ရွှမ်ကျိတောင်
Vol. 011 Ch. 1083
လီယောင်နှင့် သူ့လူများသည် တောင်ပေါ်သို့ မည်သို့မှ လှုပ်ရှား တိုက်ခိုက်လာခြင်း မရှိပေ။ သူက ရှားရှင်းယွန်အား ကြည့်ကာ ပြောသည် … “ရှားရှင်းယွန် … တာလီပြည်ထောင်နဲ့ အင်ပါယာရှားဘုံတို့က အိမ်နီးချင်းတွေပဲ။ ငါတို့က ဘာလို့ အချင်းချင်း တိုက်ခိုက်နေရမှာလဲ။ တကယ်လို့ မင်းသာ ငါနဲ့ လက်တွဲလိုခဲ့ရင် မဟာလမ်းစဉ်ရဲ့ အထောက်အပံ့တွေကို သိပ်အားစိုက်ဖို့မလိုဘဲ ရယူနိုင်တာပဲ”
ရှားရှင်းယွန် မျက်မှောင်ကြုတ် လိုက်သည်။ သူမက လီယောင်၏ ရန်စစော်ကားမှုများကို အလေးမထားပေ။ စကားအားဖြင့် ဆိုရာတွင် မိန်းမမျာကား အမြဲတမ်း တပန်း ရှုံးနိမ့်နေပေသည်။ ရီဖူရှင်းနှင့် သိမ်းငှက်နက်တို့ ဒီမွန်းမြို့သို့သွားကာ ခွန်ရွှမ်အား ရန်စစော်ကားခဲ့စဉ်က အကောင်းဆုံး သက်သေဖြစ်သည်။
“ပတ်ဝန်းကျင်မှာ ရှန့်ထိုတွေရဲ့ လှုပ်ရှားမှုတွေ ရှိလား …” ရှားရှင်းယွန်က ဗိုလ်ချုပ်ထန်ကို စိတ်ဖြင့် မေးသည်။
“ဒီနေရာသို့ ရှန့်ထိုအများအပြား ရောက်လာ နေကြတယ်” ဗိုလ်ချုပ်ထန်က ရှားရှင်းယွန်ဘေးတွင် စောင့်ကြပ်ရင်း ပြောသည်။ မည်သို့ဖြစ်ပါစေ သူတို့က ရှားရှင်းယွန်၏ ဘေးကင်းမှုကို ဦးစားပေး ရပေမည်။
“ရှားရှင်းယွန် … မင်းက အနာဂတ်မှာ ဧကရီ ဖြစ်ချင်တယ်ဆိုရင် မင်းက အင်ပါယာလီဘုံမှာ နေစရာတောင် မလိုဘူး။ ကျုပ်က အတတ်နိုင်ဆုံး မင်းကို ထောက်ပံ့ပေးမှာပဲ” လီယောင်က ပြောသည်။
သူက ရှားရှင်းယွန်အား ရန်စသည့်ပုံမှာ ခွန်ရွှမ်အား ရီဖူရှင်းက ရန်စ စော်ကားသည့်ပုံစံနှင့် အတူတူဖြစ်သည်။
ထိုသို့သော အခြေအနေ ဖြစ်သည်မှာ အတန်ကြာလာခဲ့သည်။ ရှန့်ထိုများက ဆက်လက်၍ ရောက်လာကြသော်လည်း သူတို့က တားမြစ်နယ်မြေကို မကျော်ဖြတ်ကြပေ။ လီယောင်လည်း ထိုနည်းတူဖြစ်သည်။
ထိုအဖြစ်က ရှားရှင်းယွန်အား အတွေးနက်စေသည်။ လီယောင်က ဘာလုပ်ဖို့ ကြိုးစားနေသနည်း။
သူက သူမအား တစ်ခုခု ကြံစည်လိုသည့် သဘောမရှိပေ။ လီယောင်က သူမအား တစ်စုံတစ်ခု မကြံစည်ရဲပေ။
“သူတို့က အချိန်ဆွဲနေတာ …” ရှားရှင်းယွန်က တစ်စုံတစ်ခုကို သိလိုက်ကာ အမိန့်ပေးသည် … “တောင်အနီး တစ်ဝိုက်က တန်ခိုးရှင်တွေ … မိုင်တစ်ရာရဲ့ အပြင်ဘက်သို့ နောက်ဆုတ်ကြပါ။ တကယ်လို့ အမိန့်ကို ဆန့်ကျင်ရင် ဘယ်သူ့ကိုမဆို သတ်မယ်”
