သုညနှင့် တစ်
Vol. 96 Ch. 1259
သူတို့အားလုံး မဟာတာအိုဖြင့် ဖွဲ့တည်နေသော ပိုးအိမ်ကြီးဆီသို့ ကြည့်နေကြသည်။ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများကြောင့် လမ်းတစ်ခု ပွင့်နေပြီးသားဖြစ်သော်လည်း အန္တရာယ်အငွေ့အသက်များ ပြည့်နှက်နေသည်။
မဟာတာအိုပိုးအိမ်၏ အတွင်းပိုင်းကို တိုက်ခိုက်နေကြသော စိတ်နှလုံးမိစ္ဆာကောင်းကင်နတ်အရှင်မူများက ဤမျှများပြားနေရာ သူတို့၏ ဤခရီးသည် သေချာပေါက် အန္တရာယ်များပေလိမ့်မည်။
အကုန်လုံး စိတ်ကို ငြိမ်အောင် ထိန်းလိုက်ကြသည်။ ကောင်းကင်နတ်မင်းရှီက ရုတ်တရက် တဟားဟား ထရယ်သည်။ “ဝမ်ကျိ… ၀မ်တျန်းကဲဆိုတာ သစ္စာရှိပြီး ဖြောင့်မတ်တဲ့လူတစ်ယောက်လို့ ထင်ရှားတယ်.... ဆိုတော့ နောင်တော်၀မ်အနေနဲ့ ဒီပိုးအိမ်ထဲကို ဦးဆောင်ပြီး ဝင်နိုင်ပါတယ်… ဘယ်လိုသဘောရသလဲ နောင်တော်၀မ်”
တန်ခိုးရှင်သစ်ခုတ်သမားက စိတ်မဝင်စားဟန်ဖြင့် ဖြေသည်။ “ဒါဆိုရင်လည်း ငါ အားလုံးကို ဦးဆောင်ပြီး ခေါ်သွားရမှာပေါ့”
အားလုံး စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိကြသည်။
တန်ခိုးရှင်သစ်ခုတ်သမား၏ သိုင်းအဆင့်မှာ မမြင့်မားသော်လည်း သူ၏ဉာဏ်ပညာကတော့ သာလွန်ထူးကဲသည်။ သူသာလျှင် ကောင်းကင်နတ်အရှင်ဟောင်၏ မဟာတာအိုပိုးအိမ်ထဲ၌ ပုန်းကွယ်နေသော အသတ်အဖြတ်အငွေ့အသက်အား ဖယ်ရှားပေးနိုင်လိမ့်မည်။
တန်ခိုးရှင်သစ်ခုတ်သမားက မဟာတာအိုပိုးအိမ်၏ အပေါက်၀ရှိရာသို့ လျှောက်သွားသည်။ သူက ပိုးအိမ်ပေါ်ရှိ တာအိုသင်္ကေတများအား အသေးစိတ် စစ်ဆေးလေ့လာနေ၏။ ထိုပိုးသားကဲ့သို့ အရာများမှာ ကောင်းကင်နတ်အရှင်ဟောင် သတိမေ့နေတုန်းက စိမ့်ထွက်လာခဲ့သော မဟာတာအိုများမှ ဖွဲ့တည်လာခဲ့ခြင်း ဖြစ်သည်။
“ဒီတာအိုကြိုးမျှင်တွေက ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ဒဏ်ရာတွေ ပြင်းထန်လွန်းလို့ ဖြစ်လာခဲ့တာပဲ… သူ့ရဲ့ရုပ်ခန္ဓာက ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုကို ထိန်းမထားနိုင်တော့ဘူး… ဒါကြောင့် သူ့ခန္ဓာကိုယ်ပေါ်မှာ ၀န်ထုပ်ကြီးတစ်ခု ဖြစ်တည်လာတယ်… ဒါကြောင့် သူ့ခန္ဓာကိုယ်ကနေ ထွက်လာကြတာ”
