အတားအဆီးများ
Vol. 011 Ch. 1085
တာလီပြည်ထောင်မှ ရှန့်ထို တတိယအဆင့်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူနှင့်အတူ လိုက်လာကြသော ရှန့်ထိုများသည်လည်း ရှေ့ကို ကြည့်ကာ ရပ်တန့် လိုက်ကြသည်။
တောက်ပ လင်းလက်နေသော ဓားအသိက ရီဝူချင်းရှေ့သို့ ပြန်ရောက်လာခဲ့သည်။ ဓားအသိသည် မည်သည့် ရှန့်ထိုအရှိန်အဝါကိုမဆို ဖြတ်တောက် နိုင်ဟန်ရ၏။
သည်မတိုင်ခင်က ရှန့်ထိုတတိယအဆင့် တန်ခိုးရှင်သည် ရီဝူချင်းအား အလေးမထားခဲ့သော်လည်း သူကား လျှတ်တစ်ပြက်အတွင်း အသက်ပျောက် သွားခဲ့ပြီဖြစ်၏။ လီဟန်ဓားသမားက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ခန့်မှန်း သိရှိနိုင်ပေသည်။
လူက ဤနေရာတွင် လူကိုယ်တိုင် မရှိသော်လည်း သူက ရှန့်ထိုတတိယအဆင့်အား သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။ ကောလာဟလများအရ လီဟန်ဓားသမားသည် လီဟန်ဓား ၃၃ ချက်အား လေ့ကျင့်သည်ဆို၏။ သည်ဓားချက်က ထို ၃၃ချက်ထဲမှ တစ်ချက် ဖြစ်ဟန်ရသည်။ သို့သော်လည်း ထိုသို့သော ဓားအသိက အဘယ်ကြောင့် ရီဝူချင်းထံတွင် ရှိနေသနည်း။
လီဟန်ဓား နန်းတော်သည် သည်တစ်ကြိမ် နတ္ထိဘုံတိုက်ပွဲ၌ ပါဝင်ခဲ့ခြင်း မရှိပေ။ ကောလာဟလများအရ လီဟန်ဓားနန်းတော်သည် ရီဖူရှင်းနှင့်လည်း ပြဿနာများ ဖြစ်ထား၏။ ဤတွင် အဘယ်ကြောင့်် လီဟန်ဓားသမားက ရီဝူချင်း၏ ဆင့်ခေါ်ခြင်းကို လက်ခံကာ ရှေ့မှ မိစ္ဆာလေ့ကျင့်သူအား သတ်ဖြတ်ခဲ့သနည်း။
“သွားတော့ …” ရီဝူချင်းက နောက်မလှည့်ပဲ ပြောသည်။ ဓားတစ်ချက်တည်းက ရှန့်ထို တတိယအဆင့်အား သေစေခဲ့သည်။ ထိုသို့ဖြစ်ရန် ကျိုးကြောင်းညီညွတ်မှု နှစ်ခုရှိ၏။ ပထမတစ်ခုကား လီဟန်ဓားသမား၏ စွမ်းရည်ဖြစ်သည်။ နောက်တစ်ခုက ရန်သူများ၏ လျှော့တွက်မှုကြောင့် ဖြစ်၏။ ရှီတန်ခိုးရှင် တစ်ယောက်ထံတွင် လီဟန်ဓားသမား၏ဓားရှိနေမည်ဟု မည်သူတို့က ထင်မှတ်ခဲ့မည်နည်း။
သို့သော်လည်း နောက်ထပ် ရှန့်ထိုတတိယ အဆင့်နှစ်ဦး ကျန်သေးသည်။ တစ်ယောက်သည် တာလီဓားတောင်ကုန်းမှ ဖြစ်ကာ အလွန်တရာ စွမ်းအားကြီးသည်။ ရီဖူရှင်းတို့ကား ရှီအဆင့်တွင်သာ ဖြစ်၏။ သူတို့က သည်နေရာတွင် ရှိနေခြင်းသည် အလွန်တရာ အန္တရာယ်များလွန်း လှ၏။
