ကောင်းကင်နန်းဆောင် ၁၈ ဆောင်
Vol. 96 Ch. 1263
လွီကျန်းသည် တန်ခိုးရှင်သစ်ခုတ်သမား၊ ယန်ယွင်ရှီတို့ကို သယ်လျက် အလျင်အမြန် ထွက်ပြေးသွားပြီး ကျားနက်နတ်မင်းကတော့ ကြောင်နက်လေး အသွင်ပြောင်းလျက် သူ၏ပုခုံးပေါ်တွင် လိုက်ပါလာ၏။ သူ့အနောက်တွင် နျိုစန်းသွောက သိုင်းပညာ ကောင်းကင်ဆရာသခင်နှင့်အတူ ပြေးလိုက်လာသည်။ သိုင်းပညာ ကောင်းကင်ဆရာသခင်မှာ ကောင်းကင်နတ်အရှင်ဟောင်နှင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည့်အတွက် အလွန်တရာ ဒဏ်ရာပြင်းထန်နေသည်။
မနီးမဝေးတွင် ကောင်းကင်နတ်မင်းရှီမှာ ဒယိမ်းဒယိုင်ဖြင့် ပြေးနေသည်။ သူ၏ခန္ဓာကိုယ်တစ်ဝက်တွင် အသားစိုင်များ ရှိသေးသော်လည်း ကျန်တစ်၀က်မှာတော့ အရိုးများသာ ကျန်တော့ချေပြီ။
ချီရှားယွီမှာလည်း တစ်ကိုယ်လုံး စုတ်ပြတ်နေပြီး ကောင်းကင်နန်းဆောင်လည်း ပျက်စီးလုဆဲဆဲ ဖြစ်နေသည်။ ဖြစ်နေသည်။ သူမ၏ရင်ဘတ်တွင် မက်မွန်သစ်ကိုင်းတစ်ကိုင်းသည် ထိုးစိုက်နေပြီး အညွှန့်များပင် ထွက်စပြုနေ၏။ အမြစ်ထူထူများက သူမ၏ကောင်းကင်နန်းဆောင်ထဲသို့ ထိုးဖောက်လျက် ပျံ့နှံ့နေကြသည်။
ရှုကျုံးနှင့် ခန်းနွီမှာတော့ ပို၍ပင် အဖြစ်ဆိုးကြရှာသည်။ တစ်ယောက်က ရုပ်ခန္ဓာ မရှိ၊ ကျန်တစ်ယောက်ကတော့ ဦးခေါင်း မရှိတော့ချေ။ နှစ်ယောက်သားအတူ ပြေးလာနေကြသည်။
ကောင်းကင်ထက်တွင်မူ ကောင်းကင်နတ်ဘုံ၏ တတိယကောင်းကင်ဆရာသခင် ပိုင်ယွီကျင့်မှာလည်း သွေးအန်လျက် ထွက်ပြေးနေသည်။
‘ပိုးကောင်ကို ငမ်းနေသော ဓားခုတ်ကောင်သည် နောက်မှ သုတ်ချီတော့မည့် စွန်ရဲကို သတိမမူမိ’ ဆိုသည့် စကားကဲ့သို့ ကောင်းကင်နတ်အရှင်ဟောင်သည်လည်း ပိုင်ယွီကျင့်အား သတိမထားမိခဲ့ပေ။ ကောင်းကင်ဆရာသခင် လေးပါးအနက် အတိုက်အခိုက်စွမ်းရည် အမြင့်ဆုံးဖြစ်သည့် ပိုင်ယွီကျင့်သည် နောက်ကွယ်တွင် ပုန်း၍ နေရာဟင်းလင်းပြင်၀င်္ကပါတစ်ခုဖြင့် ကောင်းကင်နတ်အရှင်ဟောင်အား အရေခွံစုတ်နိုင်ခဲ့၏။ သူမသည် ကောင်းကင်နတ်အရှင်ဟောင်၏ ဦးခေါင်းကို ဖြတ်ရန် ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းကြိုးများကိုပင် အသုံးပြုခဲ့သေးရာ ရလဒ်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှပေသည်။
