ကင်းမဲ့သွားခြင်း
Vol. 96 Ch. 1252
ပိုင်ယွီကျင့်၏ တာအိုနှလုံးသားသည် ချင်မူ့လောက် မခိုင်မာပေ။ ထို့ကြောင့် စိတ်နှလုံးမိစ္ဆာများလည်း ပိုမိုများပြားသည်။
သူမ၏ စိတ်နှလုံးမိစ္ဆာ ကောင်းကင်ယင်သားတော် ဖြစ်တည်လာသည်ကို ကြည့်နေစဉ်မှာပင် ဒုတိယစိတ်နှလုံးမိစ္ဆာလည်း ဖြစ်တည်လာချေပြီ။ ၎င်းက ကောင်းကင်ဆရာသခင်ကျစ်ရှီပင် ဖြစ်၏။
ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်ကျစ်ရှီမှာ သူမ မြတ်နိုးလေးစားရသူတစ်ဦး ဖြစ်သော်လည်း ဘက်မတူသောကြောင့် ရန်သူ ဖြစ်ခဲ့ရသည်။ ချစ်ကြိုက်ရန်လည်း ကံအကြောင်းမလှခဲ့သလို၊ ထာဝရအတူရှိရန်မှာလည်း ပိုမိုဝေးကွာခဲ့ရသည်။ ထို့ကြောင့် ကောင်းကင်ဆရာသခင်ကျစ်ရှီက သူမ၏ ဒုတိယမြောက် စိတ်နှလုံးမိစ္ဆာ ဖြစ်ပေသည်။
စိတ်နှလုံးမိစ္ဆာကျစ်ရှီမှာ ယောက်ျားတစ်ယောက်လို ဝတ်စားထားသော ယန်ယွင်ရှီထက် ပိုမိုယောက်ျားဆန်ဆန်ဖြင့် ခံညားကာ ကျက်သရေရှိနေသည်။
သို့သော် ချောမောခံ့ညားသော စိတ်နှလုံးမိစ္ဆာကျစ်ရှီ ပေါ်လာပြီးနောက်မှပင် သူမ၏ တတိယမြောက် စိတ်နှလုံးမိစ္ဆာလည်း မွေးဖွားလာပြန်သည်။
သူမ၏ တတိယမြောက်စိတ်နှလုံးမိစ္ဆာကား.... ချင်မူပင်။
စိတ်နှလုံးမိစ္ဆာချင်မူ၏ မျက်နှာအသွင်အပြင်သည် ကြမ်းတမ်းခက်ထန်နေပြီး ချင်မူ့ရုပ်ရည်ပင်လျှင် မပေါ်တော့ချေ။
သူမ၏ စိတ်နှလုံးမိစ္ဆာသုံးယောက်စလုံး နောက်ဆုံးတော့ ပေါ်လာခဲ့လေပြီ။
“ကောင်းကင်နတ်အရှင်မူ၊ နင် နင့်ရဲ့စိတ်နှလုံးမိစ္ဆာကို ယှဉ်နိုင်လား” ပိုင်ယွီကျင့်မှာ ချင်မူ့ဘက်သို့ လှည့်ကြည့်ရန် အချိန်မရသဖြင့် အော်မေးလိုက်သည်။
ချင်မူက ပြုံးလျက် ပြန်ဖြေသည်။ “စိတ်နှလုံးမိစ္ဆာတစ်ကောင်ပဲဟာ… ကောင်းကင်နတ်အရှင်ယွီအစစ်မှ မဟုတ်တာ…. ကျွန်တော် ကျွန်တော့်ရဲ့စိ တ်နှလုံးမိစ္ဆာကို ရင်ဆိုင်ပြီး ချေမှုန်းပစ်ရမယ်… ဒါမှသာ ကျွန်တော်နှလုံးသားထဲက မိစ္ဆာကို အမြစ်ဖြတ်နိုင်မှာ”
“ကောင်းကင်နတ်အရှင်ယွီတဲ့လား” ပိုင်ယွီကျင့်သည် ထိုစကားကို ကြားလျှင် အံ့အားသင့်သွား၏။ သူမ ခေါ်လာခဲ့သည့် ဖက်တီးလေးက ကောင်းကင်နတ်အရှင်ယွီတဲ့လော။
