စိတ်နှလုံးမိစ္ဆာ လန်ယွီတျန်း
Vol. 96 Ch. 1251
ချင်မူနှင့် ပိုင်ယွီကျင့်သည် ရှေ့ဆက်လျှောက်လာခဲ့ရင်း မကြာမီ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ဧရာမဦးခေါင်းကြီး မြေပြင်ပေါ်ပြုတ်ကျခဲ့သည် ချိုင့်ခွက်များအား တွေ့လာရသည်။
ချိုင့်ခွက်များသည် ဂြိုဟ်တစ်လုံး မြေပေါ်ပြုတ်ကျခဲ့သကဲ့သို့ ချော်ရည်ပူများ ပြည့်နှက်နေကြ၏။ အနက်ရောင်မီးခိုးငွေ့များကလည်း ကောင်းကင်ထက်တွင် တလူလူ မျောလွင့်နေကြပြီး အက်စစ်မိုးတို့ ရွာသွန်းနေသည်။
မြေပြင်တွင်လည်း အက်ကွဲကြောင်းများ ဖုံးလွှမ်းနေပြီး အက်ကွဲကြောင်းများမှာ ကမ္ဘာဦးဘုံ၏ ချောက်နက်များအလား ထင်ရပေသည်။ ချောက်များအတွင်း၌ ချော်ရည်ပူများ စီးဆင်းနေကြသည်။
မဟာလေဟာနယ်မြေထုထဲရှိ တောင်တန်းများလည်း ပျက်စီးကုန်ကြသည်။ ပြိုလဲနေသည့် တောင်တန်းများမှာ ပိတ်ပိတ်ပိန်း မှောင်မည်းနေကြသည်။ တချို့ တောင်ပြတ်များဆိုလျှင် မီးတောက်မီးလျှံတို့ အဆက်မပြတ် ပန်းထုတ်နေသည့် မီးတောင်များအဖြစ် ပြောင်းလဲကုန်ကြသည်။
အထူမရှိသော နေရာဟင်းလင်းပြင်အပိုင်းအစများက ချော်ရည်ပူနှင့် အက်စစ်မိုးတို့အား ဟန့်တားပေးရန် ပိုင်ယွီကျင့်အနားတွင် လွင့်မျောနေကြသည်။
ချင်မူက စစ်ဆေးလေ့လာကြည့်နေသည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ဦးခေါင်းမှာ ပြုတ်ကျလာပြီးနောက် ပြန်ခုန်ထွက်သွားပေလိမ့်မည်။ ကောင်းကင်နတ်အရှင်ဟောင်အနေဖြင့် သူ့အခြေအနေသူ ဆိုးရွားကြောင်း သိထားသဖြင့် ဤနေရာ၌ နေရဲခဲ့မည်မဟုတ်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ဦးခေါင်းကို ထိန်းချုပ်ရင်း ထွက်ပြေးသွားခဲ့လိမ့်မည်။
ချင်မူက မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး မေးသည်။ “တတိယကောင်းကင်ဆရာသခင်၊ ခင်ဗျား ခံစားမိလား”
ပိုင်ယွီကျင့်မှာ ဇဝေဇဝါ ဖြစ်သွားသည်။ “ဘာကိုလဲ”
“မဟာလေဟာနယ်ကို ဖျက်ဆီးတဲ့ ကစဉ့်ကလျားအသိစိတ်အလျဉ်လေ”
ချင်မူ၏ မျက်နှာသည် လေးနက်တည်ကြည်နေပြီး သူက အသံကို နှိမ့်ကာ ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင် ပြုတ်ကျလာခဲ့တုန်းက ကစဉ့်ကလျားဟင်းလင်းပြင်တစ်ခုက သူနဲ့လိုက်လာခဲ့တယ်”
ပိုင်ယွီကျင့်မှာ အံ့အားသင့်သွားပြီး ဟိုဟိုသည်သည် ကြည့်လိုက်သည်။