သို့သော် သူမ၏ ဒဏ်ရာများမှာလည်း သူတို့ထဲတွင် အပြင်းထန်ဆုံး ဖြစ်သည်။ ကောင်းကင်နတ်အရှင်ဟောင်က ဒေါသအမျက်တချောင်းချောင်း ထွက်သွားသဖြင့် သူမအား စိစိညက်ညက် ချေမှုန်းလုနီးပါး ဖြစ်ခဲ့သည်မဟုတ်ပါလော။
အကုန်လုံး အသည်းအသန် ထွက်ပြေးနေကြသည်။ ကောင်းကင်နတ်အရှင်ဟောင်ကား အကြီးအကျယ် ဆုံးရှုံးနစ်နာသွားခဲ့သောကြောင့် သူတို့အား သေချာပေါက် အမြစ်ဖြုတ်လိမ့်မည်။ မည်သူကိုမှ လွတ်မြောက်ခွင့်ပေးလိမ့်မည်မဟုတ်။
သို့သော် ကောင်းကင်နတ်အရှင်ဟောင် သူတို့နောက်မှ လိုက်မဖမ်းသည့်အခါ အားလုံး အံ့အားသင့်သွားကြသည်။
တန်ခိုးရှင်သစ်ခုတ်သမားက ကျယ်လောင်စွာ ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ဒဏ်ရာတွေက တော်တော်ပြင်းထန်တယ် ဖြစ်ရမယ်… သူ့ဒဏ်ရာတွေကို မချုပ်တည်းနိုင်လောက်တော့ဘူး… ငါနဲ့ ပြန်လိုက်ခဲ့ကြ”
မည်သူမှ သူ့ကို အဖက်မလုပ်ကြပေ။
တန်ခိုးရှင်သစ်ခုတ်သမားမှာ အတော်ကြာ ရုန်းကန်နေသော်လည်း လွီကျန်း၏ ချိုင်းကြားမှာ မလွတ်မြောက်နိုင်ချေ။ သူက ဒေါသတကြီး မာန်မဲသည်။ “ဟဲ့.. မြည်း… ငါ့ကို လွှတ်ပေးစမ်း”
လွီကျန်းမှာ ယခင်ကလို ပြောင်ချော်ချော်ပင် မလှောင်ပြောင်နိုင်တော့ဘဲ ခေါင်းငုံ့၍သာ ဆက်ပြေးနေသည်။ ကျားနက်နတ်မင်းက မနေနိုင်စွာဖြင့် မေးလိုက်၏။ “သခင်ကြီး... အခု ဘယ်သူတွေ တိုက်ခိုက်နိုင်လဲ ကြည့်လိုက်ပါဦး… ခင်ဗျားကလွဲပြီး ဘယ်သူ ရှိတော့လို့လဲ”
တန်ခိုးရှင်သစ်ခုတ်သမားလည်း ကြောင်သွားပြီး အခြားသူများကို ကြည့်လိုက်သည်။ ကောင်းကင်နတ်မင်းရှီသည် ခန္ဓာကိုယ်မှ ပျော်ကျနေသော အသွေးအသားတို့ဖြင့် အသက်လုပြေးနေရသည်ကို တွေ့လိုက်ရ၏။ ချီရှားယွီမှာလည်း ယိမ်းထိုးနေပြီး အချိန်မရွေး သေတော့မည့်အလားပင်။
ခန်းနွီနှင့် ရှုကျုံးမှာတော့ ပို၍ပင် ဆိုးရွားသည်။ ကောင်းကင်နတ်အရှင်ဟောင် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ချန်ရစ်ခဲ့သော ဒဏ်ရာများက သူတို့၏ အသိစိတ်အလျဉ်နှင့် ရုပ်ခန္ဓာများကို တိုက်စားဖျက်စီးနေကြလေသည်။
