... ဒုန်း ... ဒုန်း ... ။ ”
ခေါင်းတလားတိုင်းတွင် ရူရ်များ ပါရှိပြီး အဖုံးပွင့်လာသော အခါ၌ အလောင်းကောင် (၁၀)ကောင် ထွက်ပေါ်လာ၏။
ဆဋ္ဌမအဆင့် သူတော်စင် သခင်များ ဖြစ်ကြသည်။ အရေးအကြီးဆုံးမှာ အလောင်း ဘုရင်များ ဖြစ်၏။
အလောင်း ဘုရင် ဆယ်ပါးသည် မျက်လုံးဖွင့်လျက် ဝမ်ကျွယ်ထံ တိုက်ခိုက်ရန် ဝင်ရောက်သွားသည်။ ဤသည်မှာ လူတိုင်းကို မှင်တတ်သွားစေသည့် တိုက်ပွဲဝင် ပုံစံပေပင်။
ဝမ်ကြွယ်က မျက်မှောင်ကြုတ်ပြီး စိတ်မရှည်စွာ ကြည့်သည်။ အလောင်းဘုရင်များ သို့မဟုတ် ကောင်းကင်ဘုံ နတ်ဓား မည်သို့ပင် ရှိစေကာမူ အချိန်ပေး ဖြေရှင်းရပေမည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်မှ ဝိညာဉ် စွမ်းအင်များကို စုပ်ယူနေသည့် ရွှေအလင်းတိုင် တစ်ခုက လင်းယွန်အပေါ် ဖုံးအုပ်လာသည်။
“ ဆဋ္ဌမအဆင့်ကို တက်ဖို့ ကြိုးစားနေတာလား။ ”
လင်းယွန် လုပ်ရပ်အပေါ် ဝမ်ကြွယ်က သတိထားမိသွား၏။ ဤဓားသမားသည် ပဉ္စမ အဆင့် ဖြင့်ပင် အားကောင်းနေပြီ ဖြစ်သည်။
ဆဋ္ဌမအဆင့်သို့ ရောက်သောအခါ ခက်ခဲသွားမည်မှာ သေချာ၏။
“ တစ္ဆေဇီးကွက် ... လျှပ်စီးမြွေဟောက် ... ။ ”
ကျန်ရှိနေသော နတ်အစောင့် နှစ်ယောက်ထံ အချက်ပြ လိုက်သည်။
“ ငါ့ကို အရင် ဖြတ်ကျော်ပါ။ ”
ကျိကျစ်ရှီက ၎င်းတို့ရှေ့၌ ဝင်ရပ်သည်။ တစ်ချိန်တည်းမှာပင် စိတ်မရှည်တော့ ဟန်ဖြင့် သူမ၏ ကြက်သွေးရောင် အပေါ်၀တ်ရုံကို ဆုတ်ဖြဲပစ်လိုက်သည်။
အမှောင်ထု အတွင်း လမင်းတစ်စင်း ချက်ချင်းလင်းလာ၏။ မက်မောဖွယ် ကောင်းပြီး လှပေသော ကောက်ကြောင်းမျိုး ပေပင်။
“ ကျီး ... ။ ”
ဖီးနစ် တစ်ကောင်၏ အော်မြည်သံ ယောင်ဝါးဝါးပင် ကြားလာရသည်။ လူတိုင်းက ထိုအသံကို ဂရုမစိုက်နိုင်ခဲ့ဘဲ သူမခန္ဓာကိုယ်ထံ သတိလက်လွတ် ငေးမောနေတော့၏။
***