နောင်တော်ဟောင် ကျေးဇူးပြုပြီး သေလိုက်ပါတော့
Vol. 96 Ch. 1262
ကောင်းကင်နတ်မင်းရှီ ပင့်မြှောက်လိုက်သည့် ကျည်ပွေ့က ကောင်းကင်နတ်အရှင်ဟောင်၏ ဦးခေါင်းထက်တွင် ပေါ်လာကာ ဘန်းခနဲ ပေါက်ကွဲသွား၏။ တစ်ချိန်တည်းမှာပင် ရှီမူဟုန်းမှာ အရှိန်မထိန်းနိုင်တော့ဘဲ နောက်လန်ကျသွားပြီး သွေးအန်လိုက်ရသည်။
ကောင်းကင်နတ်အရှင်ဟောင်က ပါးစပ်ဟ၍ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ ထိုအခါ ကောင်းကင်နတ်မင်းရှီ၏ ရုပ်ခန္ဓာမှာ ပူပြင်းလှသည့် နေမင်းနှင့် တွေ့ကြုံလိုက်ရသော နှင်းစက်များအလား အသွေးအသားတို့ အရည်ပျော်သွားပြီး အရိုးဖြူဖြူများပင် ပေါ်လာတော့သည်။ သူ့မှာ နောက်သို့ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားလေသည်။
သူ လွင့်ထွက်သွားသည့်အချိန် ယန်ယွင်ရှီက ပြေး၀င်လာပြီး အသတ်အဖြတ်၀င်္ကပါတစ်ခု ခင်းကျင်းလိုက်သည်။ အသတ်အဖြတ်၀င်္ကပါသည် အသက်သွင်းခံလိုက်ရလျှင်ချင်း ကောင်းကင်နှင့် မြေကြီး၏ ကြောက်မက်ဖွယ်စွမ်းအားကို နှိုးဆော်လိုက်ကာ ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကို ငှားယူ၍ ကောင်းကင်နတ်အရှင်ဟောင်ကို သတ်ဖြတ်တော့၏။
ယန်ယွင်ရှီသည် အမိကမ္ဘာမြေနှင့် အမိကမ္ဘာမြေအသစ်ကို လုပ်ကြံရန် ၀င်္ကပါတစ်ခု အသုံးပြုကာ အမိကမ္ဘာမြေနှစ်ယောက်စလုံးအား ဒဏ်ရာ အပြင်းအထန် ရစေခဲ့ဖူး၏။ ယခုတွင် သူမ၀င်္ကပါ၏ စွမ်းအားကား ယခင်ကထက်ပင် အားကောင်းပြင်းထန်နေချေပြီ။
သူမ၏၀င်္ကပါ အသက်ဝင်လာသည့် အခိုက်အတန့်မှာပင် ဧရာမလက်ကြီးတစ်ဖက်က ၀င်္ကပါကို ဖောက်ဝင်လာကာ သွေးသံရဲရဲဖြစ်သည့်တိုင်အောင် ခုတ်ထစ်ခံလိုက်ရသည်။ သို့သော် သွေးသံရဲရဲ လက်ကြီးက သူမ၏ခန္ဓာကိုယ်ကို ရိုက်ချလိုက်၏။
ယန်ယွင်ရှီ၏ အရိုးများ၊ ကြွက်သားများ ကြေမွသွားပြီး သူမမှာ ရွံ့နွံ့ကဲ့သို့ ပျော့ဖတ်ပြားကပ်သွားတော့သည်။ ထိုလက်ဖဝါးကြီး သူမကို အသေသတ်တော့မည်အချိန် လက်တစ်ဖက်တည်းသာ ကျန်တော့သည့် သိုင်းပညာကောင်းကင်ဆရာသခင်က ရုတ်တရက် ပြေးဝင်လာသည်။ သူက ကျန်ရှိသည့် လက်တစ်ဖက်ဖြင့် လက်သီးဆုပ်၍ ထိုးလိုက်ရာ ထိုလက်မောင်းသည်လည်း ပေါက်ကွဲသွား၏။