သူမ အာရုံထွေပြားသွားသည်နှင့် စိတ်နှလုံးမိစ္ဆာ ကောင်းကင်ယင်သားတော်၊ စိတ်နှလုံးမိစ္ဆာ ကျစ်ရှီနှင့် စိတ်နှလုံးမိစ္ဆာ ချင်မူတို့က တစ်ပြိုင်နက်တည်းနီးပါး တိုက်ခိုက်လာကြသည်။ စိတ်နှလုံးမိစ္ဆာ ကောင်းကင်ယင်သားတော်က ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ မရေမတွက်နိုင်သော ကမ္ဘာဦးနတ်ပိုးကောင်းများ ပျံထွက်လာပြီး ကောင်းကင်နှင့် မြေကြီးတစ်လျှောက် ဖုံးလွှမ်းလျက် ပိုင်ယွီကျင့်ထံသို့ ဦးတည်သွားကြသည်။
ပိုင်ယွီကျင့်မှာ အသက်နှစ်ရာပြည့်တော့မည် ဖြစ်ပြီး သူမ၏ တမလွန်ဘဝအများစုတွင် ထိုကမ္ဘာဦးနတ်ပိုးကောင်များ၏ သွေးစုပ်ခြင်းအား ခံခဲ့ရသည်။
စိတ်နှလုံးမိစ္ဆာကျစ်ရှီကမူ ပေါ့ပါးလွတ်လပ်နေသောဟန်ပန် ရှိသည်။ သူမက တစ်ကိုယ်မှ နှစ်ကိုယ်၊ နှစ်ကိုယ်မှ လေးကိုယ်၊ လေးကိုယ်မှ ရှစ်ကိုယ် ကွဲထွက်သွားလေသည်။ ကောင်းကင်ဆရာသခင်ကျစ်ရှီ ရှစ်ယောက်အနက် တချို့က ဗျပ်စောင်းကျွမ်းကျင်ပြီး၊ တချို့က စစ်တုရင်တွင် ကျွမ်းကျင်သည်။ တချို့က စာလုံးအလှပညာတွင် ကျွမ်းကျင်၍ တချို့က ပန်းချီဆွဲရာတွင် ကျွမ်းကျင်ကြ၏။ တချို့က ဓားလမ်းစဉ်၊ သိုင်းလမ်းစဉ်၊ ဓားမလမ်းစဉ်နှင့် သင်္ချာတွင် ကျွမ်းကျင်လေသည်။
ကောင်းကင်ဆရာသခင်ကျစ်ရှီသည် ကိုယ်ပိုင်စွမ်းရည်များ ထုတ်သုံး၍ နေရာရှစ်နေရာမှ တစ်ပြိုင်နက်တည်း တိုက်ခိုက်နေ၏။ သူမ လှုပ်ရှားလိုက်တိုင်း အနောက်တွင် ကောင်းကင်ဆရာသခင်ကျစ်ရှီ သုံးဦး ပေါ်လာတတ်ပြီး စုစုပေါင်း ၃၂ ယောက်အထိ ရှိလာသည်။
ယန်ယွင်ရှီဆိုသည်ကား ရည်မှန်းချက်ကြီးသော အမျိုးသမီးတစ်ဦး မဟုတ်ပါလော။
ခိုင်ဧကရာဇ်ခေတ်တုန်းက ယန်ယွင်ရှီသည် ပါရမီထူးချွန်ထက်မြက်ခဲ့သည့်အပြင် ယောက်ျားတစ်ယောက်အဖြစ် ဝတ်စားပြင်ဆင်ကာ ကောင်းကင်ဘုံများနှင့် အနန္တလောကများတွင် သွားလာလေ့လာခဲ့သည်။ သူမ၏ပန်းတိုင်က ကောင်းကင်နတ်အရှင်များနှင့် အတူတူပင်။ သူမသည် ပြီးပြည့်စုံသော ကောင်းကင်နတ်ဘုံအဆင့်အထိ ကျင့်ကြံလိုပေသည်။
သို့သော် သူမက ကောင်းကင်နတ်အရှင်ဆယ်ပါး၏ လမ်းစဉ်မဟုတ်ဘဲ ကမ္ဘာခေတ်နှောင်းလမ်းစဉ်ကို လျှောက်လှမ်း၏။
