← Chapters

ကြက်သူခိုးကြီး ဝမ်တျန်းကဲ

Vol. 96 Ch. 1255

ကြက်သူခိုးကြီး ဝမ်တျန်းကဲ

Vol. 96 Ch. 1255

ချင်မူမှာ အံ့အားသင့်လွန်းသဖြင့် အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ပေ။ သူ့နည်းတူ ဆွံ့အနေသူများ အတော်များများ ရှိပေသည်။ ရန်သူဖြစ်စေ၊ မိတ်ဆွေဖြစ်စေ သူတို့မှာ ကောင်းကင်နတ်အရှင်ဟောင်၏ ၀င်္ကပါကို ချိုးဖျက်ရန် ၀မ်တျန်းကဲ သုံးခဲ့သည့် နည်းလမ်းများကြောင့် အံ့ဩမှက်သက်နေကြသည်။

တန်ခိုးရှင်သစ်ခုတ်သမား၏ ကျားနက်နတ်မင်းအပြင် တန်ခိုးရှင်သစ်ခုတ်သမားသည် သူတို့အားလုံးထဲတွင် အားအနည်းဆုံးဟု ဆိုနိုင်၏။ သို့သော် သူ၏ဉာဏ်ပညာက အထက်မြက်ဆုံး ဖြစ်သည်။ ကောင်းကင်နတ်အရှင်ဟောင် ခင်းကျင်းခဲ့သော အတားအဆီးအစီအရင်ပင်လျှင် သူ့အား မတားဆီးနိုင်ပေ။

“သူခိုးအိုကြီး၀မ်၊ ခင်ဗျားရဲ့ သိုင်းအဆင့်က ဘယ်ရောက်ပြီလဲ” ရှီမူဟုန်းက ရင်တုန်တုန်ဖြင့် မေးလေသည်။

တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်နှာအမူအရာမှာ တမုဟုတ်ချင်း ခါးသီးသွားပြီး သူက မဖြေချင်ဖြေချင်ဖြင့် ဖြေသည်။ “နဂါးသွဲ့ရေကန်အဆင့်ပဲ ရှိသေးတယ်”

“အဲ့ဒါက ကောင်းကင်နတ်ဘုရားအဆင့်မလား”

ရှီမူဟုန်းမှာ စိတ်အေးသက်သာစွာ သက်ပြင်းရှည်ကြီး ချရင်း ရေရွတ်လိုက်၏။ “ဒါဆိုရင် ငါတို့ စိတ်အေးအေးထားလို့ ရသေးတယ်…. သူ့ကို အသက်တစ်ရှိုက်စာနဲ့တင် သတ်ပစ်လိုက်လို့ရတာပဲဟာ… အားလုံးပဲ ဒီတောင်ကြားကို စစ်ဆေးကြ... ကောင်းကင်နတ်အရှင်ဟောင်ကို တတ်နိုင်သမျှ အမြန်ဆုံး ရှာပြီး ပြန်အစီရင်ခံကြစို့”

ကျန်သူများမှာလည်း စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ကြသည်။ ချီရှားယွဲ့က ပြော၏။ “ကျွန်မတို့အားလုံးက သစ္စာရှိတဲ့ အမှန်တရားဘက်တော်သားတွေပါ… ကောင်းကင်နတ်အရှင်ဟောင်ကို ရှာတွေ့တာနဲ့ သူ့ဒဏ်ရာတွေကို ကုသပေးပြီးတော့ သူ အသက်ရှည်နိုင်အောင် ဆုတောင်းပေးကြမှာပါ… ဒီကိစ္စ နှောင့်နှေးလို့ မဖြစ်ဘူး… မြန်မြန် သွားကြပါစို့”

