← Chapters

ကောင်းကင်နတ်အရှင်ဟောင်၏ ကြောက်စိတ်

Vol. 96 Ch. 1257

ကောင်းကင်နတ်အရှင်ဟောင်၏ ကြောက်စိတ်

Vol. 96 Ch. 1257

တောင်ကောင်းကင် သိုင်းပညာရှင်မှာ သူ၏ကောင်းကင်နန်းဆောင်ကို မထိန်းချုပ်နိုင်တော့ဘဲ ဝုန်းခနဲ ပေါက်ကွဲသွားသည်။ ကောင်းကင်နန်းဆောင်၏ ပြင်းထန်လှသော စွမ်းအင်က ထွက်ပေါ်လာကာ သူ၏မူလဝိညာဥ်ကို ပြာကျသွားစေသည်။

ကောင်းကင်နန်းဆောင်စွမ်းအင် ပေါက်ကွဲသွားသည့်အခါ သူ၏ ကောင်းကင်မီးလျှံသလင်းကျောက်များကို အသက်သွင်းလိုက်မိသည်။ ဒုတိယမြောက် ပေါက်ကွဲမှုကြီးက ထွက်ပေါ်လာ၏။

သူ၏ ကောင်းကင်မီးလျှံကောင်းကင်နတ်သိုင်းရှိ မီးလျှံသလင်းကျောက်များသည် အဏုစိတ်သင်္ချာသဘောတရားအရ ဖွဲ့တည်ထားခြင်း မဟုတ်သော်လည်း ပကတိသင်္ချာဖြင့် တည်ဆောက်ထားသောကြောင့် ပြစ်ချက်များစွာသော်လည်း အံ့သြဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားသေးသည်။

ကောင်းကင်မီးလျှံ၏ ကြောက်မက်ဖွယ်စွမ်းအားက အရပ်လေးမျက်နှာမှ ထွက်ပေါ်လာပြီး ပေါက်ကွဲမှုနှစ်ခု ဝင်တိုက်သွားသည့်အခါ ၎င်းစွမ်းအားသည် တစ်လောကလုံးကိုပင် ဖျက်ဆီးပစ်နိုင်သွား၏။ မည်သည့်အသေးစားကောင်းကင်ဘုံဖြစ်စေ ပြာကျသွားနိုင်သည်။

သို့သော် ဤစွမ်းအင် ပေါက်ကွဲသွားသည်နှင့် စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူ၏ ခန္ဓာကိုယ်က ဖြတ်ခနဲ လက်သွားပြီး နေရွှေ့ပြောင်းကောင်းကင်နတ်သိုင်း အသက်ဝင်သွားသည်။ သူသည် ပေါက်ကွဲအား မရောက်ရှိလာခင် အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွားတော့၏။

ချီရှားယွီနှင့် တခြားသူများမှာ ထိုသိုင်းပညာရှင်ကို အချိန်မီ မကယ်တင်လိုက်နိုင်သဖြင့် ပေါက်ကွဲအားကို ကာကွယ်ရန် သူတို့၏ကောင်းကင်နတ်သိုင်းများအား အသက်သွင်းလိုက်ကြသည်။

တောင်ကောင်းကင် သိုင်းပညာရှင်၏ ပေါက်ကွဲမှုမှ အလင်းရောင်က အမှောင်တောင်ကြားတစ်လျှောက် လင်းထိန်သွားစေ၏။ အကုန်လုံး တောင်ကြားထဲသို့ ကြည့်လိုက်ရာ ဤနေရာရှိ လမ်းများသည် ကွေ့ကောက်နေပြီး ကျောက်တုံးကျောက်ခဲတို့ဖြင့် ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။

မရေမတွက်နိုင်သော စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများစွာက တောင်ကြားထဲတွင် တရိပ်ရိပ် ဖြတ်ပြေးနေပြီး ပေါက်ကွဲအားကို ရှောင်တိမ်းရန် နေရာရွှေ့ပြောင်းခြင်း ကောင်းကင်နတ်သိုင်းနှင့် အခြားကောင်းကင်နတ်သိုင်းများကို အသုံးပြုနေကြ၏။

