← Chapters

ရန်သူတွေနဲ့ တွေ့ပြီ

Vol. 96 Ch. 1253

ရန်သူတွေနဲ့ တွေ့ပြီ

Vol. 96 Ch. 1253

ပိုင်ယွီကျင့်၏ စိတ်နှလုံးမိစ္ဆာများနှင့် တိုက်ပွဲမှာ ချင်မူ့လောက် လွယ်ကူမနေပေ။ မဟာလေဟာနယ် မိစ္ဆာကျတ်ကုံးက ထိုက်ချူ၊ ထိုက်စု၊ ထိုက်ရှီနှင့် ထိုက်ချီတို့၏ တာအိုကို ပြည့်စုံစွာ မဖန်တီးနိုင်ရာ ချင်မူ၏ စိတ်နှလုံးမိစ္ဆာမှာ လန်ယွီတျန်းလောက် မသန်မာပေ။

သို့သော် ပိုင်ယွီကျင့်မှာမူ အသိစိတ်အလျဉ်မဟာတာအိုကို မကျွမ်းကျင်သည့်အတွက် ဤတိုက်ပွဲမှာ အလွန့်အလွန် ခက်ခဲလှသည်။

သူမ၏စိတ်နှလုံးမိစ္ဆာထဲတွင် အစိမ်းဆုံးသူမှာ ချင်မူ ဖြစ်သည်။ ကောင်းကင်ယင်သားတော်နှင့် နှစ်ထောင်သောင်းပေါင်းများစွာ တိုက်ခိုက်ခဲ့ရသဖြင့် ပိုင်ယွီကျင့်သည် သူ့အား မကြောက်ပေ။

ကောင်းကင်ဆရာသခင်ကျစ်ရှီနှင့်ပတ်သက်၍မူ သူမ၏ နှလုံးသားထဲတွင် မြတ်နိုးလေးစားမှုသာ ပြည့်နှက်နေသည်။ သူမ၏ ပါရမီနှင့် တင့်တယ်လှပမှုကို သူမ လေးစားအားကျမိသည်။ သို့သော် ဘက်ချင်းမတူသည့်အခါ မနီးစပ်နိုင်ခဲ့ရုံသာ ရှိသည်။

အမှန်တကယ်တွင် သူမက အကြောက်ဆုံးကား ချင်မူပင်။

ချင်မူ သူမ၏အသိစိတ်အလျဉ်ကို ဖျက်စီးရင်း တောင်နတ်မင်း၏ ဝိညာဉ်အား နှိုးနိုင်သွားမည်ကို သူမ ကြောက်သည်။ သူမဆိုသည်က ပျောက်ကွယ်သွားပြီး တောင်နတ်မင်း ဖြစ်သွားရမည်ကို ကြောက်သည်။

တောင်နတ်မင်း၏ ရှည်လျားလှသော သမိုင်းကြောင်းတွင် သိမ်နုပ်လှသော သူမ၏အသိစိတ်လျဉ်‌လေးမှာ ပင်လယ်ပြင်မှ ရေတစ်စက်ကဲ့သို့ အရေးမပါပေ။

သို့သော် ပိုင်ယွီကျင်အနေဖြင့်မူ သူမတွင် ပြည့်စုံသော ကိုယ်ပိုင်ဘဝတစ်ခု ရှိ၏။ ကိုယ်ပိုင်ချစ်ခြင်း၊ မုန်းခြင်းနှင့် အတွေးအမြင်များကိုလည်း ပိုင်ဆိုင်သည်။

တောင်နတ်မင်း၏ ရှည်လျားသော သမိုင်းထဲမှ စာမျက်နှာလေး တစ်ရွက်သာ သူမ ဖြစ်မလာလိုပေ။

ထို့ကြောင့် ချင်မူ၏ ကောင်းကင်နတ်သိုင်းကို ကြောက်လန့်လာခဲ့ပြီး သူမ သေဆုံးပျောက်ကွယ်သွားရမည်ကို ကြောက်ရွံ့နေခဲ့ရသည်။

