စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူ
Vol. 96 Ch. 1256
“ကောင်းကင်နတ်အရှင်မူ”
ရှီမူဟုန်း, ချီရှားယွီနှင့် ကျန်သူများက အမှောင်ထုထဲမှ ထွက်လာသော လူကို ကြည့်ရင်း အံ့ဩမှင်သက်နေကြသည်။
ယန်ယွင်ရှီ၊ သိုင်းပညာကောင်းကင်ဆရာသခင်နှင့် အခြားသူများပင်လျှင် ငေးကြောင်နေကြ၏။ ကောင်းကင်နတ်အရှင်ဟောင်၏ စိတ်နှလုံးမိစ္ဆာက ချင်မူဖြစ်နေလိမ့်မည်ဟု တစ်ခါမှ ထင်မထားခဲ့ကြပေ။
အထူးသဖြင့် တန်ခိုးရှင်သစ်ခုတ်သမားပင်။ သူ၏ဒုတိယတပည့်ဖြစ်သည့် ချင်မူသည် အမြဲတမ်း ဖြတ်ထိုးဉာဏ်ကောင်း၍ လူထူးဆန်းတစ်ယောက်သဖွယ် ဂနာမငြိမ်ပေ။ ချင်မူသာ သူ့နေရာသူ သိ၍ ပြဿနာများ မရှာလျှင် ယခုထက်ပိုမို မြင့်မားသော အောင်မြင်မှုများ ရရှိနိုင်လိမ့်မည်ဟု တွေးခဲ့မိသည်။
သို့ထိတိုင် ယနေ့လောကတွင် အင်အားအကြီးဆုံး ဖြစ်တည်မှု၏ စိတ်နှလုံးမိစ္ဆာက ချင်မူ ဖြစ်နေသည်တဲ့လော။ ၎င်းက သူ့အား မယုံကြည်နိုင် ဖြစ်မိစေသည်။
‘ကောင်းကင်နတ်အရှင်ဟောင်ရဲ့ လက်ရှိအခြေအနေ ကြည့်ရတာ တော်တော်လေး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ ဖြစ်ရမယ်… ဒဏ်ရာတွေက ပြင်းထန်လွန်းတော့ တာအိုနှလုံးသားကို မထိန်းချုပ်နိုင်တော့ဘဲ စိတ်နှလုံးမိစ္ဆာက အထိန်းအကွပ်မရှိဘဲ ထွက်ပေါ်လာတာ… သူသာ စိတ်ကြည်လင်နေတဲ့ အခြေအနေဆိုရင် သူ့ရဲ့စိတ်နှလုံးမိစ္ဆာကို ထိန်းချုပ်နိုင်ပြီးတော့ မဟာလေဟာနယ်မိစ္ဆာကျတ်ကုန်း ဖြစ်ပေါ်လာစေမှာမဟုတ်ဘူး’
တန်ခိုးရှင်သစ်ခုတ်သမားက ကောင်းကင်နတ်အရှင်ဟောင်၏ အခြေအနေ လျင်မနြ်စွာ ကောက်ချက်ချလိုက်သည်။ သူက ထူးဆန်းသော မျက်နှာအမူအရာဖြင့် ခပ်တိုးတိုး ရေရွတ်နေသည်။ “မဟာဧကရာဇ်က ကောင်းကင်နတ်အရှင်ဟောင်ကို ဒီအခြေအနေအထိ ဒဏ်ရာရစေခဲ့တာ အမှန်တကယ်ကို စွမ်းအားကြီးတာပဲ… ဒါပေမဲ့ မဟာဧကရာဇ်တစ်ယောက်တည်းရဲ့ လုပ်ရပ် မဟုတ်ခဲ့ဘူး… ခိုင်ဧကရာဇ်နဲ့ နတ်ဘုရင်လန်ဝူက ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို ဒဏ်ရာရစေခဲ့တာ ဖြစ်ရမယ်”
‘ကောင်းကင်နတ်အရှင်ဟောင်ရဲ့ စိတ်နှလုံးမိစ္ဆာက မဟာဧကရာဇ်မဟုတ်သလို ကောင်းကင်နတ်ဧကရာဇ်လည်း မဟုတ်ဘူး… အဲဒါက ချင်မူ တဲ့...’