သူမ၏ အသိစိတ်အလျဉ်အခြေခံမှာ ချင်မူ့အောက် များစွာနိမ့်ကျသဖြင့် ချင်မူ့လောက် အာရုံမခံနိုင်ချေ။ ဟင်းလင်းပြင်အပိုင်းအစများနှင့် ခန္ဓာမဲ့အသိစိတ်အလျဉ်များကိုပင် အာရုံခံနိုင်သည်ဆိုရုံသာ ခံနိုင်သည်။
ချင်မူမှာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရင်း ငေးကြောင်သွားမိသည်။
သူသည် မဟာလေဟာနယ်အ၀င်၀ကို အမှန်တကယ် တွေ့မြင်နေရ၏။
မဟာလေဟာနယ်အ၀င်၀မှာ မဟာလေဟာနယ်မြေထုနှင့် အလွန်နီးကပ်နေပြီး ကောင်းကင်ထက်၌ တည်ရှိနေသည်။
“မဟာလေဟာနယ်မြေထု ဘေးကင်းရတဲ့အကြောင်းအရင်းက မဟာလေဟာနယ်အ၀င်၀နဲ့ အင်မတန် ဝေးကွာလွန်းလို့ပဲ… ကောင်းကင်နတ်အရှင်တွေတောင် ရောက်ဖို့ ရက်အနည်းငယ်လောက် အချိန်ယူရတယ်… ကောင်းကင်နတ်ဘုံရဲ့ စစ်တပ် မဟာလေဟာနယ်မြေထုဆီ ရောက်ဖို့ဆို တစ်နှစ်ကျော်ကြာလိမ့်မယ်…. ကောင်းကင်နတ်ဘုံကနေ မဟာလေဟာနယ်မြေထုဆီ ရောက်ဖို့ တစ်နှစ်ကြာတယ်… အခု နီးကပ်လွန်းနေပြီဆိုတော့ မဟာလေဟာနယ်မြေထု ရှုံးသွားနိုင်ပြီ”
ချင်မူ ရင်ထဲတွင် လေးလံလာတော့သည်။ ‘နီးကပ်လွန်းနေတယ်… ငါ ကောင်းကင်နတ်အရှင်ဟောင်ကို ရှာပြီး အမြန်ဆုံး ရှင်းပစ်မှပဲ… မဟုတ်ရင် ကောင်းကင်နတ်ဘုံက စစ်ကူတွေရောက်လာရင် အခွင့်အရေးရမှာ မဟုတ်တော့ဘူး”
သူက မျက်မှောင်ကြုတ်၍ ပတ်ဝန်းကျင်ကို လေ့လာစစ်ဆေးလိုက်သည်။ ပို၍များပြားသော ကစဉ့်ကလျား အသိစိတ်အလျဉ်များ စိမ့်၀င်လာနေသည်ကို တွေ့လိုက်ရ၏။ ဤနေရာက ထိုကစဉ့်ကလျားအသိစိတ်အလျဉ်များအား ဆွဲဆောင်နေသယောင်ပင်။
'အသိစိတ်အလျဉ်တွေ အများကြီး စုပုံနေတော့ ဒီနေရာက ကစဥ့်ကလျားဟင်းလင်းပြင် နောက်တစ်ခု ဖြစ်လာတော့မှာပဲ’
ပိုင်ယွီကျင့်က သူ့ကို ဆက်ခေါ်သွားသည်။ ရုတ်တရက် ဧရာမလူကြီးတစ်ယောက်က ကောင်းကင်ထက်မှ မြေပြင်သို့ ပြုတ်ကျလာကာ သေဆုံးသွား၏။
၎င်းသည် ဖန်ဆင်းရှင်တစ်ဦးဖြစ်ပြီး အလောင်းကြီးမဟုတ်ပေ။ ပရမတ္တကမ္ဘာမှ ဖန်ဆင်းရှင်တစ်ဦး ဖြစ်ပေလိမ့်မည်။ သူသည်လည်း ကောင်းကင်နတ်အရှင်ဟောင်ကို လာရောက်ရှာဖွေနေခြင်း ဖြစ်ကာ ကံမကောင်းအကြောင်းမလှစွာဖြင့် စွာနှင့် သေဆုံးသွားခဲ့ရလေပြီ။
ချင်မူက ခေါင်းမော့ကြည့်လိုက်ရာ ရင်ဒိန်းခနဲ ခုန်သွားတော့သည်။ ဤဖန်ဆင်းရှင်ကို သတ်ခဲ့သူမှာ ထူးဆန်းသောသူတစ်ဦးဖြစ်သည်။
၎င်းက စိတ်နှလုံးမိစ္ဆာဧကရာဇ် ဖြစ်၏။
တိတိကျကျဆိုရလျှင် ၎င်းက မဟာဧကရာဇ်၏ အသွင်အပြင် ရှိနေသည်။
