မဟာတာအိုပိုးအိမ်
Vol. 96 Ch. 1258
ဗြစ်ခနဲ အသံနှင့်အတူ ကျည်ပွေ့သည် နတ်တပ်မှူးကို ပြားကပ်သွားစေ၏။
ရှီမူဟုန်းသည် တင်းမာခက်ထန်နေသော မျက်နှာအမူအရာဖြင့် ရင်ဘတ်သို့ စိုက်ဝင်လာခဲ့သော ဓားကို ဆွဲထုတ်လိုက်ကာ ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်ဆီးရန် ကြံရွယ်နေသည့် ဓားရောင်အား ဖယ်ရှားလိုက်၏။ သိုသော် သူ့စိတ်ထဲတွင် အကြောက်တရားများ ကျန်ရှိနေသေးသည်။
ရုတ်တရက် မရေမတွက်နိုင်သော စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူတို့သည် မိစ္ဆာနှိမ်ကျည်ပွေ့၏ မဟာတာအိုသံကြိုးများကို အသည်းအသန် တိုက်ခိုက်လာကြ၏။ ကောင်းကင်နတ်မင်းရှီက ကျူးကျော်လာသူများကို သတ်ဖြတ်ရန် မိစ္ဆာနှိမ်ကျည်ပွေ့အား အသက်သွင်းလိုက်သည်။
သူ၏မျက်နှာအမူအရာမှာ ပို၍ပင် သုန်မှုန်ခက်ထန်လာသည်။ ဤစိတ်နှလုံးမိစ္ဆာကောင်းကင်နတ်အရှင်များသည် မိစ္ဆာနှိမ်ကျည်ပွေ့၏ မဟာတာအိုသင်္ကေတများအား ဖောက်ထွင်းသိမြင်ကာ နားလည်ထားကြပြီး ဖြစ်၏။
ကောင်းကင်နတ်အရှင်မူအနေဖြင့် သူနှင့် ရင်ဆိုင်နိုင်မည့် နည်းလမ်းကို ရှာတွေ့ပြီးသည်မှာ သိသာလှသည်။ ယခုတွင် သူ့မှာ ဓားဖြင့် ထိုးစိုက်ခံထားရသောကြောင့် အင်အား သိပ်မရှိတော့ပေ။ သူ၏ စိတ်နှလုံးမိစ္ဆာများသာ မိစ္ဆာနှိမ်ကျည်ပွေ့ကို ချိုးဖျက်လိုက်ပါက သွေးချောင်းစီးမည့် တိုက်ပွဲကြီး ဖြစ်ပေါ်လာလိမ့်မည်။
စိတ်နှလုံးမိစ္ဆာကောင်းကင်နတ်အရှင်မူတို့က ကျည်ပွေ့၏ တာအိုသင်္ကေတများကို အတူတူ ချိုးဖျက်နေကြသည်။ သူတို့ သူ့ဆီ ရောက်လာသောအခါ ကောင်းကင်နတ်မင်းရှီကား မာန်သွင်းဟိန်းဟောက်၍ ကျင့်စဉ်စွမ်းအင်အား အပြည့်အဝ အသက်သွင်းကာ အစွမ်းကုန်တိုက်ခိုက်တော့သည်။
အချိန်တစ်ခု ကြာသွားပြီးနောက်တွင် သူသည် စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများစွာကို သတ်ဖြတ်နိုင်ခဲ့ပြီး ကျန်သည့်စိတ်နှလုံးမိစ္ဆာများကိုလည်း နှင်ထုတ်နိုင်ခဲ့၏။
သို့သော် သူ၏ခန္ဓာကိုယ်မှာ ဒဏ်ရာများဖြင့် သွေးအလိမ်းလိမ်း ဗလပွ ကျန်ခဲ့သည်။
ရှီမူဟုန်း အသက်ပြင်းပြင်းရှူနေစဉ် ခြေသံတချို့ ကြားလိုက်ရသည်။ နတ်တပ်မှူးနှစ်ယောက်သည် အမှောင်ထုထဲမှ ထွက်လာကာ သူ့ဆီ လျှောက်လာကြနေကြပြီး သူတို့၏ခန္ဓာကိုယ်များမှာလည်း သွေးအလိမ်းလိမ်း ပေကျံနေ၏။ “ကောင်းကင်နတ်မင်း၊ နောက်ဆုံးတော့တွေ့ပြီဗျာ….ကျွန်တော်တို့….”
