← Chapters

မင်းသား၏သဘောထား

Vol. 8 Ch. 106

မင်းသား၏သဘောထား

Vol. 8 Ch. 106

Child of light (ကျန်းကုန်း)

Volume 4: Chapter 16 - Audience with the Prince

ဒီနေ့အတွက် ပထမဆုံးစာသင်ချိန်ပြီးတော့ မာခယ် ကျုပ်စီရောက်လာတယ်။ သူ့အမူအရာတွေက အရမ်းလေးနက်နေတာ သိသာလွန်းနေတော့ တခုခုတော့ဖြစ်ပြီဆိုတာ ကျုပ်သိလိုက်တယ်။

သူကျုပ်ကို လူသူရှင်းတဲ့ နေရာကိုခေါ်သွားပြီးမှ..

“အစ်ကိုကြီး သိပ်တော့မကောင်းဘူးကွ။ မင်း မှော်မျိုးနွယ်နဲ့ တွေ့ခဲ့တဲ့အကြောင်း ငါ့အဖေကို ပြောပြလိုက်တော့ ငါ့အဖေ အရမ်းအံ့ဩသွားပြီး မင်းကို သူနဲ့တွေ့ဖို့ ခေါ်ခဲ့ပါတဲ့။ မင်း ဘယ်လိုသဘောရလဲ”

“ဒီကိစ္စက တကယ်ကြီး စိုးရိမ်ရတာလား။ ဧကရာဇ်ရဲ့အခြေအနေကရော ဘယ်လိုနေလဲ။ ဟိုင်ရှင်း ငါ့ကို ပြောသလိုမျိုးကို ဆိုးနေတာလား”

“အေးကွ။ ဧကရာဇ်ကြီး (၃)လကနေ (၅)လလောက်အထိပဲ အသက်ရှင်နိုင်တော့မယ်လို့ အဖေပြောတယ်ကွ။ ဧကရာဇ်ကြီးမှာ အမွေခံ သားမရှိဘူးလေ။ သူသာ နတ်ရွာစံသွားရင် နိုင်ငံတော် အတွင်းရေးတွေ တော်တော်ကြီး ပြောင်းလဲသွားလိမ့်မယ်။ ထီးနန်းအတွက်လဲ ယှဉ်ပြိုင်မှုတွေ အရမ်း ကြမ်းတမ်း ပြင်းထန်လာလိမ့်မယ်”

“ကောင်းပြီလေ။ ငါ မင်းအဖေနဲ့ လိုက်တွေ့မယ်။ ငါတို့တွေ ဘယ်လို ကျော်ဖြတ်ကြရင်ကောင်းမလဲကွာ….”

“ဒီည အတူတူသွားမယ်လေ။ ငါမင်းကို လာခေါ်လိုက်မယ်”

“ကောင်းပြီ”

အတန်းထဲ ပြန်ရောက်တော့ စိတ်တွေ ဂယောက်ဂယက် ဖြစ်လာတယ်။ ‘ဧကရာဇ်ကြီးသာ နတ်ရွာစံသွားခဲ့ရင် အိုက်ရှားနိုင်ငံ ပြိုကွဲဖို့ ဖြစ်နိုင်ချေ တော်တော်များတယ်။ အဲလို အဖြစ်ဆိုးကြီးကိုတော့ ကျုပ်လဲ မမြင်ချင်ဘူးဗျာ။ အခုကိုပဲ အင်အားစုကြီး (၃)ခုရှိနေကြပြီ။ တစ်ခုခုဆို အိုက်ရှားနိုင်ငံ တော်တော် ဆိုးဆိုးဝါးဝါး အခြေအနေ ရောက်သွားမှာ။ တကယ်တမ်းကျ မာခယ်အဖေ ခယ်ကျာအောင်အာ ဆိုတာ ဧကရာဇ်ကြီးရဲ့ ညီတော်တစ်ယောက်ဆိုတော့ ထီးနန်းအတွက် ထိပ်တန်း ဆက်ခံသူ ဖြစ်သင့်တယ်။ သူ့နောက်ခံ ဧကရာဇ်ကြီးရဲ့ အရှိန်အဝါလဲရှိနေတာကို။ ဒါပေမယ့် တခြား အင်အားစုကြီး (၂)ခုက မဟာမိတ်ဖွဲ့ ပူးပေါင်းဖို့ ဆန္ဒရှိနေတာ သိသာနေတယ်။ အထူးသဖြင့် မြို့စား ထိယိမှာ တော်ဝင်မှော်သမဂ္ဂအဖွဲ့က သူ့ရဲ့ အထူးဝှက်ဖဲဖြစ်နေတော့ မင်းသား ခယ်ကျာအောင်းအာ ရင်ဆိုဖို့ တော်တော် ခက်ခဲနိုင်တယ်။ ဒါ တော်တော် စိတ်ပျက်စရာကောင်းတာပဲ’