ထိုစဉ် ရှုကျုံး၏ လက်သီးချက်က ကောင်းကင်နတ်အရှင်ဟောင်၏ ကျောနှင့် ထိတွေ့သွားသော်လည်း နောက်တခဏတွင် ကောင်းကင်နတ်အရှင်ဟောင်က လက်ကို ဓားသဖွယ် သုံး၍ ရှုကျုံး၏ လည်ပင်းအား လှီးဖြတ်လိုက်သည်။ ရှုကျုံး၏ ရုပ်ခန္ဓာမှာ အနှိုင်းမဲ့လောက်အောင် သန်မာပြီး ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များထက်ပင် သာလွန်သော်လည်း သူ၏ခေါင်းမှာ ဓားကြောင့် တိတိရိရီ ပြတ်ထွက်သွားပြီး ကောင်းကင်ထက်သို့ မြင့်တက်သွားတော့သည်။
ဖန်ဆင်းရှင်တစ်ယောက်အနေဖြင့် ထိုမျှနှင့် သူ့အား သတ်ဖြတ်ရန် မလုံလောက်ပေ။ ခေါင်းပြတ်ကြီး ပျံတက်သွားသည်နှင့် ရုပ်ခန္ဓာသည် ကောင်းကင်နတ်အရှင်ဟောင်ကို ချက်ချင်းဆိုသလို တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်၏။ လေလယ်ရှိ သူ၏ဦးခေါင်းက အော်ဟစ်လိုက်သည်။ “ခန်းနွီရေ”
ခန်းနွီကလည်း ပျံသန်းလာနေပြီဖြစ်သည်။ သူမလက်ထဲရှိ ဝိညာဉ်ခုနစ်သွယ်မြက်က ပျံသန်းသွားပြီး ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ သူ၏ဝိညာဉ်ကို ဖျက်ဆီးလိုက်သည်။
ခန်းနွီက အာခေါင်ခြစ်ကာ စူးစူးဝါးဝါး အော်လိုက်ရင်း ဆူးချွန်တစ်ခု ကိုင်လျက် ကောင်းကင်နတ်အရှင်ဟောင်၏ ဦးနှောက်ထဲသို့ စိုက်ထည့်လိုက်၏။
ထိုအခိုက်အတန့်တွင် ရှုကျုံး၏ ရုပ်ခန္ဓာမှာ ပေါက်ကွဲသွားပြီး ကောင်းကင်နတ်အရှင်ဟောင်၏ လက်ဖဝါးက ခန်းနွီ၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။ သူမ၏ဦးခေါင်းမှာ ဝုန်းခနဲ ပေါက်ကွဲသွားပြီး ခေါင်းပြတ်ခန္ဓာကိုယ်က ထွက်ပြေးသွားသည်။
“သောက်ကျိုးနည်း ဖန်ဆင်းရှင်တွေ”
ကောင်းကင်နတ်အရှင်ဟောင်၏ မျက်လုံးများမှ နတ်အလင်းရောင် ထုတ်လွှတ်လိုက်ရာ နတ်အလင်းတန်းနှစ်တန်းက မြွေလိမ်မြွေကောက် ဖြတ်သန်းသွားလေသည်။ သူကား ခန်းနွီ၏ ခေါင်းပြတ်ခန္ဓာကိုယ်ကို ခုတ်ပိုင်း၍ သူမ၏အသိစိတ်အလျဉ်အား လုံးလုံးလျားလျား ဖျက်ဆီးချင်နေသည်။