ထို့ကြောင့် သူမသည် စိတ်နှလုံးမိစ္ဆာသုံးဦး၏ တိုက်ကွက်များကို ရင်ဆိုင်တိုက်ခိုက်ရာတွင် စိတ်နှလုံးမိစ္ဆာချင်မူ၏ တိုက်ကွက်များကို အမြဲရှောင်တိမ်းခဲ့သည်။ သူ့အား တိုက်ရိုက်တိုက်ခိုက်လျှင် ထောင်ချောက်ထဲ ရောက်သွားမည်ကို စိုးရိမ်နေမိ၏။

ချင်မူက ဘေးမှာ တခဏ ကြည့်နေပြီး အော်ဟစ်လိုက်သည်။ “တတိယကောင်းကင်ဆရာသခင်၊ ကျွန်တော့်ကို အရင်တိုက်… ဒီချင်မူမှာ ကျွန်တော့်ရဲ့ သိုင်းကွက်တွေ မရှိဘူး… သူက ကျွန်တော်ရဲ့ ဘဝပြန်ဝင်စားကောင်းကင်နတ်သိုင်းကို မသိထားဘူး”

“တကယ်လား”

ပိုင်ယွီကျင့်မှာ သူ့အသံကြားလျှင် အားတက်သွားကာ အံ့သြဝမ်းသာသွားတော့သည်။ ထို့နောက် ပိုင်ယွီကျင့်ထံမှ ကောင်းကင်နတ်သိုင်းတစ်ခု ပျံထွက်သွားပြီး စိတ်နှလုံးမိစ္ဆာ ချင်မူမှာ သူမ၏ ကောင်းကင်နတ်သိုင်းကြောင့် အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲခံလိုက်ရ၏။

ချင်မူ့မျက်နှာကြီး မည်း‌မှောင်သွားသည်။ “ကြည့်ရတာ တတိယကောင်းကင်ဆရာသခင်က ငါ့အပေါ် အငြိုးတစ်ခု ရှိနေတဲ့ပုံပဲ…”

စိတ်နှလုံးမိစ္ဆာချင်မူကို သတ်ပြီးနောက် ပိုင်ယွီကျင့်ကား အားကုန်ထုတ်တော့သည်။ ကောင်းကင်နတ်သိုင်းမျိုးစုံသည် အဆက်မပြတ် ပြောင်းလဲနေသလို၊ သူမ၏ခန္ဓာကိုယ်ကလည်း ခန့်မှန်းမရနိုင်အောင် ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေ၏။ နေရာဟင်းလင်းပြင်ကောင်းကင်နတ်သိုင်းများ၊ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းများ၊ သင်္ချာကောင်းကင်နတ်သိုင်းများ၊ ဗုဒ္ဓကောင်းကင်နတ်သိုင်းများ၊ နဂါးကောင်းကင်နတ်သိုင်းများ၊ ဇာမဏီကောင်းကင်နတ်သိုင်းများအပြင် မြောက်နတ်မင်းကောင်းကင်နတ်သိုင်း၊ တောင်နတ်မင်းကောင်းကင်နတ်သိုင်းနှင့် အခြားကောင်းကင်နတ်အရှင်များ၏ ကောင်းကင်နတ်သိုင်းများ တပြိုင်နက်တည်း အသက်သွင်းခံလိုက်ရသည်။

မကြာမီ ကောင်းကင်ယင်သားတော်သည် ပိုင်ယွီကျင့်ကြောင့် ဒဏ်ရာ အပြင်းအထန် ရသွား၏။

ချင်မူ့ကို အနည်းငယ် စိတ်ကျေနပ်သွားစေသည့် အရာမှာ စိတ်နှလုံးမိစ္ဆာကောင်းကင်ယင်သားတော်၏ သေဆုံးမှုက ချင်မူ့ထက်ပင် ဆိုးရွားခြင်း ဖြစ်သည်။ သိသိသာသာပင် ပိုင်ယွီကျင့်သည် ကောင်းကင်ယင်သားတော်အား ပိုမိုမုန်းတီး၏။