‘ဒါ ငါနဲ့ ဘာဆိုလို့တုန်း။ ငါလဲ ထီးနန်းအတွက် ဝင်ပြီး တိုက်ခိုက်နေတာလဲမဟုတ်။ ဒါပေမယ့် တကယ်ကြီး စစ်ပွဲဖြစ်လာခဲ့ရင် အရမ်းကြောက်စရာ အနေအထားကြီး တစ်ခုမဟုတ်ဘူးလား။ ဒါကို ရှောင်နိုင်တဲ့ နည်းလမ်းများ ရှိနိုင်မလား။ ငါကိုယ်တိုင် အမတ်တစ်ယောက် ဖြစ်ရင်တောင် ဒီစစ်ပွဲကို ရပ်တန့်နိုင်ဖို့ မျှော်လင့်ချက်မရှိဘူး။ ဒီည မာခယ့်အဖေနဲ့ တွေ့မှ သူ့အခြေအနေ ဘယ်လိုလဲဆိုတာ သိအောင်ကြိုးစားရမှာပဲ’

တွေးနေတုန်း ရုတ်တရက် ကျုပ်ရှေ့ကို စာရွက်လေးတစ်ရွက် ကျလာတယ်။ နည်းနည်း အံ့ဩတကြီး ဖြစ်ပြီးမှ စာရွက်လေးကို ကောက်ကိုင်ကြည့်လိုက်တယ်။ စာရွက်ပေါ်မှာက ‘နင်ဘာတွေ အတွေးနက်နေတာတုန်း’ ဒါ မူကျီစီကပဲ။ တကယ်ကို သူ့စီကဟ။ ကျုပ်သူ့ကို စိတ်အားသန်သန်နဲ့ ကြည့်လိုက်ပေမယ့် သူကတော့ အဖြူရောင်ကျောက်သင်ပုန်း ကြီးကိုပဲ ကြည့်နေလေရဲ့။ သူပဲ ဘာမှ မသိ သလိုလို။

နိုင်ငံတော်နဲ့ ပတ်သက်ပြီး စိုးရိမ်ရလောက်တဲ့ အရေးတကြီး ကိစ္စနည်းနည်းရယ်၊ သူ ကျုပ်ကို စာပေးတာ ဒါပထမဆုံး အကြိမ်ဆိုတာရယ်၊ အဲဒီအတွက် ဘယ်လောက်ထိ ပျော်နေရလဲဆိုတာရယ်၊ ဒါ နင်ငါ့ကို ချစ်မိသွားတာများလား ဆိုတာရယ် မြန်မြန်ချရေးလိုက်တယ်။

ရေးပြီးတာနဲ့ မူကျီကို ပေးလိုက်တယ်။ သူဖတ်ပြီးတာနဲ့ ကျုပ်ကို တိုးတိုးလေး..