ဤစိတ်နှလုံးမိစ္ဆာဧကရာဇ်တွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိကာ အတိုင်းထက်အလွန် ရုပ်ဆိုးအကျည်းတန်သည်။ သူ့တွင် အစိမ်းရောင်မျက်နှာ၊ ချွန်မြနေသော သွားများရှိပြီး မျက်နှာအမူအရာက ရုတ်ရင်းကြမ်းတမ်း၏။ ခန္ဓာကိုယ်တစ်ကိုယ်လုံးတွင် မျက်လုံးများက နေရာယူထားသည်။
မဟာဧကရာဇ်သည် ချောမောလှသည် မဟုတ်သော်လည်း ကမ္ဘာဦးခေတ်ကို အုပ်စိုးခဲ့သည့် ဧကရာဇ်တစ်ပါး ဖြစ်နေသေးသည်။ သူ့တွင် သူမတူသော အသွင်အပြင် ရှိခဲ့သော်လည်း ဤစိတ်နှလုံးမိစ္ဆာဧကရာဇ်မှာတော့ ကောက်ကျစ်စဉ်းလဲမှုတို့ကိုသာ အသွင်ဆောင်နေချေသည်။
ချင်မူ သူ့ကို မှတ်မိသည့်အကြောင်းအရင်းမှာ ‘မဟာဧကရာဇ်’ ဟူသည့် စာလုံးနှစ်လုံးက မျက်နှာအပေါ်တွင် ရေးသားထားသောကြောင့် ဖြစ်၏။
သေသွားသည့် ဖန်ဆင်းရှင်သည် မဟာခြုံလွှမ်းအသိစိတ်အလျဉ်နယ်ပယ်သို့ ရောက်ရှိ၍ မဟာဧကရာဇ်ကို မမြင်ဖူးခဲ့သည်မှာ သိသာ၏။ ထို့ကြောင့် သူက မဟာဧကရာဇ်အား စိတ်ကူးဖြင့်သာ မြင်ယောင်နိုင်ခဲ့ပြီး မဟာဧကရာဇ်ကား သူ၏ စိတ်နှလုံးမိစ္ဆာ ဖြစ်နေခဲ့၏။
“ခိုင်ဧကရာဇ်နဲ့ လန်ဝူလည်း သိုင်းပညာရှင်တွေ လွှတ်လိုက်တာပဲ”
ချင်မူမှာ စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ သူနှင့် ပိုင်ယွီကျင့်အနေဖြင့် ကောင်းကင်နတ်အရှင်ဟောင်အား မယှဉ်နိုင်မည်ကို စိုးရိမ်နေခဲ့မိ၏။ သို့သော် ခိုင်ဧကရာဇ်နှင့် လန်ဝူက အဆင့်မြင့်သိုင်းပညာရှင်များ စေလွှတ်လိုက်ရာ ကောင်းကင်နတ်အရှင်ဟောင်အား ဤနေရာတွင် အသေနိုင်ကောင်း သတ်နိုင်ပေလိမ့်မည်။
“ကောင်းကင်နတ်အရှင်မူ၊ ဒီနေရာက ပိုပြီးတော့ အန္တရာယ်များလာပြီ… ငါ ငါ့ရဲ့စိတ်နှလုံးမိစ္ဆာကို မနည်း ဖိနှိပ်နေရတယ်”
ပိုင်ယွီကျင့်က အလျင်အမြန် ပြောသည်။ “နင် ဗြဟ္မဗုဒ္ဓရဲ့ နေဝသည နာသညာယတနစျာန်ကို သင်ထားလား… အဲဒီစျာန်ကို အသက်သွင်းလိုက်ရင် ဒီနေရာက အသိစိတ်အလျဉ်က နင့်ရဲ့စိတ်နှလုံးမိစ္ဆာကို အမှန်ဖြစ်တည်လာအောင် မပြောင်းပေးနိုင်တော့ဘူး”
ချင်မူက ခေါင်းရမ်းလျက် ဖြေသည်။ “တစ်ခါမှမသင်ဖူးဘူး.. ကျွန်တော့်တာအိုနှလုံးသားက ခိုင်မာတဲ့အတွက် စိတ်နှလုံးမိစ္ဆာတစ်ခုမှ မရှိလို့ သင်ယူစရာမလိုခဲ့ဘူးဗျ… ငယ်ငယ်လေးတည်းက ကျွန်တော်က လောကသခင်ခန္ဓာ၊ လောကမှာ ပြိုင်ဘက်မရှိတဲ့သူလို့ အပြောခံခဲ့ရတော့ အဲဒီယုံကြည်မှုက ကျွန်တော့်ကို အမြဲ ထောက်ပံ့ပေးခဲ့တယ်… အဲဒါ့အပြင် လောကဓံအနိမ့်အမြင့်တွေ အများကြီးကြုံတွေ့ခဲ့ရတာမလို့ ကျွန်တော့်တာအိုနှလုံးသားက ကြည်လင်တောက်ပတယ်… ကျွန်တော့်ကို