သို့သော် ပိုင်ယွီကျင့်က စိတ်နှလုံးမိစ္ဆာကျစ်ရှီကို မသတ်ပေ။ ချင်မူမှာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။

သူမသည် သူ့ကို မသတ်ရုံသာမက နူးညံ့ညင်သာနေပြီး အမြဲရန်စနေ၏။

ပိုင်ယွီကျင့်၏ အစွမ်းအစရ စိတ်နှလုံးမိစ္ဆာကျစ်ရှီကို သတ်ဖြတ်ရန် မခက်ခဲပေ။

ချင်မူမှာ မယုံသင်္ကာဖြစ်လာသည်။ ပိုင်ယွီကျင့်၏ မျက်ဝန်းများသည် ရေကြည်များကဲ့သို့ ကြည်လင်အေးချမ်းကာ ဝင်းလက်နေ၏။ သူမကား ကျစ်ရှီနှင့် သူသေကိုယ်သေ တိုက်ခိုက်နေပုံမပေါ်ဘဲ ချစ်သူနှစ်ယောက် ကလူကျီစယ်နေပုံပေါက်နေတော့သည်။

ချင်မူမှာ ပို၍ပင် သံသယဝင်လာပြီး စိုးရိမ်ပူပန်လာသည်။ ကောင်းကင်နတ်သိုင်းများ ဝင်တိုက်သွားသည့်အသံက အရှေ့မှ ပျံ့လွင့်လာရာ ကောင်းကင်နတ်အရှင်ဟောင်ကို ရှာဖွေနေကြသူများ ပို၍ဝေးဝေးလံလံ ရောက်သွားကြပြီဖြစ်ကြောင်း ထင်ရှားသည်။

တခြားသူများ ကောင်းကင်နတ်အရှင်ဟောင်ကို ရှာတွေ့သွားပြီး သတ်မည့်အစား ကယ်တင်ခဲ့လျှင် သူတို့ကြိုးစားခဲ့သမျှအားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။

“ပိုင်ယွီကျင့်က ကောင်းကင်ဆရာသခင်ကျစ်ရှီကို စိတ်ဝင်စားနေတဲ့ပုံပဲ…”

ချင်မူမှာ သူမကို ကြည့်လေလေ ပို၍ပင် သံသယမကင်းဖြစ်လာလေလေပင်။ ပိုင်ယွီကျင့်၏ မျက်ဝန်းများထဲရှိ နူးညံငြင်သာမှုများက လျှံ၍ပင် ကျပေတော့မည်။ သူမသည် ကျစ်ရှီကို မသတ်ဘဲ အချိန်ဖြန်းနေချေသည်။

“ပိုင်ယွီကျင့်က သက်တမ်းနှစ်ရာကျော် နေလာခဲ့တဲ့သူပါ… အတွေ့အကြုံ ရင့်သန်နေပြီလို့ ပြောလို့ရတယ်… ကောင်းကင်ဆရာသခင်ကျစ်ရှီ ရုပ်ဖျက်ထားတာကို မသိတာက တကယ် ဟုတ်ပါ့မလား”

ချင်မူက ချောင်းဟန့်ကာ သတိပေးလိုက်သည်။ “ကောင်းကင်ဆရာသခင်ပိုင်၊ ကောင်းကင်ဆရာသခင်ကျစ်ရှီက တကယ်ကို အစွမ်းထက်ပြီးတော့ ထူးကဲပြောင်မြောက်လှတဲ့ ပြိုင်ဘက်တစ်ယောက်ပါပဲ… ဒီအမျိုးသမီးရဲ့ နာမည်အရင်းက ယန်ယွင်ရှီတဲ့… သူက ယောက်ျားလို ဝတ်ပြီး တခြားသူတွေရဲ့ ခံစားချက်တွေကို ကစားနေတဲ့ မိန်းမတစ်ယောက်ပါ… သူက ခိုင်ဧကရာဇ်လက်အောက်မှာ အကောက်ကျစ်ဆုံးလူတစ်ယောက်ပဲ… ဆိုတော့ လွှတ်ပေးလို့မဖြစ်ဘူး… ကျွန်တော် ကူညီပါရစေ”

