မိုင်ပေါင်းများစွာ အဝေးမှ ဓားကို ငှားရမ်းခြင်း
Vol. 011 Ch. 1084
ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များ အားလုံးက လေထဲမှ ပျံသန်း ထွက်ပြေးကြ၏။
အင်ပါယာရှားဘုံတွင် သန်းပေါင်းများစွာသော တန်ခိုးရှင်များ ရှိကြပေသည်။
သို့သော်လည်း အနည်းငယ်မျှသော လူများသည်သာ ရှန့်ထိုအဆင့် အမြင့်ဆုံးဖြစ်သော ပြန်လည်မွေးဖွားခြင်း အဆင့်သို့ တက်လှမ်းနိုင်ကြသည်။ မရဏဓားနတ်မယ်သည် သူမ မဆုံးပါးမီက ထိုအဆင့်၌ ရှိနေခဲ့ပြီး သူ့အား ရာရာမှလွဲ၍ တားဆီးနိုင်မည့်သူ မရှိပေ။ ရာရာပင်လျှင် သူ့အား အချိန်ကြာကြာ မတားဆီးနိုင်ပေ။
ကျယ်ပြောလှသော ရွှမ်ကျိတောင်ကြီးသည် ဓားအသိများ ဖုံးလွှမ်းလာခဲ့ရာ ဓားများဖြင့် ပြည့်နှက်နေသော တောင်ကြီးတစ်လုံးအလား ထင်မှတ်လာရ၏။ အဆုံးအစမဲ့သော ဓားများသည် မရဏဓားဝင်္ကပါအဖြစ် ပြောင်းလဲသွားကာ မိုးထိုးနေသော အလင်းများ စူးရှလင်းလက်နေခဲ့သည်။ တစ်ဖက်တွင် အလွန်တရာ ရင့်သီးမောက်မာသော သွင်ပြင်ဖြင့် မိစ္ဆာပညာလေ့ကျင့်သူ ကောင်းခေါင်ရှိနေသည်။
ဓားများသည် ကြယ်တာရာ မြစ်ရေပြင်အလား ဖြစ်ပေါ်လာပြီး ကောင်းကင်သို့အထိ ဆန်တက်သွားကြသည်။ ထိုအခိုက်တွင် ရာရာသည် သူမ၏အကောင်းဆုံး အချိန်သို့ ပြန်ရောက်သွားခဲ့ဟန် ရသည်။ သူမသည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ပြီး ဓားတစ်လက်အနေဖြင့် ပြန်ပေါ်လာသည့်ပုံဟန်လည်း ဖြစ်၏။ ကောင်းကင် တစ်ခုလုံး၌လည်း ဧရာမဓားဝင်္ကပါ တစ်ခုတည်းသာ ရှိနေခဲ့သည်။
ကျေးရွာခေါင်းဆောင်က နောက်ကို တစ်ခေါက် လှည့်ကြည့်ကာ ကြီးစွာတုန်လှုပ်မိသည်။ သည်တိုက်ပွဲတွင် သူ၏သခင်မ မည်သို့ဖြစ်သွားမည်ကို သူမသိပေ။
သူ့အထင် ဤသို့ဖြစ်လာခြင်းမှာ မရဏဓားဝင်္ကပါကို စွမ်းအားအမြင့်ဆုံး အခြေအနေသို့ အတင်းမြှင့်တင်ခြင်း ဖြစ်သည်။ ထိုသို့လုပ်လျှင်ပင် မရဏဓားနတ်မယ် အနေဖြင့် သူမ၏အကောင်းဆုံး အခြေအနေကို မရမချင်း ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့်တစ်ယောက်ကို အနိုင်ရရန် မဖြစ်နိုင်ပေ။
ရွှမ်ကျိတောင် တစ်ခုလုံးသည် တဖြည်းဖြည်း ပြိုပျက်လာခဲ့ကာ သည်နေရာမှာ အပျက်အစီးပုံ အဖြစ်သို့ ပြောင်းလဲရန် အချိန်တစ်ခုမျှသာ လိုတော့ဟန်ရသည်။ သည်မြင်ကွင်းကား ကြောက်စရာ ကောင်းလွန်း၏။
