မဟာလေဟာနယ်၏ မိစ္ဆာကျတ်ကုန်း
Vol. 96 Ch. 1250
ပိုင်ယွီကျင့်မှာ ပြေးလာနေသော စိတ်နှလုံးမိစ္ဆာများအား ကြည့်ရင်း ထိတ်လန့်လာမိသည်။ သူမက အလောတကြီး ပြောသည်။ “မဟာလေဟာနယ်ထဲမှာ ကစဉ့်ကလျား အသိစိတ်အလျဉ်တွေ များလွန်းတယ်… သူတို့ကြောင့် အလောင်းတွေတောင် ဗီဇပြောင်းကုန်ပြီ… အဲ့ဒီအလောင်းတွေကြီးတွေက ခန္ဓာကိုယ်ထဲမှာ မိစ္ဆာသဘာဝတွေအပြင် ကစဉ့်ကလျားအသိစိတ်အလျဉ်တွေလည်း ပြည့်နှက်နေတော့ စိတ်နှလုံးမိစ္ဆာတွေရဲ့ သခင်တွေ ဖြစ်သွားကြပြီ”
များပြားလှသော စိတ်နှလုံးမိစ္ဆာများကြားထဲမှ ဧရာမအလောင်းကြီးများသည် သူတို့ဆီသို့ ဒုန်းစိုင်း ပြေးလာနေကြ၏။
ပိုင်ယွီကျင့်သည် သူမ၏ စပ်တပ်အား မဟာလေဟာနယ်မြေထုသို့ ဦးဆောင်လာခဲ့စဉ်တုန်းက ကစဉ့်ကလျားဟင်းလင်းပြင်ထဲတွင် စိတ်နှလုံးမိစ္ဆာများနှင့် ရင်ဆိုင်ခဲ့ရသည့်အလျောက် ၎င်းသို့ မည်မျှထူးဆန်း၍ ဒုက္ခပေးနိုင်ကြောင်း ကောင်းကောင်းသိလေသည်။
စိတ်နှလုံးမိစ္ဆာများတွင် သန်မာအားကောင်းသည့် စိတ်နှလုံးမိစ္ဆာ၊ အားနည်းသည့် စိတ်နှလုံးမိစ္ဆာဟူ၍ ရှိသည်။ မည်သူ၏ စိတ်နှလုံးမိစ္ဆာ ဆိုသည်က ပို၍အရေးကြီးချေသည်။
ကောင်းကင်နတ်သိုင်းပညာရှင်တို့၏ စိတ်နှလုံးမိစ္ဆာဆိုလျှင် သူတို့၏ သိမြင်နိုင်စွမ်းနှင့် ဗဟုသုတက အကန့်အသတ်ရှိသဖြင့် အားကောင်းပြင်းထန်ခြင်း မရှိ။ ကောင်းကင်နတ်သိုင်းပညာရှင်များအတွက် စိတ်ကူး၍ပင်မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းလှပါသည်ဆိုသော သတ္တဝါများသည် နတ်ဘုရားများအတွက် လှည့်ကြည့်စရာပင် မလိုလောက်အောင် အရေးမပါသည် မဟုတ်ပါလော။
ကြောက်စရာကောင်းသည်က နတ်ဘုရားတို့၏ စိတ်နှလုံးမိစ္ဆာပင်။
နတ်ဘုရား၏ သိုင်းအဆင့်က မြင့်လေလေ၊ စိတ်နှလုံးမိစ္ဆာက အင်အားကြီးမားလေလေ ဖြစ်သည်။ သူမ၏ စစ်တပ် ကစဉ့်ကလျားဟင်းလင်းပြင်ထဲရှိ လေဟာနယ်လမ်းမှ ချီတက်ခဲ့ကြစဉ် ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုတစ်ခု၏ အမျိုးအမည်မသိ စိတ်နှလုံးမိစ္ဆာကြီးတစ်ကောင်က တိုက်ခိုက်ခဲ့သည်။ ကံကောင်းစွာဖြင့် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့ ရှိနေခဲ့သောကြောင့် သူ့အား သတ်ပစ်နိုင်ခဲ့လေသည်။
ယခုစိတ်နှလုံးမိစ္ဆာများကို ကြည့်ခြင့်အားဖြင့် ၎င်းတို့သည် ကစဉ့်ကလျားဟင်းလင်းပြင်မှ ကျန်ရစ်ခဲ့သော စိတ်နှလုံးမိစ္ဆာများ ဖြစ်ပေလိမ့်မည်။ ကောင်းကင်နတ်ဘုံမှ စစ်သည်တော်များနှင့် ရွှင်ပျော်ပျော်ကျေးရွာမှ ဆန်ကုန်မြေလေးတို့၏ စိတ်နှလုံးမိစ္ဆာများလည်း ပါဝင်ကြသည်။ စိတ်နှလုံးမိစ္ဆာတစ်ကောင်ချင်းစီက အင်မတန်မှ အင်အားကြီးနေကြသည်။