ပိုင်ယွီကျင့်မှာ ထိုစကားကို ကြားသောအခါ စိတ်ရှုပ်ထွေးသွားသည်။ သူမသည် စိတ်နှလုံးမိစ္ဆာ၏ အငိုက်မိသွားပြီး အသက်အဖြတ်ဝင်္ကပါထဲသို့ပင် ကျရောက်မတတ် ဖြစ်သွား၏။ သူမက အသည်းအသန် ရုန်းထွက်လိုက်ပြီး ဒေါသူပုန်ထ‌သွားလေသည်။ “ယန်ယွင်ရှီတဲ့လား.. ယောက်ျားယောင်ဆောင်ထားတဲ့ မိန်းမတစ်ယောက်… ငါ့ခံစားချက်တွေကို ကစားဖို့ ကြံစည်နေတာပေါ့လေ”

ချင်မူက ပိုင်ယွီကျင့် စိတ်ထိန်းလိုက်နိုင်သည်ကို တွေ့သဖြင့် စိတ်သက်သာရာရသွားသည်။ စိတ်နှလုံးမိစ္ဆာကျစ်ရှီ၏ သေဆုံးခြင်းမှာ ကောင်းကင်ယင်သားတော်နှင့် ချင်မူ့ထက် အဆတစ်ရာ ပို၍ပင် ဆိုးရွားလေသည်။

ပိုင်ယွီကျင့် လမ်းလျှောက်လာသည်။ သူမမှာ မျက်နှာတည်နေပြီး စိတ်မကြည်သည်မှာ သိသာလှသည်။ သူမက စိတ်မဝင်စားဟန်ဖြင့် ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ မြန်မြန်သွားကြစို့… တခြားသူတွေ ဦးမသွားစေနဲ့”

ချင်မူလည်း မည်သည်မှမပြောဘဲ သူမနောက်မှ တိတ်တဆိတ် လိုက်လာသည်။

ပိုင်ယွီကျင့်ကလည်း စကားမဟချေ။ ချင်မူ သူမအား ခိုးကြည့်လိုက်ရာ ပါးပြင်ထက်၌ မျက်ရည်များ စီးကျနေကြောင်း တွေ့လိုက်ရသည်။

ချင်မူမှာ ရင်တုန်သွားပြီး စကားစရန် ပြင်လိုက်သော်လည်း မည်သည့်အသံမှ ထွက်မလာပေ။

“ကလိမ်ကကျစ်… ယန်ယွင်ရှီ…” ပိုင်ယွီကျင့်က အံတင်းတင်း ကြိတ်လိုက်သည်။ သူမ၏ အသတ်အဖြတ်စိတ်ဆန္ဒက ချောက်နက်ကြီးတစ်ခုထဲ ကျဆင်းသွားသကဲ့သို့ ပြင်းထန်လာရာ ချင်မူ့အား ကြက်သီးမွှေးညင်းများ ထလာစေတော့သည်။

“ဟဲဟဲ...

ချင်မူက ခြောက်ကပ်ကပ် ရယ်နေသော်လည်း မျက်ခုံးလှုပ်နေပြီး စိတ်ထဲမှ တွေးနေသည်။ ‘ကောင်းကင်ယင်သားတော်က တိရီယွဲ့ကို လှည့်စားဖျားယောင်းပြီး နာကျင်စေခဲ့တယ်… ယန်ယွင်ရှီက ခံစားချက်တွေကို ကစားပြီး ပိုင်ယွီကျင့်ကို စိတ်ယိုင်စေခဲ့တယ်… သူတို့နှစ်ယောက်တော့ ဒုက္ခရောက်တော့မှာပဲ… ဒါပေမဲ့ ယန်ယွင်ရှီက ခိုင်ဧကရာဇ်ရဲ့ ဒုတိယကောင်းကင်ဆရာသခင် ဖြစ်နေသေးတာဆိုတော့ သူ့ကို ကြိုပြောပြီး စိတ်ပြင်ဆင်ခိုင်းထားရမယ်… ယန်ယွင်ရှီဆိုမှ သူက ခိုင်ဧကရာဇ်ကို အုပ်ချုပ်မှုရေးရာကိစ္စတွေ ကူညီပေးနေတာဆိုတော့ ငါ သူနဲ့ အခုထိ မတွေ့ရသေးဘူး…’