“နင် တော်တော် အားယားနေတာလား။ နိုင်ငံတော်နဲ့ ချီပြီး ဘယ်လိုမျိုး အရေးကြီးတဲ့ ကိစ္စတုန်း။ နင်နေ့တိုင်းလုပ်နေတာဖြင့် ကစားနေတာထက်မပိုဘူး။ အတန်းထဲမှာလဲ နင်အာရုံစိုက်တယ်ဆိုတာ တခါမှကို မမြင်ဖူးသေးတာ။ အခု နိုင်ငံတော်နဲ့ချီတဲ့ အဖြစ်အပျက် ပြဿနာကြီးတွေကို စိတ်ပူနေပြန်ပြီပေါ့။ ဆရာမ နင့်ကို လှမ်းခေါ်မှာဆိုးလို့ ငါသတိပေးလိုက်တာ။ ငါနင့်ကို မကြိုက်ဘူးဆိုတာ နားမလည်ဘူးလား”

အဲလိုလေး ပြောပြီးတာနဲ့ သူ့မျက်နှာလေးက နီရဲနေပြန်ရော.

သူပြောသမျှက အောင်မြင်မှုနဲ့ နီးစပ်နေပြီဆိုတဲ့ ပြယုတ်တွေပဲလေ။

…………….

ညကျ မာခယ်နဲ့ ကျုပ် ကျောင်းကထွက်လာပြီး မင်းသားစံအိမ်ကို တိုက်ရိုက် သွားလိုက်ကြတယ်။

“မင်းအိမ် တော်တော်ကြီးတာပဲဟ”

ခမ်းနားထည်ဝါလွန်းတဲ့ မင်းသားစံအိမ်ကို မြင်လိုက်ရတော့ ကျုပ်ဖြင့် တော်တော်ကို အံ့ဩထိတ်လန့်သွားရတာ။

“အေးကွ။ ငါ့အဖေက မင်းသားတစ်ပါးဆိုတော့လဲ သူ့မိသားစုကိုလဲ အဆင့်အတန်းမြင့်အောင် ထိန်းထားရသေးတယ်လေ။ လာကွာ အထဲကို အမြန်ဝင်ကြရအောင်”

တံခါးဝမှာ တာဝန်ကျအစောင့်တွေ မာခယ့်ကိုမြင်တော့ ချက်ချင်း ဦးညွတ်ကြတယ်။

“ပြန်လာပြီလား ဒုတိယသခင်လေး”

“မင်းကိုကျ ဘာလို့ မင်းသားလေးလို့ မခေါ်တာတုန်း”

“အစ်ကိုကြီး။ ငါ့ကိုလှောင်နေတာတွေ တော်တော့ကွာ။ ငါ ဘယ်လိုလုပ် မင်းသားလေး ဖြစ်နိုင်မှာတုန်း။ ငါအမြဲတမ်း မင်းရဲ့ ညီအစ်ကိုပဲ ဖြစ်နေမှာ။ မှော်ဆရာသခင် ကျန်းကုန်း လာတွေ့ပါတယ်လို့ အဖေ့စီကို မြန်မြန်သွားပြီး အကြောင်းကြားလိုက်”

မာခယ် ကျုပ်ကို မှော်ဆရာသခင် လို့ပဲ ပြောလိုက်တာက မလိုအပ်ဘဲ ကျုပ်ရဲ့ အစွမ်းအစတွေ ထုတ်ပြစရာ မလိုအောင်ပါ။

အစောင့်က ကျုပ်ကို တလေးတစားနဲ့ကြည့်လာတယ်။ ဒီနေ့ ခေတ်လူငယ်လေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မှော်ဆရာသခင် တစ်ယောက် ဖြစ်လာနိုင်တယ်ပေါ့လေ။ ပြီးတာနဲ့ သတင်းပို့ဖို့ နောက်လှည့်ပြီး အိမ်ထဲ တမ်းပြေးသွားတယ်။

မာခယ် ရှေ့ဆက်လျှောက်သွားတယ်။ လမ်းလျှောက်ရင်းနဲ့ပဲ..