ရှီမူဟုန်း၊ ချီရှားယွဲ့နှင့် ကျန်သူများက တောင်ကြားထဲသို့ ပျံသန်းသွားကြသည်။ တန်ခိုးရှင်သစ်ခုတ်သမား၊ ရှုကျုံးနှင့် ကျန်ဖန်ဆင်းရှင်များမှာတော့ ခြေတစ်လှမ်း နောက်ကျကျန်ခဲ့၏။ ယန်ယွင်ရှီက မျက်ဝန်းများ တောက်ပသွားပြီး အသံကို နှိမ့်၍ မေးသည်။ “သစ်ခုတ်သမား၊ အခုလို ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အတားအဆီးအစီအရင်ကို ဖျက်စီးလိုက်တော့ သူတို့ အထဲဝင်ပြီး ကောင်းကင်နတ်အရှင်ဟောင်နဲ့ ပူးပေါင်းပြီးတော့ ငါတို့ကို တိုက်ခိုက်လာရင် ဘယ်လိုလုပ်ကြမလဲ”

တန်ခိုးရှင်သစ်ခုတ်သမား ပြုံးလျက် ပြန်ပြောသည်။ “ငါ အတားအဆီးအစီအရင်ကို ချိုးဖျက်လိုက်တယ်လို့ ဘယ်သူပြောတာတုန်း”

ယန်ယွင်ရှီမှာ ကြောင်အသွားသည်။ သူမသည် ရှစ်ခုမြောက်တောင်ကြား၏ နံရံနှစ်ဖက်ကိုဆီသို့ ကြည့်လိုက်ရာ တောင်ကြားထဲရှိ နတ်အလင်းတန်းသည် သစ်ခုတ်သမားကြောင့် သင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး နံရံတွင် ကပ်နေသည်ကို တွေ့လိုက်ရ၏။ သစ်ခုတ်သမားသည် ကောင်းကင်နတ်အရှင်ဟောင်၏ အတားအဆီးအစီအရင်အား ချိုးဖျက်လိုက်သည်မှာ သိသာလှသည် မဟုတ်ပါ‌လော။

“ကြည့်ရတာတော့ ပျက်စီးသွားတဲ့ပုံပဲလေ”

သစ်ခုတ်သမားက တည်ငြိမ်အေးဆေးစွာ ဖြေသည်။ “ငါ့သိုင်းအဆင့်က နိမ့်လွန်းတော့ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အတားအဆီးအစီအရင်ကို ချိုးဖျက်နိုင်စွမ်း မရှိဘူး… ခဏကြာရင် ဒီသင်္ကေတတွေက ရောင်စုံအလင်းတန်းအတားအဆီးအစီအရင် ပြန်ဖြစ်သွားလိမ့်မယ်… အားလုံး သတိထားကြ.. သတိထားကြ”

ရှုကျုံးနှင့် ခန်းနွီက သူတို့ဘေးသို့ အလျင်အမြန် လျှောက်လာကြပြီး ခန်းနွီသည် သစ်ခုတ်သမားထ့ လက်ညှိုးထိုးရင်း ပြောနေ၏။ “ဒီအဘိုးကြီးက တော်တော်ဆိုးတာပဲ….”

ရှို့ကျုံးကလည်း သဘောတူသည်။ “ငါတို့ ရွှင်ပျော်ပျော်ကျေးရွာကို ရင်ဆိုင်ခဲ့ရတုန်းက တန်ခိုးရှင်သစ်ခုတ်သမားနဲ့ မတွေ့ခဲ့ဘဲ ကောင်းကင်ဆရာသခင်ကျစ်ရှီနဲ့ တွေ့ခဲ့တာ ကံကောင်းတာပဲ”

ယန်ယွင်ရှီက ပြုံးသည်။ “ငါက သူ့ကို ယှဉ်ကို မယှဉ်နိုင်တာပါ… ကောင်းကင်ဆရာသခင်တွေထဲမှာ ဉာဏ်ပညာအရ သူ့ကို ယှဉ်နိုင်တာဆိုလို့ လုံရှန်းဆန်းရန်နဲ့ ယွဲ့ထင်းကဲပဲ ရှိလောက်မယ်”