ရီဖူရှင်းတို့က ကစဉ့်ကလျား အခြေအနေ၌ အသက်လု ပြေးနေကြရကာ သူတို့နောက်မှ ရှန့်ထိုအများအပြားက သတ်ဖြတ်ရန် လိုက်ပါလာနေကြ၏။
“သွားကြမယ် …” ရှန့််ထိုရှားက ဆုံးဖြတ်ချက်ချကာ ဘယ်ဘက်တောင်ပံသို့ ဦးတည်သွားခဲ့ပြီး ရှန့်ထိုလီတို့က ညာဘက်တောင်ပံသို့ ဦးတည် သွားခဲ့ကြသည်။
သူတို့နှစ်ဦးလုံးသည် ရှန့်ထို ဒုတိယအဆင့်၌ရှိကာ ကျူးကျော်သူများအား အတန်အသင့် ခုခံနိုင်စွမ်း ရှိကြသည်။ တောင်ပံနှစ်ဖက်က အချင်းချင်း ရင်ဆိုင် တိုက်ခိုက်မိကြ၏။ သို့သော်လည်း ရီဖူရှင်းတို့၏နောက်သို့ ဆက်လက် လိုက်ပါသွားနိုင်သော တန်ခိုးရှင် အချို့လည်း ရှိကြပေသည်။
ထိုအထဲတွင် သုံးဦးသည် ရှန့်ထို တတိယအဆင့်တွင်ရှိကာ ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်ထားကြ၏။
နတ္ထိဘုံတွင် တိုက်ခိုက်ရန်အတွက် အင်ပါယာလီဘုံနှင့် အင်ပါယာရှားဘုံတို့က သူတို့၏တန်ခိုးရှင်များကို အသီးသီး စေလွှတ်ခဲ့ကြသည်။ တိုက်ပွဲတွင် အနိုင်ရခဲ့သည့်အတွက် အင်ပါယာရှားဘုံက သူတို့၏ တန်ခိုးရှင်များအား နတ္ထိဘုံကို ထိန်းချုပ်ရန် ထပ်မံစေလွှတ်ခဲ့သော အချိန်တွင် အင်ပါယာလီဘုံမှ တန်ခိုးရှင် အများအပြားမှာ သူတို့၏နယ်ရပ်သို့ ပြန်သွားခဲ့ကြပြီ ဖြစ်သည်။
တကယ်တမ်းတွင် နတ္ထိဘုံတွင် ရှိသော အင်ပါယာလီဘုံမှ တန်ခိုးရှင်အင်အားမှာ အင်ပါယာရှားဘုံကို မယှဉ်သာပါချေ။ လီယောင် စေလွှတ်နိုင်သော လူအရေအတွက်မှာလည်း အကန့်အသတ် ရှိပေသည်။ မဟုတ်လျှင် သူက ရီဖူရှင်း၏ဘေးတွင် ရှိနေသော ရှားရှင်းယွင်၏ အစောင့်အကြပ်များအား လိမ်လည်လှည့်စားကာ ခေါ်ဆောင်စေမည် မဟုတ်ပေ။ သူက နတ္ထိဘုံမှ တန်ခိုးရှင်များကိုပင် ရှားရှင်းယွန်အား လိမ်လည်ရန် ကြီးမားသော ငွေကြေးများ အသုံးပြုခဲ့ရသေးပေသည်။
ဗိုလ်ချုပ်ထန်ကိုပင် ထိတ်လန့် စေရလောက်သည့် လူများအား သူက တော်ဝင်တောင် အနီးတစ်ဝိုက်တွင် လမ်းလျှောက်ပေးရန် အတွက် သူပေးရသော တန်ဖိုးမှာ မနည်းပါချေ။ ထို့အတွက် သူက ရီဖူရှင်းကို သတ်ဖြတ်သည့်ကိစ္စတွင် လက်ဗလာဖြင့်တော့ ပြန်မသွားနိုင်ပေ။