အကုန်လုံး ငေးကြောင်နေကြသည်။ အမှောင်တောင်ကြားထဲတွင် စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများ များပြားလွန်းသဖြင့် သူတို့အားလုံး ခေါင်းနပန်းကြီးသွားကြ၏။

ယခုလေးတင် ဖြစ်သွားခဲ့သော ပေါက်ကွဲမှုမှာ ပြင်းထန်လှပေသည်။ သို့ထိတိုင် စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူကား ရှောင်တိမ်းလိုက်နိုင်သေး၏။ ထိုစိတ်နှလုံးမိစ္ဆာတို့၏ အစွမ်းအစတို့မှာ ထူးခြားပြောင်မြောက်လှသည်။

မရေမတွက်နိုင်သော စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများက စုဝေးသွားကြပြီး တစ်ယောက်ချင်းစီက ကောင်းကင်နတ်သိုင်းတစ်ခုစီ အသက်သွင်းလိုက်မှန်း သူတို့တွေ့လိုက်ကြရသည်။ ယင်းက ပန်းပဲကောင်းကင်နတ်သိုင်းတစ်မျိုး ဖြစ်၏။ သိသိသာသာပင် ထိုစိတ်နှလုံးမိစ္ဆာများကား တစ်ခုခုကို သန့်စင်နေကြချေသည်။

“ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်မူကို ဘယ်လောက်တောင် ကြောက်တာလဲ…” ရှီမူဟုန်းမှာ ထိုသို့ပြောလိုက်စဉ် တစ်စုံတစ်ခုကို နားလည်သွားပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်၏။

ယန်ယွင်ရှီက ငေးမောလျက် ရေရွတ်လိုက်သည်။ “ဒီစိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူတွေက စုဝေးပြီး ကောင်းကင်နတ်အရှင်ဟောင်ကို ပြုပြင်ပေးနေကြတာများလား”

ပေါက်ကွဲမှုမှ အလင်းရောင် တဖြည်းဖြည်း မှေးမှိန်သွားသည့်အလျောက် တောင်ကြားမှာ အမှောင်ထုအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ အမှောင်ထုထဲတွင် မျက်လုံးတစ်စုံသည် တောက်ပသွားပြီးနောက် အမှောင်ထု၏ လွှမ်းမိုးခြင်း ခံလိုက်ရ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူတို့အားလုံး ကျောချမ်းသွားကြသည်။

“ဘာမြင်ရလဲ”

တန်ခိုးရှင်သစ်ခုတ်သမားက မျက်လုံးကို ပြူးနေအောင် ဖွင့်၍ တောင်ကြားထဲသို့ ကြိုးစားကြည့်ရှုနေသည်။ သို့သော် သူ၏သိုင်းအဆင့်မှာ နိမ့်လွန်းသဖြင့် ပေါက်ကွဲမှုက သူ့ကို မျက်စိကန်းမတတ် ဖြစ်သွားစေသောကြောင့် မျက်လုံးများမှိတ်ထားရ၏။

ပေါက်ကွဲမှု လွင့်ပြယ်သွားပြီး သူ မျက်လုံးပြန်ဖွင့်လိုက်သည့်အချိန်တွင် စောစောက ကြောက်မက်ဖွယ်မြင်ကွင်းနှင့် လွဲချော်သွားသည်။

