ကောင်းကင်နတ်အရှင်ဟောင်၏ ပရိယာယ်
Vol. 96 Ch. 1254
ချင်မူနှင့် ပိုင်ယွီကျင့်လည်း အဝေးမှ လှမ်းကြည့်လိုက်ရာ ကောင်းကင်နတ်ဘုံစစ်တပ်သည် စခန်းနှစ်ခုကွဲနေကြောင်း တွေ့လိုက်ရ၏။ တစ်ဖက်တွင် အရောင်နတ်မင်းလေးပါးအနက်မှ ဇာမဏီနတ်မင်းချီရှားယွီ ဖြစ်ပြီး တစ်ဖက်မှာတော့ ကောင်းကင်ဧကရာဇ်လေးပါးအနက်မှ ရှီမူဟုန်း ရှိနေသည်။
သူတို့နှင့် ဆန့်ကျင်ဘက်တွင်ကား ခိုင်ဧကရာဇ်လက်အောက်မှ ကောင်းကင်ဆရာသခင်သုံးပါး ဖြစ်ကြသည်။ ပထမကောင်းကင်ဆရာသခင် တန်ခိုးရှင်သစ်ခုတ်သမား၊ ဒုတိယကောင်းကင်ဆရာသခင် ယန်ယွင်ရှီနှင့် တတိယကောင်းကင်ဆရာသခင် သိုင်းဘုရင်ကွမ်းချာနှင့် ဆရာသခင်သုံးယောက် စီးနင်းရာသတ္တဝါသုံးကောင်တို့ ရှိကြသည်။
သူတို့အပြင် ရှုကျုံးနှင့် ခန်းနွီတို့လည်း ရောက်နေကြသည်။
သူတို့တစ်ယောက်ချင်းစီသည် တပ်ဖွဲ့ကိုယ်စီဖြင့် ထွက်လာခဲ့သော်လည်း လမ်းတွင် အထိအခိုက်အကျအဆုံး များခဲ့၏။ ရှုကျုံးနှင့် ခန်းနွီမှာလည်း ဖန်ဆင်းရှင်တချို့ ခေါ်လာခဲ့ကြသော်လည်း ဒဏ်ရာရခဲ့ကြသည်။ လမ်းတလျှောက် သေဆုံးခဲ့သူ အတော်များပြားခဲ့သည့်အပြင် မဟာလေဟာနယ်မြေပြင်သို့ ဝင်ရောက်ခဲ့သည့်ချိန်တွင်လည်း နောက်ထပ်တစ်ဖွဲ့ သေဆုံးခဲ့ရသည်။
တန်ခိုးရှင်သစ်ခုတ်သမား၊ ယန်ယွင်ရှီနှင့် သိုင်းပညာစရာသခင်တို့သာ ရွှင်ပျော်ပျော်ကျေးရွာ၏ အဆင့်မြင့်သိုင်းပညာရှင်များအား ခေါ်မလာခဲ့ကြပေ။
ပိုင်ယွီကျင့်မှာ ယန်ယွင်ရှီအား မြင်သောအခါ မျက်ဝန်းများ၌ မီးဝင်းဝင်းတောက်လာတော့သည်။ သို့သော် သူမနှင့် ချင်မူမှာ ကောင်းကင်နတ်အရှင်ဟောင်ကို သတ်ဖြတ်ရန် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သဖြင့် မျက်နှာထွက်ပြရန် မသင့်တော်ပေ။ နေရာဟင်းလင်းပြင်သိုင်းကွက်များကို သာသုံး၍ ပုန်းခိုနေနိုင်၏။
သူမ၏ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းထဲမှတစ်ဆင့် ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကို ဖွင့်ကာ ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။ ရုတ်တရက် သူ၏ရင်ထဲတွင် မွန်းကြပ်သွားလေသည်။
သူ၏တတိယမျက်လုံး၏ အကြည့်အောက်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ဦးခေါင်းအား မှန်ဘီလူးဖြင့် ချဲ့ထားသကဲ့သို့ အသေးစိတ်မြင်ရသည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ဦးခေါင်းတွင် ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတများ မရှိတော့ချေ။