“ငါ့အဖေက စာကြည့်တိုက်ထဲမှာ ဧည့်သည်နဲ့တွေ့နေကျကွ။ ငါမင်းကို အရင်ဆုံး စာသင်ခိုင်ရမယ် အဟဲ…”

“မင်းအိမ်မှာဆိုတော့ ငါမင်းစကား နားထောင်ရမှာပေါ့ကွာ။ လာ သွားကြစို့”

အိမ်ကြီးရဲ့ အတွင်းပိုင်းက တော်တော်မြင့်တာပဲ။ ဆွဲဆောင်မှုရှိသလို စိတ်ဝင်စားဖို့လဲ တော်တော်ကောင်းတယ်ဗျ။ အိမ်ကြီးရဲ့ တောအုပ်ပုံစံ ကျောက်တုံးဥယျာဉ်လေးက လရောင်အောက်မှာ တစ်လှုပ်လှုပ်နဲ့ လှုပ်ရှားအသက်ဝင်နေလေရဲ့။ မီတာ(၂၀)လောက် အကွာတိုင်မှာ အစောင့်တွေ မြင်နေရတယ်။ အချိန် တော်တော်လေး ကြာအောင် လမ်းလျှောက်ပြီးမှ မာခယ်ပြောတဲ့ စာကြည့်တိုက်ကို ရောက်တော့တယ်။ စာကြည့်တိုက် သေးသေးလေးလေး တစ်ခုနဲ့တူပြီး တော်တော် အံ့ဩစရာကောင်းတာပဲ။ အချင်း မီတာ(၅၀၀)လောက်ရှိတဲ့အပြင်၊ စာအုပ်စင် အမြင့်ကြီးတွေ ဝိုင်းပတ်ထားတယ်။ စင်ပေါ်မှာလဲ တောက်ပပြောင်လက်နေတဲ့ စာအုပ်တွေ စီတန်းထားလေရဲ့။

“အစ်ကိုကြီး မင်းအရင်ထိုင်လိုက်အုံး။ အဖေ လာမယ့်အခြေအနေ ငါသွားစစ်လိုက်အုံးမယ်”

သူပြောတဲ့အတိုင်း ဧည့်သည်တွေအတွက် ပြင်ဆင်ထားတဲ့ ခုံအလယ်ကို ပို့ပေးသွားလိုက်တယ်။

မာခယ်အပြင်ထွက်သွားတော့ ကျုပ်မှာ ငုတ်တုတ်ထိုင်ပြီး ပျင်းလာရော။ ကျုပ် ထရပ်ပြီး စာအုပ်စင်ပေါ်က စာအုပ်တစ်အုပ် လှမ်းယူလိုက်တယ်။ ‘ကဗျာ၃၀၀’….။ ကြိုးတွေနဲ့ သေသေချာချာ ချုပ်ထားရတာဆိုတော့ တော်တော်လေး ဟောင်းနွမ်းနေတဲ့ပုံပဲ။ စာမျက်နှာတွေတောင် အဝါရောင်ပြောင်းနေပြီ။

စာအုပ်ကို ဖွင့်ကြည့်လိုက်တော့ ကျုပ်တခါမှာ မတွေ့ဖူးသေးတဲ့ ရှေးကဗျာတွေဆိုတာ သိလိုက်ရတယ်။ စာအုပ်ကို ဖတ်ကြည့်လိုက်တော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။ စာတွေ ဆက်ဖတ်တော့မယ် လုပ်တုန်း အစောင့်တစ်ယောက်က အခန်းအပြင်ဖက်ကနေ..