တန်ခိုးရှင်သစ်ခုတ်သမားက ရေရွတ်လိုက်သည်။ “ဒီတာအိုသင်္ကေတတွေရဲ့ အသေးစိတ်တည်ဆောက်ပုံတွေအရ သူတို့တွေက သူ့ကောင်းကင်နန်းဆောင်ကနေ ဖြစ်တည်လာကြတာ… မတူညီတဲ့ ကောင်းကင်နန်းဆောင်တွေက မတူညီတဲ့ ပိုးအိမ်တွေကို ဖြစ်စေတယ်…. ဒါက တာအိုပိုးအိမ်ရဲ့ ပထမအလွှာပဲ ရှိသေးတယ်”
အားလုံး သူ့နောက်မှ လိုက်၍ ကြောင်စီစီဖြင့် နားထောင်နေကြသည်။
တာအိုကြိုးမျှင်များသည် ပိုးအိမ်တစ်ခုအသွင် ယှက်ဖွဲ့နေ၏။ ယခင်က စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူအတော်များများ ဤနေရာ၌ သေဆုံးခဲ့ကြသောကြောင့် အလောင်းများ ဖွေးနေသည်။ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများမှာ ပိုးအိမ်ကို ချိုးဖျက်နိုင်ရန် အထိအခိုက် အကျအရှုံး အတော်များများ ခံစားခဲ့ကြရလိမ့်မည်။
ထူးဆန်းသည်က ထိုစိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများသည်လည်း ပိုးအိမ်များအသွင် ဖွဲ့တည်၍ လမ်းတလျှောက်တွင် တွဲလောင်းကျနေကြလေသည်။
အကုန်လုံး ထိုအလောင်းများကို ရှောင်ကွင်းသွားနေကြစဉ် တချို့စိတ်နှလုံးမိစ္ဆာများမှာ အသက်ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ သူတို့သည် ပိုးအိမ်များထဲရှိ တာအို၏ ပူးကပ်ခံထားရပြီး သူတို့အား စိုက်ကြည့်နေကြ၏။
“ဟီးဟီး…. ကောင်းကင်နတ်အရှင်မူရဲ့ ရုပ်ကကွာ...” လွီကျန့်က ရယ်လိုက်သည်။
ဒုတိယတာအိုပိုးအိမ်ကို မြင်သည့်အခါ သူတို့ ဆက်မလျှောက်ကြတော့ချေ။
တန်ခိုးရှင်သစ်ခုတ်သမားက အသေးစိတ် ဆက်စစ်ဆေးနေသည်။ တာအိုပိုးအိမ်မှာ စိတ်နှလုံးမိစ္ဆာတို့၏ အတင်းအကြပ် ခုတ်ဖြတ်ခံထားရကာ တာအိုပိုးအိမ်၏ အတွင်းပိုင်းထဲသို့ တိုက်ရိုက်ဦးတည်နေသော လမ်းတစ်လမ်း ဖောက်ခံထားရလေသည်။
“ကောင်းကင်နတ်အရှင်ဟောင်ရဲ့ သိုင်းအဆင့်အရ သူ့တာအိုပိုးအိမ်က အလွှာ ၃၅ လွှာ ရှိလိမ့်မယ်…. ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်ဧကရာဇ်ရဲ့ အရှင်မယွမ်မုတို့ရဲ့ သားတော်ပဲ…. သူက ကောင်းကင်နတ်ဧကရာဇ်ရဲ့ မူလချီနဲ့ အရှင်မယွမ်မုရဲ့ အဆုံးသတ်မြို့ပျက်မဟာတာအိုကို ကျွမ်းကျင်တယ်”
သူက ပိုးအိမ်ထဲတွင် ပိတ်မိ၍ တွဲလောင်းကျနေသော စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူကို ကြည့်လိုက်ရင်း စိုးရိမ်နေသော မျက်နှာအမူအရာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မူလပထမချီက တစ်… မဟာမြို့ပျက်ရဲ့ မဟာတာအိုက သုည… တစ်၊ သုည၊ သုည၊ တစ်… ဒီနောက်ကွယ်မှာ လှည့်ကွက်တစ်ခုခု ရှိရမယ်…”