ယန်ယွင်ရှီ၏ ခန္ဓာကိုယ်ထဲရှိ အရိုးများနှင့် ကလီစာများမှာလည်း စိစိညက်ညက် ကြေမွကုန်သဖြင့် သူမတွင် အသက်တစ်ရှိုက်သာ ကျန်ရစ်တော့၏။ ထိုအသက်တစ်ရှိုက်သာ ပျောက်ကွယ်သွားပါက သူမ သေဆုံးပေလိမ့်မည်။
သိုင်းပညာကောင်းကင်ဆရာသခင်မှာမူ ကောင်းကင်နတ်အရှင်ဟောင်ထံမှ လက်သီးချက်နှစ်ချက်ကို ခံစားခဲ့ရသည်။ ဒဏ်ရာအနည်းဆုံးသူဟု ထင်ရသော်လည်း သူ၏ဒဏ်ရာများမှာ အမှန်တကယ်တွင် လွန်စွာ ပြင်းထန်လှ၏။ ထိုမျှသာမက သူ့တွင် လက်တစ်ဖက်သာ ကျန်တော့သဖြင့် သူ၏သိုင်းပညာအား ခြေထောက်၌သာ သုံးနိုင်ပေတော့သည်။
လွီကျန်း၊ နျိုစန်းသွောနှင့် ကျားနက်နတ်မင်းတို့မှာတော့ ကောင်းကင်နတ်အရှင်ဟောင်၏ ပိုးမျှင်များကြောင့် မှော်စွမ်းအင်များ စုပ်ယူခံခဲ့ရသည်။ ယခုတွင် သူတို့မှာ တိမ်တိုက်များကိုပင် စီးနင်းနိုင်စွမ်း မရှိကြတော့သည့်အတွက် ရုပ်ခန္ဓာများကိုသာ အားကိုး၍ ပြေးလွှားနေကြရသည်။
ဤတိုက်ပွဲတွင် သူတို့သည် သေအံ့ဆဲဆဲ ဖြစ်နေခဲ့သော ကောင်းကင်နတ်အရှင်ဟောင်အား သူတို့၏အင်အားအကြီးဆုံးအခြေအနေဖြင့် တိုက်ခိုက်ခဲ့ကြ၏။ ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်ခုနစ်ယောက် ရှိခဲ့သော်လည်း အဆုံးသတ်ကမူ ဤအခြေအနေ ဖြစ်သွားခဲ့သည်။
အစက အဆုံးသတ်သည် ယခုလို မဟုတ်ခဲ့ပေ။ တန်ခိုးရှင်သစ်ခုတ်သမား၏ တွက်ချက်မှုများက မှန်ကန်ခဲ့သည်။ ကောင်းကင်နတ်အရှင်ဟောင်အနေဖြင့် အချိန်ကြာမြင့်စွာ မတိုက်ခိုက်ရဲသဖြင့် သူ့အား ထိပ်တိုက်ရင်ဆိုင်စရာ မလိုချေ။ အချိန်အနည်းငယ် ဆွဲထားလိုက်ပါက သူ၏သိုင်းအခြေခံက ရုပ်ခန္ဓာကို ဖျက်စီးသွားလိမ့်မည်။
သို့သော် ဖြစ်လာမည့်အရာအား ကြိုမသိနိုင်။ ကောင်းကင်နတ်အရှင်ဟောင်၏ ဖိအားမှာ ပြင်းထန်လွန်းသဖြင့် သူတို့အားလုံး ပူးပေါင်း မတိုက်ခိုက်နိုင်ခဲ့ကြပေ။ တာအိုနှလုံးသားများ ပြိုလဲရမည့် အန္တရာယ်အောက်တွင် အားလုံးသည် ကောင်းကင်နတ်အရှင်ဟောင်ကို သူတို့နည်းသူတို့ဟန်ဖြင့် တိုက်ခိုက်ခဲ့ကြရ၏။ အဆုံးသတ်တွင် သဲမှုန်များသဖွယ် အလျင်အမြန်ပင် ရှုံးနိမ့်သွားခဲ့သည်။
“ဟုတ်သား… မူအာ ရှိသေးတာပဲ”
တန်ခိုးရှင်သစ်ခုတ်သမားမှာ ရုတ်တရက် စိတ်အားတက်ကြွလာကာ ချင်မူ့ကို သတိရသွားသည်။ သူက အလျင်စလို ပြောလေသည်။ “မြည်း… ငါ့ကို ချပေးစမ်း… မူအာ ရှိသေးတယ်”