သူ၏မျက်နှာအမူအရာမှာ ပို၍ပင်ထူးဆန်းလာပြီး သူက ခေါင်းရမ်းလိုက်သည်။ ‘အဲဒီကောင်စုတ်လေး ဒီအကြောင်း သိသွားလို့ မဖြစ်ဘူး… သိသွားလို့ကတော့ ဘဝင်လေဟပ်ပြီး မြောက်ကြွကြွ ဖြစ်နေမှာ… သူ့ကိုယ်သူ စိတ်ကျေနပ်ပြီးတော့ ငါ့ကိုတောင် လှောင်ရင် လှောင်လောက်မှာ…’
သူ ထိုသို့တွေးနေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။ တောင်ကြားထဲရှိ နေရာဟင်းလင်းပြင်မှာ တုန်ခါနေသည်ကို တွေ့မြင်လိုက်ရ၏။
တန်ခိုးရှင်သစ်ခုတ်သမားမှာ မျက်လုံးများပြူး၍ အသေအချာ စစ်ဆေးကြည့်ရှုလိုက်သော်လည်း ရှစ်ခုမြောက်တောင်ကြားထဲတွင် မည်သည့်ပြောင်းလဲမှုမှ မတွေ့ရတော့ချေ။
“ငါ ထင်ယောင်ထင်မှားဖြစ်နေတာလား”
သူက ခေါင်းပြန်လှည့်၍ အရှေ့ရှိ အမှောင်တောင်ကြားဆီသို့ ပြန်ကြည့်လိုက်သည်။ ထို့နောက် ကွမ်းချာ၊ ယန်ယွင်ရှီနှင့် အခြားသူများကို ခပ်တိုးတိုး ပြော၏။ “ငါထင်တာ မမှားရင် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ဒဏ်ရာတွေက ဆိုးရွားလွန်းပြီး သေလုမြောပါး ဖြစ်နေလောက်ပြီ…. ဒါကြောင့် တာအိုနှလုံးသားကို မထိန်းချုပ်နိုင်ဘဲ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူ မွေးဖွားလာရတာပဲ.. ငါတို့ သူ့ကို သတ်နိုင်မယ့် အခွင့်အရေးရှိတယ်”
အားလုံးမှာ ဝမ်းမြောက်သွားကြသည်။
ယန်ယွင်ရှီက စိတ်နှလုံးမိစ္ဆာချင်မူဆီ ကြည့်လိုက်ရင်း ခေါင်းငဲ့ကာ မေး၏။ “ကောင်းကင်နတ်အရှင်မူတဲ့လား… သူနဲ့ ချင်မူက ဘာကွာလို့လဲ”
‘’စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်တွေ နဲ့ ချင်မူက အများကြီးကွာတာပေါ့ဟ… တစ်ယောက်က ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နှလုံးသားထဲက အကြောက်တရား ဖြစ်ပြီးတော့ နောက်တစ်ယောက်က စိတ်နှလုံးမိစ္ဆာချင်မူပဲ’’
တန်ခိုးရှင်သစ်ခုတ်သမားက ရှင်းပြသည်။ “ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နှလုံးသားထဲမှာ ကောင်းကင်နတ်အရှင်မူက သူ့ရန်သူ၊ သူ့ရဲ့စိတ်နှလုံးမိစ္ဆာပဲ… သူ့ တာအိုနှလုံးသားထဲမှာ ဒီစိတ်နှလုံးမိစ္ဆာနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပေမယ့် ဘယ်တော့မှ မသတ်နိုင်ခဲ့ဘူး… တစ်နည်းပြောရရင် ဒီကောင်းကင်နတ်အရှင်မူဟာ သူ့ကြောင့် သန်မာလာပြီးတော့ အားနည်းချက်ဆိုတာ မရှိသလောက် ဖြစ်နေပြီ.. သူ့ရဲ့ ကောင်းကင်နတ်သိုင်းတွေ၊ လမ်းစဉ်တွေနဲ့ ကျင့်စဉ်တွေက ပြည့်စုံနေသလောက် ရှိတယ်… ပြောရရင်….”