ထိုအခိုက်အတန့်တွင် ရှုကျုံး၏ ဦးခေါင်းက ပျံသန်းလာပြီး ခန်းနွီ၏ လည်ပင်းပေါ်သို့ ဆင်းသက်လိုက်သည်။ သူတို့၏ အသိစိတ်အလျဉ်သည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွား၏။
ဝုန်း…
နှစ်ယောက်လုံး ပေါက်ကွဲ၍ လဲကျသွားသည်။
တန်ခိုးရှင်သစ်ခုတ်သမားမှာ ဤအဖြစ်အပျက်များကို ကြည့်ရင်း ဒေါသမထိန်းနိုင်တော့ပေ။ သူက ပုဆိန်ကြီးကို မြှောက်၍ ကောင်းကင်နတ်အရှင်ဟောင်အား သူသေကိုယ်သေ တိုက်ခိုက်ရန် ပြေးချသွားတော့သည်။ သူက ဒေါသတကြီး အော်နေ၏။ “မင်းတို့ကို ခဏစောင့်ပါလို့ ပြောနေတာကို…”
ထိုစဉ် ကျားနက်နတ်မင်းက ပျံသန်းလာပြီး အော်ဟစ်လိုက်သည်။ “သခင်ကြီး မြန်မြန်ပြန်လာခဲ့…”
တန်ခိုးရှင်သစ်ခုတ်သမားက သူ့ဘေးမှ ဖြတ်ကျော်သွားပြီး ပုဆိန်အား လွှဲရမ်းရင်း သတ်ဖြတ်ရန် ပြင်လိုက်စဉ် လွီကျန်းက ပြေးဝင်လာသည်။ သူက အသက်မျော့မျော့သာ ရှိတော့သော ယန်ယွင်ရှီကို လက်တစ်ဖက်တွင် တွဲထားပြီး ကျန်လက်တစ်ဖက်ကို ဆန့်တန်းကာ တန်ခိုးရှင်သစ်ခုတ်သမားအား ချိုင်းမှ မြှောက်တင်လိုက်သည်။ ထို့နောက် အဝေးသို့ ပြေးထွက်သွားရင်း အော်ဟစ်လိုက်၏။ “မဟာကောင်းကင်ဆရာသခင်ကြီးရေ၊ ခင်ဗျားရဲ့ စွမ်းရည်တွေက ကြက်နဂါးတွေကို သတ်ဖို့လောက်ပဲ ရှိတာလေ… ရှေ့ဆက်တိုးရင် သေလိမ့်မယ်ဟ”
တန်ခိုးရှင်သစ်ခုတ်သမားမှာ လှုပ်ပင် မလှုပ်နိုင်ပေ။
အခြားတစ်ဖက်တွင် နျိုစန်းသွောကလည်း သိုင်းပညာကောင်းကင်ဆရာသခင်ကို တွဲလျက် ပြေးထွက်လာသည်။ ဇာမကီနတ်မင်း ချီရှားယွီနှင့် ရှီမူဟုန်းတို့မှာမူ စီးတော်သားရဲများ မရှိကြသဖြင့် ဒဏ်ရာများကို ချုပ်တည်းရင်း ထွက်ပြေးလာကြရ၏။
သူတို့အားလုံး အသက်လု ပြေးကြရသောကြောင့် ကောင်းကင်နတ်အရှင်ဟောင်၏ ပတ်ပတ်လည်တွင် ဗလာကျင်းသွားသည်။ အလောင်းတချို့သာ ကျန်ရစ်ခဲ့လေသည်။
ကောင်းကင်နတ်အရှင်ဟောင်က လိုက်ဖမ်းချင်သော်လည်း သူ၏ရုပ်ခန္ဓာဆီမှ ပေါက်ကွဲသံတချို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှာ အဆက်မပြတ် ပေါက်ကွဲနေသဖြင့် ချီနှင့် သွေးတို့က သူ၏ရုပ်ခန္ဓာမှ ဒလဟော စီးထွက်လာကြ၏။
“ဟင်...”
