← Chapters

ကောင်းကင်နတ်အရှင်တစ်ပါး၏ အင်အား

Vol. 96 Ch. 1261

ကောင်းကင်နတ်အရှင်တစ်ပါး၏ အင်အား

Vol. 96 Ch. 1261

“ရန်သူရဲ့ ကောင်းကင်နတ်သိုင်းကို အဲဒီလူရဲ့ ခန္ဓာကိုယ်ထဲ ပြန်ထိုးထည့်တာတဲ့လား”

တွေးကြည့်ရုံနှင့်တင် ကြက်သီးမွေးညင်းများ ထကုန်ကြသည်။

သူတို့သည် ကောင်းကင်နတ်မင်းရှီနှင့် ဇာမဏီနတ်မင်းချီရှားယွီတို့ကဲ့သို့ ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူတို့၏ ကောင်းကင်နတ်သိုင်းများက ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်စွမ်း ရှိကြ၏။ အကယ်၍ သူတို့သာ ကောင်းကင်နတ်သိုင်းများဖြင့် တန်ခိုးရှင်သစ်ခုတ်သမားကို တိုက်ခိုက်လျှင် တန်ခိုးရှင်သစ်ခုတ်သမားသည် ၎င်းတို့ကို သူတို့ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေလိမ့်မည်။ ထိုကောင်းကင်နတ်သိုင်းစွမ်းအားများ ပေါက်ကွဲသွားပါက သူတို့အနေဖြင့် သေလျှင်သေ မသေလျှင် ဒုက္ခိတ ဖြစ်ရလိမ့်မည်။

တန်ခိုးရှင်သစ်ခုတ်သမား တီထွင်ခဲ့သည့် ကောင်းကင်နတ်သိုင်းကား ပြိုင်ဘက်ကင်းလောက်အောင် ရက်စက်လှပေသည်။

တန်ခိုးရှင်သစ်ခုတ်သမားသည် ပန်းချီကားနှစ်ချပ်အား မြေပေါ်တွင် ခင်းကြည့်၍ တည်ကြည်လေးနက်စွာ ပြောသည်။ “သဘောတရားအရတော့ ဖြစ်နိုင်တယ်… တပည့်မိုက် တီထွင်ခဲ့တဲ့ အစီအရင်က ပျက်စီးနေတဲ့ ဝိညာဉ်ကို ဆင့်ခေါ်ပြီး ပြန်လည်တည်ဆောက်ပေးရင်း အသက်သွင်းပေးနိုင်တယ်.... ဝိညာဉ်ကို မူလအခြေအနေပြန်ရောက်အောင် လုပ်ပြီး အရေပြားထဲ ထိုးထည့်ပေးလိုက်တာမျိုးပေါ့… အဲဒါဆို အဲဒီလူ ပြန်အသက်ရှင်နိုင်သွားပြီ…. ရန်သူ့ရဲ့ ကောင်းကင်နတ်သိုင်းကို ပြောင်းလဲတာလည်း အဲဒီသဘောတရားပဲ… ငါ့ရဲ့တပည့်မိုက်က ငါ့အတွက် လမ်းဖောက်ပေးခဲ့ပြီးပြီဆိုတော့ ငါ့အနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်သွားလိုက်ရုံပဲ”

သိုင်းပညာကောင်းကင်ဆရာသခင်လည်း ကြက်သီးထနေသည်။ သူက အက်ကွဲကွဲ အသံဖြင့် မေး၏။ “မင်း ဖန်တီးခဲ့တာလား”

တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းညိတ်ပြီးနောက် ခေါင်းရမ်းလိုက်သည်။