ကြောက်ရွံစေမယ့် စိတ်နှလုံးမိစ္ဆာ ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ပိုင်ယွီကျင့်က နေဝသည နာသညာယတနစျာန်ကို အသက်သွင်း၍ ပြောသည်။ “ငါ့မှာ စိတ်နှလုံးမိစ္ဆာရှိတယ်… ကောင်းကင်ယင်သားတော် ... သူက အကြီးမားဆုံး ငါ့အတွက် အကြီးမားဆုံး စိတ်နှလုံးမိစ္ဆာပဲ… ငါ့တာအိုနှလုံးသားက ဒီစိတ်နှလုံးမိစ္ဆာကို ဖိနှိပ်ထားမှဖြစ်မယ်…. မဟုတ်ရင် ဒီနေရာမှာ ကြောက်ဖို့ကောင်းတဲ့ ကောင်းကင်ယင်သားတော်တစ်ယောက် မွေးဖွားလာလိမ့်မယ်”
ချင်မူက သူမနှင့် ဘေးချင်းယှဥ်လျှောက်ရင်း ပတ်ဝန်းကျင်ကို ကြည့်နေသည်။ အနက်ရောင်မီးခိုးငွေ့များက တောင်ထိပ်များတွင် အုံ့ဆိုင်းနေသည်။ မီးတောက်ကြယ်တံခွန်များက မိုးစက်များအလား ရွာသွန်းနေပြီ တောင်များမှ ချော်ရည်ပူများ ပန်းထုတ်နေသည်။
အမှောင်ထုထဲတွင်လည်း အလစ်တိုက်ရန် စောင့်နေကြသော စိတ်နှလုံးမိစ္ဆာများစွာ ရှိနေ၏။
ကောင်းကင်နတ်ဘုံစစ်တပ်သည် ဤနေရာသို့ ရောက်လာခဲ့ပြီး ဖြစ်သောကြောင့် သူတို့အရှေ့တွင် ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များ အဆက်မပြတ် အုံကြွနေကြသည်။ ကောင်းကင်နတ်ဘုံ၏ အဆင့်မြင့်သိုင်းပညာရှင်များသည် စွမ်းအားကြီး ရန်သူတစ်ဦးနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
နှစ်ယောက်သား အလျင်အမြန် လျှောက်နေကြစဉ် ချင်မူမှာ ဤနေရာ၌ အသိစိတ်အလျဉ်များ ပိုမိုပေါများလာနေသည်ကို ခံစားနေရသည်။ သူ၏ အသိစိတ်အလျဉ်သည် မိစ္ဆာချီနှင့် မိစ္ဆာသဘာဝတို့ဖြင့် ရောနှောသွားသဖြင့် သူတို့၏တာအိုနှလုံးသားအပေါ် ကျရောက်နိုင်သည့် အန္တရာယ်များက ပိုမိုများပြားလာချေပြီ။
အထူးသဖြင့် ပိုင်ယွီကျင့်ပင်။ သူမမနေဖြင့် သူမ၏တာအိုနှလုံးသားကို တည်ငြိမ်စေလျှင်တောင်မှ အသိစိတ်အလျဉ်ဖြင့် ထိုးဖောက်ခံရမည်ကို မကာကွယ်နိုင်ကြောင်း ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် ကြောက်မက်ဖွယ် မိစ္ဆာသဘာဝ လှိုင်းဂယက်များက သူမ၏စိတ်အခြေအနေထဲသို့ ကျူးကျော်ဝင်ရောက်လာရင်း မတည်မငြိမ် ဖြစ်လာစေသည်ကို ခံစားနေရသည့်အတွက်ပင်။
စစ်မြေပြင်နှင့် နီးကပ်လာလေလေ ပိုင်ယျွီကျင့်မှာ တောင့်ခံရန် ခက်ခဲလာသည်။ သူမက ချင်မူ့ကို ကြည့်လိုက်ရာ တည်ငြိမ်အေးဆေးနေသေးသည်ကို တွေ့လိုက်ရပြီး စိတ်ထဲမှာ မချီးကျူးမိဘဲ မနေနိုင်ပေ။ “ကောင်းကင်နတ်အရှင်မူက တကယ်ပဲ…”