သူမ၏အသံက အလွန်တရာ အေးစက်နေသည်။ လီယောင်၏ မျက်လုံးများက ရှားရှင်းယွန်ကို ကြည့်ကာ ပြောသည် … “ရှားရှင်းယွန် .. နတ္ထိဘုံကို အင်ပါယာရှားဘုံက အုပ်ချုပ်တယ် ဆိုပေမဲ့ ဒီမှာ တခြားဘုံက လူတွေ ရှိသေးတာကိုလည်း သတိရပါ”
“လှုပ်ရှားကြစမ်း …” ရှားရှင်းယွန်က လီယောင်အား အရေးမစိုက်ဘဲ အမိန့်ပေးသည်။ လီယောင်က သူမအား လာရောက် စောင့်ကြည့်ခြင်းသာ ဖြစ်ကြောင်း သိလိုက်သည်။
“သိပါပြီ …” တန်ခိုးရှင်များက ခေါင်းညိတ်ကြကာ ချက်ချင်းပင် သူတို့ထံမှ ပြင်းထန်သော အရှိန်အဝါများ ဖြစ်ပေါ်လာသည်။ လီယောင်က ပြောသည် … “မင်းသမီးက ဒီလောက် တင်းမာနေမှတော့ ကျုပ်က ပြန်လိုက်ပါဦးမယ်”
သူက ထိုသို့ ပြောပြီးသည်နှင့် နောက်လှည့်ကာ ထွက်ခွာသွားသည်။ တခြားသော ရှန့်ထိုများကလည်း နောက်ဆုတ် သွားကြ၏။
ထိုလူများမှာ အင်ပါယာလီဘုံမှ မဟုတ်ကြပေ။ အင်ပါယာလီဘုံမှ မင်းသားက သူတို့အား အခကြေးငွေပေးကာ သည်နေရာသို့ လမ်းလျှောက် ခိုင်းထားခြင်းသာ ဖြစ်သည်။ သူတို့အနေဖြင့် တိုက်ခိုက်စရာ မလိုပေ။
လီယောင်သည် စက္ကန့်ပိုင်းအတွင်း ပျံသန်း ပျောက်ကွယ် သွားသည်။ သူကား ကျူးကျော်သူနှင့်လည်း မတူပေ။
“ရီဖူရှင်းကို မြန်မြန် လိုက်ရှာကြ” ရှားရှင်းယွန်က ပြောသည်။ လီယောင် ဘာလုပ်လိုသည်ကို သူမသိလိုက်သည်။
သို့သော်လည်း တစ်ဘက်တွင် ရီဖူရှင်းအား ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များ အဖော် လုပ်ပေးနေကြသလို သူမ၏ ကိုယ်ရံတော်များလည်း ရှိသေးသည်။ အင်ပါယာလီဘုံက သူ့အား အလိုရှိသည်ဆိုလျှင်ပင် လွယ်ကူမည်တော့ မဟုတ်ပေ။
လူတစ်စုက မြန်ဆန်စွာ ပျံသန်း သွားနေခဲ့သည်။
ရွှမ်ကျိတောင်တွင် စွမ်းအားမြင့် အရောင်အဝါများ ပြည့်နှက်နေခဲ့သည်။ ရီဖူရှင်းနှင့် သူ့လူများသည် သူတို့အား မရေမတွက်နိုင်သော မျက်လုံများဖြင့် စောင့်ကြည့် ခံနေရသည်ဟု ခံစားကြရ၏။
ရွှမ်ကျိတောင်တွင် လူတစ်စု ပေါ်လာသည်။ သူတို့က ကောင်းကင်ထက်မှ ပြောကြသည် … “မင်းသမီး တိုက်ခိုက် ခံနေရတယ်။ လီယောင်နဲ့ သူ့လူတွေက တော်ဝင်တောင်ကို ဝိုင်းရံထားလို့ စစ်ကူတွေ လိုအပ်နေတယ်”