ဝုန်း…
ရှီမူဟုန်းက လှည့်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ကျည်ပွေ့ကို လွှဲရမ်းလိုက်ရာ တပ်မှူးတစ်ယောက်၏ ဦးခေါင်းသည် ပေါက်ကွဲသွား၏။ သူက နောက်တစ်ကြိမ် လွှဲရမ်းလိုက်ရင်း ကျန်တပ်မှူးကို သတ်ဖြတ်၍ နှာခေါင်းရှုံ့လိုက်သည်။ “ဒီနည်းလမ်းနဲ့ပဲ လှည့်စားပြန်တယ်ပေါ့လေ…. မင်းက ဒီရှီမူဟုန်းကို အထင်သေးနေတာပဲ”
ထိုတပ်မှူးနှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် မြေပြင်ပေါ်ရှိ အလောင်းနှစ်လောင်း၌ ပြောင်းလဲမှုတစ်စုံတစ်ရာ မရှိကြောင်း တွေ့လိုက်ရလေသည်။ သူတို့မှာ အမှန်တကယ်ပင် သူ၏လက်အောက်ငယ်သားများ ဖြစ်နေ၏။
ရှီမူဟုန်းမှာ အံ့သြမှင်သက်သွားပြီး သူ၏မျက်နှာအမူအရာမှာ အလွန်အမင်း ရုပ်ဆိုးအကျည်းတန်လာသည်။ သူက တစ်ချက် ဟိန်းဟောက်လိုက်ပြီး ကျည်ပွေ့နှင့်အတူ အမှောင်ထုထဲ ဝင်ရောက်သွားတော့၏။
အမှောင်ထုထဲတွင် မရှုမလှ အော်သံများ ပြည့်နှက်နေသည်။ သေလုနီးပါး စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများ၏ အသံလား သို့မဟုတ် တစ်ယောက်ယောက် အဆိပ်မိခဲ့ခြင်းလားတော့ မသိနိုင်ပေ။
ဤအမှောင်တောင်ကြားထဲရှိ နေရာတိုင်းတွင် ရန်သူများ ပုန်းခိုနေသယောင် ထင်ရသည်။
တန်ခိုးရှင်သစ်ခုတ်သမားနှင့် ကျားနက်နတ်ဘုရားမှာလည်း အတော်လေး ရင်တုန်နေကြလေသည်။ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူသည် သူ့အား ယန်ယွင်ရှီတို့နှင့် လူစုကွဲသွားစေခဲ့သောကြောင့် သူတို့နှစ်ယောက်တည်းသာ ကျန်နေခဲ့၏။ တန်ခိုးရှင်သစ်ခုတ်သမားမှာ အလွန့်အလွန် ဉာဏ်ကောင်းသော်လည်း စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူနှင့်တော့ မယှဉ်နိုင်ပေ။
လူတစ်ယောက်နှင့် ကျားတစ်ကောင် အမှောင်ထုထဲသို့ ကြောက်လန့်တကြား ကြည့်နေကြရင်း မလှုပ်ရဲကြချေ။
“ကွမ်းချာ ငါတို့ကို ရှာတွေ့မှာပါ”
တန်ခိုးရှင်သစ်ခုတ်သမားက ကျားနက်နတ်မင်းကို နှစ်သိမ့်၍ ခပ်တိုးတိုး ပြောနေသည်။ “သူက ငါ့ကို အမြဲရိုက်ပေမယ့် ဂရုစိုက်နေကျပါ…”
ထိုအခိုက်အတန့်တွင် အမှောင်ထုထဲမှ ခြေသံများ ပေါ်ထွက်လာသည်။ တန်ခိုးရှင်သစ်ခုတ်သမားမှာ ဧရာမပုဆိန်ကြီးကို ကိုင်၍ ခြေသံလာရာဆီသို့ ရင်တုန်စိတ်လှုပ်ရှားစွာ လှမ်းကြည့်နေသည်။
စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူတစ်ပါးက နတ်ဓားတစ်လက် ကိုင်လျက် အမှောင်ထုထဲမှ ထွက်လာပြီး သူတို့ကို တိတ်တဆိတ် ကြည့်နေ၏။
တစ်ချိန်တည်းမှာပင် နောက်ထပ်ခြေသံများ ထွက်ပေါ်လာသည်။ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူ နောက်တစ်ပါး ပေါ်လာပြီးနောက် သူတို့ကို ဝိုင်းထားကြချေပြီ။
တန်ခိုးရှင်သစ်ခုတ်သမားနှင့် ကျားနက်နတ်မင်းတို့မှာ ကျောချင်းကပ်လျက် တိုက်ခိုက်ရန် အသင့်ပြင်ထားကြသော်လည်း သူတို့နှစ်ယောက်လုံး ယနေ့တွင် သေဆုံးရတော့မည်မှန်း ကောင်းကောင်းသိထားကြ၏။
စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူနှစ်ယောက်က တစ်ပြိုင်နက်တည်း ရှေ့သို့ တက်လာကြသည်။ သူတို့ခန္ဓာကိုယ်များ ရွေ့လျားလာသည်နှင့် ဓားရောင်များက ရေတံခွန်အလား အရှိန်အဟုန်ဖြင့် ဖြာထွက်လာတော့သည်။
တန်ခိုးရှင်သစ်ခုတ်သမားနှင့် ကျားနက်နတ်မင်းတို့မှာ ကြောက်ဒူးတုန်နေကြ၏။ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူနှစ်ယောက်၏ အစွမ်းအစတို့က အားကောင်းပြင်းထန်လွန်းသဖြင့် သူတို့ မယှဉ်ပြိုင်နိုင်ချေ။
ချွင်…
သွေးတစ်ချက် လက်ကာ ဓားရောင် ပျောက်ကွယ်သွားသည်။
တန်ခိုးရှင်သစ်ခုတ်သမားနှင့် ကျားနက်နတ်မင်းတို့ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူတစ်ယောက်က ကျန်တစ်ယောက်ကို သတ်ဖြတ်နေကြောင်း တွေ့လိုက်ရ၏။ ထို့နောက် ထိုသူက ဓားမှ သွေးစက်များ ခါကာ အမှောင်ထုထဲသို့ တိတ်ဆိတ်စွာ ၀င်ရောက်သွားတော့သည်။
ကျားနက်နတ်မင်းမှာ ကြောင်အနေသော်လည်း တန်ခိုးရှင်သစ်ခုတ်သမားမှာ ရုတ်တရက် နားလည်သွားသည်။ “မူအာလား..”
ထို ‘စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူ’ မှာ လှည့်ပင် မကြည့်ဘဲ အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
တန်ခိုးရှင်သစ်ခုတ်သမားက မျက်မှောင်ကြုတ်၍ ခပ်တိုးတိုး ရေရွတ်နေသည်။ “ကြည့်ရတာ တကယ် သူပဲ… သူလည်း ဒီနေရာကို လာတာပေါ့”
ဓားရောင်သည် အမှောင်တုထဲတွင် ရုတ်တရက် တောက်ပလာသဖြင့် တန်ခိုးရှင်သစ်ခုတ်သမားနှင့် ကျားနက်နတ်မင်းတို့က ဓားရောင်နောက်မှ လိုက်သွားကြသည်။ လမ်းတစ်လျှောက်ရှိ မြေပြင်တွင် စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူတို့၏ အလောင်းများ ပြည့်နှက်နေ၏။
ဤအမှောင်တောင်ကြားထဲရှိ ထောင်သောင်းပေါင်းများစွာသော စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများထဲတွင် အစစ်အမှန် ချင်မူတစ်ယောက် ရှိနေကြောင်း ပို၍ပင် သေချာသွားသည်။
ဤနေရာတွင် သူသည် ရေထဲမှ ငါးတစ်ကောင်အလားပင်။ သူတို့ကဲ့သို့ စိတ်နှလုံးမိစ္ဆာများ အဝိုင်းခံရမည်ကို ကြောက်ရွံ့၍ ဂရုစိုက်နေစရာ မလိုပေ။
တန်ခိုးရှင်သစ်ခုတ်သမားနှင့် ကျားနက်နတ်မင်းတို့က အမှောင်ထုထဲရှိ ချင်မူ့နောက်မှ လိုက်လာကြသည်။ ဆယ်မိုင်ကျော်လျှောက်ထားပြီးနောက် အမှောင်ထုထဲတွင် နေရာပေါင်းစုံမှ တိုက်ခိုက်မှုများ ခံရသော်လည်း သူတို့အား ကာကွယ်ပေးနေသူများ ရှိကြ၏။