သူ ထိုသို့တွေးနေစဉ်မှာပဲ မြည်းတစ်ကောင်၏ အော်သံက အရှေ့မှ ထွက်လာသည်။ “ဒေါသအိုးးးးးး... ကြောင်ငမဲလုံး၊ အစ်ကိုကြီးနျိုစန်းသော… မင်းတို့တွေ အသုံးမကျဘူး… ကောင်းကင်နတ်ဘုံရဲ့ လက်ထောက်ဝန်မင်းကိုတောင် အနိုင်မယူနိုင်ဘူးတဲ့ .. ငါ့အစွမ်းကို ကြည့်လိုက်စမ်း”

ချင်မူ့မျက်နှာကြီး ပျက်ယွင်းသွားတော့သည်။ ဤမြည်း၏အသံကား ယန်ယွင်ရှီ၏ စီးတော်မြည်း၊ မိစ္ဆာဘုရင်လီကျန့်၏ အော်သံကြီးပင် မဟုတ်ပေလား။

‘သေပါတော့’ သူ့မှာ စိတ်ထဲမှ တွေးလိုက်မိသည်။

လီကျန့်သာ ဤနေရာတွင် ဆိုလျှင် ယန်ယွင်ရှီလည်း ဤနေရာတွင် ဖြစ်ပေလိမ့်မည်။

သူ့မှာ စိတ်နှလုံးမိစ္ဆာကျစ်ရှီ မည်သို့သေခဲ့ရသည်ကို ပြန်တွေးမိရင်း ကြက်သီးများ တဖြန်းဖြန်း ထလာတော့သည်။

ပိုင်ယွီကျင့်၏ မျက်နှာကလည်း မည်းမှောင်အေးစက်နေပြီး အသတ်အဖြတ်စိတ်ဆန္ဒလည်း ပို၍အားကောင်းလာသည်။

“ကောင်းကင်ဆရာသခင်ပိုင်ယွီကျင့် ကောင်းကင်ဆရာသခင်ကျစ်ရှီကို တိုက်ခိုက်တဲ့အချိန်ကျရင် ငါ အဝေးကြီးမှာ ပုန်းနေမှ ဖြစ်မယ်… ငါ ဖော်ကောင်မလုပ်ခဲ့သလို ဟန်ဆောင်နေမှ အိုးစားမကွဲမှာ”

ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် အော်လိုက်သည်။ “ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီရဲ့ ခေါင်းက ဒီမှာပဲ… အားလုံး သတိထားကြ.. ကောင်းကင်နတ်အရှင်ဟောင်က အနီးနားမှာ ရှိလောက်တယ်”

ချင်မူမှာ အံ့သြဝမ်းသာသွားသည်။ ‘ကောင်းကင်နတ်အရှင်ဟောင်က အနားမှာတဲ့လား… ကြည့်ရတာ သူ ဒီတစ်ခါတော့ ပြေးမလွတ်လောက်တော့ဘူး”

သူနှင့် ပိုင်ယွီကျင့်က အလျင်အမြန် ရှေ့သို့ ‌လျှောက်သွားကြသည်။ လမ်းတလျှောက်တွင် ဧရာမအလောင်းကြီးများသည် စိတ်နှလုံးမိစ္ဆာများကို ဦးဆောင်လျက် မြေပေါ်တွင် တွားသွားရင်း တိုက်ခိုက်နေကြ၏ ချင်မူနှင့် ပိုင်ယွီကျင့်က တိုးဝှေ့လျက် ၀င်သွားကြသည်။