သို့သော် အင်အားအကြီးဆုံးကတော့ လမ်းလျှောက်နေသော အလောင်းများ ဖြစ်ခဲ့သည့် ဖန်ဆင်းရှင်အလောင်းကြီးများ ဖြစ်ပေသည်။
ဤအလောင်းတို့အား ထိန်းချုပ်နေသည်မှာ သေဆုံးသွားသည့် ဖန်ဆင်းရှင်တို့၏ စိတ်အစွဲများ မဟုတ်ကြတော့ဘဲ လေဟာနယ်ထဲရှိ မိစ္ဆာသဘာဝ ဖြစ်လာခဲ့ချေပြီ။
မိစ္ဆာသဘာဝသည် အလောင်းကြီးတို့၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ ထိန်းချုပ်ထားကြသည်။ ထိုမျှသာမက ရှေးဟောင်းကမ္ဘာဦးခေတ်က ဖန်ဆင်းရှင်တို့၏ ရုပ်ခန္ဓာမှာ နှိုင်းမရနိုင်အောင် ကြံ့ခိုင်တောင့်တင်းကြသည်။ မြင်ယောင်ဖန်ဆင်းခြင်းဖြင့် ခန္ဓာကိုယ်ကို နတ်ရွှေစင်ရွှေသားကဲ့သို့ မာကြောအောင် ပြုပြင်ထားကြသောကြောင့် အစွမ်းထက်ကြ၏။
“ကောင်းကင်နတ်အရှင်မူ၊ နင် ဒီစိတ်နှလုံးမိစ္ဆာတွေကို ဟန့်တားရင်း ငါ့ကို အလောင်းကြီးတွေဘေး သွားနိုင်အောင် ကူညီပေး… ငါ သူတို့ကို နှိမ်နင်းပေမယ်”
ပိုင်ယွီကျင့်က သွက်လက်စွာ ရှေ့တက်သွားသည်။ စိတ်နှလုံးမိစ္ဆာများမှာ သန်မာအားကောင်းကြသော်လည်း ချင်မူ၏ ကောင်းကင်နတ်သိုင်းများက သူတို့ကို ထိန်းချုပ်နိုင်ပေလိမ့်မည်။
သူမသည် ချင်မူ၏အစွမ်းအစများအား သိ၏။ ကောင်းကင်နတ်ဘုံ၏ ပင်မစစ်စခန်းရှေ့တွင် ချင်မူက ယွီဝူဖေးနှင့် ကျို့ရှန့်ယင်ကို သတ်ကာ နတ်ကောင်းကင်ခန်းမအဆင့်ထက် မနိမ့်ကျသော အစွမ်းအစအား ပြသခဲ့သည် မဟုတ်ပါလော။
မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူမ ထိုသို့ပြောလိုက်စဉ်မှာပဲ ချင်မူက တရှိန်ထိုး ပြေးထွက်သွားကာ လှမ်းအော်ပြောသည်။ “ကောင်းကင်ဆရာသခင်၊ ကျွန်တော်က မိစ္ဆာသဘာဝကို ဖိနှိပ်တဲ့နေရာမှာ တော်တယ်… ကျွန်တော် အလောင်းကြီးတွေနား ကပ်နိုင်အောင် ကူညီပေးပါ”
“ကစဉ့်ကလျား အသိစိတ်အလျဉ်နဲ့ မိစ္ဆာသဘာဝတဲ့လား… ဖြေရှင်းဖို့ လွယ်သားပဲ…”
ချင်မူက တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် စိတ်နှလုံးမိစ္ဆာများဆီ ပြေးသွားချေပြီ။ “တတိယကောင်းကင်ဆရာသခင်၊ ခင်ဗျား အဲဒီစိတ်နှလုံးမိစ္ဆာတွေကို ကိုင်တွယ်လိုက်… ကျွန်တော်က ဒီအလောင်းကောင်တွေရဲ့ မိစ္ဆာသဘာဝကို ကိုင်တွယ်တဲ့နေရာမှာ အတော်ဆုံးပဲဗျ”