လူအများအပြားက ကောင်းကင်ကို လှမ်းကြည့် လိုက်ကြလျှင် ပြောလိုက်သူမှာ ရှောင်ရှမ်း ဖြစ်သည်ကို တွေ့လိုက်ကြရ၏။
ရီဖူရှင်း၏နောက်မှ တန်ခိုးရှင်များ သည်လည်း အံ့အားသင့်ကြ၏။
ထိုစဉ်မှာပင် ရွှမ်ကျိတောင်အနှံ့၌ လူရိပ်များ ပေါ်လာကြကာ ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါများ ဖြစ်ပေါ်လာသည်။
“မင်းတို့အားလုံး သွားလို့ရတယ်။ ဒါပေမဲ့ ရီဖူရှင်းနဲ့ ယူချင်းတို့တော့ ကျန်ခဲ့ရမယ်” ရင့်သီးသော အသံတစ်သံအား ကြားကြရ၏။
“ကောင်းခေါင် …” အေးစက်သော အသံတစ်သံကို ကြားကြရသည်။ ပြင်းထန်သော မိစ္ဆာအငွေ့အသက်များသည် ထိုနေရာတစ်ခုလုံးအား ဖုံးလွှမ်းလာခဲ့၏။ သူကား တာလီပြည်ထောင်မှ နာမည်ကျော်မိစ္ဆာ ပညာရပ်လေ့ကျင့်သူ ဖြစ်သည်။
အလံလုပွဲ၌ သေဆုံးခဲ့သော ကောင်းယွင်သည် သူ၏မျိုးဆက်ဖြစ်ပေသည်။
အင်ပါယာရှားဘုံမှ တန်ခိုးရှင်များသည် မျက်နှာပျက် သွားကြ၏။ ကောင်းခေါင်အပြင် တခြားသော မိစ္ဆာပညာရှင်များနှင့် တာလီဓားတောင်ကုန်းမှ ဓားသမားများကို သူတို့တွေ့မြင်ကြသည်။ သူတို့အနေဖြင့် ရီဖူရှင်းတို့အား ခေါ်ကာ သည်လူများ၏ လက်ထဲမှ အချိန်တိုအတွင်း ဖောက်ထွက်ရန် မလွယ်ကူပေ။
“မင်းတို့ ဘာကိုစောင့်နေကြတာလဲ။ မင်းသမီးသာ တစ်ခုခုဖြစ်သွားရင် မင်းတို့ တာဝန်ခံမလား” ရှောင်ရှမ်းက လေထဲမှ အော်ဟစ်သည် … “ရီဖူရှင်းဘေးက လူတွေကတော့ သူ့ကို ခေါ်ပြီးတော့ အင်ပါယာရှားမြို့သို့ ပြန်ပါ”
အစောင့်များမှာ မည်သို့လုပ်ရမည် မသိကြပေ။
သူတို့သာ ထွက်သွားပါက ရန်သူများက ရီဖူရှင်းကို သတ်ဖြတ် ကြပေလိမ့်မည်။
သို့သော် သူတို့သာ ကျန်နေခဲ့ပါက ရှောင်ရှမ်း၏ အဆင့်အတန်းကို စဉ်းစားရန် လိုပေသည်။ သူ၏စကားကို သံသယဖြစ်စရာ မလိုပေ။ အင်ပါယာလီဘုံက မင်းသမီးကို ကြံစည်ရဲမည်ဟု သူတို့က မယုံကြည်သော်လည်း မည်သူမှ လောင်းကြေး မထပ်လိုကြပေ။
“ကျုပ်တို့ ပြန်သွားမယ် … ပြည်နယ်ကိုးခုကလူတွေ ကျန်နေရစ်ပါ” သူတို့က ဆုံးဖြတ်ချက်ချကာ လေထဲသို့ ပျံသန်း ထွက်ခွာကြသည်။
ရှောင်ရှမ်းက ကုန်းစွန်းရွှမ်နှင့် ကုန်းစွန်းနီတို့အား ကြည့်ကာ ပြောသည် … “တိမ်တိုက် တောင်ကြားကလူတွေ ကျုပ်နဲ့လိုက်ခဲ့ပါ”