လွီကျန်းက အံကြိတ်၍ မည်သည်မှ မပြောချေ။ သူက အသက်လုပြေးနေရသဖြင့် ကျားနက်နတ်မင်းက ပြော၏။ “သခင်ကြီး၊ ခင်ဗျားရဲ့ ဒုတိယတပည့်က လူလည်လေ… အခြေအနေ မကောင်းတော့မှန်း တွေ့ကတည်းက ထွက်ပြေးသွားလောက်ပြီ… အခုအချိန်အထိ ဘယ်လိုလုပ် နေကျန်ခဲ့မှာတုန်း… သခင်ကြီး၊ အခုအရေးကြီးဆုံးအရာက ကျွန်တော်တို့ လွတ်မြောက်ဖို့ပဲ”
တန်ခိုးရှင်သစ်ခုတ်သမားက အံတင်းတင်းကြိတ်၍ ဒေါသတကြီး ဆူသည်။ “ငါ သူ့ကို နားလည်သလောက်ကတော့ သူက လုံးဝ ထွက်ပြေးမယ့်ကောင် မဟုတ်ဘူးကွ... ဒီအခွင့်အရေးကို အသုံးချပြီး သူ့ရဲ့ ရန်သူတော် ကောင်းကင်နတ်အရှင်ဟောင်ကို ရအောင် သတ်လိမ့်မယ်… ဒါက တစ်သက်မှာ တစ်ခါပဲ ရမယ့် အခွင့်အရေးတောင် မဟုတ်ဘူး… ဘဝပေါင်းတစ်ရာမှာ တစ်ခါပဲ ကြုံရတာမျိုးကွ… ငါ့ကို ချပေးစမ်း… ငါတို့ရဲ့ ဆရာတပည့်ဉာဏ်နဲ့ဆို ကောင်းကင်နတ်အရှင်ဟောင်ကို ချေမှုန်းနိုင်လောက်တယ်”
လုကျန်းက သူ့ကို လျစ်လျူရှုကာ ဆက်ပြေးနေ၏။
ထိုအခိုက်အတန့်တွင် သူတို့အနောက်ရှိ အမှောင်တောင်ကြားထဲတွင် အသိစိတ်အလျဉ်နယ်ပယ်တစ်ခု ထွက်ပေါ်လာသည်။ ထောင်ပေါင်းများစွာသော စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများသည် ကောင်းကင်ရတနာနယ်ပယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကာ နယ်ပယ်အထဲ၌ နတ်ဘုရားများအသွင် ဖွဲ့တည်လာကြ၏။
ကောင်းကင်ရတနာနယ်ပယ်ထဲရှိ စွမ်းအင်အားလုံး စုဝေးသွားပြီး ချင်မူ၏ ထိန်းချုပ်မှုအောက်တွင် တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သည့် တိုက်ကွက်တစ်ကွက်အဖြစ် ပြောင်းလဲသွားတော့သည်။
ဤတိုက်ကွက်မှ ထွက်ပေါ်လာသည့် အလင်းရောင်က တောင်ကြားထဲရှိ အမှောင်ထုအား လွင့်ပြယ်သွားစေသည်။ တောက်ပလွန်းသဖြင့် အသည်းအသန် ထွက်ပြေးနေသူတိုင်း၏ အရိပ်များကိုပင် ပေါ်လာစေ၏။
တဖျတ်ဖျတ် လက်နေသော အလင်းကြောင့် သူတို့၏ အရိပ်များမှာ အလွန်တရာ ရှည်လျားလာပြီး မြေပြင်တွင် ခုန်ပေါက်၍ လက်သည်းစွယ်များဖြင့် ကုတ်ခြစ်နေကြသော အစွဲတကားကားနှင့် မိစ္ဆာများပမာ ဖြစ်လာသည်။