တန်ခိုးရှင်သစ်ခုတ်သမားမှာ ရုတ်တရက် စိတ်လှုပ်ရှားလာပြီး ချက်ချင်း အော်၏။ “သတိထားကြ… ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အတားအဆီးအစီအရင် ပြန်ပေါ်လာတော့မယ်… အားလုံး ငါ့ကို ကာကွယ်ပေးကြ… ငါ ဒဏ်ရာမရစေနဲ့”

အားလုံးမှာ စိတ်ထဲ မအီမသာဖြစ်သွားသော်လည်း သူ့ကို အလယ်တွင် ထား၍ ကာကွယ်ပေးထားကြသည်။ ကျားနက်နတ်မင်း၏ သိုင်းအဆင့်မှာလည်း နိမ့်သောကြောင့် သူ့ကိုလည်း ကာကွယ်ပေးကြရ၏။

ရှစ်ခုမြောက်တောင်ကြားထဲရှိ တောင်နံရံနှစ်ဖက်ပေါ်မှ ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတများ ပေါက်ကွဲထွက်ပေါ်လာပြီး တောင်ကြားကို လွှမ်းခြုံသွားသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားတော့သည်။

ကောင်းကင်နတ်အရှင်ဟောင်၏ အတားအဆီးအစီအရင်စွမ်းအင် ပေါက်ကွဲထွက်ပေါ်လာသည်နှင့် အရှေ့မှ ဦးစွာသွားနှင့်ကြသော ချီရှားယွဲ့၊ ရှီမူဟုန်းနှင့် ကျန်သူများမှာ တစ်ခုခုမှားနေပြီဖြစ်ကြောင်း ချက်ချင်း ခံစားလိုက်ရကြသည်။ ချီရှားယွဲ့နှင့် ရှီမူဟုန်းက သူတို့၏ခန္ဓာကိုယ်ကို ကာကွယ်ရန် ဧကရာဇ်ပလ္လင်အဆင့် ရတနာများအား တမုဟုတ်ချင်း အသက်သွင်းလိုက်ကြသည်။

ချီရှားယွဲ့၏ ဗျပ်စောင်းသည် အားလုံး၏ ပတ်ပတ်လည်တွင် ဝေ့ဝဲသွားပြီး ဗျပ်စောင်းသံစဉ်တို့က ဟင်းလင်းပြင်အကာအရံများအဖြစ် ဖွဲ့တည်လိုက်ကြသည်။

ရှီမူဟုန်း၏ မိစ္ဆာနှိမ်ကျည်မွေ့ကလည်း လေထဲတွင် အဆက်မပြတ် တုန်ခါလျက် နှစ်ခုကွဲသွား၏။ ထို့နောက် နှစ်ခုမှ လေးခု၊ လေးခုမှ ရှစ်ခု အဆင့်ဆင့်ကွဲသွားသည်။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်တစ်လျှောက် ကျည်ပွေ့ပုံရိပ်များဖြင့် ပြည့်နှက်သွားတော့သည်။

ကျောက်စိမ်းမြို့တော်အဆင့်နှင့် နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်များကလည်း သူတို့၏ ကိုယ်ပိုင်ကောင်းကင်ရတနာများကို အသက်သွင်းကြသည်။ သို့သော် ကောင်းကင်ရတနာစွမ်းအားများ ထွက်ပေါ်စပြုလာစဉ်မှာပင် နတ်အလင်းတန်းကား သူတို့ကို ဖုံးလွှမ်းသွားချေပြီ။

ဗျပ်စောင်း လှည့်ပတ်နေသည့် အမြန်နှုန်းက ပိုမိုမြန်လာပြီး ဗျပ်စောင်းသံများလည်း သွက်လာကာ ဝင်္ကပါအစီအရင်၏ စွမ်းအားကို ခုခံနေသည်။