သူမအနေဖြင့် ကျားကုပ်ကျားခဲ ကျင့်ကြံခဲ့သည့်တိုင် ကမ္ဘာခေတ်နှောင်းတာအို ရှစ်ခုကိုသာ ကျွမ်းကျင်တတ်မြောက်ခဲ့သဖြင့် ကောင်းကင်နန်းဆောင် ၃၂ ဆောင်လုံးအား မဖွဲ့တည်နိုင်ခဲ့ပေ။
ပို၍အရေးကြီးသည်က နတ်ကောင်းကင်အဆင့်ခန်းမသို့ ရောက်သည့်အခါ နောက်ခြေတစ်လှမ်း လှမ်းရန်မှာ အလွန်အမင်း ခက်ခဲကြောင်း သိခဲ့ရ၏။ ထို့ကြောင့် နောက်တစ်လှမ်း မလှမ်းနိုင်တော့ဘဲ နတ်ကောင်းကင်ခန်းမအဆင့်တွင် ပိတ်မိကာ နှစ်နှစ်သောင်းကြာသည့်တိုင်အောင် ရှေ့ဆက်မတိုးနိုင်ခဲ့ချေ။
သို့ထိတိုင် သူမသည် ခိုင်ဧကရာဇ်တွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကျော်တစ်ဦး ဖြစ်နေသေးသည်။
စိတ်နှလုံးမိစ္ဆာကျစ်ရှီ တိုက်ခိုက်သည့်အချိန်မှာပင် စိတ်နှလုံးမိစ္ဆာချင်မူကလည်း ပိုင်ယွီကျင့်ကို တိုက်ခိုက်လာ၏။
ပိုင်ယွီကျင့်သည် ချင်မူ ယွီဝူဖေးနှင့် ကျို့ရှန့်ယင်တို့ကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို မြင်ခဲ့ရသည့်အလျောက် ချင်မူ့အား အထင်ကြီးထိတ်လန့်သွားခဲ့၏။ အစတုန်းက သူမကိုယ်ထဲရျိ မီးငှက်ဝိညာဉ်အား နိုးထစေမည်ကိုသာ စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။
ပိုင်ယွီကျင့်၏ စိတ်နှလုံးမိစ္ဆာချင်မူက မှော်စွမ်းအင်တွင် ချင်မူအစစ်ထက်ပင် သာလွန်နေသည်။
သူမကား စိတ်နှလုံးမိစ္ဆာသုံးယောက်ဖြင့် အဝိုင်းခံထားရလေပြီ။
'ငါက ဧကရာဇ်ပလ္လင်အဆင့် ကောင်းကင်ဆရာသခင်တစ်ယောက်ပဲ…. ငါက ဘဝတစ်လျှောက်လုံး တိုက်ခိုက်ခဲ့ရင်းနဲ့ အတွေ့အကြုံတွေ ရလာခဲ့တာ…. ငါ့အသက်ကို လောင်းကြေးထပ်ပြီး ကောင်းကင်ယင်သားတော်နဲ့ တိုက်ခိုက်ခဲ့တာ…. ငါ့ဘိုးဘေးတွေရဲ့ ကာကွယ်မှုရော၊ တောင်နတ်မင်းရဲ့ ဝိညာဉ်ကိုရော အားကိုးခဲ့တာ မဟုတ်ဘူး…”
ပိုင်ယွီကျင့်၏ ဧကရာဇ်အရှိန်အဝါသည် ပေါက်ကွဲထွက်လာ၏။ သူမမှာ ဘဝအဆက်ဆက် ပြန်လည်၀င်စားရင်း အခက်အခဲဒုက္ခများစွာ တွေ့ကြုံခံစားခဲ့ရသည်။ သူမ၏ တိုက်ကွက်များသည် ကောင်းကင်နတ်အရှင်ယွဲ့ဆီမှသာ သင်ယူထားခဲ့ခြင်းမဟုတ်ပေ။