ပိုင်ယွီကျင့်မှာ သူပြောသည့်အတိုင်း လုပ်ရုံအပြင် မရှိတော့ပေ။ နှစ်ယောက်သား အလျင်အမြန် ရှေ့တက်သွားကြသည်။
စိတ်နှလုံးမိစ္ဆာများသည် အင်မတန် သန်မာကြသည့်အပြင် သေရမည်ကို မကြောက်ကြချေ။
ပိုင်ယွီကျင့် သူမ၏ နေရာရွှေ့ပြောင်းတာအိုကို အသက်သွင်းလိုက်သည့်အခါ သူတို့အားလုံး အနားမကပ်နိုင်ခင်မှာပင် မိုင်ပေါင်းများစွာသို့ လွင့်ထွက်ကုန်ကြသည်။
ချင်မူက စိတ်နှလုံးမိစ္ဆာများကြားမှ ဖြတ်ပြေးနေပြီး ပိုင်ယွီကျင့်က နေရာရွှေ့ပြောင်းတာအိုကို အဆက်မပြတ် အသက်သွင်းလျက် သူ့အတွက် လမ်းရှင်းပေးနေသည်။ ထိုစဉ် စိတ်နှလုံးမိစ္ဆာများကြားမှ အလောင်းကြီးများက ပျံသန်းနေသကဲ့သို့ ခြေကားရားလက်ကားရားဖြင့် သူ့ဆီ ပြေးလာနေရင်း အောက်ရိ စိတ်နှလုံးမိစ္ဆာများအား နင်းချေပစ်နေကြောင်း ချင်မူ မြင်လိုက်ရသည်။
ပိုင်ယွီကျင့်၏ ရင်ခုန်သံများ ဗြောင်းဆန်သွားသည်။ ထိုစိတ်နှလုံးမိစ္ဆာများသည် အင်မတန် သန်မာကြသော်လည်း ရုပ်အလောင်းကြီးများ၏အောက်တွင် ပြားပြားဝပ်ကုန်ကြသည်။ ဤအလောင်းကြီးများ၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာသဘာဝ မည်မျှကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းပြင်းထန်ကြောင်း ထင်ရှားပေသည်။
ရုတ်တရက် အလောင်းကြီးတစ်လောင်းက ခြေလက်များတွင် အားကုန်ထည့်ကာ လေထဲသို့ ခုန်လိုက်သည်။ ထို့နောက် သွေးများပေကျံနေသော ပါးစပ်ကြီးကို ဟလျက် ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။
ပိုင်ယွီကျင့်မှာ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းရန် ချက်ချင်း ပြင်လိုက်သော်လည်း မသုံးဘဲ ထိန်းထားလိုက်သည်။ ချင်မူ မည်သို့ကိုင်တွယ်မည်လဲ သူမ ကြည့်ချင်မိ၏။
“ငါ တည်ရှိနေတဲ့နေရာတိုင်းဟာ ယိုတုပဲ”
ချင်မူ အော်ဟစ်လိုက်သည့်အခါ အဆုံးမဲ့သော ယိုတုချီများသည် သူ၏ခန္ဓာကိုယ်ကို ဗဟိုပြုလျက် စိမ့်ထွက်လာကြသည်။ မီးတောက်များက သူ၏ဦးခေါင်းထက်တွင် ဟုန်းခနဲ ထတောက်လာပြီး ယိုတုမိစ္ဆာမီးတောက်များသည် အချိုးအကွေ့ ကိုးသွယ်၊ အကွေ့အကောက် ၁၈ ခုရှိသော ဧရာမဦးချိုကြီးအသွင်သဏ္ဍာန် ဖွဲ့တည်သွား၏။
သူ၏ရုပ်ခန္ဓာက ပိုမိုရှည်လျားကြီးထွားလာကာ မျက်စိတစ်မှိတ်အတွင်း ကိုက်ထောင်ပေါင်းများစွာ မြင့်မားသည့် မြေအောက်ဘုံအရှင်သခင်တစ်ပါး ဖြစ်လာသည်။ သူ့တွင် နွားခေါင်း၊ ကျားမျက်နှာနှင့် လူ့ခန္ဓာကိုယ် ရှိနေပြီး သူ၏ကြွက်သားများက အမြောင်းမြောင်း ထနေသည်။