ရီဖူရှင်းက လက်တစ်ဖက်ပြတ် ဓားသမားအား ကြည့်သည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်အား ဓားအသိအလွှာများက ဖုံးအုပ်ထားကာ စုစုပေါင်း ၃၃လွှာရှိသည်။ ဓားအလွှာများသည် တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေကြကာ သူတို့၏ အရှိန်အဝါများမှာ ကောင်းကင်သို့အထိ ရိုက်ခတ်နေခဲ့၏။ ထိုမြင်ကွင်းကို ကြည့်ကာ ရီဖူရှင်းက အနည်းငယ် စိတ်အေးရသည်။ လီဟန်ဓားသမားကသာ ရီဝူချင်းအား ကူညီပေးနေသည် ဆိုပါက သူ့အနေဖြင့် အနည်းနှင့်အများ ဘေးကင်းပေမည်။
သည်နေရာတွင် ဆက်နေခြင်းက ရီဝူချင်းကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပေသည်။
“သွားရအောင် …” ရီဖူရှင်းက ဆုံးဖြတ်ချက် ချလိုက်သည်။ သူတို့အုပ်စုက ခွန်စွန်းမြို့အပြင်ဘက်သို့ ဦးတည်ကာ အင်ပါယာရှားမြို့သို့ သွားရန် ပြင်ကြ၏။ အင်ပါယာရှားမြို့တွင် အင်ပါယာရှားဘုံမှ စွမ်းအားမြင့် တန်ခိုးရှင်များ ရှိကြပေသည်။
ထို့အပြင် သူတို့က အင်ပါယာရှားမြို့မှ အာကာသဝင်္ကပါကိုသုံး၍ နတ္ထိဘုံမှ ထွက်သွား နိုင်ပေသည်။
“သူတို့ နောက်ကိုလိုက်” တာလီဓားတောင်ကုန်းမှ ရှန့်ထိုက တခြား ရှန့်ထိုများအား ပြောသည်။ သူ့ထံမှ ဓားအသိများ ရီဝူချင်းထံသို့ ရိုက်ခတ်သွားလျှင် နှစ်ဦးသားတို့၏ ဓားအသိများ အချင်းချင်း ရင်ဆိုင်မိကြ၏။
လီဟန်ဓားသမားနှင့် ယှဉ်ပါက သူ၏တန်ခိုးအဆင့်မှာ ပိုမိုနိမ့်ပါးသော်လည်း ယခု သူ့ပြိုင်ဘက်တွင် လီဟန်ဓား ၃၃လွှာမှ တစ်လွှာတည်းကိုသာ ပိုင်ဆိုင်သည်။ ထို့ကြောင့် သူ့တွင် အခွင့်အရေးရှိသည်ဟု သူက ယုံကြည်၏။
“ဒါကို ခံစားကြည့်” ရီဝူချင်း၏ခေါင်းထဲ အသံတစ်သံကို ကြားရသည်။ သူ့အပေါ်မှ ဓားလမ်းစဉ်သည် ၃၃လွှာအဖြစ် ပြောင်းလဲသွားကာ တာလီပြည်ထောင် ရှန့်ထိုများထံသို့ ရိုက်ခတ်သွား၏။ သူတို့အထဲမှ စွမ်းအားအမြင့်ဆုံး ဓားသမားကလည်း ရှေ့သို့ တက်လာကာ ရီဝူချင်း၏ဓားအသိကို ခုခံကြသည်။
ဘုန်း …
ချက်ချင်းပင် ရှေ့သို့ ဓားအရိပ်သဏ္ဌာန်များ ပြေးဝင် လာခဲ့ကြသည်။ ဓားများက လည့်ပတ် ပျံသန်းလာလျှင် ပတ်ဝန်းကျင်၌ တရွှီးရွှီး မြည်လာခဲ့၏။ ဓားတစ်လက်က တစ်ဖက်သို့ လိုက်ပါသွားရန် ပြင်သို့ ရှန့်ထိုများနောက်သို့ ပိုမိုမြန်ဆန်စွာ လိုက်ပါသွားခဲ့ပြီး ရှေ့မှ တားဆီးသည်။
ထိုဓားတစ်ချက်ကပင် ရှန့်ထိုများအား ရပ်တန့်စေခဲ့၏။