သူက တခဏ တုံ့ဆိုင်းနေပြီးနောက် ဆက်ပြော၏။ “စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ဟောင် စိတ်ကူးထားမိတဲ့အထဲမှာ ပြီးပြည့်စုံဆုံး ရန်သူ… အပြည့်စုံဆုံး ပြိုင်ဘက်လို့ ပြောလို့ရတယ်”
လူတိုင်းမှာ ငေးကြောင်သွားကြသည်။
ရှုကျုံးက ရေရွတ်လိုက်၏။ “အထွတ်အမြတ်ကလေးငယ်က ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နှလုံးသားထဲမှာ အဲ့လောက်မြင့်မားတဲ့ နေရာကို ပိုင်ဆိုင်ထားတာလား”
“မင်းထင်တာထက်တောင် မြင့်လောက်သေးတယ်”
ယန်ယွင်ရှီက တခဏ တုံ့ဆိုင်းနေပြီးနောက် ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်မူကို သတ်ဖြတ်ဖို့ သိုင်းကွက်တစ်ရာ ဖန်တီးခဲ့တယ်လို့ ငါ ကြားဖူးတယ်… သိုင်းကွက်တွေက ကောင်းကင်နတ်အရှင်ဟောင် နှစ်ရာပေါင်း၊ ထောင်ပေါင်းများစွာ ဖန်တီးထားခဲ့ရတဲ့ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေပဲ… ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နှလုံးသားထဲက နံပါတ်တစ်ရန်သူတွေက ကောင်းကင်နတ်ဧကရာဇ်နဲ့ မဟာဧကရာဇ် မဟုတ်ပါလား… ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ဆိုရင် ဘောင်တောင် မဝင်ဘူး… ကောင်းကင်နတ်အရှင်မူက သူ့ရဲ့ နံပါတ်တစ် ရန်သူတော်ပဲ”
တန်ခိုးရှင်သစ်ခုတ်သမားသည် ချောင်းဟန့်၍ အားလုံးကို သတိပေးလိုက်၏။ “မင်းတို့ ဒီကိစ္စကို ဟိုကောင့်ဆီ ပြန်ပြောလို့မဖြစ်ဘူးနော်… သူက သိပ်ဘဝင်မြင့်တာ… ဒီအကြောင်းကိုသာ သိသွားလို့ကတော့ မြေကြီးနဲ့ ခြေထောက် ထိမှာကိုမဟုတ်တော့ဘူး… သူ့တာအိုနှလုံးသားအတွက် အန္တရာယ်ဖြစ်လာစေနိုင်တယ်”
ချင်မူသည် သာမန်နေ့များတွင် ‘ငါက လောကမှာ နံပါတ်နှစ်ပဲ’ ဟူသော အကြည့်မျိုး ရှိသည်ကို အားလုံး ပြန်လည်စဉ်းစားမိလိုက်ကြသည်။ အကုန်လုံး ဘုံရန်သူရှိလာသည့်အလား ခံစားလိုက်ကြရပြီး သဘောတူစွာ ခေါင်းညိတ်ကာ ပြောကြသည်။ “သစ်ခုတ်သမားပြောတာ မှန်တယ်… သူ့ရဲ့စိတ်နဲ့ ခန္ဓာကိုယ်အတွက် ဘဝင်မြင့်နေလို့ မကောင်းဘူး.. ငါတို့ သူ့ကို ဒီကိစ္စမပြောဘဲ နေကြစို့”
ထိုအခိုက်အတန့်တွင် ပိုင်ယွီကျင့်နှင့် ချင်မူမှာ တောင်ကြားထဲမှ ထွက်လာ၏။ ချင်မူက အမှောင် တောင်ကြားထဲမှ ထွက်လာသော စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်ဆီ စိတ်လှုပ်တရှား ကြည့်လိုက်ရင်း ဂုဏ်ယူနေသည်ကို မဖုံးဖိနိုင်ပေ။ သူ့မှာ ပိုင်ယွီကျင့်ကို ကြည့်ပြီး တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းနေ၏။
ပိုင်ယွီကျင့်က နားလည်သဖြင့် ချီးကျူးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက တစ်လောကလုံးမှာ ပထမပဲ… ကောင်းကင်နတ်အရှင်ဟောင်တောင် နင့်ကို ကြောက်ရတယ်”
ချင်မူက စိတ်ကို ချိုးနှိမ်ကာ ပြောသည်။ “သူ နေမကောင်းဖြစ်နေတုန်းက တိုက်ခိုက်ခဲ့ပြီး နှစ်တစ်ထောင်လောက် အိပ်ရာထဲလဲနေအောင်ပဲ လုပ်နိုင်ခဲ့တာပါ… အဲဒါက သူ့အပေါ် ဒီလိုအရိပ်ကြီး ကျန်စေခဲ့လိမ့်မယ်လို့ ထင်မထားဘူး… ဒါက ဘာမှမဟုတ်ပါဘူးဗျာ”