‘ကောင်းကင်နတ်အရှင်ဟောင်က အဲဒီသင်္ကေတတွေကို ယူလိုက်ပြီး သူ့ကိုယ်သူ ကာကွယ်နိုင်မယ့် ၀င်္ကပါအစီအရင်ကို ခင်းကျင်းခဲ့တာပဲ’
ချင်မူက စိတ်ထဲမှ တွေးနေသည်။ ‘သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာဆိုတော့ တစ်ယောက်ယောက်က ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို သတ်လိမ့်မယ်ဆိုတာ ခန့်မှန်းမိထားတယ်… သူ့ရဲ့မဟာမိတ်ဟောင်းတွေတောင် ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံနိုင်မှာမဟုတ်ဘူး…. ကောင်းကင်နတ်အရှင်ဆိုတဲ့အတိုင်းပဲ ဒဏ်ရာတွေ အပြင်းအထန် ရထားတာတောင် နိုင်ဖဲတစ်ချပ် ချန်ထားခဲ့နိုင်သေးတယ်…. သူ့ရဲ့ အကြံအစည်တွေက တကယ်ကို အသေးစိတ်ပါပေတယ်’
အဖွဲ့လေးဖွဲ့သည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ဦးခေါင်းပေါ်သို့ တက်၍ ရှာဖွေနေကြသည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ဦးခေါင်းမှာ တောင်ကြီးသဖွယ် ကြီးမားလှသည်။ သို့သော် ကောင်းကင်နတ်ဘုံတစ်ဘုံလုံးတွင် စွမ်းအားအကြီးဆုံး လက်နက်ဖြစ်သည့်တိုင် ယခုမူ မည်သည့်စွမ်းအားမှ မရှိတော့ပေ။
စိတ်နှလုံးမိစ္ဆာများမှ ဖြစ်တည်လာသော မကောင်းဆိုးဝါးတချို့က ဦးခေါင်း၏ အသားစများကိုပင် ကိုက်ဖြတ်စားသုံးနေကြသည်။
လူတိုင်းက စိတ်နှလုံးမိစ္ဆာများကို ဖျက်ဆီးချေမှုန်းလျက် ဦးခေါင်းကြီးကို ကျော်ကာ လျှောက်သွားကြနေကြသည်။ သူတို့အရှေ့ရှိ လေထုထဲတွင် နတ်တောင်စဉ်တန်းများ လွင့်မျောနေသည်ကို တွေ့ရနိုင်ပြီး ခပ်မှိန်မှိန် ကွန့်မြူးနေသော နတ်ရောင်နတ်ဝါတို့သည် တောင်တန်းများနှင့် မြစ်ပြင်တို့အား ဖုံးလွှမ်းထားချေသည်။
မဟာလေဟာနယ် မိစ္ဆာကျတ်ကုန်းထဲရှိ ကျန်နေရာများမှာ ကြောက်မက်ဖွယ်ကောင်းပြီး မာယာများသော်လည်း ဤနေရာမှာတော့ အထွတ်အမြတ်နေရာတစ်ခုအလား ပြောပြမတက်အောင် လှပခမ်းနားနေသည်။
သူတို့အရှေ့တွင် တောင်ကြားလေးခု ရှိနေပြီး ၎င်းတို့က မတူညီသော အရပ်မျက်နှာများသို့ ဦးတည်နေကြဟန်တူ၏။
ကောင်းကင်အလင်းတန်းများက ထွက်ပေါ်နေပြီး တောင်ကြားတို့၏ ကောင်းကင်ယံတွင် ကွန့်မြူးလင်းလက်နေကြသည်။ ကောင်းကင်ထဲရှိ အလင်းရောင်မှာ ဝေလီဝေလင်း မိုးသောက်အလင်းရောင်သဖွယ် မှုန်ဝါးနေသည်။
ဤနေရာတွင် စိတ်နှလုံးမိစ္ဆာ တစ်ကောင်တလေမှ မရှိချေရာ ထူးဆန်းလှသည်။
ကောင်းကင်ဆရာသခင်ရှီမူဟုန်းက တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်နေပြီးနောက် နတ်တပ်မှူးတစ်ယောက်အား ကောင်းကင်ထက်သို့ ပျံတက်ခိုင်းလိုက်သည်။ ထိုတပ်မှူးက ကောင်းကင်ထက်တွင် ရပ်လျက် အောက်သို့ ငုံ့ကြည့်လိုက်၏။ “ကောင်းကင်ဧကရာဇ်၊ ဒီနတ်အလင်းတန်းက ထူထဲလွန်းတယ်… အောက်က တောင်တွေကို ဖုံးအုပ်ထားတော့ အထဲမှာ ဘာရှိလဲ ကျွန်တော်မမြင်ရဘူး”