သို့သော် ရီဝူချင်းက ထိုသို့ လုပ်နိုင်သည်မှာလည်း ရာရာက တခြားပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်ဖြစ်သော ကောင်းခေါင်အား တားဆီးထားခြင်းကြောင့် ဖြစ်သည်။ ရှန့်ထိုရှားနှင့် တခြားပြည်နယ်ကိုးခုမှ ရှန့်ထိုများကလည်း တာလီပြည်မှ တခြားရှန့်ထိုများကို အတတ်နိုင်ဆုံး တားဆီးထားကြသည်။ ရန်သူများက ရီဖူရှင်းကို အလွယ် သတ်ဖြတ်နိုင်မည်ဟု ထင်ထားခဲ့ကြသော်လည်း လီဟန်ဓားသမားက မထင်မှတ်ဘဲ ပေါ်လာခဲ့၏။
ချက်ချင်းပင် ရှန့်ထိုများ တစ်ဦးပြီးတစ်ဦး ဓားချက်တွင် အသက်ပျောက် ကြရ၏။ ကြောက်မက်ဖွယ် ကောင်းသော ဓားအသိက ရှန့်ထိုများ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ပြတ်တောက်စေသည်။ သည်တိုက်ပွဲက သူတို့၏ဘဝကို အဆုံးသတ်စေခဲ့၏။
လီဟန်ဓားသမား အနေဖြင့် သူတို့အား သတ်ဖြတ်ခြင်းက ပြဿနာမရှိပေ။ အင်ပါယာလီဘုံက ဦးဆုံး စည်းမျဉ်းများကို ချိုးဖောက်ကာ ရီဖူရှင်းကို လုပ်ကြံရန် ကြိုးစားခြင်းဖြစ်၏။
ကျယ်လောင်စွာ အော်ဟစ်သံများ အဆက်မပြတ် ကြားလိုက်ရကာ ရှန့်ထိုများ တစ်ဦးပြီးတစ်ဦး အသတ်ခံရ၏။ သို့သော်လည်း အပြစ်ကင်းစင်ခြင်း အဆင့်မှ ရှန့်ထိုနှစ်ဦးသည် ဓားချက်များအား ဆက်လက်ခုခံကာ သူတို့နောက်မှ တခြားရှန့်ထိုများကို ကာကွယ်ထားဆဲ ဖြစ်သည်။ သူတို့နှစ်ဦးအပြင် ထိုရှန့်ထိုများသာ အသက်ရှင်သည်။
“သွား …” အပြစ်ကင်းစင်ခြင်း အဆင့် ရှန့်ထိုက ရှေ့သို့ လက်ညှိုးဖြင့် ညွှန်ပြကာ ပြောသည်။ ဧရာမဓားကြီးများ တစ်လက်ပြီးတစ်လက် ပေါ်လာကာ တာလီဓားပြည်ထောင်မှ ဓားသမားများအား သယ်ဆောင်လျက် တစ်ဖက်လူ၏ ဓားအလွှာများကို ဖြတ်ကျော်စေကာ အဝေးသို့ ထွက်သွားနိုင်ကြသည်။ သူတို့က ရီဝူချင်းကို ဖြတ်ကျော်ကာ ပြေးထွက်သွားကြချိန်တွင် ထိပ်သီးဓားသမား နှစ်ယောက်က ဓားချက်များကို ဆက်လက် ခုခံနေကြသည်။
ရှန့်ထိုလေးပါးက ဧရာမ ဓားလေးလက်ပေါ်တွင် စီးနင်းကာ ရီဝူချင်းအား ဖြတ်ကျော် သွားနိုင်ခဲ့ကြပြီး ရီဝူချင်းနောက်သို့ ဆက်လိုက်ကြသည်။ လီဟန်ဓားသမား လက်ထဲတွင် အပြစ်ကင်းစင်ခြင်းအဆင့်မှ တန်ခိုးရှင်တစ်ဦး အသတ်ခံခဲ့ရပြီး တခြားရှန့်ထို အများအပြားလည်း သေဆုံးခဲ့ရသည်။ အကယ်၍ သူတို့သာ ရီဖူရှင်းအား မသတ်နိုင်ခဲ့ပါက အင်ပါယာလီဘုံသို့ မည်သို့မျက်နှာဖြင့် ပြန်မည်နည်း။