သိုင်းပညာကောင်းကင်ဆရာသခင်ကွမ်းချာက သူ မြင်ခဲ့ရသည်ကို ပြန်ပြောပြသည်။ “အဲဒီ့စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူတွေက ကောင်းကင်နတ်အရှင်ဟောင်ကို ပြုပြင်သန့်စင်ဖို့ ပြင်ဆင်နေကြတာဖြစ်မယ်… ငါ အထဲမှာ တာအိုသင်္ကေတတွေ မှိတ်တုတ်မှိတ်တုတ် လက်နေတာ မြင်လိုက်ရတယ်… အဲဒ့ါတွေက စိတ်နှလုံးမိစ္ဆာတွေကို ခုခံဖို့ ကောင်းကင်နတ်အရှင်ဟောင် သူ့မှာ ကျန်တဲ့ မဟာတာအိုကို သုံးထားတဲ့ အတားအဆီးအစီအရင်တွေ ဖြစ်လိမ့်မယ်”

တန်ခိုးရှင်သစ်ခုတ်သမား ကြောင်အနေသည်။ တခဏကြာသော် သူက အော်ဟစ်လိုက်၏။ “ကောင်းကင်နတ်အရှင်ဟောင် သတိမေ့နေပြီ”

အားလုံး သူ့ကို ကြည့်လိုက်ကြသည်။

တန်ခိုးရှင်သစ်ခုတ်သမားက စိတ်ထိန်းလိုက်ရင်း ရှင်းပြသည်။ “ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ဟောင်ရဲ့ စိတ်နှလုံးမိစ္ဆာ… သူတို့တွေ အများကြီး ရှိနေတာဆိုတော့ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တာအိုနှလုံးသားက လုံးဝ အထိန်းအချုပ်မဲ့သွားပြီဆိုတဲ့ သဘောပဲ… ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တာအိုနှလုံးသား အထိန်းအချုပ်မဲ့မယ့် အခြေအနေက တစ်ခုပဲ ရှိတယ်… သူလုံးဝ မေ့နေတဲ့အချိန်ပေါ့… သူ့ရဲ့ဒဏ်ရာတွေက ငါတို့ထင်ထားတာထက် ပိုပြင်းတာပဲ”

ကောင်းကင်နတ်ဘုံမှ လူများသည် သူ့အား ကြက်သူခိုးဟု ခေါ်၍ ကြက်သံကြားသည်နှင့် ကခုန်တတ်သော သူခိုးကြီးအဖြစ် လှောင်ပြောင်တတ်ကြသော်လည်း တန်ခိုးရှင်သစ်ခုတ်သမား၏ ဉာဏ်ပညာကို ယုံကြည်ကြလေသည်။

ဇာမဏီနတ်မင်း ချီရှားယွီနှင့် ရှီမူဟုန်းက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် အကြည့်လွှဲသွားကြသည်။

ကောင်းကင်နတ်အရှင်ဟောင်ကို လာရှာရသည့် သူတို့တွင် ရည်ရွယ်ချက်နှစ်ခု ရှိသည်။ ကောင်းကင်နတ်အရှင်ဟောင်၌ အင်အားရှိနေသေးလျှင် သူ့ကို ကယ်တင်၍ ယန်ယွင်ရှီ၊ သိုင်းပညာကောင်းကင်ဆရာသခင်နှင့် ဖန်ဆင်းရှင်များကို တိုက်ခိုက်မည်ဖြစ်၏။ ကောင်းကင်နတ်‌အရှင်ဟောင်သာ အပြင်းအထန် ဒဏ်ရာရထားပါက သူ့အား သတ်ရပေမည်။

တန်ခိုးရှင်သစ်ခုတ်သမား၏ ကောက်ချက်အရ ဆောင်ရွက်ရမည့်အရာ တစ်ခုသာ ကျန်တော့၏။

ကောင်းကင်နတ်အရှင်ဟောင်ကို သတ်ဖြတ်ရှင်းလင်း၍ သူ့အနောက်မှ ကောင်းကင်နတ်အရှင်များအတွက် အတားအဆီးကို ဖယ်ရှားပေးရပေတော့မည်။

‘‘အဲဒီစိတ်နှလုံးမိစ္ဆာတွေက ကောင်းကင်နတ်အရှင်ဟောင်ကို သတ်ဖို့ ကြိုးစားခဲ့တယ်တဲ့လား… သူတို့တွေကများ ရာရာစစ အန္တရာယ်ပြုရဲရတယ်လို့”