“မင်းတို့က ဘယ်ကို သွားနေတာလဲ” အေးစက်သော အသံတစ်သံအား ကြားကြရသည်။ မိစ္ဆာအသွင်သဏ္ဌာန် တစ်ခုက သူ၏လက်ကို ဆန့်တန်းလျှင် ကြီးမားသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ဒီမွန်းကလန်ခေါင်းဆောင် ကောင်းခေါင်ပင် ရောက်လာခဲ့ရာ တခြားသော ထိပ်သီး ရှန့်ထိုများလည်း ရောက်လာသည်မှာ မထူးဆန်းပေ။
ယခု တိုက်ခိုက်လိုက်သူသည်လည်း ရှန့်ထိုတတိယအဆင့်တွင်ရှိသော ဒီမွန်းရှန့်ထိုဖြစ်သည်။ သူက လက်ဆန့်တန်းလိုက်လျှင် လေထုသည် သူ၏လက်သို့ ပြောင်းပြန် စီးဆင်းသွားပြီး ရီဖူရှင်းတို့က သူတို့၏ခန္ဓာကိုယ်များ နောက်သို့ ဆွဲငင်လာသည်ကို ခံစားရကာ ရှေ့သို့ ပျံသန်းနိုင်စွမ်း မရှိကြတော့ပေ။ ကျေးရွာခေါင်းဆောင်က ရှေ့သို့ ဆက်လက် ပျံသန်းလိုသော်လည်း ကြောက်မက်ဖွယ် ဝါးမျိုခြင်းစွမ်းအားက မဟာလမ်းစဉ်၏ စွမ်းအားများကိုပင် ဝါးမျိုနိုင်ဟန်ရသည်။ ကွဲပြားခြားနားသော အဆင့်က သူ့အား ဆန့်ကျင်ရန် မစွမ်းသာခဲ့ပေ။
သူတို့တွင် ရီဖူရှင်းတို့နှင့် ဆော့ကစားနေရန် အချိန်မရှိပေ။ လီယောင်တို့က ရှားရှင်းယွန်ထံသို့ သွားကာ အချိန်ဆွဲပေးနေစဉ် သူတို့က ရီဖူရှင်းအား သတ်ဖြတ်ရပေမည်။
လီယောင်တို့က ရှားရှင်းယွန်ထံသို့ ရောက်သွားပြီးမှ ရှောင်ကလန်က ရီဖူရှင်းထံမှ သက်တော်စောင့်များအား လိမ်လည် ခေါ်ဆောင် သွားနိုင်သည်က ကောင်းသောအချက် ဖြစ်သည်။ ရှောင်ကလန်မှ လူများက လမ်းတွင် အချိန်ဆွဲပေးထားနိုင်ခြင်းက သူတို့အတွက် ရီဖူရှင်းကို သတ်ဖြတ်ရန် လုံလောက်သော အချိန်ဖြစ်ပေသည်။ ထို့ကြောင့် ရှားရှင်းယွန်၏လူများ ထွက်သွားသည်နှင့် ရန်သူများက ရီဖူရှင်းကို စတင် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ် ပိတ်ဆို့ခြင်း စွမ်းအားများ သူတို့ထံသို့ ကျဆင်းလာခဲ့ကာ သူတို့၏ပြေးလမ်းများကို ပိတ်ဆို့သည်။ သို့သော် လစန္ဒာရှန့်ထို၏ စွမ်းအားများမှာ ရန်သူများကို မယှဉ်သာပေ။ သူထုတ်လွှတ်လိုက်သော ပိတ်ဆို့ခြင်း စွမ်းအားများမှာ ခဏအတွင်း ပြိုပျက်သွားရသည်။ ရှန့်ထိုအချို့ လစန္ဒာရှန့်ထိုထံသို့ လှမ်းသွားကြသည်။ ရှန့်ထိုတတိယအဆင့် တစ်ယောက်အနေဖြင့် ဒုတိယအဆင့်မျှအား သူ့အနေဖြင့် အရေးမလုပ်ပေ။
သူတို့၏အမြင်တွင် ရှန့်ထိုဒုတိယအဆင့်မှ လူတစ်ယောက်သည် ရီဖူရှင်းလောက် အရေးမပါပေ။ သူတို့၏ပြစ်မှတ်မှာ ရီဖူရှင်းနှင့် ယူချင်းဖြစ်သည်။ သူတို့က တခြားလူများကို သတ်ခြင်း မသတ်ခြင်းက အရေးမကြီးပေ။