သူတို့က ဦးစွာ စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း တကယ်တမ်းတွင် သူတို့ကသာ ဆုံးရှုံးနစ်နာခဲ့ရ၏။ ယခုသူတို့၏အဓိက ရည်ရွယ်ချက်သာ မအောင်မြင်ခဲ့ပါက လူအများ၏ ရယ်မောစရာ ဖြစ်လာပေတော့မည်။ သူတို့၏ အင်ပါယာကိုလည်း သည်ကိစ္စအား ပြန်လည်တင်ပြရန် ခက်ခဲမည်ဖြစ်သလို လူအများ၏စော်ကားပြောဆိုမှုကိုလည်း ခံရပေတော့မည်။
ရီဖူရှင်းနှင့် တခြားလူများကလည်း မြန်ဆန်စွာဖြင့် ရွေ့လျားလာခဲ့ကြ၏။ သို့သော်လည်း ရန်သူရှန့်ထိုများသည်ကား ဓားသမားများဖြစ်ကြကာ သူတို့ထက် မြန်ဆန်စွာ ပျံသန်းနိုင်ကြသည်။ ခွန်စွန်းမြို့ကာ သူတို့၏မြင်ကွင်းထဲသို့ ရောက်နေပြီ ဖြစ်သည်။
ကျေးရွာခေါင်းဆောင်က တော်ဝင်ဓားကို မြို့သို့ ဦးတည်လိုက်၏။ ထိုစဉ်မှာပင် မှန်နန်းတော်သခင်မက ရုတ်တရက် နောက်လှည့်ကာ ပြောသည် … “ငါ ကျန်ခဲ့မယ်”
သူမက ဓားသမားထံသို့ လှမ်းလိုက်လျှင် သံယောဇဉ်မဲ့ဓားသည် သူမ၏လက်ထဲ၌ ပေါ်လာသည်။
ရန်သူများက လူချင်းခွဲလိုက်ကြကာ နှစ်ယောက်က မှန်နန်းတော် သခင်မအား တားဆီးကြသည်။ ကျန်သော နှစ်ယောက်က ရီဖူရှင်းတို့နောက်သို့ ဆက်လက်၍ လိုက်ပါကြ၏။
“ဆက်သွားမယ် …” ကျေးရွာခေါင်းဆောင်က တစ်ခွန်းတည်းပြောကာ တော်ဝင်ဓားကို မြန်ဆန်စွာ ရွေ့လျားစေသည်။ သူတို့က ရှေ့သို့ ဆက်လက် ပျံသန်းလျှင် နောက်မှ ရှန့်ထိုနှစ်ပါး ဆက်လက် လိုက်ပါလာကြသည်။ ကြီးမားသော တိုက်ပွဲတစ်ခု မကြာခင် ဖြစ်ပွားပေတော့မည်။
မှန်နန်းတော်သခင်မနှင့် တိုက်ခိုက်နေသော ဓားသမားနှစ်ဦးမှာ ရှန့်ထိုဒုတိယ အဆင့်တွင် ရှိကြပေသည်။ သူတို့က မှန်နန်းတော်သခင်မနှင့် အတန်ကြာ တိုက်ခိုက်ပြီးနောက် တစ်ယောက်က တားဆီးရာမှ လွတ်မြောက်လာခဲ့ကာ ကျေးရွာခေါင်းဆောင် နောက်သို့ လိုက်သည်။ ဓားအလင်းတစ်ချက် ရောက်လာခဲ့လျှင် ကျေးရွာ ခေါင်းဆောင်ထံမှ ကြီးမားသော ဓားအရောင်အဝါများ လင်းလက်လာခဲ့၏။ သူက တိုက်ခိုက်ခြင်းများကို ရှောင်ဖယ်ရာ၌ ကျွမ်းကျင်ပြီး ရောက်လာသော တိုက်ခိုက်မှုများအား ရှောင်ဖယ်ကာ ရှေ့သို့ ပျံသန်းသည်။
သို့တိုင်အောင် ဓားတစ်ချက်တွင် သူ၏ပါးစပ်မှ သွေးများ စီးကျလာခဲ့သည်။ သို့သော်လည်း သူက အာကာသ လောကဓာတ်များ ပြည့်နှက်နေသော ဓားဖြင့် ရန်သူများကို ရှေ့သို့ မသွားနိုင်အောင် တားဆီး၏။