ကောင်းကင်နတ်အရှင်ဟောင်က အောက်သို့ ငုံ့ကာ သွေးတို့ ထွေးထုတ်လိုက်သည်။ သူ ထိုသို့ခေါင်းငုံ့လိုက်သည့်အချိန် နေရာရွှေ့ပြောင်းကြေးမုံများက သူ၏ပတ်ပတ်လည်တွင် တိတ်ဆိတ်စွာ ဖွဲ့တည်လာ၏။ မရေမတွက်နိုင်သော နေရာရွှေ့ပြောင်းသင်္ကေတများသည် ကြေးမုံများထဲတွင် တောက်ပလာပြီး ဟင်းလင်းပြင်အသတ်အဖြတ်၀င်္ကပါကို ဖော်ဆောင်လိုက်ကြသည်။
“ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ တပည့်တစ်ယောက်လား”
ကောင်းကင်နတ်အရှင်ဟောင်က နှာခေါင်းရှုံ့၍ ဒဏ်ရာများအား အတင်းအဓမ္မ ချုပ်ထားလိုက်သည်။ သူ့မှာ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများကို ဝါးမြို၍ ခြစ်ခြစ်ကုတ်ကုတ် စုစည်းခဲ့ရသော အင်အားတချို့အား သုံးစွဲခဲ့ပြီးဖြစ်၏။ သို့သော် ကျန်သည့်စွမ်းအားက ယခုရန်သူကို သတ်ဖြတ်ရန် လုံလောက်ပေသည်။
သူ ဒေါသတကြီး ဟိန်းဟောက်လိုက်သည့် တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်အသတ်အဖြတ်ဝင်္ကပါ၏ စွမ်းအားက ပေါက်ကွဲထွက်လာတော့သည်။ ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်မှာ သွေးတို့ရွှဲစိုသွားပြီး ဟင်းလင်းပြင်အသတ်အဖြတ်၀င်္ကပါမှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည်။
ကြေးမုံများ ပေါက်ကွဲသွားသည်နှင့် ကောင်းကင်နတ်အရှင်ဟောင်၏ သူငယ်အိမ်များ ကျုံ့၀င်သွားသည်။ သူ့အရှေ့တွင် မြောလွင့်နေသော မီးအိမ်တစ်လုံးအား တွေ့လိုက်ရလေသည်။
အလင်းရောင်တို့သည် မီးအိမ်ထဲတွင် စုဝေးသွားပြီး မိုင်ထောင်ပေါင်းများစွာ ရှည်လျားသည့် အလင်းတန်းတစ်တန်းပမာ ဖြစ်တည်လာ၏။
ဖြူဖွေးနေသော လက်ဖဝါးတစ်ဖက်က ဗျပ်စောင်းကြိုးကို ကိုင်လျက် နောက်သို့ ဆွဲယူလိုက်သည်။
သူ ဟင်းလင်းပြင်အသတ်အဖြတ်ဝင်္ကပါမှ ထွက်လာသည့်အချိန်တွင် ဗျပ်စောင်းကြိုးများသည် ထိုသူ၏လက်ထဲမှ လွတ်ထွက်သွားလေပြီ။
သာယာနာပျော်ဖွယ်ကောင်းသော ဗျပ်စောင်းသံတစ်သံ ပျံ့လွင့်လာသည်။
ဗျပ်စောင်းသံက ဝေးကွာသော်လည်း သွက်သည်။ ဟင်းလင်းပြင်ထဲမှ အလင်းတန်းကြိုးမျှင်သည် သူ့ဆီသို့ ချက်ချင်း ရောက်ရှိလာ၏။
ကောင်းကင်နတ်အရှင်ဟောင်က မာန်သွင်းဟိန်းဟောက်လျက် ၎င်းကို ရိုက်ချရန် လက်မြှောက်လိုက်သည်။ ထိုအခါ သူ့အရှေ့ရှိ နေရာဟင်းလင်းပြင်သည် အက်ကွဲသွားပြီး ဧရာမလက်ကြီးက အမှောင်တောင်ကြား၏ ကောင်းကင်အား ထိုးဖောက်ကာ ဗျပ်စောင်းပိုင်ရှင်ဆီ ဦးတည်သွား၏။