“ဘေးတစ်ဖက် တစ်ချက်က ရှန့်ထိုတွေကို ကူညီပြီး တားပေးပါ” တော်ဝင်ကျဲနန်းတော်မှ ရှန့်ထိုများက အသံတစ်သံကို ကြားကြရသည်။ သူတို့က မျက်မှောင်များကို ကြုတ်လိုက်ကြ သော်လည်း ပြောသည့်အတိုင်း လုပ်ကြသည်။
သူတို့နောက်သို့ လိုက်ပါ လာကြသူများထဲတွင် အလယ်မှ သုံးယောက်သည် ရှန့်ထိုတတိယအဆင့်၌ ရှိကြ၏။ သူတို့အနေဖြင့် မည်သို့မှ မယှဉ်သာပါပေ။ အတောင်ပံမှ လူများသည်သာ ရှန့်ထိုပထမအဆင့်နှင့် ဒုတိယအဆင့်များ ပါဝင်ကြသည်။ ရှန့်ထိုရှား၊ ရှန့်ထိုလီနှင့် လစန္ဒာရှန့်ထိုတို့က ဘေးဘက်မှ ဝင်ရောက် တိုက်ခိုက်သော ရှန့်ထိုများအား အတတ်နိုင်ဆုံး ကာကွယ် တားဆီးပေးကြသည်။
ဘုန်း …
ထောင်ကျန်းက ရှေ့မှ လှမ်းသွားခဲ့သည်။ သူက ပြောသည့်အတိုင်း လုပ်သော်လည်း သူတို့အတွက် အခွင့်အရေး မရှိတော့မည်ကို စိုးရိမ်နေသည်။ ရှန့်ထို တတိယအဆင့်ကား သူတို့ မည်သို့မှ လက်လှမ်းမမီနိုင်သော အဆင့်ဖြစ်သည်။ သူတို့က ထိုသို့သော ရန်သူများအား မည်သို့ တိုက်ခိုက်မည်နည်း။ ရီဖူရှင်းနောက်သို့ လိုက်လာရန် ရှားရှင်းယွန် စေလွှတ်ပေးခဲ့သော ထိပ်သီးတန်ခိုးရှင် အချို့က သည်လူများအား တားဆီး နိုင်လောက်သော်လည်း ယခု သူတို့သည်လည်း မရှိကြတော့ပေ။
အတောင်ပံ တစ်ဖက်တစ်ချက်တွင် ရှန့်ထိုများ၏တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့သည်။ ထောင်ကျန်း၊ ကျူးကော့ချန်းဖန်နှင့် တခြားလူများသည်လည်း ရှန့်ထိုဖြစ်လာသည်မှာ သိပ်မကြာသေးကြပေ။ ယခုတွင် သူတို့သည် ရွေးချယ်စရာ မရှိတော့ပေ အသေခံကာ တိုက်ခိုက် ကြရတော့သည်။ ပိုမို၍ စိတ်မသက်မသာ ဖြစ်စရာကား သူတို့က အသေခံကာ တိုက်ခိုက်သည့်တိုင် မျှော်လင့်ချက် ကင်းမဲ့နေခြင်းပင်။
မှန်နန်းတော်သခင်မနှင့် ကျေးရွာ ခေါင်းဆောင်တို့သာ ရီဖူရှင်း၏ဘေးတွင် ကျန်နေရစ်ပြီဖြစ်သည်။
မှန်နန်းတော် သခင်မကလည်း သူမ၏လက်ထဲမှ ဓားကို ဝှေ့ယမ်းကာ သူမတို့ထံ ပျံ့လွင့်လာသော အားလှိုင်းများအား ဖြတ်တောက် ပေးနေသည်။ ရီဖူရှင်းတို့ထံ ကျဆင်းလာနေသော ဝါးမျိုခြင် းစွမ်းအားများမှာ ဖြတ်တောက်ခြင်း ခံနေရသည်။ သို့သော်လည်း ထိုမျှလောက်က ရန်သူများအတွက် သိပ်အလေးထားစရာ မရှိပေ။