ကောင်းကင်ထက်မှ အလောင်းကြီးများ ဆင်းသက်လာနေစဉ် ချင်မူက ယိုတုကောင်းကင်နတ်သိုင်းအား အသက်သွင်းလိုက်သည်။ မိစ္ဆာချီများသည် မိုင်ထောင်ပေါင်းများစွာရှိသည့် ပတ်ပတ်လည် ဧရိယာတစ်လျှောက် ဖုံးလွှမ်းသွားရင်း ဤနေရာကို ယိုတုအဖြစ် ပြောင်းလဲနေ၏။ ထို့နောက် အလောင်းများ၏ မျက်လုံး၊ နားရွက်၊ နှာခေါင်းနှင့် ပါးစပ်တို့မှ မိစ္ဆာချီများ အလိပ်လိပ် စိမ့်ထွက်လာကြကာ မီးခိုးကြီးငွေ့များသဖွယ် ယိုတု၏ စုပ်ယူဝါးမြိုခြင်း ခံလိုက်ရတော့သည်။
အနက်ရောင်မီးခိုးငွေ့များက တလိပ်လိပ် အုံထနေကာ အင်မတန် ထူထဲသိပ်သည်းနေသည်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာအတွင်း မဟာလေဟာနယ်ထဲ၌ မိစ္ဆာသဘာဝများစွာ စုဝေးလာခဲ့ကြ၏။ ယခုတွင် ၎င်းတို့မှာ ကစဥ့်ကလျားဟင်းလင်းပြင်မှ လွတ်မြောက်လာကြကာ အလောင်းများ၏ ခန္ဓာကိုယ်ထဲတွင် ပူးကပ်ထားကြချေပြီ။
ချင်မူက မြေအောက်ဘုံအရှင်သခင်အသွင်ဖြင့် မိစ္ဆာသဘာဝအား အသည်းအသန် သန့်စင်နေသည်။ သူက နှာခေါင်းရှုံ့လိုက်သည်။ “ငါ ကောင်းကင်နတ်အရှင်မူ ဖြစ်မလာခင်တုန်းက နာမည်ပြောင်တစ်ခု ရှိခဲ့တယ်… ယိုတုသားတော်တဲ့… မင်းတို့ကများ ရာရာစစ ငါ့အရှေ့မှာ မောက်မာရဲတယ်ပေါ့လေ”
“သတိထား” ပိုင်ယွီကျင့်က အနောက်မှ လှမ်းအော်သည်။
ချင်မူ အလျင်အမြန် ခေါင်းမော့ကြည့်လိုက်ရာ သူ၏ဦးခေါင်းအပေါ်တွင် ဧရာမခြေထောက်ကြီးအား မြင်လိုက်ရသည်။
ဝုန်း…
အလောင်းကြီး၏ ခန္ဓာကိုယ်ကြီးသည် ခြေထောက်ကြီးနှင့်အတူ ကျဆင်းလာပြီး မဟာလေဟာနယ်မြေပြင် ကွဲအက်သွားသည့်တိုင်အောင် နင်းချလိုက်သည်။ ရွံ့များ၊ တောင်ကျောက်တုံးများမှာ လှိုင်းတွန့်များအလား မြောက်တက်လာပြီး အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားကြတော့သည်။
ပိုင်ယွီကျင့်က နေရာဟင်းလင်းပြင်ကို အလျင်အမြန် ခဲလိုက်ရင်း ဓားတစ်လက် အသွင်ပြောင်းကာ လှိုင်းများနှင့် လေများ နှစ်ခြမ်းကွဲသွားအောင် ခုတ်ချလိုက်သည်။
'ကျစ်ရှီ ငါ့ကို သင်ပေးခဲ့တဲ့ ဓားသိုင်းက တကယ်ကို ထူးခဲ့ပြောင်မြောက်ပြီး ချီးကျူးစရာပဲ… ဟုတ်သား ကောင်းကင်နတ်အရှင်မူ’
ပိုင်ယွီကျင့်မှာ သတိဝင်သွားသည်နှင့် အလောတကြီး ပြေးသွားလိုက်သည်။ အရှေ့တွင် တောင်တန်းဆယ်ခုကျော် လဲပြိုနေသကဲ့သို့ ပုံလဲကျနေသော အလောင်းကြီး၏ ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာချီနှင့် မိစ္ဆာသဘာဝတို့မှာ ဖယ်ရှားခံလိုက်သောကြောင့် အသက်မရှိတော့ပုံပင်။