ချီရှားယွဲ့မှာ မျက်နှာပျက်နေသည်။ ကောင်းကင်နတ်အရှင်ဟောင် ခင်းကျင်းခဲ့သည် ၀င်္ကပါက အကာအရံများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးလိုက်ပြီး အားတစ်ရပ်က သူမဆီ ဝင်ဆောင့်လာသည်။

ရုတ်တရက် ဇာမဏီငှက်အော်သံတစ်သံနှင့်အတူ သူမ၏သရုပ်မှန် ပေါ်လွင်လာသည်။ သူမသည် ခေါင်းကိုးလုံးဇာမဏီငှက် အသွင်ပြောင်းကာ တောင်ပံတဖျတ်ဖျတ် ခတ်ရင်း ၀င်္ကပါကို ရင်ဆိုင်နေ၏။

တစ်ချိန်တည်းမှာပင် ရှီမူဟုန်း၏ ကျည်ပွေ့မှာလည်း ၀င်္ကပါစွမ်းအားကို မခုခံနိုင်တော့ပေ။ ရှေးဟောင်းနတ်ဘုရားများက သူတို့၏ ပြိုင်ဘက်ကင်း တာအိုစွမ်းအားများကို အသုံးပြုလျက် ကျည်ပွေ့အား တိုက်ခိုက်နေသလို ခံစားနေရသည်။

သူလည်း သရုပ်မှန်ကို ဖော်ထုတ်ရန်မှတပါး ရွေးချယ်စရာ မရှိပေ။ သူ၏ အသွင်သဏ္ဍာန်အစစ်သည် ထောင်ဝူသားရဲတစ်ကောင်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်မှ နတ်ရောင်နတ်၀ါများ ဖြာထွက်နေ၏။

သူတို့နှစ်ယောက် ၀င်္ကပါစွမ်းအားကို ပူးပေါင်းခုခံပေးနေစဉ် သူတို့ဘေးတွင် နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်ဆယ်ယောက်ခန့်သာ ကျန်ရစ်တော့ကြောင်း တွေ့လိုက်ရသည်။ ကျန်သူများမှာ တောင်ကြားထဲရှိ ကြောက်မက်ဖွယ် ၀င်္ကပါကြောင့် သေဆုံးခဲ့ကြချေပြီ။

နောက်ဆုံးတော့ နှစ်ယောက်သား အသက်ရှူချောင်သွားသည်။ ရှီမူဟုန်းက လူအသွင် ပြန်ပြောင်း၍ ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။ “ကြက်သူခိုးကြီး ခင်ဗျားတော့လား…”

သူတို့မှာ ပြင်ဆင်ချိန် မရလိုက်သော်လည်း သိုင်းပညာဆရာသခင်၊ ယန်ယွင်ရှီ၊ ရှုကျုံးနှင့် အခြားသူများမှာ ပြင်ဆင်ချိန်ရသည်။ ဒဏ်ရာခဲ့သော်လည်း အသက်တော့ မသေကြပေ။

တန်ခိုးရှင်သစ်ခုတ်သမားက ရှီမူဟုန်း၏ အော်သံများကို မကြားချင်ယောင်ဆောင်ထား၏။ ဆဲဆိုသံနှင့် နေသားကျနေပြီဖြစ်သည့်အတွက် အခြားသူများအား လမ်းဆက်ပြနေသည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုသင်္ကေတတွေ ရှိတယ်… သူတို့ကို ငါ့ရဲ့ ဆန်ကုန်မြေလေး ဒုတိယတပည့်က ပို့ပေးခဲ့တာလေ… မင်းတို့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုသင်္ကေတတွေကို လေ့လာဖူးရင် အဲဒါတွေကို ချိုးဖျက်ဖို့ မခက်ခဲဘူး…. အလင်းတန်း၀င်္ကပါက တကယ်တော့ ကောင်းကင်နယ်စားမင်းရဲ့ ရွှမ်တုမဟာတာအိုပဲ… ကောင်းကင်တာအိုရဲ့‌ ကောင်းကင်မုဒြာပေါ့… ဒီလို ချိုးဖျက်ရတယ်”