ရှီမူဟုန်းက သက်ပြင်းချလိုက်ရင်း ကြိမ်းဝါးသည်။ “ကျွန်တော် လာကယ်တာကို စောင့်ပေးပါဦး ကောင်းကင်နတ်အရှင်ဟောင်”

တစ်ယောက်ပြီးတစ်ယောက် အမှောင်တောင်ကြားထဲသို့ ပြေးဝင်သွားကြပြီး ချီရှားယွီက တည်ကြည်လေးနက်စွာ သတိပေးသည်။ “တောင်ကြားထဲက မိစ္ဆာချီနဲ့ မိစ္ဆာသဘာဝက အားကောင်းလွန်းတယ်… အားလုံးပဲ စိတ်တည်ငြိမ်အောင်ထားပြီး နေဝသည နာသညာယတနစျာန် အသက်သွင်းလိုက်ကြ.. စိတ်နှလုံးမိစ္ဆာတွေ ထွက်ပေါ်မလာစေနဲ့”

သူမက ဧကရာဇ်ပလ္လင်အဆင့် ရတနာကို အသက်သွင်းလိုက်ရာ ရှေးဟောင်းဗျပ်‌စောင်းသည် သူမအားး လှည့်ပတ်ပျံသန်းနေ၏။ ဗျပ်စောင်းကြိုးများက အလိုအလျောက် ရွေ့လျားလျက် အကာအကွယ်နတ်တေးသံကို တီးခတ်နေသည်။

ရှီမူဟုန်း၊ ယန်ယွင်ရှီ၊ သိုင်းပညာကောင်းကင်ဆရာသခင်နှင့် ကျန်သူတို့ကလည်း သူတို့ကိုယ်သူတို့ ကာကွယ်ရန် သိုင်းကွက်မျိုးစုံကို အသက်သွင်းလိုက်ကြသည်။

လူတိုင်း၏ ဦးခေါင်းနောက်ရှိ ကောင်းကင်နန်းဆောင်များက လှုပ်ခါသွားကြကာ နတ်အလင်းတန်းများ ဖြန့်ကျက်လိုက်ကြသည်။ သူတို့သည် မိစ္ဆာချီနှင့် မိစ္ဆာသဘာဝကို တတ်နိုင်သမျှ ခုခံ၍ တောင်ကြားထဲတွင် ရှာဖွေသွားလာနေကြ၏။

သူတို့အားလုံးက တစ်လောကလုံးတွင် ထိပ်သီးအဆင့်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း သူတို့၏ ကောင်းကင်နန်းဆောင်များမှ အလင်းတန်းများပင်လျှင် ဤတောင်ကြားကို အပြည့်အဝ မထွန်းလင်းနိုင်ချေ။

နတ်အလင်းတန်း တောက်ပလာလျှင် ဓားရောင်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာကာ နတ်အလင်းတန်းကို ဖျက်ဆီးပစ်တတ်သည်။

သူတို့ပတ်ပတ်လည်တွင် ဓားရောင်များ ထပ်မံပေါ်ထွက်လာပြီး နတ်အလင်းတန်းများအား ခုတ်ပိုင်းနေကြ၏။ ဓားပျံများမှာ ပင်လယ်ထဲရှိ လှိုင်းလုံးထဲတွင် ကူးခတ်နေသော ငွေရောင်ငါးများကဲ့သို့ ဖြတ်ပြေးနေကြသောကြောင့် သူတို့၏ နတ်အလင်းရောင် ကာကွယ်ပေးထားသော နေရာကို ပို၍ ကျုံ့ဝင်လာစေသည်။

“များလိုက်တဲ့ ကောင်းကင်နတ်အရှင်မူတွေ…”