ပိုင်ယွီကျင့်မှာ စိတ်အေးသွားမိသည်။ ‘အမြီးယမ်းနိုင်သွားပြီဆိုတော့ သူ ကျေနပ်သွားလောက်ပါတယ်’
နှစ်ယောက်သား ဆက်လက်လျှောက်သွားနေကြစည် ဇာမဏီနတ်မင်းချီရှားယွီသည် စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်၏ အစွမ်းအစအား စမ်းသပ်ရန် လူတစ်ယောက် စေလွှတ်လိုက်သည်။ ထိုနတ်ဘုရားသည် နတ်ကောင်းကင်ခန်းမအဆင့်တွင် ဖြစ်ပြီး အံ့မခန်းလိလိ စွမ်းရည်များ ပိုင်ဆိုင်ထား၏။ သူက စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။
တောင်ကောင်းကင်မှ ဤသိုင်းပညာရှင်သည် ကောင်းကင်မီးလျှံမဟာတာအိုကို ကျင့်ကြံ၏။ မီးတောက်များက ကောင်းကင်တစ်လျှောက် ဖုံးလွှမ်းသွားပြီး ကောင်းကင်ထက်တွင် မြောလွင့်နေသည့် မီးပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ နဂါးတစ်သောင်းက မီးပင်လယ်ထဲတွင် ကူးခတ်လျက် အတူတကွ ခုန်ဆင်းလာကြ၏။
ဝုန်း…
မြေပေါ်၌ ဧရာမချိုင့်ကြီးတစ်ခု ထင်းသွားပြီး စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူမှာ နဂါးများ၏ ကိုက်ခဲစုတ်ဖြဲခြင်းခံရကာ ပြာကျလောင်ကျွမ်းသွားသည်။
တောင်ကောင်းကင်သိုင်းပညာရှင်မှာ ဝမ်းသာသွားပြီး လှည့်ပြောလေသည်။ “သူ့ရဲ့ အစွမ်းက အဲ့လောက်အားမကောင်းဘူး… စိတ်မပူဘဲ ရှေ့တက်လာလို့ရတယ်”
အားလုံးမှာ စိတ်အေးသက်သာစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်ကြသည်။ မဟာလေဟာနယ်တွင် မွေးဖွားလာခဲ့သော စိတ်နှလုံးမိစ္ဆာ ကောင်းကင်နှင့်အရှင်မူသာ ချင်မူ့နီးပါး ကိုင်တွယ်ရန်ခက်ခဲပါက သူတို့အတွက် ခေါင်းခဲရလိမ့်မည်။
ချင်မူ ကောင်းကင်ယင်သားတော်၏ ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းနှင့် တိုက်ခိုက်ခဲ့သည့်သတင်းက ကောင်းကင်နတ်ဘုံ၏ ပင်မစစ်စခန်းတခွင် ပျံ့နှံ့ခဲ့ပြီးဖြစ်သည်။ ကောင်းကင်နတ်ဘုံ အထက်လူကြီးများဖြစ် သူတို့လည်း အလိုအလျောက် သိထားကြ၏။ ချင်မူနှင့် ရင်ဆိုင်ရန် နည်းလမ်းများ စဉ်းစားကြသော်လည်း သူ့ကို သတ်နိုင်မည့် နည်းလမ်းအား မရှာနိုင်ခဲ့ကြပေ။
ကောင်းကင်နတ်အရှင်ဟောင်သည် လက်ရှိချင်မူ၌ မည်သို့သောအစွမ်းအစများ ရှိထားသည်ကို မသိပုံရသည်။ သူ၏စိတ်နှလုံးမိစ္ဆာ ချင်မူက အစစ်အမှန် ချင်မူကဲ့သို့ ထူးကဲမနေချေ။
တောင်ကောင်းကင်သိုင်းပညာရှင်က ဦးဆောင်လျက် အမှောင်တောင်ကြားထဲသို့ ဝင်ရောက်သွားသည်။ သူက လက်ဖဝါးကို အသာအယာ မြှောက်လိုက်ရာ ဧရာမနေတစ်လုံးသည် သူ့လက်ထဲမှ မြင့်တက်လာ၏။ သို့သော် ဤနေရာမှာ အလွန်တရာ ထူးဆန်းသောကြောင့် အလင်းတန်းမှာ ခပ်ဝေးဝေးသို့ မတောက်ပနိုင်ပေ။
အမှောင်ထုကား အလင်းကို ဝါးမြိုနိုင်စွမ်း ရှိပုံရသည့်အတွက် အားလုံး သတိကပ်ထားကြသည်။
ထိုအခိုက်အတန့်တွင် တောင်ကောင်းကင်သိုင်းပညာရှင်မှာ တုံ့ခနဲ ရပ်သွား၏။ အမှောင်ထုထဲမှ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူ နောက်တစ်ယောက်သည် သူ၏ နေအလင်းရောင်ထဲ လျှောက်လာနေချေသည်။
‘ကောင်းကင်နတ်အရှင်ဟောင်ရဲ့ စိတ်နှလုံးမိစ္ဆာက နောက်ထပ် ကောင်းကင်နတ်အရှင်မူတစ်ယောက်ကို မွေးဖွားပေးလိုက်တာလား’
ထိုသိုင်းပညာရှင်က ရယ်၏။ “ဒါဆိုရင်လည်း မင်းကို သတ်ပေးရတာပေါ့ကွာ”
သူက စောစောက ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။ မီးပင်လယ်ကြီး ကောင်းကင်ထက်သို့ မြင့်တက်သွားသည့်အချိန် စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူက ရုတ်တရက် လှုပ်ရှားလိုက်၏။ တခဏအတွင်း စိတ်နှလုံးမိစ္ဆာ ရာပေါင်းများစွာ ထွက်ပေါ်လာကြသည်။
စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူ ရာပေါင်းများစွာက ဓားများထုတ်လိုက်ရာ ဓားရောင်တို့က မီးပင်လယ်နှင့် နဂါးတစ်သောင်းကို ခုတ်ဖြတ်လျက် တောင်ကောင်းကင် သိုင်းပညာရှင်၏ မျက်နှာဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာ၏။
တောင်ကောင်းကင် သိုင်းပညာရှင်မှာ မျက်နှာကို အလောတကြီး အုပ်၍ ဟိန်းဟောက်လိုက်သည်။ ကောင်းကင်နန်းဆောင်တစ်ဆောင်က သူ့အနောက်၌ ဖွဲ့တည်လာပြီး သူ၏မူလဝိညာဉ်က နတ်ကောင်းကင်ခန်းမရှေ့တွင် ရပ်နေ၏။
သူ၏ ကောင်းကင်နတ်သိုင်းများက ပေါက်ကွဲထွက်လာပြီး သူ၏ရုပ်ခန္ဓာကို ကာကွယ်ရန် ကောင်းကင်မီးလျှံသလင်းကျောက်များ ဖန်ဆင်းလျက် ကြီးထွားလာစေလိုက်သည်။ တစ်ယောက်ယောက် ကောင်းကင်မီးလျှံသလင်းကျောက်များကို ထိလိုက်လျှင် ကောင်းကင်မီးလျှံသည် ပေါက်ကွဲ၍ ထိုသူအား အပိုင်းပိုင်းအစစ ပြတ်ထွက်သွားစေလိမ့်မည်။
ဝှစ်…
ဓားရောင်က ကောင်းကင်မီးလျှံသလင်းကျောက်များအား ဖြတ်လာသော်လည်း ၎င်းတို့က မပေါက်ကွဲချေ။ ၎င်းတို့ကို ဖြတ်သွားသည့်အရာကလည်း မီးလျှံများဖြစ်နေသယောင်ပင်။
“ကပ်ဘေးပင့်မြှောက်ဓားလား” တောင်ကောင်းကင်သိုင်းပညာရှင်မှာ အံ့သြမှင်သက်သွားတော့သည်။
ဓားရောင် ရာပေါင်းများစွာက သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်သွား၏။ ၎င်းတို့က ကောင်းကင်နန်းဆောင်ထဲရှိ သူ၏မူလဝိညာဉ်ကို မခုတ်ပိုင်းဘဲ ကောင်းကင်ရတနာများကို ခုတ်ပိုင်းလိုက်သည်။
ဓားရောင် သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည့်အချိန်တွင် ၎င်းက သူ ခုခံနိုင်သည့် အရာမဟုတ်တော့ချေ။ တောင်ကောင်းကင် သိုင်းပညာရှင်၏ နှလုံးသားထဲတွင် အကြောက်တရားတို့ ကြီးစိုးလာသည်။ ဓားရောင်များက သူ၏ ကောင်းကင်တံတား ကောင်းကင်ရတနာကို ခုတ်ပိုင်းလိုက်သဖြင့် ကောင်းကင်တံတားမှာ ပြိုကျသွားချေပြီ။
“ဒါက ကပ်ဘေးရင်ဆိုင်ဓားပဲ”
နောက်တခဏတွင် ဓားရောင်က ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာနှင့် အရပ်ခြောက်မျက်နှာမြေထုကို ဝိုက်ဖြတ်ကာ ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ဓာတ်ကြီးငါးပါး ကြယ်တာရာများဆီသို့ ရောက်ရှိသွားပြီး ဝိညာဉ်သန္ဓေသားကို ချိုးဖျက်ကာ ကြယ်တာရာခုနစ်ခုအား ကွဲကြေသွားစေ၏။ တစ်ဆက်တည်းမှာပင် သူ၏ သေခြင်းရှင်ခြင်းရတနာကို ဖျက်ဆီး၍ ကောင်းကင်ရတနာအားလုံး ပျက်စီးသွားစေတော့သည်။