အမှန်တွင် သူမ တပည့်ဝင်ခံခဲ့သော ဂိုဏ်းများကား ရေတွက်၍ပင်မရနိုင်ချေ။
သူမသည် သီလရှင်တစ်ဦးအနေဖြင့် ဗုဒ္ဓလမ်းစဉ်တွင်လည်း အားထုတ်ခဲ့ဖူးသလို၊ တာအိုရသေ့မတစ်ဦးအနေဖြင့်လည်း တာအိုလမ်းစဉ််အား လိုက်စားခဲ့ဖူးသည်။ ကောင်းကင်နတ်အရှင်များနှင့် ကျန်ကောင်းကင်ဆရာသခင်များ၏ လက်အောက်တွင်လည်း တပည့်အဖြစ် သင်ယူခဲ့ဖူးသည်။
ပိုင်ယွီကျင့်၏ ဦးခေါင်းနောက်တွင် ကောင်းကင်နန်းဆောင်များ တစ်ခုပြီးတစ်ခု ဖွဲ့တည်လာကာ သူမ၏ အရှိန်အဝါကို အထွတ်အထိပ်သို့ တခဏချင်း ရောက်ရှိသွားစေသည်။ ဤအမျိုးသမီးသည် အင်အားအလုံးစုံ ထုတ်ဖော်လိုက်သည့်အခါ နတ်သက်ကြွေလာသကဲ့သို့ အလွန်တရာ လှပတင့်တယ်နေတော့၏။
“ကောင်းကင်ဆရာသခင်လေးပါးထဲမှာ ငါက ဉာဏ်အရာမှာ အစွမ်းထက်ဆုံး မဟုတ်ပေမယ့် အတိုက်အခိုက်စွမ်းရည်အရာမှာတော့ ကျန်တဲ့ကောင်းကင်ဆရာသခင်တွေ ငါနဲ့ မယှဉ်နိုင်ဘူး”
တခဏတွင် သူမက နေရာဟင်းလင်းပြင်ကို လိပ်ခေါက်လျက် ဟင်းလင်းပြင်ကြေးမုံပုံရိပ်များ ဖွဲ့တည်လိုက်သည်။ ကြေးမုံပုံရိပ်များထဲရှိ ပိုင်ယွီကျင့်တွင် မတူညီသော ကောင်းကင်နန်းဆောင်များ ရှိကြ၏။ တစ်ချိန်တည်းမှာပင် သူမက စိတ်နှလုံးမိစ္ဆာများဖြစ်ကြသည့် ကောင်းကင်ယင်သားတော်၊ ကျစ်ရှီနှင့် ချင်မူတို့အား တိုက်ခိုက်လိုက်သည်။
အခြားတစ်ဖက်တွက် ချင်မူက သူ့ဆီ လာနေသော သူ၏စိတ်နှလုံးမိစ္ဆာ လန်ယွီတျန်းအား ကြည့်နေ၏။
ရှင်းရှင်းဆိုရလျှင် ကောင်းကင်နတ်အရှင်ယွီသည် သူ၏စိတ်နှလုံးမိစ္ဆာမဟုတ်၊ ဖက်တီးလေးလန်ယွီတျန်းကသာ သူ၏စိတ်နှလုံးမိစ္ဆာပင်။
“ဒီလောကမှာ အစက လောကသခင်ခန္ဓာနှစ်ခု ရှိခဲ့တယ်… ဒါပေမဲ့ အသန်မာဆုံးလူက တစ်ယောက်တည်းပဲ”
ချင်မူသည် စိတ်အေးအေးထား၍ စိတ်နှလုံးမိစ္ဆာကို ကြည့်နေရင်း အသံကို နှိမ့်ကာ ပြောနေ၏။ “ရွာလူကြီးက လောကသခင်ခန္ဓာကို အသုံးချပြီး ငါ အားတက်လာအောင်၊ ယုံကြည်ချက်ရှိလာအောင်၊ ဘယ်တော့မှ လက်မလျှော့တတ်အောင် လုပ်ပေးခဲ့တယ်... ဟီးဟီး... ဒါပေမဲ့ ဒီလောကသခင်ခန္ဓာ ကောလဟာလတွေ ထွက်လာတာက ငါ့ကြောင့်ပဲ … ငါက နဂါးဟန်ခေတ်၊ ချုံဧကရာဇ်ခေတ်တို့ဆီ အချိန်ကူးပြောင်းသွားခဲ့ရင်း လောကသခင်ခန္ဓာအကြောင်း ၊ ငါ့အကြောင်း ဒဏ္ဍာရီယုံတမ်းစကားတွေကို ချန်ထားခဲ့မိတာ”