ရုတ်တရက် သိုင်းပညာကောင်းကင်ဆရာသခင်ကွမ်းချာ၏ အသံက အရှေ့မှ ထွက်ပေါ်လာသဖြင့် တန်ခိုးရှင်သစ်ခုတ်သမားနှင့် ကျားနက်နတ်မင်းတို့လည်း ခပ်သုတ်သုတ် လျှောက်သွားကြသည်။ ထင်ထားသည့်အတိုင်း ကွမ်းချာနှင့် နျိုစန်းသွောသည် အစွမ်းကုန်တိုက်ခိုက်နေကြပြီး စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူ အတော်များများကိုပင် သတ်ဖြတ်ခဲ့ကြပြီး ဖြစ်၏။
ကွမ်းချာသည် သူတို့ကို မြင်သည်နှင့် စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ပြီး ပြောသည်။ “သစ်ခုတ်သမား၊ ဘယ်ပြေးသွားတာတုန်းကွ… မင်းတို့ကို ရှာနေတာ ကြာလှနေပြီ… သေသွားပြီတောင် ထင်နေတာ…”
တန်ခိုးရှင်သစ်ခုတ်သမားက ပြုံးလျက် ဖြေလိုက်သည်။ “ငါတို့လည်း ရောက်တဲ့နေရာမှာပဲ မင်းတို့လာကယ်တာကို စောင့်နေခဲ့တာ… မင်းတို့ ဒီနေရာကို ရောက်လာမယ်လို့ မထင်ထားဘူး”
“အဲဒီစိတ်နှလုံးမိစ္ဆာတွေက နေရာတိုင်းမှာ နေရာရွှေ့ပြောင်း၀င်္ကပါတွေ ခင်းကျင်းထားတာ… ငါနဲ့ စန်းသွောလည်း မတော်တဆ တက်နင်းမိပြီးတော့ ဒီနေရာ ရောက်လာတာပဲ… သူတို့က ချုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားကြတာကွ”
ကွမ်းချာနှင့် နျိုစန်းသွောမှာလည်း ဒဏ်ရာဗလပွ ဖြစ်နေ၏။ “အဲဒီမိစ္ဆာတွေက လှည့်ကွက်တွေနဲ့ ပြည့်နေတဲ့အပြင် အင်မတန်ကို အစွမ်းထက်ကြတယ်… ကောင်းကင်နတ်အရှင်ဟောင်ရဲ့ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူက ကောင်စုတ်လေးချင်မူထက် တကယ်ကို ပိုသန်မာတာပဲ”
တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းရမ်းလိုက်ရင်း ငြင်းသည်။ “ကောင်းကင်နတ်အရှင်ဟောင်ရဲ့ စိတ်နှလုံးမိစ္ဆာက မူအာအစစ်ထက် အများကြီး အဆင့်နိမ့်တယ်”
ကွမ်းချာမှာ မှင်သက်သွားသော်လည်း ထပ်မမေးချေ။ “ဒီနေရာက ကောင်းကင်နတ်အရှင်ဟောင် ရှိတဲ့နေရာနဲ့ အဝေးကြီးပဲ…. ငါ မြည်းအော်သံနဲ့ ဗျပ်စောင်းသံတွေလည်း ကြားခဲ့ရတယ်… ချီရှားယွီနဲ့ ကောင်းကင်ဆရာသခင်ကျစ်ရှီက ဒီနားမှာပဲ ရှိလောက်တယ်… မြန်မြန်သွားကြစို့… ကောင်းကင်ဆရာသခင်ကျစ်ရှီက ဇာမဏီနတ်မင်း ချီရှားယွီရဲ့ ပြိုင်ဘက်မဟုတ်ဘူး”
တန်ခိုးရှင်သစ်ခုတ်သမားက အမှောင်ထုထဲသို့ ကြည့်လိုက်သည်။ ချင်မူသည် အမှောင်ထုထဲတွင် ဆက်လက်လျှောက်သွား၍ အခြားသူများကို တိတ်တဆိတ် ကာကွယ်ပေးနေလိမ့်မည်။
မကြာမီ သူတို့သည် ခန်းနွီနှင့် လူစုကွဲသွားသော ရှုကျုံးအား တွေ့လိုက်ရ၏။ သူ ခေါ်လာခဲ့သည့် ဖန်ဆင်းရှင်များမှာ အကျအရှုံးများခဲ့သောကြောင့် နှစ်ယောက်၊ သုံးယောက်သာ ကျန်ရှိတော့သည်။
သူတို့ကို အံ့အားသင့်စေသည့်အရာက ရှုကျုံးသည် ယန်ယွင်ရှီအား ရှာတွေ့ နေပြီးဖြစ်သည်ကိုပင်။ သို့သော် ယန်ယွင်ရှီနှင့် လွီကျန့်မှာ ဒဏ်ရာ အပြင်းအထန် ရထားပြီး မြေပေါ် လဲကျနေကြသည်။