“ကောင်းပြီ …” ကုန်းစွန်းနီက ခေါင်းညိတ်သည်။ ရန်သူများ လိုသည်မှာ ရီဖူရှင်းနှင့် ယူချင်းတို့ဖြစ်ရာ သူမတို့က ကျန်နေရစ်စရာ အကြောင်းမရှိပေ။ ထို့အပြင် အနားဂတ်တွင် ရှောင်ရှမ်းသည် သူမ၏ခင်ပွန်း ဖြစ်လာနိုင်ပေသည်။
“မမ …” ကုန်းစွန်းရွှမ်က ခေါ်သည်။ ရီဖူရှင်တို့ အင်အား နည်းနေသည်ကို သူမသိသည်။ သူမတို့တွင်လည်း ရှန့်ထိုများပါလာကာ ရီဖူရှင်းအား ကူညီ နိုင်လောက်ပေသည်။
“သွားမယ် …” ကုန်းစွန်းနီက ကုန်းစွန်းရွှမ်၏ အတွေးများအား ဂရုမစိုက်ပေ။ သူမတို့က ကျန်နေရစ်ခြင်းက အန္တရာယ် များပေသည်။
ကုန်းစွန်းရွှမ်သည်လည်း မည်သို့မှ မတတ်နိုင်ဘဲ ရီဖူရှင်းတို့ဘက်သို့ လှည့်ကာ ပြောသည် … “သတိထားကြပါ”
ထို့နောက် သူမတို့က ရှောင်ရှမ်းတို့နှင့်အတူ မြန်ဆန်စွာ ထွက်ခွာ သွားခဲ့ကြတော့သည်။
မြေရိုင်းပြည်နယ်မှ ရှန့်ထိုများ၊ မှန်နန်းတော်သခင်မ၊ ရှန့်ထိုရှားနှင့် လစန္ဒာရှန့်ထိုတို့ ကဲ့သို့သော ရီဖူရှင်းနှင့် ရင်းနှီးသူများသာ ကျန်ရစ်ပေသည်။
ရှန့်ထိုရှားသည်လည်း မင်းသမီး၏ ဘေးကင်းမှုကို စိတ်ပူသော်လည်း သူ့အမြင်တွင် သည်နေရာသည်သာ ပိုမို၍ အခြေအနေ ဆိုးနေပေသည်။
“မသက်ဆိုင်တဲ့သူတွေက ထွက်သွားကြပါ” အသံတစ်သံအား ကြားကြရသည်။ ရွှမ်ကျိတောင် တစ်ခုလုံးအား ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ဖုံးအုပ်လာခဲ့သည်။ ကောင်းခေါင်က ရီဖူရှင်းအား သတ်ဖြတ်ရန် လက်ခံခဲ့ခြင်းမှာ လီယောင်က မင်းသားဖြစ်နေ၍ မဟုတ်ပေ။ အိမ်ရှေ့မင်းသားကပင် အင်ပါယာလီဘုံ၏ မိစ္ဆာကလန် ခေါင်းဆောင်အား အမိန့်ပေးပိုင်ခွင့် မရှိပေ။ သူက ရီဖူရှင်းနှင် ယူချင်းတို့အား သတ်ဖြတ်လိုခြင်းကြောင့် သက်သက် လာရောက်ခဲ့ခြင်းဖြစ်သည်။
ရွှမ်ကျိတောင်မှ တန်ခိုးရှင်များ အားလုံးက ထွက်ခွာကြသည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုများကို အလေးမထားသော အလွန်တရာ စွမ်းအားမြင့်သော ရှန်ထို လက်တစ်ဆုပ်စာမျှသာ တောင်ပေါ်တွင် ကျန်ရစ်ခဲ့ပေသည်။ တခြား ကျန်ရစ်သူများမှာ ရီဖူရှင်းတို့အဖွဲ့ဖြစ်သည်။
ကောင်းကင်တွင် ရှေးဟောင်းမိစ္ဆာတစ်ပါး ပေါ်လာကာ တောင်ပေါ်သို့ လက်ဝါးတစ်ချက် ကျဆင်းလာခဲ့သည်။ ဧရာမတောင်ကြီး တစ်လုံးသည် မြန်ဆန်စွာပင် ပြိုလဲသွားခဲ့၏။ အက်ကွဲကြောင်းများသည် ရပ်တန့်သွားခြင်း မရှိဘဲ ရီဖူရှင်းတို့ထံသို့ ဦးတည်လာခဲ့သည်။