သူ၏စိတ်နှလုံးမိစ္ဆာ လန်ယွီတျန်းက ဝီခနဲ အသံနှင့်အတူ ကောင်းကင်ရတနာနယ်ပယ်အား ဖွင့်လိုက်သည်။ ၎င်းက သူနှင့်ဆင်တူသော်လည်း သိုင်းလမ်းစဉ်ကတော့ လုံး၀ဆန့်ကျင်ဘက်ဖြစ်၏။
စိတ်နှလုံးမိစ္ဆာလန်ယွီတျန်းသည် မျက်နှာလေးဖက်နတ်ဘုရားကြီးအလား ဟာကွက်မရှိပေ။ သူ့စွမ်းအားမှာ ချင်မူနှင့် ထပ်တူနီးပါး ကျနေသည်။
“တကယ်တော့ လောကသခင်ခန္ဓာဆိုတာ လုံးဝ မရှိဘူး”
ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်လည်း ပေါ်ထွက်လာပြီး သူ၏အကြည့်များက တဝင်းဝင်း တောက်ပနေသည်။ သူသည် ယုံကြည်ချက်အပြည့် ရှိနေ၏။ “ရှိရင်လည်း ငါတစ်ယောက်ပဲ ရှိနိုင်တယ်… နဂါးဟန်ခေတ်ကနေ ဒီနေ့အထိ ငါ့လိုလူ တစ်ယောက်မှမရှိဘူး”
ဝုန်း…
ကောင်းကင်ရတနာနယ်ပယ်နှစ်ခု ဝင်တိုက်သွားပြီး နယ်ပယ်နှစ်ခုကြားရှိ ပွတ်တိုက်မှုမှာ စကြဝဠာနှစ်ခု အချင်းချင်း ဝင်တိုက်၍ ဖျက်စီးနေကြသည့်ပမာ ပြင်းထန်လှသည်။
ချင်မူက တဟားဟား ရယ်လိုက်သည်။ သူ၏ကောင်းကင်ရတနာနယ်ပယ်ထဲတွင် ထိုက်ချူကျောက်တုံးတွင်း၊ ထိုက်ကျိကျောက်တုံးတွင်း၊ ထိုက်စုကျောက်တုံးတွင်းနှင့် ထိုက်ရှီကျောက်တုံးတွင်းတို့က တဖျတ်ဖျတ် ထွန်းလင်းလာသည်။ ကျောက်တုံးတွင်းလေးတွင်းမှာ မဟာတာအိုဖြင့် လွမ်းခြုံခံထားရကာ နတ်အလေးတန်းများ ကွန့်မြူးဖြာထွက်လာ၏။ မဟာတာအိုလေးခု၏ စွမ်းအားက သူ့ထံသို့ ဦးတည်စုစည်းလာကြချေပြီ။
‘ဒီမဟာလေဟာနယ် မိစ္ဆာကျတ်ကုန်းဆိုတာ တခြားလူတွေရဲ့ နှလုံးသားထဲက မိစ္ဆာတွေကို ဖွဲ့တည်လာစေတဲ့ မပြီးပြည့်စုံသေးတဲ့ အသိစိတ်အလျဉ်မဟာတာအိုတစ်ခု သက်သက်ပဲ”
ချင်မူ၏ ကြွက်သားများသည် ဖောင်းကြွတင်းမာလာကြပြီး သူက စိတ်နှလုံးမိစ္ဆာ လန်ယွီတျန်း၏ ဘိုးဘေးနန်းတော်ဆီသို့ အားဖြင့် ထိုးချလိုက်သည်။ “ဒါပေမဲ့ ငါ့နှလုံးသားထဲက မိစ္ဆာကို ပြည့်ပြည့်စုံစုံ ဖော်ထုတ်လို့မရဘူး… ဘာလို့လဲဆိုတော့ ငါ့မဟာတာအိုက အသိစိတ်အလျဉ်မဟာတာအိုထက် ကျော်လွန်မြင့်မားနေလို့ပဲ”