အကုန်လုံး ကြောင်ကြောင်ငေးငေး ဖြစ်သွားကြသည်။

တန်ခိုးရှင်သစ်ခုတ်သမားက သက်ပြင်းချ၍ ရှင်းပြ၏။ “ငါ ဖန်တီးခဲ့တာတော့ ဟုတ်တယ်… ဒါပေမယ့် ငါ ဖန်တီးခဲ့တဲ့ ကောင်းကင်နတ်သိုင်းက စိတ်ကျေနပ်ဖို့မကောင်းဘူး… ဒီကောင်းကင်နတ်သိုင်းကို အသက်သွင်းဖို့အချိန်က ကြာလွန်းတော့ ဒုက္ခရောက်တယ်… ငါ ဒီကောင်းကင်နတ်သိုင်းကို တိုက်ပွဲထဲမှာ အသက်သွင်းမယ်ဆိုရင် ငါ သေနေလောက်ပြီ…. ဒ့ါအပြင် ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ စွမ်းအားကိုလည်း ငှားယူဖို့ လိုသေးတယ်… ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က ခိုင်ဧကရာဇ်နဲ့ မတည့်ကြတော့ င့ါကို ငှားကြမှာမဟုတ်ဘူးလေကွာ”

အားလုံးမှာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ကြပြီး သိုင်းပညာကောင်းကင်ဆရာသခင်မှာလည်း စိတ်သက်သာရာရသွားသည်။ ‘ဒါဆို ငါ သူ့ကို အေးဆေး အနိုင်ယူနိုင်သေးတယ်’

တန်ခိုးရှင်သစ်ခုတ်သမားက ဆက်ပြော၏။ “ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က သူတို့ရဲ့ စွမ်းအားတွေကို ငါ့ကို ငှားမယ်ဆိုရင်တောင် ဗြောင်းဆန်နေတဲ့ တိုက်ပွဲထဲမှာ ရန်သူရဲ့ ကောင်းကင်နတ်သိုင်းကို ပြုပြင်နိုင်မှာမဟုတ်ဘူး… ဘာလို့လဲဆိုတော့…”

သူက မျက်မှောင်ကြုတ်၍ သက်ပြင်းချသည်။ “ငါ့ရဲ့သိုင်းအဆင့်က နိမ့်လွန်းတယ်… စိမ့်ထွက်နေတဲ့ စွမ်းအင်ကို မထိန်းချုပ်နိုင်ဘူး… ငါ ကျရှုံးသွားရင် စိစိညက်ညက် ကြေသွားမှာ… ဒီကောင်းကင်နတ်သိုင်းက အသုံးမဝင်ဘူးလို့ဘဲ ထင်ခဲ့ပေမယ့် ... ဒီနေရာမှာ သုံးရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး”

အကုန်လုံး ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်လိုက်ကြသည်။ ဤနေရာသည် အမှန်တကယ်ပင် တန်ခိုးရှင်သစ်ခုတ်သမား၏ ကောင်းကင်နတ်သိုင်းကို ထုတ်ဖော်ပြသနိုင်မည့် အကောင်းဆုံး နေရာဖြစ်၏။

တာအိုပိုးအိမ်များမှာ ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များဖြစ်ရာ မဟာတာအိုအစုအဝေးများဟု ဆိုရမည်။ ၎င်းတို့ကို မထိသရွေ့ တိုက်ခိုက်မည်မဟုတ်ပေ။

တန်ခိုးရှင်သစ်ခုတ်သမားတွင် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့၏ လက်ရေးလှပန်းချီ ရှိသဖြင့် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားကို ငှားယူနိုင်ပေသည်။ ထိုမျှသာမက ကောင်းကင်နတ်အရှင်ဟောင်မှာလည်း ယခုတွင် သတိမေ့နေသဖြင့် သူ့အား မတိုက်ခိုက်နိုင်ပေ။

တန်ခိုးရှင်သစ်ခုတ်သမားအနေဖြင့် ဤကောင်းကင်နတ်သိုင်းကို အသက်သွင်းပြီး မဟာတာအိုပိုးအိမ်များကို ကောင်းကင်နန်းဆောင် ၃၅ ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်နတ်အရှင်‌ဟောင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးထည့်နိုင်၏။