“မင်းတို့ ရှေ့က သွားနှင့်ကြ” ထိုအခိုက်တွင် လူတစ်ယောက်က နောက်လှည့်ကာ ရှန့်ထိုသုံးပါးအား မျက်နှာချင်းဆိုင်လျက် ပြောသည်။
ရီဖူရှင်းတို့က နောက်လှည့်ကာ ကျန်နေရစ်သောသူအား ကြည့်လိုက်ကြသည်။
“ဝူချင်း … မင်း ဘာလုပ်နေတာလဲ” ရီဖူရှင်းက အော်ဟစ်လိုက်သည်။
ရီဝူချင်းကား ကွန်းရှီအဆင့်မျှသာ ရှိသည်။ သူ့အနေဖြင့် ရှန့်ထိုတတိယအဆင့်ကို မည်သို့ ယှဉ်နိုင်မည်နည်း။ဤသို့လုပ်ခြင်းက သူသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာဖြစ်သည်။
ရှန့်ထိုသုံးပါးသည်ပင် အံ့အားသင့်သွားကြ၏။ ဒီမွန်းရှန့်ထိုက လှောင်ပြုံး တစ်ချက်ပြုံးကာ ရီဖူရှင်းထံသို့ လက်ဆန့်တန်းလိုက်၏၊ ရီဝူချင်းက မည်သို့ တားဆီးနိုင်မည်နည်း။ သူကား အလင်းတန်းအလား ရန်သူထံသို့ ဆွဲငင်ယူဆောင်ခြင်း ခံရသည်။
“ဝူချင်း …” ရီဖူရှင်းတို့ကား ရှေ့သို့ ထွက်ပြေးရန် အလွန်တရာ ခက်ခဲလာသည်ဟု ခံစားရသည်။ သူက နောက်လှည့်ကာ မိမိတို့ရှေ့တွင် ရပ်နေသောသူအား ကြည့်ကာ ကြီးစွာ စိုးရိမ် ထိတ်လန့်ကြသည်။
သူတို့ရန်သူသည် ရှန့်ထိုပထမအဆင့် ဖြစ်ပါက တိုက်ခိုက်ခုခံရန် မျှော်လင့်ချက် ရှိပေသေးသည်။ သို့သော်လည်း တစ်ဖက်ရန်သူနှင့် မိမိတို့စွမ်းအားမှာ အလွန်တရာ ကွာဟလွန်းပေသည်။ ရန်သူများအတွက် မိမိတို့မှာ ပုရွက်ဆိတ်သာသာ ဖြစ်သည်။
သို့သော်လည်း ရီဝူချင်းက သည်အတိုင်း နောက်လှည့်ကာ ရန်သူများအား တားဆီးသည်။
ရီဝူချင်းကား ရန်သူ၏ အနက်ရောင်မုန်တိုင်း အကြားထဲသို့ ဆွဲငင်စုပ်ယူသွားခြင်း ခံရလုနီးပါး၌ပင် သူ့ခန္ဓာကိုယ်မှ စူးရှလင်းလက်သော ဓားအသိတစ်ခု ထွက်ပေါ်လာခဲ့ကာ ထိုအရာမှာ လင်းလက်လွန်းရကား ရီဝူချင်း၏ဓားအသိဟု မထင်မှတ်ရပေ။
အဆုံးအစမဲ့သော ဓားအသိသည် သူ့ခန္ဓာကိုယ်မှ ကွဲထွက်လာခဲ့ကာ မှော်နက်မုန်တိုင်းထံသို့ ဦးတည်သွားခဲ့သည်။
ထိုအခိုက်တွင် ရီဝူချင်း၏မျက်လုံးများက တစ်နေရာကို စူးစိုက်ကြည့်လျက် ဆိုသည် … “ကျုပ်ကို ဓားငှားပေးဖို့ တောင်းဆိုပါတယ်”
သူက ထိုသို့ ပြောလိုက်သည်နှင့် ဓားတစ်လက် ထွက်ပေါ်လာသည်။ ဓားအလင်းသည် ထိုနေရာတစ်ခုလုံးအား ပြိုးပြိုးပြက်ပြက် လင်းလက် သွားစေ၏။
ဓားပေါ်ထွက် လာသည်တွင် ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းမှာ ဖြတ်တောက်ခြင်း ခံရပြီး ထိုအထဲတွင် ကောင်းကင်နှင့် မြေပြင်သာမက ဝိညာဉ်များပင် ပါဝင်၏။