ရှုကျုံးက သူမကို သူ၏လက်ဖဝါးပေါ် တင်လိုက်ရာ ယန်ယွင်ရှီမှာ မောဟိုက်နေသည်။ “ငါ ပိုင်ယွီကျင့်နဲ့ တွေ့ခဲ့ပြီး အဲဒီ အရူးမ တိုက်ခိုက်တာခံခဲ့ရတာပဲ… မနည်း ထွက်ပြေးလာခဲ့ရတယ်”
“ပိုင်ယွီကျင့်က မင်းကို သဘောကျနေတာမဟုတ်ဘူးလား” သိုင်းပညာကောင်းကင်ဆရာသခင်မှာ ဇဝေဇဝါ ဖြစ်နေသည်။
ယန်ယွင်ရှီက ဆက်လက်ရှင်းမပြချေ။ “အဲဒီ့မိန်းမ ငါ့ကို သတ်ဖို့လုပ်နေတဲ့အချိန် စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူတစ်ယောက်က ကယ်ပေးခဲ့လို့သာပဲ”
ခန်းနွီက အလျင်အမြန် ပြေးလာရင်း မေးသည်။ “စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်တစ်ယောက်က ရှင်တို့ ဒီမှာရှိတယ်လို့ ပြောလိုက်လို့”
တန်ခိုးရှင်သစ်ခုတ်သမားက ရှင်းပြ၏။ “အဲ့ဒါ မူအာပဲ… သူလည်း ဒီကိုရောက်နေတာ… စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူတွေက သူ့ကိုလည်း စိတ်နှလုံးမိစ္ဆာလို့ သတ်မှတ်ထားတာ ဖြစ်လိမ့်မယ်”
အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
နျိုစန်းသွောက ပြော၏။ “သူက စိတ်နှလုံးမိစ္ဆာတစ်ယောက်အနေနဲ့ ရုပ်ဖျက်ပြီး ရောနေတာပေါ့… စိတ်ဝင်စားစရာပဲ”
သိုင်းပညာကောင်းကင်ဆရာသခင်ကွမ်းချာက သူ့ကို စိုက်ကြည့်နေသဖြင့် နျိုစန်းသွောမှာ တုံးအရိုးသားသော ပုံစံ ပြန်ဖမ်းလိုက်သည်။ သို့သော် သူသည် စွန့်စားရသည်ကို ကြိုက်နှစ်သက်သောကြောင့် ချင်မူ့ဘေးတွင် ရှိနေရသည်ကို ပို၍နှစ်သက်၏။
နောက်ဆုံးတော့ ကောင်းကင်နတ်အရှင်ဟောင် မေ့လဲသွားသော နေရာသို့ ရောက်လာခဲ့ကြသည်။ မရေမတွက်နိုင်သော စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများသည် နတ်ရောင်ဝါပိုးအိမ်ကြီးတစ်ခုကို ဝန်းရံထားကြ၏။ သူတို့က ပိုးအိမ်မှ ပိုးသားများကို ခွာကာ တိုက်ခိုက်ရန် ပြင်နေကြသည်။
ပိုးအိမ်ထဲတွင် လမ်းတစ်ခု ဖောက်ပြီးသော်လည်း ၎င်းက မည်မျှနက်ကြောင်း မသိကြပေ။ သို့သော် စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူတစ်ချို့သည် ဝင်ရောက်သွားကြပြီး အသက်ရှင်လျက် ပြန်ထွက်မလာကြချေ။
“ဒါက ကောင်းကင်နတ်အရှင်ဟောင်ရဲ့ မဟာတာအိုပိုးအိမ်ပဲ” ရှီမူဟုန်းက ၎င်းကို မြင်သည်နှင့် အော်ဟစ်လိုက်၏။
သူလည်း ဇာမဏီနီနတ်မင်းချီရှားယွီနှင့် တွေ့၍ နှစ်ယောက်သား ဤနေရာသို့ အပြေးတစ်ပိုင်း ရောက်လာကြသည်။
ရုတ်တရက် စိတ်နှလုံးမိစ္ဆာများထံမှ ထူးဆန်းသော မိစ္ဆာစကားသံများ ထွက်ပေါ်လာသည်။ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူတို့က နောက်ဆုတ်၍ အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားကြ၏။
ကောင်းကင်နတ်အရှင်ဟောင်၏ မဟာတာအိုပိုးအိမ်ကား ဆက်လက်ပိတ်ဆို့မခံရတော့ပေ။