တန်ခိုးရှင်သစ်ခုတ်သမားက မန္တန်အစီအရင်ကို အသက်သွင်းလိုက်ရာ ဆန်းပြားသောအစီအရင်တစ်ခု အသက်ဝင်လာသည်။ လက်ရေးလှပန်းချီကားနှစ်ချပ်သည် တဖြည်းဖြည်း မြောက်တက်လာပြီး ကောင်းကင်တာအိုနှင့် ယိုတုမဟာတာအိုတို့၏ စွမ်းအားက စာလုံးများဆီမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာကြ၏။

တန်ခိုးရှင်သစ်ခုတ်သမား ရူးသွပ်သွားသကဲ့သို့ ကြယ်များအပေါ် နင်းလိုက်သည်။ သူ့အသွင်မှာ ဝိညာဥ်လမ်းညွှန်ကို အသက်သွင်းခဲ့သော ချင်မူ၏ မျက်နှာအမူအရာနှင့် တထေရာတည်း တူနေသည်။

ဖော်ပြမရနိုင်သော စွမ်းအားတစ်ရပ်သည် တိတ်တဆိတ် ပေါ်ထွက်လာသောကြောင့် အားလုံး ဟိုဟိုသည်သည် ကြည့်လိုက်မိကြသည်။ ဤစွမ်းအား ပျံ့နှံ့လာသည့်အခါ တာအိုပိုးအိမ်များမှာ အမှန်တကယ်ပင် တစတစ ပြောင်းလဲစပြုလာချေပြီ။ ပြော

တာအိုပိုးအိမ်များကား ကျုံ့ဝင်နေ၏။

ထိုမျှသာမက တာအိုပိုးအိမ်တို့၏ အသွင်သဏ္ဍာန်မှာလည်း ဖြည်းဖြည်းချင်း ပြောင်းလဲလာနေသည်။

တာအိုပိုးအိမ်များမှာ ပိုးချည်လွှာတို့ ခွာယူခံနေရပုံရပြီး ကြိုးမျှင်များသည် ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဆင်းနေကြ၏။

တန်ခိုးရှင်သစ်ခုတ်သမား၏ အစီအရင် အရေးကြီးသော အခိုက်အတန့်သို့ ရောက်သည့်အချိန်တွင် ဝှစ်ခနဲ အသံတစ်သံကြားလိုက်ရသည်။ တာအိုပိုးအိမ် ၃၅ ခုကား လေဖြင့် သယ်ယူခံလိုက်ရသော ပိုးချည်လွှာများကဲ့သို့ ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်ဆီ ပြေးဝင်သွားကြချေပြီ။ တစ်ချိန်တည်းမှာပင် တွဲလောင်းကျနေသည့် ပိုးအိမ်များသည်လည်း အလိုအလျောက် လှည့်ပတ်လာကြကာ ကြိုးမျှင်များ လျော့ကျလာ၏။

ဝုန်း… ဝုန်း… ဝုန်း

တွဲလောင်းကျနေသည့် နျိုစန်းသွော၊ လုကျန်းနှင့် ကျားနက်နတ်ဘုရားတို့မှာ ချက်ချင်း မြေပြင်ပေါ် ပြုတ်ကျသွားသည်။ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများလည်း ပြုတ်ကျလာကြသည်။ သူတို့ထဲမှ တချို့သည် စွမ်းအင်အားလုံး စုပ်ယူခံထားရသဖြင့် သေဆုံးနေကြပြီး တချို့ကတော့ ပင်ပန်းနေကြသည်။

အားလုံးမှာ ကြောင်စီစီ ဖြစ်နေကြလေသည်။ ထိုစဉ် မျက်လုံးပိတ်၍ လဲနေခဲ့သော ကောင်းကင်နတ်အရှင်ဟောင်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

သူ၏မျက်နှာထက်တွင် အကြောက်တရားတို့ ပေါ်လွင်လာသော်လည်း မကြာမီ ဒေါသအဖြစ် ပြောင်းလဲသွား၏။

သူ၏ရုပ်ခန္ဓာထဲတွင် အဆက်မပြတ် ပြေးဝင်လာနေသော တာအိုပိုးအိမ် ၃၅ ခုဖြင့် ပြည့်နှက်နေချေပြီ။ သူ၏ရုပ်ခန္ဓာမှာ ချက်ချင်း ကြီးထွားလာသောကြောင့် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ ပွင့်ထွက်ကုန်သည်။