“အောက်ဆင်းပြီး သွားကြည့်စမ်း”
တပ်မှူးက အမိန့်အတိုင်း နာခံ၍ နတ်အလင်းရောင်ထဲသို့ ပျံသန်းသွားသည်။ ရုတ်တရက် သူ၏အသွေးအသားလို့ အရည်ပျော်ကျကာ မူလဝိညာဉ် လွင့်ပြယ်သွား၏။ အသံတစ်ချက်ပင် မထွက်လိုက်ဘဲ သူ့မှာ အရိုးစုဖြစ်သွားပြီး နတ်အလင်းရောင်ထဲမှ ပြုတ်ကျလာသည်။
အားလုံးမှာ တူညီသော အတွေးတစ်ခုတည်းဖြင့် သူတို့အရှေ့ရှိ တောင်ကြားများနှင့် နတ်အလင်းတန်းများဆီသို့ ငေးကြည့်ကာ တုံ့ဆိုင်းနေကြတော့သည်။
တန်ခိုးရှင်သစ်ခုတ်သမားက ကျယ်လောင်စွာ သတိပေးသည်။ “ဒီတောင်တန်းတွေနဲ့ အလင်းတန်းတွေက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီရဲ့ ဦးခေါင်းက မဟာတာအိုသင်္ကေတတွေနဲ့ ဖန်တီးထားတာ… အားလုံးပဲ သတိထားကြပါ”
အားလုံးသည် ထူးဆန်းသော မျက်နှာအမူအရာများဖြင့် သူ့ဆီသို့ စိုက်ကြည့်လာကြ၏။
တန်ခိုးရှင်သစ်ခုတ်သမားကား ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ် ကောင်းကင်ဆရာသခင် ဖြစ်သည် မဟုတ်ပါလော။ သူသည် ကောင်းကင်နတ်ဘုံသားများနှင့် ကမ္ဘာမကြေရန်သူများ ဖြစ်၏။ သူ၏ဉာဏ်ပညာသည် အလွန်အမင်းမြင့်မားသည့်အလျောက် ဤနေရာ၏ ထူးဆန်းမှုကို လူတိုင်းထက် ဆောလျင်စွာ သိမြင်ခဲ့ပေသည်။ သူ၏အစွမ်းမှာလည်း အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလှ၏။
သို့သော် အဘယ်သို့ပြ၍ သစ်ခုတ်သမားက သဘောထားကြီးစွာဖြင့် သူတို့အား ဤနေရာမှ အန္တရာယ်အကြောင်း သတိပေးကာ ကြိုတင်ပြင်ဆင်ခိုင်းရသနည်း။
ရှီမူဟုန်းက တဟားဟား ရယ်လိုက်သည်။ “ခင်ဗျားကို မယုံဘူး အဘိုးကြီး…ခင်ဗျားက ဘာမှအသုံးကျတဲ့လူ မဟုတ်ဘူး”
တန်ခိုးရှင်သစ်ခုတ်သမားက ဟက်ခနဲ ရယ်၏။ “အားလုံး ဒီနေရာကို လာတဲ့ ရည်ရွယ်ချက်က အတူတူပဲ မဟုတ်လား…. ငါတို့က ရန်သူတွေမဟုတ်တဲ့အပြင် မိတ်ဆွေတွေတောင် ဖြစ်သေးတယ်… အန္တရာယ်ရှိရင် ပြောပြရမှာ သဘာဝပဲ”
အားလုံး၏ မျက်ဝန်းများ လင်းခနဲ လက်သွားပြီး တိတ်ဆိတ်နေကြသည်။
ရှီမူဟုန်းက ပြုံးလျက် တုံ့ပြန်သည်။ “ကြက်သူခိုးက ဘယ်တုန်းကများ ဒီလောက် ကြင်နာတတ်သွားတာတုန်း… ကျုပ် ခင်ဗျားကြောင့် ဒုက္ခအတော်ရောက်ခဲ့ရပြီးပြီ… ကျုပ် ခင်ဗျားကို မယုံဘူး”
သူက ထိုသို့ပြောလိုက်သော်လည်း အကြံတော့ တောင်းလိုက်သေးသည်။ “ကြက်သူခိုးကြီး… ကောင်းကင်နတ်အရှင်ဟောင်က အဲဒီတောင်ကြားထဲက ဘယ်နေရာကို ကျသွားတာလဲ သိလား”
တန်ခိုးရှင်သစ်ခုတ်သမားက သူခိုးဟု အခေါ်ခံရသည်ကို စိတ်ထဲမထားပေ။ “ကောင်းကင်သခင်ရှီ၊ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အတွေးတွေဟာ မှန်းဆဖို့က ခက်ခဲတယ်… ငါက ဘယ်လိုလုပ် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အကြံကို မှန်းရဲပါ့မလဲ… ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟောင်က ဒီတောင်ကြားဝင်္ကပါကို တမင်ခင်းကျင်းခဲ့တာဆိုတာတော့ ငါ ပြောနိုင်တယ်”
သူက တောင်ကြားလေးခုကို ကြည့်ရင်း ပြုံးလိုက်ကာ ဆက်ပြောသည်။ “ဒီနေရာမှာ လမ်းလေးလမ်းပဲ ရှိတယ် ထင်ရပေမယ့် အမှန်တကယ်က ရှစ်လမ်း ရှိတယ်”
အားလုံးက အံ့သြလျက် ငေးကြည့်လိုက်မိကြသည်။ ဇာမဏီနတ်မင်းချီရှားယွဲ့၊ ရှီမူဟုန်းနှင့် ယန်ယွင်ရှီတို့ပင် ကျန်တောင်ကြားလေးခုကို မမြင်ရပေ။
သိုင်းပညာကောင်းကင်ဆရာသခင်ကွမ်းချာဆိုလျှင် လိုက်၍ပင် မမှီ။ ရှုကျွမ်းနှင့် ခန်းနွီတို့မှာလည်း အပြင်လောက၏ ကောင်းကင်နတ်သိုင်းများအကြောင်း သိပ်မသိသဖြင့် လိုက်မပြောတတ်ပေ။
အဝေးရှိ ပိုင်ယွီကျင့်မှာလည်း ပုန်းကွယ်နေသော ကျန်တောင်ကြားလေးခုအား မမြင်ရချေ။ သူမက ချင်မူ့ကို ကြည့်ကာ မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ နင်ရော တွေ့လား… နင်က ဝမ်ကျိ... ၀မ်တျန်းကဲရဲ့ တပည့်လို့ ငါ ကြားဖူးတယ်…. သူဆီက နင် သင်ယူခဲ့ရမှာပဲ”
ချင်မူက ခေါင်းရမ်းလိုက်ပြီး စိတ်တိုနေသောအသံဖြင့် ဖြေ၏။ “အဲဒီအဘိုးကြီးက ကျွန်တော့်ကို ဘာမှသင်မပေးခဲ့ဘူး”
ပိုင်ယွီကျင့်မှာ ဇဝေဇဝါ ဖြစ်သွားသည်။ “မဖြစ်နိုင်တာကြီး… ၀မ်တျန်းကဲက အဲဒီ့လောက် ဘက်မလိုက်လောက်ပါဘူး”
ချင်မူက ခါးသီးစွာ ဖြေလိုက်သည်။ “နောက်ပိုင်းတော့ ကျွန်တော့်ကို သင်ပေးမယ် ပြောပေမယ့် ကျွန်တော်လည်းး မာနထိခိုက်တာနဲ့ ရွဲ့ပြီး မသင်ခဲ့တာ”
ပိုင်ယွီကျင့်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်နှာရိပ်မျက်နှာကဲ ကြည့်ကာ ပြောသည်။ “ဝမ်ကျိ... ၀မ်တျန်းကဲရဲ့ ကျင့်စဉ်တွေကို သင်ယူသင့်တယ်… ခိုင်ဧကရာဇ်ခေတ်တုန်းကဆို သူ့လက်ထွက် တပည့်အားလုံးက လောကကို တုန်လှုပ်သွားစေနိုင်တဲ့ အောင်မြင်မှုတွေ အသီးသီး ရရှိခဲ့ကြတာဟ… ကောင်းကင်နတ်ဘုံက နတ်ဘုရားတွေတောင် သူ့ကို ချီးကျူးခဲ့သေးတယ်”
ချင်မူက မျက်နှာကြီး မည်းမှောင်နေပြီး တိတ်ဆိတ်နေ၏။