ချင်မူ အသွင်ပြောင်းထားခဲ့သည့် မြေအောက်ဘုံအရှင်သခင်ကိုလည်း မတွေ့ရတော့ပေ။
“ကောင်းကင်နတ်အရှင်မူ…”
ပိုင်ယွီကျင့်မှာ စိတ်ဓာတ်ကျသွားသော်လည်း ချင်မူ အသတ်ခံရသည်ကို မျှော်လင့်နေခဲ့မိသည့်အလား စိတ်ကျေနပ်သွားသလို ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် ချင်မူ၏ အားပြတ်နေသောအသံက အလောင်းကြီး၏ အောက်မှ ထွက်လာသည်။ “တတိယကောင်းကင်ဆရာသခင် ထူပါဦးဗျာ…”
ပိုင်ယွီကျင့်လည်း အလောင်းကြီး၏ ခန္ဓာကိုယ်ကို ကပျာကယာ ဘေးသို့တွန်းဖယ်လိုက်ရာ ကိုက်သုံးထောင်ကျော် နက်နဲသည့် အရာကြီးတစ်ခု ကျန်ခဲ့သည်ကို တွေ့လိုက်ရသည်။ ချင်မူ အသွင်ပြောင်းခဲ့သည့် မြေအောက်ဘုံအရှင်သခင်မှာ လူပုံသဏ္ဍာန်ကျင်းထဲ၌ ခြေကားရားလက်ကားရား လဲနေသည်။ ချင်မူ့မျက်နှာမှာ သွေးတို့ ပေကျံနေပြီး သူ့မှာ မလှုပ်ရှားနိုင်ပေ။
သူ့ဦးခေါင်းပေါ်ရှိ ချိုများမှာလည်း ခုနစ်ပိုင်း၊ ရှစ်ပိုင်းခန့် အပိုင်းပိုင်း ပြတ်နေကြသည်။
ပိုင်ယွီကျင့်က သူ့အား ကျင်းထဲမှ အလျင်အမြန် ဆွဲထူပေးလိုက်ပြီး ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ သူ၏ရုပ်ခန္ဓာမှာ မြန်မြန်ဆန်ဆန်ပင် သက်သာလာပြီး သူက ပြော၏။ “ကျွန်တော်က မိစ္ဆာသဘာဝကို ကိုင်တွယ်တဲ့နေရာမှာ အတော်ဆုံးလို့ ပြောခဲ့သားပဲ ... ကြည့်လေ အလောင်းကြီးတွေကို သတ်ရတာ ကျွန်တော်အတွက် လွယ်လွယ်လေး… ဟုတ်တယ်မလား”
ပိုင်ယွီကျင့်က ခေါင်းညိတ်သည်။ “နင့်မျက်နှာမှာ ခြေရာကြီး ထင်နေသေးတယ်…”
ချင်မူက ခြေရာအား သုတ်ရင်း ပြောသည်။ “ဒါပေမဲ့ ကျွန်တော်တို့ ဒီလိုမျိုး နောက်တစ်ခါကြုံရရင် ဝေးဝေးရှောင်တာ ကောင်းတယ်… ကြောက်လို့တော့ မဟုတ်ပါဘူး.. မိစ္ဆာသဘာဝက ကျွန်တော်အတွက် အသုံးမဝင်ဘူးလေ… ဒါက ကျွန်တော့်အစ်ကိုရဲ့ အစာဆိုတော့ သူ့အစာကို လုလိုက်မှန်းသိသွားရင် သူ ပျော်မှာမဟုတ်ဘူး”
ပိုင်ယွီကျင့်က ခေါင်းညိတ်သည်။ “ငါနားလည်ပါတယ် ကောင်းကင်နတ်အရှင်မူ… နင့်အင်္ကျီတွေပေါ်မှာလည်း ခြေရာကြီး ကျန်နေသေးတယ်”
ချင်မူ ကြည်လင်သောရေကို မြင်ယောင်ဖန်ဆင်းလျက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ခြေရာများနှင့် သွေးများကို ဆေးကြောလိုက်၏။ ထို့နောက် ချီစွမ်းအင်ဖြင့် အဝတ်များကို ခြောက်သွေ့စေကာ ပြောပြန်၏။ “ကျွန်တော်က ကျွန်တော့်အစ်ကိုကို သိပ်ချစ်တာဆိုတော့ ငယ်ငယ်တည်းက သူ့ကို အလျော့ပေးနေကျ..”