“သူတို့နောက်က ဆက်လိုက် …” ရှန့်ထိုဒုတိယအဆင့်မှ တစ်ယောက်က ပြောသည်။ တခြားနှစ်ယောက်က ဘေးတစ်ဖက်တစ်ချက်မှ ခွဲထွက်ကာ ရှေ့သို့ ဆက်သွားကြသည်။
သို့သော်လည်း အတားအဆီးများ မည်မျှပင် ရှိခဲ့သည် ဖြစ်သော်လည်း အင်ပါယာလီဘုံမှ တန်ခိုးရှင်နှစ်ဦးသည် ရီဖူရှင်းတို့အား မီလာခဲ့ပြီဖြစ်သည်။
***
တစ်ချိန်တည်းမှာပင် ဗိုလ်ချုပ်ထန်နှင့် တခြားလူများသည် ရှားရှင်းယွန်နှင့်အတူ ခွန်စွန်းမြို့သို့ မြန်ဆန်စွာ လိုက်ပါ လာခဲ့ကြသည်။
လက်ရှိတွင် ရှားရှင်းယွန်၏ အမူအရာမှာ အလွန်တရာ အေးစက်နေသည်။ လီယောင်ကား နတ္ထိဘုံတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ရီဖူရှင်းကို လုပ်ကြံရန် ကြိုးစားခဲ့၏။ သို့သော်လည်း သူမက ရီဖူရှင်း၏ဘေးတွင် ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်တစ်ဦးအား ထားပေးခဲ့ရာ သူ့ကို သတ်ဖြတ်ရန် ထင်သလောက်တော့ လွယ်ကူမည် မဟုတ်ပေ။
ဗိုလ်ချုပ်ထန်သည်လည်း ပြန်လည်မွေးဖွားခြင်း အဆင့်ဖြစ်ရာ သူ၏အမြန်နှုန်းမှာ လွန်စွာ မြင့်မားပြီး ရှားရှင်းယွန်ကို ခေါ်ကာ ရှေ့ဆုံးမှ ပျံသန်းနေခဲ့သည်။
ထိုအခိုက်တွင် သူက ရှေ့ကို စူးနစ်စွာ ကြည့်လိုက်၏။
ထိုစဉ်မှာပင် သူတို့ရှိရာအရပ်သို့ ပျံသန်းလာသော လူတစ်စုကို သူတို့မြင်ရသည်။ ထိုလူများကို မြင်လျှင် ရှားရှင်းယွန်၏အမူအရာက အေးစက်သွားကာ မေးသည် … “ရီဖူရှင်း ဘယ်မှာလဲ”
သည်လူများမှာ သူမက ရီဖူရှင်းဘေးတွင် နေရန် စေလွှတ်ထားသူများ ဖြစ်ကြ၏။
ရှားရှင်းယွန် ဘာမှ မဖြစ်သည်ကို မြင်လျှင် ထိုအုပ်စုမှာ အလိမ်ခံလိုက်ရပြီ ဖြစ်ကြောင်း သိလိုက်ကြ၏။ အမှန်တကယ်အားဖြင့် ရွှမ်ကျိတောင်တွင် ကတည်းက ရီဖူရှင်းသည်သာ တကယ့်ပစ်မှတ် အစစ်အမှန် ဖြစ်နိုင်သည်ကို သူတို့ရိပ်မိကြပေသည်။ သို့သော်လည်း ဘုရင်မ၏တူတော်က သူတို့အား မင်းသမီး တိုက်ခိုက်ခံရသည့် သတင်းကို လာပေးခြင်းဖြစ်ရာ သူတို့အနေဖြင့် မစွန်းစားနိုင်ပေ။
သူကား အင်ပါယာရှား ကိုယ်တိုင်က မင်းသမီးကို ကာကွယ်ပေးရန် တာဝန်ပေးခြင်း ခံရသူဖြစ်သည်။ သူ့အတွက် မင်းသမီး ဘေးကင်းရန်မှာ အရာအားလုံးထက် အရေးကြီး၏။ ထို့ကြောင့် သူက အခြေအနေကို သံသယရှိသည့်တိုင် မင်းသမီးအား ကာကွယ်ရန်အလို့ငှာ ထွက်ခွာ လာခဲ့ရပေသည်။