သူ ဤနေရာတွင် ပုန်းနေခဲ့ရသည့် ရည်ရွယ်ချက်မှာ တာအိုဒဏ်ရာများကို ကုသရန် ဖြစ်သည်။ သူ၏ဒဏ်ရာများက ပြင်းထန်လွန်းသည့်အတွက် ကောင်းကင်နတ်ဘုံမှ ဆေးဆရာများပင်လျှင် မကုသပေးနိုင်ချေ။ ပို၍အရေးကြီးသည်က တာအိုဒဏ်ရာများသည် သူ၏မူလဝိညာဉ်နှင့် ရုပ်ခန္ဓာထဲတွင် ငုပ်လျှိုးနေကြခြင်း ဖြစ်သည်။

တာအိုဒဏ်ရာအများစုမှာ မဟာဧကရာဇ်ဆီမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ကျန်တာအိုဒဏ်ရာသုံးခုမှာမူ ခိုင်ဧကရာဇ်ချင်ယဲ့နှင့် နတ်ဘုရင်လန်ဝူ၏ ဓားချက်များ ဖြစ်လေသည်။

ကောင်းကင်နတ်ဘုံမှ ဆေးဆရာများအနေဖြင့် သူ့အား သမာရိုးကျ နည်းလမ်းများဖြင့်သာ ကုသပေးနိုင်ကြရာ သူ့အား သက်သာလာစေနိုင်သည့် နည်းလမ်းမျိုး မရှိကြချေ။

သို့သော် သူ့တွင်တော့ ရှိသည်။

သူ့မှာ လမ်းဆုံးသို့ ရောက်နေခဲ့သော်လည်း သေအံ့ဆဲဆဲ အခိုက်အတန့်တွင် စိတ်နှလုံးမိစ္ဆာ၏စွမ်းအားကို ထုတ်လွှတ်ပေးလိုက်ပြီး အဆုံးသတ်မြို့ပျက်၏ မဟာတာအိုဖြင့် မူလချီကို လှည့်ပတ်ကာ သူ့ကိုယ်သူ ကုသနိုင်မည့် နည်းလမ်းအား တွေးခဲ့မိလေသည်။

ထိုမျှသာမက ယင်းနည်းလမ်းသည် တာအိုဒဏ်ရာများကိုပါ ဝါးမျို၍ ကောင်းကင်နန်းဆောင်များနှင့် ကောင်းကင်နတ်ဘုံကို ဖျက်ဆီးပေးပြီး သူ့အား ပို၍ပင် သန်မာသောအခြေအနေသို့ တွန်းပို့ပေးနိုင်၏။

သို့ထိတိုင် သူ၏ အစီအစဉ်များကို တစ်စုံတစ်ယောက်က ချိုးဖျက်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဤအခိုက်အတန့်တွင် သူ၏ရုပ်ခန္ဓာမှာ ဆက်လက် မကြီးထွားနိုင်တော့သော အခြေအနေသို့ ရောက်ရှိသွားချေပြီ။ စွမ်းအင်များလည်း စုဝေးနေပြီဖြစ်သည်။ ဤအတိုင်း ဆက်သွားလျှင် သူ့အနေဖြင့် တာအိုပိုးအိမ် ၃၅ ခုကို မကြာခင် စုပ်ယူနိုင်ပေတော့မည်။

သို့သော် ယခုတွင် တာအိုပိုးအိမ် ၃၅ ခုဖြစ်သော ကောင်းကင်နန်းဆောင် ‌၃၅ ဆောင်မှာ သူ၏ခန္ဓာကိုယ်ထဲသို့ အတင်းအဓမ္မ ထိုးထည့်ခံနေရသည်။ ၎င်းတို့မှာ မဟာဧကရာဇ်၊ ခိုင်ဧကရာဇ်၊ လန်ဝူနှင့် အခြားသူများ၏ အပြင်းအထန် တိုက်ခိုက်ခံထားရသောကြောင့် ပျက်စီး၍ မပြည့်စုံကြတော့ပေ။ အချိန်မရွေး ပြိုလဲသွားနိုင်ပြီး သူ့ကို ပေါက်ကွဲသွားစေမည့် စွမ်းအင်အဖြစ် ပြောင်းလဲနိုင်၏။