ပိုင်ယွီကျင့်က နားလည်စွာ ပြန်ပြောလိုက်သည်။ “ထပ်ရှင်းပြနေစရာ မလိုတော့ပါဘူး ကောင်းကင်နတ်အရှင်မူ… ငါ နားလည်ပါတယ်… ငါတို့မြန်မြန်သွားရမယ်… အခုလေးတင် ကောင်းကင်မှာ လူတစ်စု ပျံသွားတာတွေ့လိုက်ရတယ်… ကောင်းကင်နတ်အရှင်ဟောင်ကို လိုက်ရှာနေတာပဲ ဖြစ်ရမယ်”
ချင်မူလည်း ထပ်မရှင်းပြတော့ချေ။ သူတို့နှစ်ယောက်သား လမ်းရှိ ရုပ်အလောင်းကြီးများကို ရှောင်ရှားသွားကြသည်။ ချင်မူသည် အစက ကောင်းကင်နတ်အရှင်ဟောင်ကို ရှာဖွေရန် စီစဉ်ခဲ့သော်လည်း ကောင်းကင်ထက်တွင် ပျံသန်းနေကြသည့် စိတ်နှလုံးမိစ္ဆာများမှာ အင်အားများလှသည်။ ၎င်းတို့သည် အနက်ရောင်တိမ်တိုက်ကြီးပမာ စုဝေးနေကြပြီး အလွန်လည်း မြန်ကြသည်။
ထိုမျှသာမက အလောင်းကြီးများကလည်း မြေပြင်ထက်၌ တွားသွားနေကြသည်။
ဤသည်က နတ်ဆိုးမိစ္ဆာများ ပျော်ပါးရာ မိစ္ဆာကျတ်ကုန်း ဖြစ်လာခဲ့ချေပြီ။
သူတို့ မြေပြင်တွင် လမ်းလျှောက်နေကြစဉ် ကောင်းကင်နတ်အရှင်ဟောင်ကို ရှာဖွေနေသည့် အဖွဲ့သုံးဖွဲ့၊ လေးဖွဲ့သည် အလောင်းကြီးများ ဦးဆောင်သည့် စိတ်နှလုံးမိစ္ဆာတို့၏ တိုက်ခိုက်ခံနေရသည်ကို တွေ့ခဲ့ရ၏။ သူတို့မှာ တစ်ယောက်ပြီးတစ်ယောက် မရှုမလှ သေဆုံးသွားကြလေသည်။
ချင်မူ၏ မျက်နှာအမူအရာမှာ မှိုင်တွေနေသည်။ နတ်ကောင်းကင်ခန်းမအဆင့် ပုဂ္ဂိုလ်တချို့ပင်လျှင် နှလုံးသားမိစ္ဆာများ၏ ကိုက်ဖြတ်စားသုံးခြင်း ခံနေရသည်ကို သူ တွေ့ခဲ့ရသည်။
‘ကောင်းကင်နတ်အရှင်ဟောင် ပြုတ်ကျသွားတဲ့ နေရာက သိပ်မဝေးလောက်တော့ဘူး’