တောင်ကြားအဝင်ဝတွင် ပိုင်ယွီကျင့်နှင့် ချင်မူသည် အထဲသို့ လှမ်းကြည့်နေကြ၏။

ပိုင်ယွီကျင့်မှာ အလင်းတန်း ထွက်ပေါ်လာခဲ့သည့် အခြေအနေအား မြင်တွေ့သည့်အခါ ရင်တုန်လာသည်။ သူမက စပ်စု၏။ “၀မ်တျန်းကဲရဲ့ တပည့်ဆိုတော့ နင်လည်း ဒီအတားအဆီးအစီအရင်ကို ဘယ်လိုချိုးဖျက်ရမလဲ သိတယ်မလား ကောင်းကင်နတ်အရှင်မူ… ၀မ်တျန်းကဲက နင့်ကို ဒါလည်း မသင်ပေးခဲ့ဘူးလား”

ချင်မူ အေးစက်စွာဖြင့် ဟမ့်ခနဲ နှာ‌ခေါင်းရှုံ့လိုက်ပြီး စိတ်မဝင်စားသကဲ့သို့ ချေပသည်။ “သူက ကျွန်တော့်ကိုတော့ မသင်ပေးခဲ့ဘဲ ကျွန်တော့်ဆီကနေကျ အများကြီး သင်ခဲ့တယ်လေ… သူ ၀င်္ကပါကို ချိုးဖျက်ခဲ့တဲ့ နည်းလမ်းတွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာကပဲ… တာအိုဂိုဏ်းက မဟုတ်သလို ရှုရှန်းဟွာဆီကလည်း မဟုတ်ဘူး… ကျွန်တော့်အနေနဲ့ ဒါကို ချိုးဖျက်ဖို့ မခက်ပါဘူး”

ပိုင်ယွီကျင့်မှာ ချင်မူတစ်ယောက် ဟန်လုပ်၍ ကြွားဝါနေသည်ဟု ထင်မိသဖြင့် ပြုံးလိုက်သည်။

သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ရှေးဟောင်းနတ်ဘုရား မဟာတာအိုသင်္ကေတများသည် အမှန်တကယ် ချင်မူ့ဆီမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သူမ မသိပေ။ ချင်မူက ၎င်းတို့အား ကောင်းကင်နတ်ဘုံ၏ အစောင့်အရှောက်အဆောင်မျ ခိုးယူခဲ့ခြင်းဖြစ်လေသည်။

ချင်မူက တည်ကြည်လေးနက်စွာ ပြော၏။ “ဒါပေမဲ့ ကျွန်တော့်ရဲ့ မှော်စွမ်းအင်က မလုံလောက်သေးဘူး… ဒါကြောင့် အတားအဆီးအစီအရင်ကို ဖျက်စီးပြီး အတွင်းထဲအထိ ရောက်နိုင်ဖို့ ခက်ခဲတယ်… အဲဒါကြောင့်ပဲ တတိယကောင်းကင်ဆရာသခင်ရဲ့ အကူအညီကို လိုအပ်တယ်… ကျွန်တော့်နောက် လိုက်ခဲ့ပါ… ကျွန်တော်တို့ ကျောချင်းကပ်ပြီးတော့ အချင်းချင်း ကာကွယ်ကြတာပေါ့”

သူက ခန္ဓာကိုယ်ကို လှုပ်ခါကာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ထွက်ပေါ်လာစေသည်။ ဤနည်းဖြင့် အရပ်လေးမျက်နှာမှ ရောင်စုံအလင်းတန်းများကို တွေ့မြင်နိုင်လိမ့်မည်။

သူ့ကိုယ်သူသာ ကာကွယ်နိုင်ပြီး ပိုင်ယွီကျင့်ကို မကာကွယ်ပေးနိုင်သော်လည်း လမ်းပြပေးနိုင်၏။