တန်ခိုးရှင်သစ်ခုတ်သမားက လှည့်ကြည့်လိုက်ရင်း သက်ပြင်းချလိုက်သည်။
ချင်မူကား ကောင်းကင်နှင့်အရှင်ဟောင်အား သတ်ဖြတ်ရန် အမှန်တကယ် တိုက်ခိုက်နေချေပြီ။ သို့သော် လှိုင်းဂယက်တို့က အားကောင်းလွန်းသဖြင့် သူ ပြန်သွားချင်လျှင်တောင်မှ ပြန်မသွားနိုင်ချေ။
ချင်နူနှင့် ကောင်းကင်နတ်အရှင်ဟောင် ထုတ်လွှတ်နေသည့် စွမ်းအင်များမှာ ပြင်းထန်လွန်းသည်။ သူ၏အစွမ်းအစအရ တိုက်ပွဲအနားရောက်သည်နှင့် စိစိညက်ညက် ကြေသွားလိမ့်မည်။
‘မူအာက စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်တွေရဲ့ စွမ်းအားကို ငှားယူခဲ့တာပဲ ဖြစ်လိမ့်မယ်… သူက စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူတွေကို ထိန်းချုပ်နေတဲ့ ကောင်းကင်နတ်အရှင်မူအစစ်ပဲ… ဒီနည်းနဲ့ဆို ကောင်းကင်နတ်အရှင်ဟောင်ကို တိုက်ခိုက်နိုင်မယ့် အင်အားရှိသွားပြီ… ကောင်းကင်နတ်အရှင်ဟောင်ကိုတောင် သေစေနိုင်လောက်တယ်’
တန်ခိုးရှင်သစ်ခုတ်သမားက ပြုံးလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မင်းက အရွယ်ရောက်လာတဲ့အပြင် အတွေ့အကြုံတွေတောင် ပြည့်ဝနေပြီပဲ… မင်းမှာ ကောင်းကင်နတ်အရှင်တစ်ပါးနဲ့ တိုက်ခိုက်နိုင်တဲ့ ဉာဏ်ပညာ ရှိနေပြီဆိုတာ ဒီတိုက်ပွဲကနေ ငါ့ကို ပြလိုက်ပြီပေါ့လေ”
အမှောင်တောင်ကြားထဲတွင်…
ချင်မူသည် ကောင်းကင်ရတနာနယ်ပယ်၏ အလယ်ဗဟိုတွင် ရပ်နေ၏။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးတွင်းငါးတွင်းအနက် လေးတွင်းဆီမှ အလင်းရောင်များသည် ကွန့်မြူးဖြန့်ကျက်လျက် တောက်ပနေကြပြီး သူ့လက်ထဲရှိ ဓားရှည်ထံသို့ ပြေးဝင်လာနေကြ၏။
တစ်ချိန်တည်းမှာပင် ဘိုးဘေးနန်းတော်၊ ရွှမ်တု၊ ယိုတု၊ ယွမ်တု၊ ဝင်ရိုးစွန်းလေးခု၊ ကောင်းကင်ယင်ကမ္ဘာနှင့် စကြဝဠာအတွင်း၌ရှိသော အခြားကမ္ဘာလောကများဆီမှ မဟာတာအိုများသည်လည်း သူလက်ထဲရှိ ဓားထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်နေကြသည်။
အမျိုးမျိုးသော ကောင်းကင်ဘုံများကို စောင့်ရှောက်နေကြသည့် စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများက သူတို့၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ကြသည်။