သူမ ထိုသို့တွေးနေစဉ် ရှေ့သို့ စိုက်ကြည့်နေသော ချင်မူ့မျက်နှာပေါ်တွင် အံ့ဩမှင်သက်သွားသော အရိပ်အယောင်ကို တွေ့မြင်လိုက်ရသည်။
ပိုင်ယွီကျင့်လည်း ရှေ့သို့ ကမန်းကတန်း ကြည့်လိုက်ရာ ဟင်းလင်းပြင်ထဲမှ လမ်းလျှောက်ထွက်လာသော ချင်မူ၏ စိတ်နှလုံးမိစ္ဆာကို တွေ့လိုက်ရ၏။
၎င်းက မီးအိမ်ထဲတွင် ပုန်းနေသည့် လန်ယွီတျန်းနှင့် တထေရာတည်းတူသော ဖက်တီးလေးတစ်ယောက်ပင်။
ပိုင်ယွီကျင့်မှာ ကြောင်အသွားမိသည်။ “ကောင်းကင်နတ်အရှင်မူက လောကသခင်ခန္ဓာမလို့ ယုံကြည်ချက်ရှိတယ်လို့ ပြောခဲ့တာမလား…. သူ့ရဲ့စိတ်နှလုံးမိစ္ဆာက ဘယ်လိုလုပ် မောင်လေးလန် ဖြစ်နေရတာလဲ”
စိတ်နှလုံးမိစ္ဆာလန်ယွီတျန်းက ချင်မူ့ထံသို့ လျှောက်လာသည်။ သူ ခြေထောက်ကြွလိုက်သည့် အခိုက်အတန့်မှာပင် သူ၏ ဝိညာဥ်သန္ဓေသားကောင်းကင်ရတနာသည် ဝီခနဲ အသံနှင့်အတူ ပွင့်လာ၏။ ကြယ်စင်စု၊ကောင်းကင်နတ်မြစ်၊ ဝင်ရိုးစွန်းလေးခု၊ ယိုတု၊ ရွှမ်တုနှင့် အဆုံးသတ်မြို့ပျက်တို့ကား ဝိညာဉ်သန္ဓေသားထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာကြချေပြီ။
ထို့နောက် ဘိုးဘေးနန်းတော်က ခမ်းနားတင့်တယ်သော တောင်တန်းများ၊ မြစ်ချောင်းများနှင့်အတူ တခမ်းတနား ထွက်ပေါ်လာ၏။
ချင်မူ၏ မျက်လုံးထောင့်များ တွန့်သွားသည်ကို ပိုင်ယွီကျင့် မြင်နေရသည်။ ကမ္ဘာကြီးပျက်စေကာတူ ယိမ်းယိုင်မည်မဟုတ်သော တာအိုနှလုံးသားရှိသည်ဟု ကြွေးကြော်နေခဲ့သော ကောင်းကင်နတ်အရှင်မူ၏ စိတ်နှလုံးမိစ္ဆာကား လန်ယွီတျန်း ဖြစ်သည်မှာ သိသာလှချေသည်။
“သူတို့နှစ်ယောက်ရဲ့ အဲဒီကျင့်စဉ်… မဟုတ်သေးဘူး သိုင်းလမ်းစဉ်က… ဆင်တူလွန်းတယ်”
လန်ယွီတျန်းက အဘယ်သို့ပြု၍ ချင်မူ၏ စိတ်နှလုံးမိစ္ဆာ ဖြစ်လာရမှန်း ပိုင်ယွီကျင့် နားလည်သွားသည်။ သူတို့၏ သိုင်းလမ်းစဉ်များသည် ဆင်တူသော်လည်း တစ်ဦးက လမ်းစဉ်အတိုင်း လျှောက်လှမ်းနေပြီး ကျန်တစ်ဦးက လမ်းစဉ်ကို ဆန်တက်နေ၏။
‘ကောင်းကင်နတ်အရှင်မူက အမြဲတမ်း မောက်မာပေမယ့် သူ့စိတ်ထဲမှာ လန်ယွီတျန်းနဲ့ မယှဉ်နိုင်ဘူးလို့ ခံစားနေခဲ့ရတယ်… ဒါကြောင့် လန်ယွီတျန်းက သူ့ရဲ့စိတ်နှလုံးမိစ္ဆာ ဖြစ်လာခဲ့တာပဲ’
ပိုင်ယွီကျင့်မှာ ချင်မူ မသေအောင် ကာကွယ်ရန်အတွက် လန်ယွီတျန်းအား သတ်မည်လုပ်လိုက်စဉ် ရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
တင်းထားသော သူမ၏စိတ်များ ပြေလျော့သွားသောကြောင့် သူမ၏စိတ်နှလုံးမိစ္ဆာလည်း ဖြစ်တည်လာချေပြီ။