စိတ်နှလုံးမိစ္ဆာ လန်ယွီတျန်းကလည်း စွမ်းအားအလုံးစုံကို စုစည်းလိုက်ရာ မဟာတာအိုသည် တာအိုတစ်သောင်း ပဲ့တင်ထပ်နေသကဲ့သို့ မြည်ဟီးသွား၏။ သို့သော် နောက်တစ်ခဏတွင် ကမ္ဘာဦးဓားရောင်တစ်ချက်က ပျံသန်းလာကာ သူ့အား နှစ်ခြမ်း ပိုင်းဖြတ်လိုက်သည်။
ချင်မူ လက်ကို လွှဲရမ်းလိုက်သည့်အခါ ဓားကျိုးသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ သူက ဓားကို ဓားအိမ်ထဲသို့ ထည့်၍ ခပ်ပြတ်ပြတ် ပြောသည်။ “ငါ သတ်လိုက်တာက စိတ်နှလုံးမိစ္ဆာ လန်ယွီတျန်းမဟုတ်ဘူး… နောက်ထပ် ငါတစ်ယောက်ပဲ… မပြီးပြည့်စုံတဲ့ ငါပေါ့”
ဓားကျိုးသည် ဓားအိမ်ထဲသို့ ဂျောက်ခနဲ ပြန်ဝင်သွားပြီး ထိုအသံမှာ ပဲ့တင်ထပ်သွားသည်။
စိတ်နှလုံးမိစ္ဆာ လန်ယွီတျန်းသည် အမှန်တကယ်တော့ ချင်မူနောက်တစ်ယောက်သာ ဖြစ်၏။
မည်သူမှ သူ့ကို မတုပနိုင်ချေ။ မဟာတာအိုမိစ္ဆာကျတ်ကုန်းပင် မတုပနိုင်။
ချင်မူ လွန်ခဲ့သည့် နှစ်တစ်သန်းတုန်းက နဂါးဟန်ခေတ်သို့ ပြန်သွားခဲ့သည့်အချိန်မှစ၍ သမိုင်းကြောင်းတလျှောက် ကျန်ရစ်ခဲ့သော လောကသခင်ခန္ဓာနှင့် ပတ်သက်သည့် ဒဏ္ဍာရီများမှာ သူ့အကြောင်းများသာ ဖြစ်ကြသည်။
ဤလောကတွင် လောကသခင်ခန္ဓာဟူ၍ မရှိပေ။ ရှိလျှင်တောင်မှ သူတစ်ယောက်တည်းသာ ပိုင်ဆိုင်နိုင်သည်။
သူ၏ တစ်ခုတည်းသော လောကသခင်ခန္ဓာမှာလည်း သေမျိုးခန္ဓာကိုယ်၊ သာမန်သေမျိုးတစ်ယောက်သာ ဖြစ်သည်။
သူ့တွင် ဝိညာဉ်လည်း မရှိသလို၊ ရုပ်ခန္ဓာမှာလည်း သူ၏အစ်ကိုထံမှ ငှားရမ်းထားရခြင်းဖြစ်သည်။
သို့သော် သူကား ထူးခြားသည်။ ပြိုင်ဘက်ကင်းသည်။ တစ်လောကလုံးတွင် သူ တစ်ယောက်သာ ရှိနိုင်သည်။
ချင်မူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်အေးဆေးနေပြီး မျက်နှာထက်တွင် အပြုံးတစ်ပွင့်က နေရာယူထားလေသည်။ စိတ်နှလုံးမိစ္ဆာ လန်ယွီတျန်း သေဆုံးသွားပြီးနောက် စိတ်နှလုံးမိစ္ဆာ လန်ယွီတျန်းနောက်တစ်ယောက် မမွေးဖွားလာတော့ပေ။
ချင်မူ၏ တာအိုနှလုံးသားသည် ထူးကဲပြောင်မြောက်ပြီး မဟာတာအိုတေးသံတစ်သံက သူ၏တာအိုနှလုံးသားမှ ပျံ့လွင့်လာ၏။
သူ့နှလုံးသားထဲတွင် မည်သည့်စိတ်နှလုံးမိစ္ဆာမှ မရှိတော့။