“ကျုပ်တို့ လမ်းမှာ ပြောမယ် … မြန်မြန် သွားရအောင် …” ထိုတန်ခိုးရှင်က နောက်လှည့်ကာ ပြောလျှင် ရှားရှင်းယွန်က တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း သိလိုက်သည်။ လမ်းတွင် ရှားရှင်းယွန်က မေးသည် … “ဘာဖြစ်ခဲ့တာလဲ”
“တာလီပြည်ထောင်ရဲ့ ကောင်းခေါင်က တန်ခိုးရှင်တစ်စုနဲ့အတူ ရွှမ်ကျိတောင်ကို လာဝိုင်းတယ်။ သူတို့က ရီဖူရှင်းနဲ့ ယူချင်းကို ချန်ထားခဲ့ဖို့ ပြောတယ်။ ရှောင်ရှမ်း ရောက်လာပြီးတော့ မင်းသမီး တိုက်ခိုက်ခံရတယ်ဆိုပြီး ပြောတော့ ကျုပ်တို့လည်း ပြန်လာခဲ့ရတယ်”
“ရှောင်ရှမ်း …” သူ၏စကားကို ကြားလျှင် ရှားရှင်းယွန်၏ အမူအရာက အလွန်တရာ အေးစက် သွားခဲ့သည်။ သူမက ရှောင်ရှမ်းအား ထိုစကားများကို ပြောရန် မည်သည့်အခါကမှ အမိန့်မပေးခဲ့ပေ။
“မင်းသမီး …” ထိုစဉ်မှာပင် အဝေးမှ ရှောင်ရှမ်းသည် သူ၏လူများနှင့်အတူ ပျံသန်းလာသည်ကို မြင်၏။
“မင်းသမီး အဆင်ပြေပါသလား …” ရှောင်ရှမ်းက မေးသည်။ သို့သော်လည်း ရှားရှင်းယွန်က သူ့အား သည်အတိုင်း တစ်ချက်ကြည့်ကာ ဘေးမှ ဖြတ်သွားခဲ့၏။ သို့သော်လည်း မင်းသမီးထံမှ အေးစက်သော အငွေ့အသက်များအား ရှောင်ရှမ်းက ကောင်းကောင်း ခံစားရသည်။
“ဆက်သွားမယ် …” ရှောင်ရှမ်းက အမိန့်ပေးသည်။ သူတို့အုပ်စုက ရှေ့သို့ ဆက်သွားကြ၏။ သူ့ဘေးမှ ကုန်းစွန်းနီက မေးသည် … “ရှောင်ရှမ်း … ဘာဖြစ်လို့လဲ”
မင်းသမီးက တိုက်ခိုက်ခံနေရသည် မဟုတ်ပေဘူးလား။
“ငါ မသိဘူး” ရှောင်ရှမ်းက ထပ်ပြောသည် … “လီယောင်က တော်ဝင်တောင်သို့ ရှန့်ထိုတွေ ခေါ်လာတော့ သူက မင်းသမီးကို တိုက်ခိုက်တော့မယ်လို့ ငါထင်ခဲ့တယ်။ ဒါကြောင့် တန်ခိုးရှင်တွေကို ပြန်ခေါ်ခဲ့တာ။ ကြည့်ရတာ ဒါက လီယောင်ရဲ့ လှည့်ကွက်တစ်ခုပဲ ထင်တယ်”
ကုန်းစွန်းနီ၏အမူအရာ ပြောင်းလဲသွားသည်။ သူမက ထပ်မေးသည် … “မင်းသမီး အမိန့်မပေးခဲ့ဘဲ နင့်ဘာသာ ဆုံးဖြတ်ခဲ့တာပေါ့”
“အဲဒီတုန်းက အခြေအနေအရ ငါက မင်းသမီး အမိန့်ကို စောင့်နေဖို့ အချိန်မရှိခဲ့ဘူး။ တကယ်လို့ မင်းသမီးက ငါ့ကို အပြစ်တင်မယ်ဆိုလည်း ငါခံမယ်”
ကုန်းစွန်းနီ၏ အမူအရာက အေးခဲသွားသည်။ သူမက ထပ်မတွေးရဲတော့။ ကောင်းခေါင်ကိုယ်တိုင် ရောက်လာမှတော့ ရီဖူရှင်းတို့ မည်သို့ဖြစ်မည်ကို တွေးစရာပင် မလိုတော့ပေ။ ရီဖူရှင်းသာ တစ်ခုခု ဖြစ်သွားပါက ရှားရှင်းယွန် အလွန်ပင် စိတ်ဆိုးဒေါသ ထွက်ပေလိမ့်မည်။
***