အားလုံးကအံတင်းတင်းကြိတ်ထားကြသည်။ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူသည် သူတို့၏ ပြိုင်ဘက်မဟုတ်သဖြင့် ရှင်းလင်းသတ်ဖြတ်ရန် လွယ်ကူသည်။ သို့သော် ထိုစိတ်နှလုံးမိစ္ဆာတို့၏ သင်ယူနိုင်စွမ်းက လျင်မြန်လွန်းသည့်အပြင် လိုက်လျောညီထွေ ပြောင်းလဲနိုင်ကြ၏။

သူတို့၏ သိုင်းကွက်များကို ဒုတိယအကြိမ် အသက်သွင်းလိုက်သည့်အခါတွင် ကောင်းကင်နတ်သိုင်းမှာ ကောင်းကင်နတ်အရှင်မူတို့၏ ဖျက်ဆီးခံလိုက်ရကြောင်း တွေ့လိုက်ရသည်။

ကောင်းကင်နတ်အရှင်မူအစစ်ဆိုလျှင် တော်သေးသော်လည်း ဤကောင်းကင်နတ်အရှင်မူများမှာ စိတ်နှလုံးမိစ္ဆာများ ဖြစ်နေခြင်းက အခက်အခဲဖြစ်နေ၏။ သူတို့ကို ရှင်းလင်းသတ်ဖြတ်ပစ်ရန် လက်ပေါက်ကပ်လှသည်။

“အားလုံး လူမကွဲသွားစေနဲ့” ရှီမူဟုန်းက အော်ဟစ်သတိပေးလိုက်၏။

ရုတ်တရက် ဓားရောင်များစွာက ဧရာမှနဂါးကြီးများကဲ့သို့ တောင်ကြားထဲမှ မြွေလိမ်မြွေကောက် ထွက်ပေါ်လာကြသည်။ ရှီမူဟုန်းက ဓားရောင်များကို ထိပ်တိုက်ရင်ဆိုင်နေစဉ် ရုတ်တရက် ဓားရောင်များသည် သူ၏ကောင်းကင်ရတနာများအား ခုတ်ပိုင်းနေသည်ကို ခံစားလိုက်ရ၏။ သူ့မှာ ကျောချမ်းသွားပြီး ခွန်အားအလုံးစုံထုတ်၍ သူ၏ကောင်းကင်ရတနာများအထဲ ကျူးကျော်လာသော ဓားရောင်မှန်သမျှ ရှင်းလင်းပစ်လိုက်သည်။ သူက အသံမာမာဖြင့် လှမ်းအော်၏။ “ကပ်ဘေးရင်ဆိုင်ဓားကို သတိထားကြ”

သူ့မှာ တုန်လှုပ်နေသောကြောင့် သူ၏လှုပ်ရှားမှုများမှာ မတည်ငြိမ်တော့ပေ။ ဓားရောင်များက အားလုံးကို တမုဟုတ်ချင်း လူစုကွဲသွားစေသည်။

ရှီမူဟုန်းက ခန္ဓာကိုယ်ထဲသို့ ကျူးကျော်လာသော ကပ်ဘေးရင်ဆိုင်ဓားကို တွန်းထုတ်ရင်း လက်ဝှေ့ရမ်းလိုက်ရာ ကျည်ပွေ့ ဖွဲ့တည်လာသည်။ ကျည်ပွေ့က ရှည်လျားကာ ဧရာမကျောက်တိုင်ကြီးတစ်တိုင် ဖြစ်လာသည်။

ကျောက်တိုင်၏မျက်နှာပြင်တွင် သင်္ကေတမျိုးစုံ တောက်ပလာကာ ဝှစ်ခနဲ မြေပြင်အား လွှမ်းခြုံသွား၏။ ထို့နောက် သင်္ကေတမျိုးစုံသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက် မဟာတာအိုသင်္ကေတသံကြိုးသဖွယ် ရုပ်လုံးပေါ်လာ၏။