ထိုဓားသည် လမ်းစဉ် ၃၀၀၀ လုံးအား ဖြတ်တောက်နိုင်စွမ်း ရှိသည်။
ဓားထံမှ ကြီးမြတ်သော ဓားအသိသည် ကောင်းကင်သို့အထိ ထိုးတက်သွားသည်။ ရီဝူချင်းအား ဝါးမျိုရန် ကြိုးစားနေသော မိစ္ဆာတန်ခိုးရှင်သည်ပင် အံ့အားသင့်သွား၏။
“သတိထား …” တာလီဓားတောင်ကုန်းမှ ထိပ်သီးဓားသမားက လီဟန်ဓားသမား၏ဓားကို မြင်ကာ ထိတ်လန့်တကြား သတိပေးသည်။
ထိုဓားကား ရီဝူချင်း၏ဓား မဟုတ်ပေ။ ဓားသည် အင်ပါယာရှားဘုံမှ နံပါတ်၁ ဓားသမားဖြစ်သော လီဟန်ဓားသမား၏ ဓားဖြစ်သည်။ ရီဝူချင်းက ထိုသူ၏ဓားကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။
ရီဖူရှင်းက ထိုမြင်ကွင်းကို ကြည့်ကာ လီဟန်ဓားနန်းတော်မှ အဖြစ်အပျက်အား ပြန်အမှတ်ရလာသည်။ လီဟန်ဓားသမားက ရီဝူချင်းကို သူ၏ဓားအား ငှားရမ်းပေးခဲ့ပြီး သူ့ဓားအသိကို ဆင်ခြင် လေ့လာစေခဲ့၏။
“လုပ်ပေးမယ် …” လေထဲတွင် မည်သည့်နေရာက ထွက်ပေါ်လာမှန်း မသိသော အသံတစ်သံကို အားလုံးက ကြားကြရသည်။ အသံသည် ရီဝူချင်း၏တောင်းဆိုမှုကို ပြန်ပြောသောအသံ ဖြစ်ဟန်ရသည်။
ဓားသည် အနက်ရောင် မုန်တိုင်းအား ဖြတ်သန်းကာ မိစ္ဆာတန်ခိုးရှင်အား ဖြတ်တောက် သွားခဲ့သည်။ မိစ္ဆာအရောင်အဝါသည် သူ့ထံမှ မည်မျှပင် ကြောက်မက်ဖွယ် ကောင်းအောင် ထွက်ပေါ်နေသော်လည်း ဓားက သူ့အား ဖြတ်တောက်သွားခဲ့သည်သာ။ ထိုအခိုက်တွင် သူ့အား အဆုံးအစမဲ့သော ဓားအသိများ ဖုံးလွှမ်းသွားခဲ့သည်။
တစ်ချိန်တည်းတွင် နတ္ထိဘုံနှင့် မိုင်ပေါင်းများစွာ ဝေးသော အင်ပါယာရှားဘုံ၊ လီဟန်ဓားတောင်ကုန်းရှိ တစ်နေရာတွင် လူတစ်ယောက်သည် တိုက်ပွဲတစ်ခုကို တိုက်ခိုက်နေသည့်အလား ကြီးမားသော ဓားအသိများ ပတ်ဝန်းကျင်ကို လှိုင်းထန်စေအောင် ရိုက်ခတ်နေခဲ့သည်။
“ပြတ်တောက်စမ်း …” သူ့အသံသည် လေထုကို ခွင်းကာ လီဟန်ဓားနန်းတော် ၃၃လွှာမှသည် နတ္ထိဘုံ ရွှမ်ကျိတောင် တစ်ခုလုံးအား ရိုက်ခတ်သွားခဲ့ဟန် ရသည်။
မိစ္ဆာလေ့ကျင့်သူကား ထိုနေရာတွင်ပင် ဓားအသိများကြားထဲ၌ အစိတ်စိတ် အပိုင်းပိုင်း ပြတ်တောက် သွားခဲ့တော့သည်။ လေထဲတွင် နာကျင်စွာ အော်ဟစ်သံတစ်ခုကိုသာ ကြားလိုက် ကြရသော်လည်း လူကား ပျောက်ကွယ် သွားခဲ့ပြီဖြစ်သည်။
***