“ကြက်သူခိုးကြီး ခင်ဗျား လုပ်နိုင်လား”
ရှီမူဟိုက စိတ်မရှည်တော့ဘဲ လှမ်းအော်သည်။ “ကျုပ်တို့ ရှေ့ဆက်မသွားနိုင်ဘဲ ကောင်းကင်နတ်အရှင်ဟောင် သက်သာလာခဲ့ရင်…”
သူက ဆက်မပြောတော့ချေ။
ဇာမဏီနတ်မင်းချီရှားယွီ၏ မျက်ဝန်းများက လင်းလက်သွားပြီး သူမခန္ဓာကိုယ်မှ အလင်းရောင်များ စိမ့်ထွက်လာကြကာ ရောင်စဉ်ကိုးသွယ် ဇာမဏီငှက်သဖွယ် ရောင်စုံအလင်းတန်းများကို ဖြန့်ကျက်နေ၏။ သူမ၏မျက်နှာနှင့် အ၀တ်တို့မှာ ပြောင်းလဲထားပြီးဖြစ်လေသည်။
သူမ၏ ဦးခေါင်းထက်တွင် သရဖူတစ်ခုက နေရာယူထားပြီး လက်တိုအနက်ရောင်အင်္ကျီကို ၀တ်ထား၏။ လက်၀တ်ရတနာမျိုးစုံက သူမ၏ခန္ဓာကိုယ်ထက်တွင် နေရာယူထားရာ သူမအား ကမ္ဘာဦးဘုံ၏ အနောက်ကမ္ဘာမြေမှ ရွာသူလေးတစ်ဦးနှင့် တူနေစေသည်။ သူမ၏ မူလသွင်ပြင်ကို လုံး၀ မမြင်ရနိုင်ချေ။
ကောင်းကင်နတ်မင်းရှီမှာ အံ့အားသင့်သွားပြီး ရုပ်ပြောင်းလဲလိုက်၏။ သူကား ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်မင်းတစ်ပါး မဟုတ်ပါလော။ သူ ကောင်းကင်နတ်အရှင်ဟောင်ကို မသတ်လျှင် ကောင်းကင်နတ်အရှင်ဟောင်က သူ့အား သေချာပေါက် သတ်ပေလိမ့်မည်။
တန်ခိုးရှင်သစ်ခုတ်သမားမှာ လိုဏ်ခေါင်းထဲတွင် တွဲလောင်းကျနေသည့် စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်ကို စစ်ဆေးနေဆဲဖြစ်သည်။ ထို့နောက် ရုတ်တရက် ပုဆိန်ကြီးတစ်လက် ထုတ်၍ စိတ်နှလုံးမိစ္ဆာအား ရစ်ပတ်ထားသည့် ပိုးအိမ်ကို ခုတ်ချရန် ကြိုးစားလိုက်သည်။ သို့သော် ဤပိုးအိမ်မှာ အင်မတန် မာကြောလွန်းသောကြောင့် အားကုန်ထုတ်သည့်တိုင် မခုတ်ပိုင်းနိုင်ချေ။
“ငါ လုပ်ပေးမယ်”
ယန်ယွင်ရှီက ဒဏ်ရာများကို သည်းခံရင်း ရှေ့တက်သွားသည်။ သူမက ဓားကို လွှဲရမ်းလိုက်ကာ ပိုးအိမ်ကို ခုတ်ချလိုက်သည်။
ပိုးအိမ်၏ ကြိုးမျှင်များမှာ လက်တံကြီးများအလား ရစ်ပတ်ခွေလိမ်သွားပြီး သူမဆီ ဦးတည်လာသည်။
ယန်ယွင်ရှီမှာ အံ့အားသင့်သွားသည်။ ဓားရောင်က ဖျတ်ခနဲ လက်သွားပြီး တချွင်ချွင်မြည်သံတချို့ ကြားလိုက်ရ၏။ အနှိုင်းမဲ့အောင် မာကျောသည့် ကြိုးမျှင်များသည် သူမ၏ ရတနာဓားနှင့် ပွတ်တိုက်ကာ မီးပွားများ ထွက်ပေါ်လာစေသည်။