ချင်မူ၏ ကောင်းကင်နန်းဆောင် ၁၈ ဆောင် ပြိုင်တူလင်းထိန်လာသည်နှင့် အဆုံးမဲ့မှော်စွမ်းအင်ကား ပေါ်ထွက်လာတော့သည်။
ဤသည်က ချင်မူ မဟာကောင်းကင်နတ်ဘုံကျင့်စဉ်အား ပထမဆုံး အသက်သွင်းခြင်း ဖြစ်သည်။
သူသည် မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်၏ တိုက်ပွဲမှတစ်ဆင့် သူ၏ ၁၈ ဆောင်မြောက် ကောင်းကင်နန်းဆောင်ဖြစ်သည့် မူလကောင်းကင်နန်းဆောင်အား သိမြင်ဖော်ဆောင်နိုင်ခဲ့ပြီး မဟာကောင်းကင်နတ်ဘုံကျင့်စဉ်ကို နားလည်နိုင်ခဲ့၏။
ယခုကား သူ၏ ပထမဆုံးတိုက်ပွဲ ဖြစ်ပေသည်။
မဟာကောင်းကင်နတ်ဘုံကျင့်စဉ် လှည့်ပတ်လိုက်သည့်အခါ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများ၏ မှော်စွမ်းအင်တို့ စုဝေးသွားကြသည်။ ၎င်းတို့ သူ၏ နတ်ဓားထဲသို့ ရောက်သည်နှင့် ချင်မူက အသံရှည်ဆွဲကာ ဟိန်းဟောက်လိုက်သည်။ သူက ပြေးဝင်လာနေသော ကောင်းကင်နတ်အရှင်ဟောင်ကို ရင်ဆိုင်ရန် ဓားအား အားကုန် ဝှေ့ရမ်းလိုက်၏။
ဓားရောင်တို့က အမှောင်တောင်ကြားထဲတွင် လေပွေအလား လှည့်ပတ်သွားသည်။ တဖျတ်ဖျတ် လက်နေသည့် ဓားရောင်တို့က အရှိန်အဟုန်ပြင်းစွာဖြင့် ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး မဟာလေဟာနယ်တစ်ခုလုံးအား မှင်သက်သွားစေသည့် အလင်းတန်းအသွင် ပြောင်းလဲသွား၏။ အလင်းတန်းက တိမ်တိုက်များထဲအထိ တိုးဝင်သွားကာ ကောင်းကင်ထက်၌ မင်းမူလိုက်ချေပြီ။
ဝုန်း…
ပြင်းထန်လာသော ဓားလှိုင်းများသည် ဝဲဂယက်သဖွယ် ဝိုက်လှည်လာပြီးနောက် လျှံကျကာ အမှောင်တောင်ကြားကို ဖြိုခွင်း၍ တောင်တန်းများအား ပြိုလဲသွားစေ၏။ မြေပြင်၌ လေးဖက်ထောက်သွားနေကြသော အလောင်းကောင်များကိုလည်း ပိပြားပျက်စီးကာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားစေသည်။
နောက်ဆုံးတော့ ဓားရောင် ပျောက်ကွယ်သွားသည့်အခါ အလောင်းများသည် မိုးရွာသကဲ့သို့ ကောင်းကင်ထက်မှ တဖွဲဖွဲ ပြုတ်ကျလာကြ၏။ ၎င်းတို့မှာ စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်အရှင်မူများ၏ အလောင်းများ ဖြစ်ကြပြီး မြေပြင်ပေါ်တွင် ဖွေးဖွေးလှုပ်နေတော့သည်။