သူ၏ရုပ်ခန္ဓာသည် မကြာမီ အကန့်အသတ်သို့ ရောက်ရှိသွားသောကြောင့် အရေပြားမှာ ပေါက်ကွဲသွားကာ တစ်ကိုယ်လုံး သွေးများ ပန်းထွက်လာတော့သည်။

“မင်းတို့ကောင်တွေ...”

ကောင်းကင်နတ်အရှင်ဟောင်၏ အမျက်တချောင်းချောင်း ထွက်နေသော အသံကြီး ဟိန်းထွက်လာသည်နှင့် အနှိုင်းမဲ့သော ကြောက်မက်ဖွယ်ဖိအားကြီးကို အကုန်လုံး ခံစားလိုက်ကြရသည်။ သူတို့မှာ တုန်ရီစွာဖြင့် ဒူးထောက်လိုက်ကြပြီး ကြောက်လည်းကြောက်သလို၊ လေးလည်း လေးစားနေကြသည်။

ဤသည်က နှစ်တစ်သန်းကြာသည့်တိုင်အောင် လောကကြီးအား အုပ်စိုးခဲ့သည့် ကောင်းကင်နတ်အရှင်တစ်ပါး၏ ဖိအားပင် မဟုတ်ပါလော။ သူတို့နှလုံးသားထဲမှ ထွက်ပေါ်လာသည့် ကြောက်ရွံ့ရိုသေမှုက စစ်မှန်ချေသည်။

ယခုလို ဖိအားမျိုးအောက်တွင် တစ်ယောက်မှ နောက်ဆုတ်ရန် မရွေးချယ်ခဲ့ပေ။ ထိုအစား သူတို့အားလုံး လေပေါ်ခုန်တက်၍ ကောင်းကင်နတ်အရှင်ဟောင်အား တိုက်ခိုက်ကြသည်။

တန်ခိုးရှင်သစ်ခုတ်သမားမှာ ဒေါသမထိန်းနိုင်တော့သဖြင့် ခပ်မာမာ အော်ဟစ်လိုက်သည်။ “အရင်စ မတိုက်နဲ့… သူ့ရဲ့ရုပ်ခန္ဓာက သူ့တာအိုကို ခံနိုင်ရည်မရှိဘူး… မကြာခင် ပေါက်ကွဲလိမ့်မယ်… အဲဒီ့အချိန်ကမှ သတ်ဖို့ အချိန်ကောင်းပဲ”

သို့သော် တန်ခိုးရှင်သစ်ခုတ်သမားသည် ထူးခြားသော ဉာဏ်ပညာကို ပိုင်ဆိုင်ထားသော်လည်း ကျန်ရှိသူများ ရင်ဆိုင်နေရသည့် ဖိအားမှာ မည်မျှကြောက်စရာကောင်းမှန်း မသိပေ။

သူ၏သိုင်းအဆင့်မှာ နိမ့်လွန်းသဖြင့် ကြောက်ရွံ့ရိုသေမှုကြောင့် တာအိုနှလုံးသားအပေါ် သက်ရောက်နိုင်မည့် ဆိုးကျိုးကို သူ မသိချေ။

သူတို့သာ မလှုပ်ရှားပါက အကြောက်တရားသည် တာအိုနှလုံးသားကို နင်းချေသွားပြီး တိုက်ခိုက်ရဲတော့မည် မဟုတ်ပေ။

ဉာဏ်ပညာအရ တန်ခိုးရှင်သစ်ခုတ်သမားသည် သတ္တဝါပေါင်းများစွာထက် သာလွန်မြင့်မြတ်၏။ သို့သော် သိုင်းကျင့်ကြံခြင်းနှင့် တာအိုနှလုံးသားအရာတွင် သူကား များစွာနိမ့်ကျပေသည်။

ဖန်ဆင်းရှင်တစ်ယောက်က ကောင်းကင်လျှပ်စီးနှင့် မြေကမ္ဘာမီးတောက်ကို မြင်ယောင်ဖန်ဆင်းလျက် ကောင်းကင်နတ်အရှင်ဟောင်ဆီ ပြေးဝင်သွားသည်။ သို့သော် နောက်တစ်ခဏမှာပင် အားတစ်လှိုင်းက သူ၏ဦးခေါင်းကို ဖောက်ခွဲပစ်လိုက်ရင်း အလောင်းအား မြေပေါ် ပြုတ်ကျသွားစေသည်။

သိုင်းပညာကောင်းကင်ဆရာသခင်ကွမ်းချာက သူ၏ပြိုင်ဘက်ကင်း သိုင်းလမ်းစဉ်ဝိညာဉ်ဖြင့် လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ ကောင်းကင်နတ်အရှင်ဟောင်၏ လက်သီးက သူ့လက်သီးဖြင့် ၀င်တိုက်သွားပြီး ကြောက်မက်ဖွယ် တုန်ခါမှုကြီး ထွက်ပေါ်လာသည်။ ကွမ်းချာ၏ လက်ချောင်းငါးချောင်းမှာ တဂျွပ်ဂျွပ် မြည်လျက် ပေါက်ကွဲသွားပြီး သူ၏အသားစများပင် အမှုန့်ကြေသွား၏။

ထိုမျှသာမက အဖျက်အဆီးအားလှိုင်းက သူ၏လက်မောင်းတစ်လျှောက် ပျံ့နှံ့လာသည်။ သူ၏လက်ဖျံနှင့် လက်မောင်းလည်း နောက်ဆက်တွဲ ပေါက်ကွဲသွားပြီး ပခုံးရိုးများက ခန္ဓာကိုယ်မှ ပြုတ်ထွက်ကာ နောက်သို့ လွင့်စင်သွားသည်။

ချီရှားယွီက ကိုးကိုယ် ခွဲသွားပြီး ခန္ဓာကိုယ်ကိုးခုသည် တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားသည်။ သူမ၏ အတိုက်အခိုက်စွမ်းရည်မှာ အဆပေါင်းများစွာ မြင့်တက်လာပြီး မက်မွန်ပန်းခက်တစ်ခက်က သူမ၏လက်ဖဝါးထက်တွင် ဖွဲ့တည်လာသည်။ သစ်ခက်ဖြင့် အောက်သို့ ပွတ်ဆွဲလိုက်သည့်အခါ နေရာဟင်းလင်းပြင်မှာ ပုံပျက်သွား၏။

ကောင်းကင်နတ်အရှင်ဟောင်က မက်မွန်သစ်ခက်ကို ဆွဲယူလိုက်ရာ သစ်ခက်တစ်ခက်လုံး ဖောင်းခနဲ ပေါက်ကွဲသွားသည်။ ပွင့်ချပ်များက ကောင်းကင်နတ်အရှင်ဟောင်၏ လည်ပင်းထဲ ထိုးစိုက်၍ လည်ဂုတ်မှ ဖောက်ထွက်သွားကြသည်။

သို့သော် ကောင်းကင်နတ်အရှင်ဟောင်မှာ မည်သည်ကိုမှ ခံစားရပုံ မပေါ်ချေ။ သူက မက်မွန်သစ်ကိုင်းကို လွှတ်ပစ်လိုက်ရာ ချီရှားယွီ၏ ရင်ဘတ်မှာ ပေါက်ထွက်သွားသည်။ သူမသည် မက်မွန်သစ်ကိုင်းဖြင့် ထိုးစိုက်ခံလိုက်ရပြီး တစ်ကိုယ်လုံး နောက်သို့ လွင့်ထွက်သွားတော့သည်။

All Chapters