ယန်ယွင်ရှီက ထိုကြိုးမျှင်များကို ဖယ်ရှားပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
ပိုင်ယွီကျင့်ကြောင့် သူမ မရှုမလှ နာကျင်ခံစားခဲ့ရသည်။ ယခုလှုပ်ရှားလိုက်သည့်အခါ ဒဏ်ရာများ ပြန်ပွင့်လာ၏။ သို့သော် ထူးဆန်းသည်က သူမ၏ဓား ကြိုးမျှင်များနှင့် ပွတ်တိုက်သွားချိန်တွင် သူမ၏ချီစွမ်းအင်တချို့သည် ၎င်းတို့ကြောင့် ဆုံးရှုံးသွားရလေသည်။
“ကျစ်ရှီ၊ မင်း ချီစွမ်းအင် ဆုံးရှုံးသွားတာ ခံစားရလား”
ယန်ယွင်ရှီက ခေါင်းညိတ်သည်။ “ဒီကြိုးမျှင်တွေက ထူးဆန်းတယ်”
တန်ခိုးရှင်သစ်ခုတ်သမားက ပြောသည်။ “ဒီစိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူကို ခုတ်ပိုင်းလိုက်ပြီး သူ့ခန္ဓာကိုယ်မှာလည်း ကြိုးမျှင်တွေ ပြည့်နေလား ကြည့်လိုက်… ငါ့မှာ တော်တော်ဆိုးတဲ့ ခန့်မှန်းချက်တစ်ခု ရှိနေလို့ အတည်ပြုမှ ဖြစ်မယ်”
“သောက်အဘိုးကြီး… နံစော်နေတဲ့ အဘိုးကြီး”
အသက်ရှင်နေသေးသည့် ကောင်းကင်နတ်အရှင်မူက ဒေါတသကြီး ဆဲရေးတိုင်းထွာ၏။ “ကျုပ် ထွက်လာပြီး ခင်ဗျားကို စားပစ်မယ်”
ယန်ယွင်ရှီက သူမ၏ဓားကို လွှဲ၍ ကောင်းကင်နတ်အရှင်မူ၏ ဗိုက်အား ခွဲလိုက်၏။ သူ၏နှလုံးသား၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်နှင့် သရက်ရွက်တို့ ထွက်မလာဘဲ ကြိုးမျှင်များသာ ထွက်ကျလာသည်။
ထိုကြိုးမျှင်များသည် နှိုင်းမရအောင် ပိန်လှီသေးငယ်သော မြွေများကဲ့သို့ ယန်ယွင်ရှီထံသို့ ပြေး၀င်လာကြ၏။
ယန်ယွင်ရှီက ကြိုးမျှင်များကို ခုတ်ပိုင်းရင်း ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။
အခြားသူများလည်း မျက်မှောင်များ ကြုတ်လိုက်ကြ၏။ နျိုစန်းသွောက ရေရွတ်လိုက်သည်။ “ဒီကောင်တွေ ခန္ဓာကိုယ်ထဲမှာ ကြိုးမျှင်တွေ ရှိနေတာလား... ဒါကြီးက ဘာအဓိပ္ပာယ်လဲ”
“ထင်ထားတဲ့အတိုင်းပဲ”
တန်ခိုးရှင်သစ်ခုတ်သမားက ရှင်းပြသည်။ “ဒါက သုညနဲ့ တစ်ရဲ့ သက်ရောက်မှုပဲ… ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အဆုံးသတ်မြို့ပျက်မဟာတာအိုက သုညဖြစ်တဲ့အတွက် အရာအားလုံးကို ဝါးမြိုပြီး မဟာတာအို မရှိတော့အောင် တားဆီးတယ်… အဲဒါက ကောင်းကင်နတ်အရှင်မူရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို ဝါးမြိုသွားတာပဲ…. ဒါမဲ့ မူလပထမချီက တစ်… အဲ့ဒါက သုညကို တစ်အဖြစ် ပြောင်းလဲနိုင်တဲ့အတွက် ကောင်းကင်နတ်အရှင်မူရဲ့ စွမ်းအင်ကို အသွင်ပြောင်းပေးတယ်…. ကောင်းကင်နတ်အရှင်ဟောင်က သတိမေ့နေတာ မှန်ပေမယ့် ရည်ရွယ်ချက်ရှိရှိ မေ့လဲခဲ့တာပဲ”
အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
တန်ခိုးရှင်သစ်ခုတ်သမားက ဆက်ပြော၏။ “သူက ကစဉ့်ကလျားဟင်းလင်းပြင်ရဲ့ အပိုင်းအစကို မဟာလေဟာနယ်မြေထုဆီ တမင်ယူလာပြီး မဟာလေဟာနယ်မိစ္ဆာကျတ်ကုန်းဖြစ်အောင် တမင် ဖန်တီးလိုက်တာ…. မဟာလေဟာနယ်မိစ္ဆာကျတ်ကုန်း ဖြစ်သွားတာကို အခွင့်ကောင်းယူပြီးတော့ စိတ်နှလုံးမိစ္ဆာတွေ အမှန်တကယ် ဖြစ်တည်လာအောင် လုပ်တယ်… ပြီးရင် စိတ်နှလုံးမိစ္ဆာတွေရဲ့ စွမ်းအင်ကို စုပ်ယူရင်း သူ့ကိုယ်သူ အမြန်ဆုံး သက်သာလာအောင် လုပ်နေတာပဲ… သူက တာအိုဒဏ်ရာတွေ သက်သာအောင် သုညကနေ တစ်ဖြစ်တဲ့ သဘောတရားကို အသုံးချနေတာ…. စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူတွေကို စုပ်ယူပြီးတာနဲ့ ဒီပိုးအိမ်ကို ဝါးမြိုပြီးတော့ သန့်စင်လိုက်ဖို့ပဲ ကျန်တော့တယ်… အဲဒါကို သူ အကောင်းပကတိအတိုင်း သက်သာလာမယ့်အပြင် အရင်ကထက်တောင် သန်မာလာလိမ့်မယ်”
အကုန်လုံး မျက်နှာအကြီးအကျယ် ပျက်သွားကြပြီး လိုဏ်ခေါင်း၏ အတွင်းထဲသို့ တုံ့ဆိုင်းစွာ ကြည့်နေကြသည်။
ရုတ်တရက် ရှီမူဟုန့်က ကျယ်လောင်စွာ ရယ်လိုက်ရင်း အာကျယ်ကျယ် ပြောသည်။ “ကောင်းတယ်… ခင်ဗျားတို့သူပုန်တွေ ကောင်းကင်နတ်အရှင်ဟောင်ကို သတ်ဖို့ ကြိုးစားခဲ့တာမလား… ကျုပ်၊ ရှီမူဟုန့်က သစ္စာရှိအမှုထမ်းအနေနဲ့ ကောင်းကင်နတ်အရှင်ဟောင်ကို ကာကွယ်ပေးဖို့ လာခဲ့တာ”
သူသည် ဖြောင့်မတ်တည်ကြည်သောအသွင်ဖြင့် လေးစားကြည်ညိုဖွယ်ကောင်းနေ၏။
တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို တစ်ချက်မျှ ကြည့်လိုက်ရင်း စိတ်မဝင်စားစွာ ပြောသည်။ “ကောင်းကင်နတ်အရှင်ဟောင်က သတိမေ့နေတုန်းမလို့ မင်းပြောတာ မကြားရဘူး… သူ သတိရနေရင် အခုလို လာသေနေမယ့် စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူတွေ အများကြီး ရှိမှာမဟုတ်သလို ငါတို့ကိုလည်း ဒီနေရာဆီ လာခွင့်ပေးမှာ မဟုတ်ဘူး… ကောင်းကင်တာအိုရဲ့ ပိုးအိမ် ၃၅ ခုကို ထိန်းချုပ်ပြီး ငါတို့ကို တိုက်ခိုက်လို့ရတာပဲဟာ”