တန်ခိုးရှင်သစ်ခုတ်သမားက အလံငယ်အချို့ ထုတ်ကာ ရှေ့သို့လျှောက်သွားသည်။ “ဒီတောင်ကြားတွေနဲ့ တောင်တန်းတွေက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီရဲ့ ခေါင်းပေါ်က မဟာတာအိုသင်္ကေတဆီကနေ ဖြစ်တည်လာကြာတာ … ဒါပေမယ့် တောင်ကြားတစ်ခုဆီက ဦးတည်ချက်တစ်ခုစီပဲ… သူတို့က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီရဲ့ ဒွာရပေါက်ခုနစ်ပေါက်ကနေ ဖွဲ့တည်လာကြတာပဲ…”
သူက အလံများပေါ်တွင် သင်္ကေတများ ရေးဆွဲ၍ တောင်ကြားလေးခု၏ အဝင်ဝတွင် စိုက်လိုက်သည်။ ထို့နောက် တည်ငြိမ်လေးနက်စွာ ပြော၏။ “မျက်လုံး၊ နား၊ ပါးစပ်နဲ့ နှာခေါင်းတို့ပေါ့… နှာခေါင်းက တောင်ကြားနှစ်ခု… နားရွက်နှစ်ဖက်က တောင်ကြားနှစ်ခု… နှာခေါင်းပေါက်နှစ်ခုက တောင်ကြားနှစ်ခု… ပါးစပ်က တောင်ကြားတစ်ခု”
အလံလေးခုက စိုက်ဝင်သွားပြီး ၎င်းတို့အပေါ်ရှိ သင်္ကေတများက တောင်ကြားလေးခုပေါ်တွင် ဖြည်းဖြည်းချင်း တောက်ပလာကြသည်။
သင်္ကေတများ၏ အလင်းတန်းတို့က တောင်ကြားများထဲသို့ ပျံ့နှံ့သွားပြီး တောင်ကြားအဝင်ဝသို့ ရောက်သည့်အခါ ဘေးတစ်ဖက်စီရှိ တောင်နံရံများဆီသို့ ရုတ်တရက် ကပ်သွားကြသည်။ ထို့နောက် အလင်းတန်းများသဖွယ် တောင်ကြားတို့၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားကြတော့သည်။
အလင်းတန်းလေးတန်း ဝင်ရောက်သွားပြီးနောက် တောင်ကြားလေးခု၏ နံရံများမှာ မဟာတာအိုသင်္ကေတတို့ဖြင့် ဖုံးလွှမ်းခံထားရသည်ကို တွေ့လိုက်ရသည်။
ဝီ…
တုန်ခါလှိုင်းလေးလှိုင်းက တောင်ကြားလေးခု၏ အတွင်းပိုင်းထဲမှ ထွက်ပေါ်လာပြီး အားလုံး၏ အရှေ့တွင် နောက်ထပ် တောင်ကြားသုံးခု ပေါ်လာတော့သည်။
အကုန်လုံး ဤမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိကြသည်။ ရုတ်တရက် ရှီမူဟုန်းက အော်ဟစ်လိုက်၏။ “မဟုတ်သေးဘူး ကြက်သူခိုးကြီး၀မ်… တောင်ကြားခုနစ်ခုပဲ ရှိသေးတယ်… ခင်ဗျားပြောတော့ တောင်ကြားရှစ်ခုဆို ဘယ်မှာလဲ”
တန်ခိုးရှင်သစ်ခုတ်သမားက အလံငယ်သုံးခု ထုတ်၍ သင်္ကေတများ ရေးဆွဲလိုက်သည်။ ထို့နောက် ယခုလေးတင် ပေါ်လာသော တောင်ကြားသုံးခုအရှေ့တွင် စိုက်လိုက်ရာ နောက်ထပ် အလင်းတန်းသုံးတန်းသည် နံရံတစ်လျှောက်ဖြတ်လျက် ပျံသန်းသွား၏။
တုန်ခါလှိုင်းသုံးလှိုင်း ထွက်ပေါ်လာပြီးနောက် ရှစ်ခုမြောက်တောင်ကြား ပေါ်ပေါက်လာသည်။
တန်ခိုးရှင်သစ်ခုတ်သမားက လက်ခုပ်တီးကာ ပြော၏။ “ရှစ်ခုမြောက်တောင်ကြား ပေါ်လာပြီ.. ဒီတောင်ကြားက ကောင်းကင်နတ်အရှင်ဟောင် ပုန်းနေတဲ့ နေရာပဲ”
ပိုင်ယွီကျင့်မှာ ၎င်းကို မြင်သည်နှင့် ချင်မူ့အား တိုက်တွန်းလေသည်။ “ကောင်းကင်နတ်အရှင်မူ၊ နင် တကယ် သင်ထားသင့်တာနော်”