“မင်းသား ကြွချီလာပါပြီ”

ကျုပ် စာအုပ်ကို ပြန်ထားပြီး ထိုင်ခုံနေရာကို ပြန်သွားလိုက်တယ်။ တံခါးဖွင့်လိုက်တော့ မာခယ် အခန်းထဲ အရင်ဝင်လာပေမယ့် ဘေးဘက်ကို လျှောက်သွားလိုက်တယ်။ သူ့နောက်မှာ ကျောက်စိမ်းခါးပတ်ကြီးနဲ့ လူလတ်ပိုင်း အမျိုးသားကြီး တစ်ယောက် စာကြည့်တိုက်ထဲ ဝင်လာတယ်။ သူ့မှာ ခန့်ညားတဲ့ ပုံသဏ္ဌာန်နဲ့ အမူအရာတွေ ရှိတဲ့ပုံပဲ။ သူ မာခယ်နဲ့ ဆင်ပေမယ့် တော်ဝင်အရှိန်အဝါ အပြည့်ဗျ။

အခန်းထဲဝင်လာပြီး ကျုပ်ကို ကြည့်လိုက်တဲ့အချိန် သူ့မျက်လုံးတွေ တောက်လောင်နေသလိုဆိုတော့ ကျုပ်လဲ မကျေမနပ်နဲ့ ပြန်ကြည့်နေလိုက်မိတယ်။ ဒီမင်းသားရဲ့ မှော်စွမ်းအား အဆင့်ကလဲ မနိမ့်ဘူးပဲ။ သူရယ်ပြီး..

“မင်းက ကျန်းကုန်းဆိုတာ ထင်တယ်။ ကျေးဇူးပြုပြီး ထိုင်လိုက်ပါ။ ထုံးတမ်းတွေ မလိုပါဘူး”

“အရှင်မင်းသားကို တွေ့ရတာ ဂုဏ်ယူဝမ်းသာမိပါတယ်”

“မင်း ငါ့အိမ်ကို မင်းအိမ်လိုပဲသဘောထားလို့ရတယ်။ ကျင့်ဝတ်တွေ မလိုဘူး။ ကျေးဇူးပြုပြီး ထိုင်ပါ။ မာခယ်လဲ ငါတို့နဲ့ အတူတူလာထိုင်လှည့်လေ”

မာခယ် ကျုပ်နဲ့အတူတူ မင်းသားဘက်ကို မျက်နှာမူလိုက်တဲ့အချိန် အစေခံတွေက အကြမ်းရည် လာချပေးမယ်။

“မင်းတို့တွေအကုန်လို့ သွားနားလို့ရပြီ။ ငါ့အမိန့်မရဘဲ မီတာ(၃၀)ဆယ်အတွင်း ဘယ်သူမှ မကပ်စေနဲ့”

“နားလည်ပါပြီ”

အစေခံတွေနဲ့ အစောင့်တွေ အကုန် နောက်ဆုတ်သွားကြတယ်။

မင်းသား လဖက်ရည်သောက်ပြီး ခေါင်းမော့လာရင်း..

“ငါ့သား မာခယ့်စီကနေ မင်း မှော်သခင်ကြီး အဆင့်ရောက်နေပြီလို့ ငါကြားထားတယ်။ ဒါနဲ့တင် အခမ်းအနားလုပ်ပေးဖို့ ထိုက်တန်နေပြီ”

မင်းသားရဲ့ စကားက ကျုပ်ခံစားချက်တွေ တော်တော် ကောင်းသွားတာပဲ။ သူ့အခန်းထဲရောက်တာနဲ့ မှော်မျိုးနွယ်စုအကြောင်း အရင်မမေးဘဲ ယဉ်ကျေးသမှုနဲ့ မှော်သခင်ကြီး ဖြစ်တာကို အရင် ချီးကျူးနေတယ်။ အရည်အချင်း ရှိတဲ့သူတွေကို တော်တော်တန်းဘိုးထားတယ်ဆိုတာ တော်တော် သိသာတာပဲ။

============= (*^*)=============

အပိုင်း( ၁၀၇ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters