← Chapters

အားအင် ပြန်ဖြည့်ခြင်း

Vol. 96 Ch. 1260

အားအင် ပြန်ဖြည့်ခြင်း

Vol. 96 Ch. 1260

ကောင်းကင်နတ်အရှင်ဟောင်မှာ အားနည်းနေသော အရှိန်အဝါဖြင့် ကြိုးမျှင်များ ရစ်ဖွဲ့နေသော ပိုးအိမ်ထဲတွင် မလှုပ်မယှက် လဲနေသည်။

ထူးခြားဆန်းကြယ်သော ကောင်းကင်နှင့် မြေကြီးအပိုင်းအစတစ်ခုသည် သူ၏ခန္ဓာကိုယ်အပေါ်၌ လွင့်မျောနေ၏။ ၎င်းက အချင်း၀က် ဆယ်ပေမှ ပေနှစ်ဆယ်ခန့်သာ ရှိကာ မကြီးမားပေ။ မြေပြင်ပေါ်တွင် တာအိုသစ်ပင်တစ်ပင်လည်း ရှိပြီး တာအိုသစ်ပင်တွင် တာအိုသစ်သီးများ ပြည့်နေသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ်မှာ အထဲတွင် ပိတ်မိနေပြီး အဆက်မပြတ် ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်ချေ။

ယင်းကား မဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံပင်။

ဤမဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံသည် မဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံအစစ် မဟုတ်သေးပေ။ မဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံအစစ်က အန္တိမလေဟာနယ်ထဲတွင် တည်ရှိ၏။ ဤမဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ဖြင့် ဖန်တီးထားသော ကောင်းကင်နတ်သိုင်းတစ်ခုသာ ဖြစ်ချေသည်။

ကောင်းကင်နတ်အရှင်ဟောင်၏ ဒဏ်ရာများမှာ ဆိုးရွားပြင်းထန်လွန်းသည်။ မူလဝိညာဉ် ချိတ်ပိတ်ခံထားရသောကြောင့် သူ့မှာ ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဉ်စွမ်းအင်မှန်သမျှအား ထုတ်လွှတ်၍ စိတ်နှလုံးမိစ္ဆာများ အသုံးချကာ သူ၏ ဒဏ်ရာများအား ကုသရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။

သူသည် အမှန်တကယ်ပင် အခြားသူများထက် ဉာဏ်ကောင်း၏။ တန်ခိုးရှင်သစ်ခုတ်သမားကဲ့သို့ ဉာဏ်ကြီးရှင်တစ်ယောက်သာ မရှိခဲ့လျှင် မည်သူမှ သူ၏ အတားအဆီးအစီအရင်ကို ချိုးဖျက်၍ သူ ပုန်းအောင်းနေသော နေရာကို ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပေ။

သို့သော် ကောင်းကင်နတ်အရှင်ဟောင် သတိမေ့နေသည့်တိုင် အားလုံးမှာ အစွမ်းထက်သော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ ပြုမူနေကြပြီး သတိလက်လွတ် မနေရဲကြချေ။

ကောင်းကင်နတ်အရှင်ဟောင်၏ အရှိန်အဝါမှာ အားနည်းနေသော်လည်း အားအင်တို့က သူ၏ခန္ဓာကိုယ်ထဲတွင် ဖြည်းဖြည်းချင်း စုစည်းနေကြသည်ကို သူတို့အားလုံး တွေ့မြင်ရနိုင်၏။

ကောင်းကင်နတ်အရှင်ဟောင်သည် အံ့မခန်း ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည့်အလျောက် အမှန်တကယ် ပြန်လည်မွေးဖွားနေပြီ ဖြစ်၏။ ပြန်လည်မွေးဖွားပြီးပါက သူကား ပို၍ပင် အစွမ်းထက်လာကာ ပိုမိုကြောက်မက်ဖွယ်ရာ ကောင်းပေလိမ့်မည်။

မဟာဧကရာဇ်နှင့် တိုက်ပွဲက သူ့အား အကျိုးအမြတ်များစွာ ရရှိစေခဲ့သည်။

ကောင်းကင်နတ်မင်းရှီက အက်ကွဲကွဲအသံဖြင့် ရေရွတ်နေသည်။ “ဝင်လာခဲ့ကြတဲ့ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူတွေက ဒီနေရာမှာ သေသွားကြတာပဲ…”

သူတို့အားလုံး ကြိုးမျှင်များမှ တွဲလောင်းကျနေသည့် ဧရာမပိုးအိမ်များဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ပိုးအိမ်တစ်ခုချင်းစီတွင် ကောင်းကင်နတ်အရှင်မူတစ်ယောက်စီ တုပ်နှောင်ခံထားရထားသည်။

စိတ်နှလုံးမိစ္ဆာများသည် ဤနေရာသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြသော်လည်း မည်သူမှ ကောင်းကင်နတ်အရှင်ဟောင်ကို မသတ်ဖြတ်နိုင်ကြချေ။ သူ၏အာဟာရများသာ ဖြစ်လာကြသည်။

အချိန်အတော်ကြာသည့်တိုင် မည်သူမှ မလှုပ်ရှားကြချေ။

ရုတ်တရုတ် ခံ့ခံ့ညားညား ရယ်သံ ထွက်ပေါ်လာသည်။ ယန်ယွင်ရှီ၏ မြည်း မိစ္ဆာဘုရင်လွီကျန့်က ရယ်လျက် ပြောသည်။ “ကောင်းကင်နတ်အရှင်ဟောင်က ဟိုနားလေးမှာတင် သတိမေ့ပြီး လဲကျနေပေမယ့် ဘယ်သူမှ မလှုပ်ရဲကြပါလား… ဟီးဟီး မင်းတို့ဧကရာဇ်ပလ္လင်အဆင့်တွေက အလကားပါကွာ… အစ်ကိုကြီးနျိုစန်းသွော သွားကြစို့”

မြည်းက ခွာကို မြှောက်ကာ ယန်ယွင်ရှီအား ကျောပေါ်မှ ခါချလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကို လှုပ်ခါ၍ ကြီးထွားလာစေသည်။ ၎င်းသည် မြည်းမျက်နှာ၊ လူကိုယ်ဖြင့် မိစ္ဆာတစ်ကောင်အသွင် ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။ “အစ်ကိုကြီးစန်းသွော၊ ကောင်းကင်နတ်အရှင်ဟောင်ကို အတူသတ်ကြစို့… သူတို့အစား ရှက်ဖို့ကောင်းတယ်…. ကြောင်နက်လေး မင်းရော လိုက်မလား”

ကျားနက်နတ်မင်းမှာလည်း သူ၏စကားကြောင့် သွေးဆူလာပြီး ငေါက်ခနဲ ထရပ်၍ နျိုစန်းသွောဆီသို့ ကြည့်လိုက်သည်။

နျိုစန်းသွောက ထရပ်ကာ နွားသိုးခေါင်း၊ လူခန္ဓာဖြင့် မိစ္ဆာနတ်ဘုရားတစ်ပါးအသွင် ပြောင်းလဲလိုက်သည်။ သူက ပြုံး၍ ပြောသည်။ “ဒီလိုအခွင့်အရေးမျိုး ရဖို့ ခက်တော့ အပြည့်အဝ အသုံးချပေးရမှာပေါ့”

သုံးယောက်သား ရှေ့သို့ ပြေးတက်သွားကြစဉ် ရုတ်တရက် ကြိုးမျှင်များသည် လူးလွန့်လာပြီး မြွေလိမ်မြွေကောက် လှုပ်ရှားလာကြသည်။ ရှောင်တိမ်းရန် မဖြစ်နိုင်သောကြောင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။

နျိုစန်းသွောနှင့် လွီကျန့်က ထူးဆန်းစွာ အော်ဟစ်လိုက်ကြ၏။ သူတို့၏ ကောင်းကင်နတ်သိုင်းများနှင့် ကောင်းကင်လက်နက်များ ထိုကြိုးမျှင်များနှင့် ထိတွေ့သွားသည့်အခါ ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအား သိသိသာသာ လျော့ကျသွားသည်ကို ခံစားလိုက်ရကြသည်။ ကောင်းကင်လက်နက်များ၏ စွမ်းအားမှာလည်း ထိုကြိုးမျှင်တို့၏ စုပ်ယူခြင်း ခံနေရ၏။

ပို၍ထူးဆန်းသည်က ထိုကြိုးမျှင်များနှင့် ထိတွေ့သွားသည့် ကောင်းကင်လက်နက်များအား လွှတ်ချ၍ မရပေ။

မကြာမီ သူတို့၏ကောင်းကင်လက်နက်များမှာ ကြိုးမျှင်များ၏ ဖုံးလွှမ်းခြင်း ခံလိုက်ရရာ ဆွဲယူမရတော့ချေ။ မကြာမီ သူတို့၏ခန္ဓာကိုယ်များပင်လျှင် ကြိုးမျှင်များနှင့် ထိကပ်သွားပြီး တဖြည်းဖြည်း ဝိညာဉ်မဲ့လာကြသည်။

ကျားနက်က အော်ဟစ်၏။ “ကျုပ်က သင်္ချာကျွမ်းတော့ နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းနိုင်တယ်… ကျုပ်ဘေးကို လာခဲ့ကြ”

နျိုစန်းသွောနှင့် လွီကျန့်မှာ သူ့ဘေးသို့ ခက်ခက်ခဲခဲ ရွှေ့သွားကြသည်။ ကျားနက်နတ်မင်းက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ကာ အလင်းတန်းများနှင့်အတူ သူတို့သုံးယောက်လုံး ပျောက်ကွယ်သွားကြ၏။

သို့သော် ကြိုးမျှင်များက သူတို့နောက်မှ လိုက်လာကြသည်။ သူတို့မည်သည့်နေရာသို့ ရွှေ့ပြောင်းသွားမည်ကို သိနေသည့်အလားပင်။

ကျားနက်နတ်မင်းက နျိုစန်းသွောနှင့် လွီကျန့်ကို ခေါ်၍ ကောင်းကင်နတ်အရှင်ဟောင်အပေါ်ရှိ ကောင်းကင်ထက်၌ ပေါ်လာကြသည်။

ပေါ်လာလျှင်ချင်း ကြိုးမျှင်များက သူတို့ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ကာ တွဲလောင်းချထားလိုက်ကြချေပြီ။

ထို့နောက် ကြိုးမျှင်များသည် သူတို့၏အရေပြားထဲသို့ ဖောက်ဝင်လာကာ ခန္ဓာကိုယ်အတွင်းတွင် အမြစ်တွယ်ပြီး စွမ်းအင်များကို စုပ်ယူကြတော့သည်။

သုံးယောက်လုံးမှာ ကြက်သီးမွေးညင်း ထကုန်ကြသည်။ ထိုကြိုးမျှင်များသည် သူတို့၏ ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များကို ထိုးဖောက်ကာ ပိုးချည်တို့ဖြင့် ဖုံးအုပ်နေကြလေသည်။

သူတို့၏ မူလဝိညာဉ်များပင်လျှင် ခပ်ပါးပါး ပိုးချည်လွှာဖြင့် လွှမ်းမိုးခံထားရသည်။

နျိုစန်းသွော အော်ဟစ်အကူအညီတောင်းရန် ပြင်လိုက်စဉ် လွီကျန့်၏ အကူအညီတောင်းသံက အလျင်ထွက်ပေါ်လာသည်။

နျိုစန်းသွောနှင့် ကျားနက်နတ်မင်းတို့မှာ မျက်နှာမထားတတ်အောင် အရှက်ရနေကြ၏။ သူတို့က စိတ်ထဲမှ တွေးနေကြလေသည်။ ‘အခုကစပြီး ဒီမြည်း ဘယ်လောက် အာကျယ်ကျယ်… သူ့စကား နားထောင်လို့ မဖြစ်တော့ဘူး”

လွီကျန့်သည် အော်ဟစ်အကူအညီတောင်းနေဆဲ ဖြစ်‌သော်လည်း ယန်ယွင်ရှီ၊ ‌သိုင်းပညာကောင်းကင်ဆရာသခင်၊ တန်ခိုးရှင်သစ်ခုတ်သမားနှင့် ကျန်သူများက မျက်နှာများ သုန်မှုန်နေကြပြီး ချက်ချင်း လ,မကယ်ကြချေ။

“ငါ ၀င်သွားရင်တောင်မှ အဲ့ဒီကြိုးမျှင်တွေကို မတိုက်ခိုက်နိုင်ဘူး… ငါ့ခန္ဓာကိုယ်နဲ့ ကြိုးမျှင်တွေ ထိသွားပြီး ကောင်းကင်ရတနာတွေနဲ့ ကောင်းကင်နန်း‌ဆောင်တွေထဲ သူတို့ ၀င်သွားရင် ငါ လွတ်မှာ မဟုတ်ဘူး”

‌သိုင်းပညာကောင်းကင်ဆရာသခင် ကွမ်းချာက တည်ကြည်လေးနက်စွာ ပြောသည်။ “ဒီတာအိုသင်္ကေတမျိုးတွေက သိပ်နူးညံ့ပြီး ခန္ဓာကိုယ်ကို ကပ်ထားနိုင်တယ်... ကပ်မိတာနဲ့ ဖယ်ရှားလို့ မရတော့ဘူး…. သစ်ခုတ်သမား၊ ငါ့အထင်တော့ ကောင်းကင်နတ်မင်းနဲ့ ဇာမဏီနတ်မင်းတောင် အဖြေမထုတ်နိုင်လောက်ဘူး… မင်းမှာရော နည်းလမ်းရှိလား…”

ဇာမဏီနတ်မင်းသည် ထိုစကားကို ကြားလျှင် မေး၏။ “ကောင်းကင်မီးလျှံကို ကျွန်မ သုံးကြည့်လို့ရလား”

တန်ခိုးရှင်သစ်ခုတ်သမားက ပြုံးလျက် ‌ဖြေသည်။ “ဇာမဏီနတ်မင်း ကြိုးစားကြည့်လို့ ရပါတယ်”

ဇာမဏီနတ်မင်း ချီရှားယွီက လက်ဖဝါးဖြန့်၍ ကောင်းကင်မီးလျှံတချို့ ထုတ်လွှတ်ကာ ကြိုးမျှင်များထံ ပစ်လွှတ်လိုက်သည်။ မကြာမီ ကောင်းကင်မီးလျှံသလင်းကျောက်များမှာ ကြိုးမျှင်တို့၏ ရစ်ပတ်ခြင်း ခံလိုက်ရလေသည်။ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများ၊ လွီကျန့်၊ နျိုစန်းသွောနှင့် ကျားနက်နတ်မင်းနှင့်အတူ ၎င်းမှာ တွဲလောင်းချခံလိုက်ရ၏။

ချီရှားယွီမှာ မျက်လုံးကလေးအပြူးသားဖြင့် စိုက်ကြည့်ရင်း ဆွံ့အနေသည်။

ရှီမူဟုန့်က တရိုတသေ ပြော၏။ “တာအိုနောင်တောင်၀မ်၊ ခင်ဗျားက အမြဲတမ်း အကြံရှိနေကျဆိုတော့ တန်ပြန်တိုက်ကွက်လေးများ မသိဘူးလား”

တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းခါသည်။ “ငါ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အစီအရင်တွေကို မချိုးဖျက်နိုင်ဘူး”

ရှီမူဟုန့်မှာ ထိုစကားကို ကြားလျှင် ပြုံး၍ သတ်ဖြတ်ရန် ပြင်လိုက်သည်။ သူ့အနေဖြင့် ကောင်းကင်နတ်အရှင်ဟောင်ကို မသတ်ဖြတ်နိုင်ပါက ကောင်ကင်းကင်နတ်အရှင်ဟောင်အား ကူညီ၍ ထိုသူများကို သတ်ဖြတ်ပေးမည်ဖြစ်သည်။ ဤသည်က ကြီးမားလှသော ကောင်းမှုတစ်ခု မဟုတ်ပါလော။

“ဒါပေမဲ့ ..”

တန်ခိုးရှင်သစ်ခုတ်သမားက စကားလမ်းကြောင်း ပြောင်းလိုက်သဖြင့် ကောင်းကင်နတ်မင်းရှီက အသတ်အဖြတ်စိတ်ဆန္ဒကို အလျင်အမြန် ချုပ်တည်းလိုက်သည်။ တန်ခိုးရှင်သစ်ခုတ်သမားက ဆက်ပြော၏။ “ငါ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အစီအရင်တွေကို မချိုးဖျက်နိုင်ဘူး… ဒါပေမဲ့ သူ့အစီအရင်တွေကို သုံးပြီး ပြန်ချိုးဖျက်လို့တော့ ရတယ်”

လူတိုင်းမှာ ကြောင်အသွားကြသည်။

တန်ခိုးရှင်သစ်ခုတ်သမားက ဆက်ရှင်းပြ၏။ “ကောင်းကင်နတ်အရှင်ဟောင် တာအိုပိုးအိမ် ၃၅ ခု ဖွဲ့တည်ခဲ့ရတဲ့ အကြောင်းအရင်းက သူ့ရုပ်ခန္ဓာ ပျက်စီးနေလို့ပဲ… သူ့မူလဝိညာဉ်ကလည်း မဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲမှာ ချိတ်ပိတ်ခံထားရတယ်… ဒါ့အပြင် သူ့ရုပ်ခန္ဓာအနေနဲ့ မှော်စွမ်းအား ပမာဏအများကြီး မထိန်းချုပ်နိုင်ဘူး… မှော်စွမ်းအင်ကလည်း ဖရိုဖရဲဖြစ်နေတော့ မဟာတာအိုသင်္ကေတတွေလည်း ပြန့်ကြဲနေကြတယ်”

အကုန်လုံး တိတ်ဆိတ်စွာ နားထောင်နေကြသော်လည်း တန်ခိုးရှင်သစ်ခုတ်သမားက တခဏရပ်၍ မည်သို့ စကားစီရမည်ကို စဉ်းစားနေသည်။ အားလုံး စောင့်နေရင်း ရိုးတိုးရွတ ဖြစ်လာသည့်အခါမှ ဆက်ပြော၏။ “ဒါကြောင့် သူ့အစီအရင်တွေကို ချိုးဖျက်ဖို့ အလွယ်ကူဆုံး နည်းလမ်းက မဟာတာအိုပိုးအိမ်ထဲကနေ သူ့ကို နှင်ထုတ်ပြီး ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးဖို့ပဲ”

အားလုံးမှာ တုန်လှုပ်ခြောက်ခြား၍ ငေးကြောင်ကုန်ကြသည်။ ခန်းနွီက သက်ပြင်းချ၏။ “ကောင်းကင်ဆရာသခင် သစ်ခုတ်သမား၊ ဒီလောကမှာ ရှင် မသတ်နိုင်တဲ့သူများ ရှိသေးလား…”

“ရှိတယ်..”

တန်ခိုးရှင်သစ်ခုတ်သမားက တည်ကြည်လေးနက်စွာ ဖြေသည်။ “ကောင်းကင်နတ်အရှင်ဟောင်က သူတို့ထဲက တစ်ယောက်ပဲ… သူက ဒဏ်ရာ အပြင်းအထန် ရထားပေမယ့် ငါ ဒီနည်းလမ်းနဲ့ သူ့ကို သတ်နိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး… သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်ပမာဏအများကြီး စုစည်းနေပြီးပြီ… သူ ခံနိုင်ရည်ရှိရင် ငါတို့ သေရလိမ့်မယ်… မခံနိုင်ရင်တော့…”

သူက ဆက်မပြောဘဲ ကောင်းကင်နတ်မင်းရှီနှင့် ချီရှားယွီဆီသို့ ကြည့်လိုက်၏။ “တာအိုမိတ်ဆွေတို့ရော ပူးပေါင်းမှာလား”

ရှီမူဟုန့်က တခဏ တွန့်ဆုတ်နေပြီးနောက် ချီရှားယွီထံ လှည့်ကြည့်သည်။

ချီရှားယွီက မျက်နှာတည်ဖြင့် ပြောသည်။ “လုပ်ပါ တန်ခိုးရှင်သစ်ခုတ်သမား…. ကျွန်မတို့မှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိပါတယ်”

ရှီမူဟုန့်က တခဏ တုံ့ဆိုင်းနေပြီးနောက် အံကြိတ်လိုက်၏။ သူက ခပ်ဟဟ ရယ်လျက် ပြောသည်။ “ငတ်သေတဲ့သူတွေက ငကြောက်တွေပဲ… လုပ်ရဲတဲ့ သတ္တိရှိတဲ့သူတွေကတော့ သူရဲကောင်းတွေ ဖြစ်လာတယ်… ကြက်သူခိုးကြီး တိုက်ခိုက်ကြည့်ပေါ့”

တန်ခိုးရှင်သစ်ခုတ်သမားက ခါးမှ တာအိုအိတ်တစ်အိတ် ထုတ်ကာ လက်ရေးလှပန်းချီကားနှစ်ချပ် ထုတ်လိုက်သည်။ “ခိုင်ဧကရာဇ် ရွှမ်တု၊ ယိုတုနဲ့ သင့်မြတ်ခဲ့တဲ့ အချိန်တုန်းက ငါ ရွှမ်တုနဲ့ ယိုတုဆီ ခိုင်ဧကရာဇ်နဲ့အတူ သွားလည်ခဲ့တယ်…. ‌ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က ငါ လေ့လာရတာ သဘောကျမှန်းသိလို စုတ်တံကိုင်ပြီး ငါ့အတွက် လက်ရေးစာ ရေးသားပေးခဲ့ကြတယ်”

သူက လက်ရေးလှပန်းချီကားကို ဖြန့်လိုက်သည့်အခါ ပန်းချီကားချပ်ပေါ်တွင် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့၏ လက်ရေးများက နေရာယူထား၏။ စာများက နတ်ဘုရားစာနှင့် မိစ္ဆာစာတို့ဖြင့် ရေးသားထားကြခြင်း ဖြစ်သည်။ သူက ဆက်ပြော၏။ “ငါ ဒီပန်းချီနှစ်ချပ်ကို ဘယ်တုန်းကမှ ထုတ်မသုံးခဲ့ဘူး… နောက်ပိုင်း ဆန်ကုန်မြေလေး တပည့်တစ်ယောက်ကို လက်ခံခဲ့တယ်လေ... အဲဒီတပည့်က ဝိညာဉ်တွေကို ဆင့်ခေါ်ပြီး ပြန်လည်တည်ဆောက်ပေးနိုင်တဲ့ မန္တန်တစ်ခု ရှာတွေ့ခဲ့တယ်…အဲဒါနဲ့ ငါလည်း သူ့ရဲ့ အခြေခံပေါ် မူတည်ပြီးတော့ မန္တန်ကောင်းကင်နတ်သိုင်းတစ်ခု တီထွင်မယ်လို့ စဉ်းစားရင်း ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ စွမ်းအားကို ငှားကြည့်ခဲ့တယ်… … တခြားသူတွေ ငါ့ကို တိုက်ခိုက်လိုက်တဲ့ ကောင်းကင်နတ်သိုင်းကို ပြုပြင်ပြီး သူတို့ခန္ဓာကိုယ်ထဲ ပြန်ထိုးထည့်ပေးလိုက်တာမျိုးပေါ့”

အကုန်လုံး ကျောချမ်းသွားကြသည်။

All Chapters