သူတို့နှစ်ယောက်က တောင်ကြားထဲသို့ ဂရုတစိုက် ဝင်သွားကြသည်။ ဇာမဏီနတ်မင်းချီရှားယွဲ့တို့နှင့် ယှဉ်ပါက သူတို့မှာ အေးဆေးနေကြချေသည်။

သို့သော် ဇာမဏီနတ်မင်းနှင့် ရှီမူဟုန်းက ရှေ့ဆုံးတွင် ဖြစ်ကြသည်။ သူတို့သည် တန်ခိုးကြီးသည့်အလျောက် ၀င်္ကပါအတားအဆီးများကို ဖြတ်၍ ရှစ်ခုမြောက် တောင်ကြားထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်နေကြ၏။

လမ်းတွင် ချင်မူနှင့် ပိုင်ယွီကျင့်မှာ အန္တရာယ်တစ်ခုမှ မတွေ့ကြုံရပေ။ တဖြည်းဖြည်းဖြင့် တောင်ကြားအဆုံးသို့ ရောက်ပေတော့မည်။

ထိုစဉ် သူတို့ရှေ့ရှိ အဖွဲ့လေးဖွဲ့မှာ အဆုံးသို့ ရောက်သွားကြပြီဖြစ်သည်။ အရှေ့တွင် ထူထဲသိပ်သည်းနေသည့် အနက်ရောင်အငွေ့များဖြင့် အုပ်မိုးနေသော တောင်ကြားတစ်ခု နေရာယူထား၏။ အဖွဲ့လေးဖွဲ့က ရှေ့ပြေးများ စေလွှတ်၍ စနည်းနာစေသည်။

ရုတ်တရက် ကြောက်လန့်တုန်လှုပ်နေသည့် အသံတစ်သံက အရှေ့မှ ပျံ့လွင့်လာသည်။ “ကောင်းကင်နတ်အရှင်ဟောင်ရဲ့ စိတ်နှလုံးမိစ္ဆာ ပေါ်လာပြီ… အားလုံးပဲ သတိထားကြ”

“ဒီစိတ်နှလုံးမိစ္ဆာရဲ့ စွမ်းအားက အားကောင်းလွန်းတယ်...”

“သတိထားကြ… အဲ့ဒါက မူ… အားးးး …”

တချို့မှာ အဆိပ်ခတ်ခံလိုက်ရကာ မရှုမလှ သေဆုံးသွားကြသည်။ သို့သော် တချို့က အော်ဟစ်လိုက်ကြသေး၏။ “ကောင်းကင်နတ်အရှင်မူကို သတိထားကြ…”

ကောင်းကင်ဧကရာဇ်နှင့် ဇာမဏီနတ်မင်းမှာ အံ့အားသင့်သွားကြသည်။ “ကောင်းကင်နတ်အရှင်မူလား…”

မကြာမီ သူတို့အရှေ့ရှိ အမှောင်ထုထဲတွင် မည်သည့်အသံမှ မကြားရတော့သဖြင့် သိုင်းပညာရှင်များ ရင်တုန်စိတ်လှုပ်ရှားလာကြသည်။ အုံ့မှိုင်းနေသော တောင်ကြားဆီသို့ ကြည့်လိုက်သည့်အခါ အမှောင်ထုထဲမှ လူရိပ်တစ်ခုက ဖြည်းဖြည်းချင်း လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။။

ထိုလူက လက်တစ်ဖက်တွင် ဓားကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် လူဦးခေါင်းတစ်လုံးကို ကိုင်ထားသည်။ ထိုသူ ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည့်အချိန်တွင်ကား ချင်မူ၏မျက်နှာ ပေါ်လွင်လာချေသည်။

ကောင်းကင်နတ်အရှင်ဟောင်၏ စိတ်နှလုံးမိစ္ဆာကား ချင်မူပင်တကား။

All Chapters