ချင်မူက စိတ်နှလုံးမိစ္ဆာများကို တိုက်ခိုက်ပြီး ပိုင်ယွီကျင့်က အလောင်းများကို တိုက်ခိုက်ပေးသည်။ နှစ်ယောက်သား အားကုန်ထုတ်၍ မိစ္ဆာတောင်တန်းများ မိစ္ဆာပင်လယ်များကြားမှ ချွေးတရွှဲရွှဲ၊ သွေးတရဲရဲဖြင့် လမ်းဖောက်ထွက်လာခဲ့ကြသည်။ မီးတောင်များကို ဖြတ်ကျော်၍ မီးပင်လယ်များ ဖြတ်ကူးရင်း ထူထပ်သိပ်သည်းလှသော မီးခိုးလုံးကြီးများမှ လျှောက်သွားပြီး စိတ်နှလုံးမိစ္ဆာများစွာကို ရင်ဆိုင်ခဲ့ရသည်။ သေဆုံးနေသည့် အလောင်းများကိုလည်း မြင်ရသည်။

ထိုမျှသာမက ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာများသာမက ဖန်ဆင်းရှင်တို့၏ အလောင်းများကိုလည်း တွေ့မြင်ခဲ့ရ၏။ အားလုံးသည် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြကြောင်း သိသာပေသည်။

သူ့အရှေ့တွင်ကား ကောင်းကင်နတ်အရှင်ယွီ၏ ဦးခေါင်းပင်။ ဦးခေါင်းသည် အစက ဂြိုဟ်တစ်လုံးပမာ ကြီးမားခဲ့သော်လည်း ယခုမူ အဆပေါင်းများစွာ ကျုံ့၀င်သွားခဲ့၏။ သို့သော် တောင်တစ်လုံးအရွယ်တော့ ရှိသေးလေသည်။

ဦးခေါင်းက တောင်များကို ဖိချေလျက် ထိုနေရာတွင် လဲကျနေသည်။

ကောင်းကင်နတ်အရှင်ဟောင်သည် ကျန်ရှိသည့် မှော်စွမ်းအင်ကို သုံးကာ ဤ‌ဦးခေါင်းအား ဤနေရာသို့ ရောက်လာစေခဲ့ခြင်း ဖြစ်ပေမည်။ ထို့နောက် မှော်စွမ်းအင်ကို မထိန်းချုပ်နိုင်တော့သလို၊ တာအိုနှလုံးသားလည်း အထိန်းအကွပ်မဲ့သွားခဲ့လိမ့်မည်။

ကောင်းကင်နတ်ဘုံ၊ ရွှင်ပျော်ပျော်ကျေးရွာနှင့် ဖန်ဆင်းရှင်များအနက် ဤနေရာသို့ ရောက်လာဖူးသူ များများစားစား မရှိသော်လည်း ရောက်လာကြသူအားလုံးသည် ထိပ်သီးပုဂ္ဂိုလ်များဖြစ်ကြ၏။ စုစုပေါင်း အယောက် ၅၀ သာ ရှိပြီး အများစုမှာ ကျောက်စိမ်းမြို့တော်၊ ‌နတ်ကောင်းကင်ခန်းမနှင့် ဧကရာဇ်ပလ္လင်အဆင့်များ ဖြစ်ကြ၏။ သူ‌တို့နောက်တွင် ကောင်းကင်နန်းဆောင်များ မြောလွင့်နေကြသည်။

သူတို့က သတိအနေအထားဖြင့် အချင်းချင်း စိုက်ကြည့်နေကြသည်။ ဤနေရာတွင် အဆင့်မြင့်သိုင်းပညာရှင်များစွာ ရှိနေကြသည်မဟုတ်ပါလော။ တန်ခိုးရှင်သစ်ခုတ်သမားမှလွဲ၍ မည်သူ့ကိုမှ လျှော့တွက်ထား၍မရပေ။

ထိုမောက်မာသည့် မြည်းကိုပင် လျှော့တွက်၍မရ။

All Chapters