သူ၏လက်ဖဝါး အလင်းတန်းကြိုးမျှင်များနှင့် ထိတွေ့လိုက်သည်နှင့် လက်လေးချောင်းမှာ အလင်းတန်းကြိုးမျှင်များကြောင့် တစ်ပြိုင်နက်တည်း ပြတ်ထွက်သွားသည်။ လက်ချောင်းတစ်ချောင်းတည်းသာ ကျန်တော့သည့် လက်ဖဝါးကြီးသည် မိုင်ထောင်ပေါင်းများစွာအကွာရှိ ကောင်းကင်ဆီသို့ ရိုက်ချလိုက်၏။
ကောင်းကင်မှာ ပေါက်ကွဲသွားပြီး ထိုနေရာတွင် ပုန်းခိုနေသည့် ပိုင်ယွီကျင့်မှာလည်း သွေးအန်လျက် ပြုတ်ကျလာသည်။ သူမက ပုန်းကွယ်ငုပ်လျှိုးကာ လွတ်မြောက်သွား၏။
အလင်းတန်းကြိုးမျှင်များကမူ ကောင်းကင်နတ်အရှင်ဟောင်၏ လည်ပင်းအထိ ရောက်လာပြီးနောက် ဖြတ်တောက်သွားသည်။
ကောင်းကင်နတ်အရှင်ဟောင်မှာ သွေးများ ပန်းထွက်လာသော လည်ပင်းအား ကျန်လက်တစ်ဖက်ဖြင့် အုပ်လိုက်သည်။
သူ၏ လည်ဂုတ်တွင်လည်း သွေးတို့ ယိုစီးကျလာသော ပြတ်ရှာတစ်ခု ပေါ်လာသည်။
“မင်းတို့ကများ ငါ့ကို သတ်ရဲတယ်ပေါ့… သူပုန်တွေ”
သူ၏ဒေါသ အရှိန်မသေသေးခင်မှာပင် ပေါက်ကွဲသံနောက်တစ်သံက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ အားကောင်းလှသော ချီနှင့် သွေးအရှိန်က သူ၏ဦးခေါင်းအား လေထဲသို့ မြောက်တက်သွားစေတော့၏။
ထိုအလင်းကြိုးမျှင်သည် ကောင်းကင်နတ်အရှင်ယွဲ့ ရတနာ ဖြစ်ပြီး သူ့ခေါင်းကိုပင် ဖြတ်နိုင်ချေသည်။
“ပြန်လာခဲ့”
ကောင်းကင်နတ်အရှင်ဟောင်၏ ဦးခေါင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ပန်းထွက်သွားသည့် သွေးများက သူ၏ခန္ဓာကိုယ်ထဲ ပြန်ဝင်လာသည်။ သူ၏ဦးခေါင်းကလည်း လည်ပင်းပေါ် ပြန်ကျလာသည်။
“မင်းတို့တစ်ယောက်မှ မလွတ်စေရဘူး”
သူကား ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ပေါက်ကွဲသံများနှင့်အတူ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်။ သမိုင်းတလျှောက် အင်အားအကြီးမားဆုံး ပုဂ္ဂိုလ်များအနက်မှ တစ်ဦးအနေဖြင့် သူသည် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ အသက်ပြန်ရှင်လာလျှင်တောင်မှ သူ့ထက် သာမည်မဟုတ်ဟု ယုံကြည်ထား၏။ ယခုတွင် သူ့မှာ မဖြစ်စလောက် သူခိုးသူပုန်များကြောင့် ဤအတိုင်းအတာအထိ ဒဏ်ရာရနေချေပြီ။
သူသည် နဂါးဟန်ခေတ်တွင် အောင်မြင်မှုရရှိခဲ့သည့် ဂုဏ်သရေမြင့်မားသော ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်၏။ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ခေါင်းဆောင်ဖြစ်ပြီး အနာဂတ်တွင် ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာမည့် အလားအလာအရှိဆုံး ပုဂ္ဂိုလ်လည်း ဟုတ်သည်။ ယခုအဖြစ်အပျက်မှာ သူလိုလူအတွက် အရှက်ကွဲမှုကြီးဖြစ်သဖြင့် မည်သည့်နည်းနှင့်မျှ မသည်းခံနိုင်ပေ။