ပြိုလဲနေသော ကောင်းကင်နန်းဆောင်များ၊ ပျက်စီးသွားသော ရွှမ်တု၊ ယိုတုနှင့် အခြားကမ္ဘာလောကများသည်လည်း နေရာတိုင်းတွင် ပြည့်နှက်နေ၏။
ချင်မူ ရှုံးသွားခဲ့လေပြီ။
ကောင်းကင်နတ်အရှင်ဟောင်လည်း ဟောဟဲလှိုက်လျက် မြေပေါ် လဲကျသွားသည်။ သူက နှာခေါင်းရှုံ့လိုက်သည်။ “နောက်ဆုံးတော့ ငါ မင်းကို အနိုင်ယူနိုင်ခဲ့ပြီ…အဟွတ်… အဟွတ်”
သူက သွေးတစ်လုတ်ပြီးတစ်လုတ် အန်ရင်း ကတုန်ကယင်ဖြင့် ထရပ်လိုက်သည်။ သူ့ရုပ်သွင်မှာ ပြုံးနေပုံရသော်လည်း ပြုံးမနေ၊ ငိုနေသယောင် ထင်ရသည်။ “မင်းကို နောက်ဆုံးတော့ နိုင်ခဲ့ပြီ.. ကောင်းကင်နတ်အရှင်မူ… နှစ်တစ်သန်းကြာတဲ့အထိ ငါ မင်းရဲ့လောင်းရိပ်အောက်မှာ နေခဲ့ရတယ်... ဒီနေ့မှာတော့ မင်းကို သတ်ပြီး မင်းအရိပ်အောက်ကနေ လွတ်မြောက်နိုင်ခဲ့ပြီကွ”
သူက တဟားဟား ရယ်လိုက်ပြီး သူ၏အသံတွင် ဝမ်းသာပျော်ရွှင်မှုတို့ ပြည့်နှက်နေ၏။ “မင်းက ငါ့ရဲ့ စိတ်နှလုံးမိစ္ဆာ မဟုတ်တော့ဘူး”
ထိုအခိုက်အတန့်တွင် သူ၏သူငယ်အိမ်များ ကျုံ့၀င်သွားသည်။
အမှုန့်ကြေနေသည့် အမှောင်တောင်ကြားထဲတွင် ဒြပ်ထုများသည် ပြန်လည်စီးဆင်း၍ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနေကြ၏။
အစိတ်စိတ်အမွှာမွှာ ကြေမွနေခဲ့သော ချင်မူကား အလွန်မြန်ဆန်လှသော နှုန်းဖြင့် သက်သာလာချေပြီ။ ကောင်းကင်နန်းဆောင်များလည်း ပြန်လည်တည်ဆောက်နေပြီး ရွှမ်တုက ကောင်းကင်ထက်တွင် မျောလွင့်လျက်၊ ယိုတုက မြေကြီးထဲ၌ ကိန်းအောင်းလျက် တည်ရှိနေသည်။ ဘိုးဘေးနန်းတော်၊ ကမ္ဘာဦးဘုံ၊ ၀င်ရိုးစွန်းလေးခု၊ ကောင်းကင်ဘုံများနှင့် လောကတစ်သောင်းတို့သည် ပျံသန်းလွင့်မျောနေကြသည့်အလား ပြန်လည်ထွက်ပေါ်လာကြ၏။
“ကောင်းကင်နတ်အရှင်ဟောင်”
ချင်မူက ဓားကို ခါလျက် စွမ်းအားအလုံးစုံ စုစည်းလိုက်သည်။ မဟာတာအိုလှိုင်းများသည် သူ၏ဓားနှင့်အတူ လိပ်တက်လာပြီး သူ့အသွင်မှာ သူရဲကောင်းတစ်ဦးသဖွယ် တည်ကြည်ခံ့ညားနေ၏။ “ခင်ဗျား အစစ်အမှန်ကောင်းကင်နတ်ဘုံအဆင့်ထိ ကျင့်ကြံပြီးရင်တောင်မှ ကျုပ်က စိတ်နှလုံးမိစ္ဆာအနေနဲ့ ခင်ဗျားရဲ့ နှလုံးသားထဲမှာ ဖျောက်ဖျက်လို့မရဘဲ ထာဝရ တည်ရှိနေမှာ…”