ဇာမဏီနတ်မင်း ချီရှားယွီက ခေါင်းညိတ်၍ ပြောသည်။ “အခု ဒီတာအိုပိုးအိမ်တွေက သူတို့ကို တိုက်ခိုက်မှ ပြန်တိုက်ခိုက်ကြတာဆိုတော့ ကောင်းကင်နတ်အရှင်ဟောင် အိပ်နေသေးတဲ့ အဓိပ္ပာယ်ပဲ”
ကောင်းကင်နတ်မင်းရှီ၏ မျက်နှာအမူအရာကား တစ်ချက်လေးပင် မပြောင်းလဲသွားပေ။ “တာအိုမိတ်ဆွေတွေ ပြောတာမှန်ပါတယ်… ကျုပ်တို့ အခုဘာလုပ်ကြမလဲ”
သူ၏မျက်နှာပြောင်ချက်ကား သြချစရာပင်။
တန်ခိုးရှင်သစ်ခုတ်သမားက ဖြေ၏။ “ငါတို့တွေ မိတ်ဆွေဖြစ်မလား၊ ရန်သူဖြစ်မလားက ကောင်းကင်နတ်အရှင်ဟောင်ကို သတ်နိုင်မယ့် အခွင့်အရေးအပေါ်မှာ မူတည်တယ်… ဒါကြောင့် ငါ တာအိုပိုးအိမ်ရဲ့ ဗဟိုချက်ဆီ သွားကြည့်လိုက်မယ်”
သူက ရှေ့တိုးသွားရန် ခြေလှမ်းပြင်နေစဉ် သိုင်းပညာ ကောင်းကင်ဆရာသခင်ကွမ်းချာသည် သူ့ဘေးသို့ ချက်ချင်း ရောက်လာ၏။ သူက အသံကို နှိမ့်၍ ပြောသည်။ “ငါက မင်းကို ကာကွယ်ပေးဖို့ ဒီမှာရှိနေတာ သစ်ခုတ်သမား… ကောင်းကင်နတ်အရှင်ဟောင် ဘယ်လောက်အထိ သတ်သာလာပြီလို့ မင်း ထင်သလဲ”
တန်ခိုးရှင်သစ်ခုတ်သမားက ခပ်တိုးတိုး ဖြေသည်။ “သူ နည်းနည်းလေး သက်သာလာရင်တောင် ငါတို့ပေါင်းတိုက်လည်း ငါတို့ရှုံးမှာ... အခု အားသာချက်က ကောင်းကင်နတ်အရှင်ဟောင်က မျောနေတယ်… သူ့ကို သတ်နိုင်တဲ့ အခွင့်အရေးရှိတယ်… မင်းရဲ့ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ တည်ဆောက်တာ ပြီးသွားပြီလား”
သိုင်းပညာကောင်းကင်ဆရာသခင်က ပြုံးလျက် ခေါင်းညိတ်ပြသည်။ “ဘာအားနည်းချက်မှ မရှိတော့ဘူး”
တန်ခိုးရှင်သစ်ခုတ်သမားက တည်ကြည်လေးနက်စွာ သတိပေး၏။ “မင်းက ငါတို့ထဲမှာ အသန်မာဆုံးပဲ… ဇာမဏီနတ်မင်းနဲ့ ကောင်းကင်နတ်မင်းရှီကို စောင့်ကြည့်ထား… ကောင်းကင်နတ်အရှင်ဟောင်က သူတို့ထဲ ရောက်နေလား ပြောမရဘူး”
သိုင်းပညာကောင်းကင်ဆရာသခင်ကွမ်းချာမှာ ငေးကြောင်သွားသည်။
အားလုံး တာအိုပိုးအိမ်အလွှာများကို ဖြတ်လာကြသည့်အခါ ရုတ်တရက် သူတို့အရှေ့တွင် ခပ်ကျယ်ကျယ် နေရာဟင်းလင်းပြင်တစ်ခုအား တွေ့လိုက်ရသည်။ သိပ်သည်းသော အလင်းတန်းများက ဤနေရာတွင် လှိုင်းတံပိုးများအလား ဖြာကျနေကြသည်။
သူတို့အားလုံး လှမ်းကြည့်လိုက်ရာ တာအိုပိုးအိမ်အတွင်းထဲက အရပ်လေးမျက်နှာမှ ကြိုးမျှင်အားလုံးသည် အလယ်ဗဟိုရှိ ကောင်းကင်နတ်အရှင်ဟောင်ထံတွင် စုဝေးနေကြောင်း တွေ့လိုက်ရလေသည်။