သူက ပိုးအိမ်ထဲမှ ထွက်လာသည်နှင့် ချက်ချင်း ပြေးမလိုက်ချေ။
သူ၏မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်လာသည်။
သူ့အရှေ့တွင်ကား ထောင်သောင်းချီသည့် စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများသည် စီတန်းလျက် ရပ်နေကြ၏။
ထိုစိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများမှာ တပ်မှူး၏ စစ်ဆေးမှုအား စောင့်နေကြသည့် စစ်သားများသဖွယ် တညီတညာတည်း ရပ်နေကြလေသည်။
“ကောင်းကင်နတ်အရှင်မူ…မင်းလား…”
ကောင်းကင်နတ်အရှင်ဟောင်က အသက်တစ်ရှိုက်ကို ယိုင်ယိုင်ယွဲ့ယွဲ့ ရှူထုတ်၍ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူ ထောင်ပေါင်းများစွာဆီသို့ ကြည့်လိုက်သည်။ သူက နှာခေါင်းရှုံ့၍ ပြောလေသည်။ “မင်း ဒီနေရာမှာ ရှိတာ ငါ သိတယ်… မင်းတစ်ယောက်ပဲ စိတ်နှလုံးမိစ္ဆာအများကြီး ထိန်းချုပ်နိုင်တာ.. အဟက်… ကောင်းကင်နတ်အရှင်မူ၊ မင်းက ပုန်းနေရုံလောက်ပဲ သတ္တိရှိတာပေါ့လေ”
“ပုန်းနေတာမဟုတ်ဘူး”
ရုတ်တရက် ချင်မူ့အသံသည် ကောင်းကင်နတ်အရှင်မူအုပ်စု၏ အလယ်မှ ထွက်လာသည်။ သူက အေးအေးလူလူ တုံ့ပြန်သည်။ “ကျွန်တော် ခင်ဗျားကို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ချင်တယ်”
ကောင်းကင်နတ်အရှင်ဟောင်၏ လှောင်ပြောင်ချင်နေသော မျက်နှာအမူအရာက ပို၍ပင် ထင်ရှားလာသည်။ သူ စကားပြောရန် ပြင်လိုက်စဉ် ချင်မူ့အသံက ရုတ်တရက် ပျံ့လွင့်လာ၏။ “ကောင်းကင်ရတနာနယ်ပယ်… ဖွင့်စေ…”
သူ၏အသံ ပျောက်ကွယ်သွားပြီး ကောင်းကင်ရတနာနယ်ပယ် ပေါ်ထွက်လာသည်။
စိတ်နှလုံးမိစ္ဆာထောင်ပေါင်းများစွာထဲတွင် ပျံတက်သူက ပျံတက်၊ နစ်မြုပ်သွားသူက နစ်မြုပ်သွားကြ၏။ တချို့က ကောင်းကင်နယ်စားမင်း၊ တစ်ချို့က မြေအောက်ဘုံအရှင်သခင်၊ တချို့က ၀င်ရိုးစွန်းလေးစွန်း၏ နတ်မင်းများ၊ တချို့က ရှေးဟောင်းနတ်ဘုရား စသည်ဖြင့် အသီးသီး ပြောင်းလဲသွားကြချေပြီ။
ချင်မူသည် ကောင်းကင်ရတနာနယ်ပယ်၏ အလယ်၌ ရှိသော ဘိုးဘေးနန်းတော်မြေထု၏ သစ်ပင်နက်ကြီးအောက်တွင် ရပ်ကာ ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ ကြည့်နေ၏။ “နောင်တော်ဟောင်၊ ကျေးဇူးပြုပြီး သေလိုက်ပါတော့… ”