သံကြိုးများက မြွေလိမ်မြွေကောက် ရစ်ပတ်သွားပြီး ၎င်းတို့ ကွေးလိမ်နေသည့် နေရာတွင် မိစ္ဆာနှိမ်ကျည်‌ပွေ့ကြီးများ ဖြစ်တည်လာကြသည်။ ၎င်းတို့က မြေပြင်မှ တဝုန်းဝုန်း မြည်သံများဖြင့် မြောက်တက်လာကြပြီး ဖုံးအုပ်ထားသည့် ဧရိယာမှာ ပိုမိုကျယ်ပြန့်လာသည်။

ရှီမူဟုန်းက တည်ကြည်သော မျက်နှာအမူအရာဖြင့် သံကြိုးများပေါ်သို့ နင်း၍ ရှေ့သို့လျှောက်သွားသည်။ သူ ဘေးကင်းသောနေရာသို့ ဖြတ်သွားတိုင်း မိစ္ဆာနှိမ်ကျည်ပွေ့များ ပျောက်ကွယ်သွားလေသည်။

ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်မင်းလေးပါးထဲမှ တစ်ပါးဖြစ်သော သူပင်လျှင် ဤတောင်ကြားထဲတွင် အင်မတန်သတိကြီးကြီး ထားနေရ၏။

စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများက သူ၏မဟာတာအိုသံကြိုးများထဲသို့ အဆက်မပြတ် ပြေးဝင်လာနေကြပြီး ရစ်ပတ်ချည်နှောင်ခံထားရသည်။ မိစ္ဆာနှိမ်ကျည်ပွေ့ပေါ်ရှိ သင်္ကေတများ တုန်ခါသွားသည့်အခါ ပြေးဝင်လာနေသော စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်များကို ကြေမွသွားစေ၏။

“ကောင်းကင်နတ်မင်းရှီ”

နောက်ဆုံးတော့ သူ့လက်အောက်မှ နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်တစ်ဦးအား တွေ့လိုက်ရသည်။ ထိုတပ်မှူးမှာ သွေးတို့စိုရွှဲနေပြီး ကောင်းကင်ရတနာဖြင့် သူ၏ခန္ဓာကိုယ်အား အားတင်းထောက်ပံ့ထားရ၏။ သူ့မှာ မရှုမလှ ခံစားနေရရှာသည်။

ရှီမူဟုန်းက ကပျာကယာ‌ လျှောက်သွားပြီး မိစ္ဆာနှိမ်ကျည်ပွေ့၏ မဟာတာအိုသံကြိုးများကို သုံးကာ ထိုသူ့ကို ကာကွယ်လိုက်သည်။ သူက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “ငါ့ဘေး လာခဲ့… စိတ်နှလုံးမိစ္ဆာကောင်းကင်နတ်အရှင်မူက ဒီနေရာကို မထိုးဖောက်နိုင်ဘူးလို့ ငါ ထင်တယ်... ငါတို့ ကောင်းကင်နတ်‌‌အရှင်ဟောင်အနား ရောက်အောင် တစ်ဆင့်ပြီးတစ်ဆင့် လျှောက်သွားရုံပဲ”

သူတို့နှစ်ယောက် နီးကပ်လာကြစဉ် အမှောင်ထု၏ အပြင်ဘက်မှ ဖန်ဆင်းရှင်တစ်ဦး၏ အော်သံတစ်သံ ထွက်လာသည်။ “သတိထားကြ… စိတ်နှလုံးမိစ္ဆာကောင်းကင်နတ်အရှင်မူက ဓားလမ်းစဉ်တင် ကျွမ်းကျင်တာမဟုတ်ဘူး… အသွင်ပြောင်းတာလည်း ကျွမ်းကျင်တယ်… သူ့ရဲ့ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို သတိထားကြ..”

ကောင်းကင်နတ်မင်းရှီ အံ့အားသင့်သွားသည်။ ရုတ်တရက် ဝှစ်ခနဲ အသံတစ်ချက်နှင့်အတူ သူ့ရင်ဘတ်အား ဖောက်ထွက်လာသော ဓားထိပ်တစ်ခုအား မြင်လိုက်ရသည်။

All Chapters