ရာရာက ကောင်းကင်ကို ကြည့်လိုက်ကာ သူမထံမှ ကြောက်မက်ဖွယ် ကောင်းသော ဓားအသိများ ဖြစ်ပေါ်လာသည်။ ဧရာမဓားဝင်္ကပါကြီးတစ်ခု ဖြစ်ပေါ်လာကာ လူအားလုံးကို ဖုံးကွယ်လျက် မိစ္ဆာလက်ဝါးအား ခုခံသည်။
ဘုန်း …
ကျယ်လောင်သော အသံနှင့်အတူ လက်ဝါးကြီးသည် ပြိုပျက်သွားခဲ့ပြီး ရာရာထံမှ ညည်းသံ တစ်ချက်အား ကြားရ၏။
“သူ့ကို ခေါ်သွား …” ရာရာက ကျေးရွာ ခေါင်းဆောင်ကို အမိန့်ပေးသည်။
“ဒါပေမဲ့ …သခင်မလေး …” ကျေးရွာခေါင်းဆောင်၏ မျက်နှာက ပြာနှမ်းသွားသည်။ ကောင်းခေါင်ကား ပြန်လည် မွေးဖွားခြင်းအဆင့် ဖြစ်သည်။
သခင်မက သူမ၏စွမ်းအား အမြင့်ဆုံး အခြေအနေ၌ဆိုပါက သူ့အား အနိုင်ရပေမည်။ သို့သော်လည်း သူမကား ထိုအဆင့်သို့ ရောက်ရန် များစွာ လိုပေသေးသည်။
ဘုန်း … ကျယ်လောင်သေ ခြေလှမ်းသံအား ကြားကြရသည်။ ကြည့်ရသည်မှာ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာက တောင်ပေါသို့ ဆင်းသက်လာဟန် ရသည်။
“မြန်မြန်သွား … ငါ ကြာကြား မတားနိုင်ဘူး” ရာရာက ပြောသည်။ အဆုံးအစမဲ့သော ဓားအသိများ သူမကို စီးဆင်းလာခဲ့သည်။ သူမအား ဗဟိုပြုလျက် အဆုံးအစမဲ့သော ဓားအသိများသည် ဝင်္ကပါတစ်ခုအဖြစ် စုဖွဲ့လာခဲ့ကြ၏။ ထိုအခိုက်တွင် ရာရာသည် ဓားတစ်လက်အဖြစ် လုံးဝ ပြောင်းလဲသွားဟန် ရသည်။
အဝေးမှလည်း ကြောက်မက်ဖွယ် ကောင်းသော ဓားအသိလှိုင်းသည် သူမထံသို့ ရိုက်ခတ်လာခဲ့သည်။ ထိုနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားဝင်္ကပါတစ်ခု ဖြစ်ပေါ်လာဟန် ရှိသည်။
“မရဏဓားနတ်မယ် …” ကောင်းခေါင်က နာမည်တစ်ခုကို ခေါ်ကာ ရှေ့သို့ တက်လာခဲ့သည်။
“သွားမယ် …” ကျေးရွာခေါင်းဆောင်က ရီဖူရှင်းတို့အား ခေါ်ကာ ရွှမ်ကျိတောင် အပြင်ဘက်သို့ ဦးတည်လိုက်သည်။ တခြားလူများကလည်း နောက်ဆုတ်ကြ၏။
တစ်ဖက်တွင် ရန်သူများ၏ ပစ်မှတ်က ရီဖူရှင်းဖြစ်ရာ သူ့အား မည်သို့ လွတ်မြောက်ခွင့် ပေးမည်နည်း။
လီယောင်က ရှားရှင်းယွန်ထံသို့ သွားရာတွင် လူသိပ်မခေါ်သွားခဲ့ပေ။ သူမသည် သူ၏ပစ်မှတ် မဟုတ်ပေ။ အင်အားစုများ အားလုံးမှာ သည်နေရာသို့ လာရောက်ခဲ့ကြခြင်း ဖြစ်ပေသည်။
***