← Chapters

ပြည်သူများအတွက်

Vol. 8 Ch. 109

ပြည်သူများအတွက်

Vol. 8 Ch. 109

Child of light (ကျန်းကုန်း)

Volume 4: Chapter 19 - For the Sake of the People

ဆရာတိ သူ့မုတ်ဆိတ်မွေးတွေကို သပ်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေတယ်။ ကျုပ်ပြောတာတွေ ကြားတော့ ဟားတိုက် ရယ်နေလိုက်တာမှ အကြာကြီးပဲ။

“ဆရာ ဘာဖြစ်တာလဲ။ နေမကောင်းဘူးလား”

“ကောင်းပြီ၊ သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်။ မင်း ငါ့တပည့် ဖြစ်ထိုက်တယ်။ ကျန်းကုန်း မင်းသုံးသပ်ချက်တွေက တော်တော် အသေးစိတ်တာပဲ။ မင်းတောင်းဆိုတဲ့အတိုင်း ငါလုပ်ပေးမယ်။ မနက်ဖြန် မင်းသား ခယ်ကျာကို ငါ့မိတ်ဆွေဟောင်း တွေနဲ့ သွားတွေ့လိုက်မယ်။ အဲ့ မိတ်ဆွေတွေက အထက်တန်း မှော်ပညာကျောင်းရဲ့ ဒေါက်တိုင် လေဟာနယ်မှော်သခင်ကြီး ချွမ်စုန့်ကျန်း ရယ်၊ တော်ဝင်အလယ်တန်း မှော်ပညာကျောင်းရဲ့ ဒုကျောင်းအုပ် မီးမှော်သခင်ကြီး စစ်တိလေ့ တို့ကလွဲလို့ ဘယ်သူတွေ ရှိအုံးမှာလဲ”

“ဆရာ….. အိုက်ရှားမှာ မှီခိုနေထိုင်ကြတဲ့ သာမန်ပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာနဲ့ ဆရာ့မိတ်ဆွေတွေ ပါလာပြီဆိုရင် နှစ်ဖက်စလုံးမှာ မှော်သခင်ကြီး (၄)ယောက်စီ ဖြစ်သွားပြီ။ ဒါဆို စေ့စပ်ညှိနှိုင်းတဲ့အချိန် အတိုးအလျော့လုပ်နိုင်တဲ့ သော့ချက်ဖြစ်သွားလိမ့်မယ်”

“လူမိုက်လေး။ မှော်သခင်ကြီး တစ်ဖက် (၄)ယောက်မဟုတ်ဘူးဟ။ (၄)ယောက်နဲ့ (၅)ယောက်ကွ၊ မင်းကိုယ်တိုင်လဲ မျော်သခင်ကြီး ဆိုတာ မေ့မနေနဲ့အုံး။ ဒါပေမယ့် ဒါကို လျှို့ဝှက်ချက်အဖြစ်ထားပြီး ဘယ်သူ့ကိုမှ အသိမပေးနဲ့အုံး။ မင်းနားလည်တယ်မို့လား။ အော်.. ဟုတ်သားပဲ။ ရီမိသားစုရဲ့ မြေးလေး၊ မင်းကြောင့် ဒဏ်ရာအပြင်းအထန် ရသွားတယ် ကြားတယ်။ ဒါ ဘယ်လိုဖြစ်တာလဲကွ”

“ဟုတ်ကဲ့”

ကျုပ်လဲ ဆရာတိကို အစအဆုံး ပြန်ပြောပြလိုက်ရတာပေါ့။ ဆရာတိ မျက်မှောင်ကြုတ်ပြီး..

“မင်းတော်တော် မိုက်မဲတာပဲ။ သူ့မှာ အထူးမန္တန်ရှိတယ်ဆိုရင်တောင် ဒီလိုမျိုး ပြင်းပြင်းထန်ထန် အနိုင်ယူဖို့ မလိုဘူးလေကွာ။ မင်းက မှော်သခင်ကြီးဟ။ ကြံ့ခိုင်မှု ကွာခြားချက် ရှိလိမ့်မယ်”

“အဲ့တုန်းက ကျွန်တော် ဘာလုပ်သင့်တာလဲ”

“တကယ်ဆို ရိုးရိုးလေးရယ်။ မင်းကိုယ်တိုင် ဖန်တီးထားတဲ့ မန္တန်ကို မင်းမေ့နေလား။ မင်းရဲ့ မှော်စွမ်းအင်တွေကို မြှင့်တင်တဲ့ နေရာမှာ သုံးနိုင်တယ်လေ။ ပြီးတော့ မင်းက ပေါင်းစပ်မန္တန်ကို မသုံးဘဲနဲ့၊ တိုက်ပွဲတစ်ခုမှာ စွမ်းအားမြင့် မန္တန်ကြီးကို သုံးရမယ့်အစား မာခယ်သုံးတဲ့ မီးဘောလုံးကို မှတ်မိသေးလား။ ဒီလောက် နည်းလမ်းကောင်းရှိနေတာတောင် မင်းမသုံးလိုက်ဘူး။ မင်း တော်တော် မိုက်မဲသေးတာပဲ။ မင်းရဲ့ လက်ရှိ မှော်စွမ်းအားနဲ့ဆိုရင် မှော်သခင်ကြီး (၁၀)ယောက်ထဲက ဘယ်သူ့ကိုမှ မင်းနိုင်အောင်တိုက်နိုင်အုံးမှာ မဟုတ်ဘူး။ ဖုန့်လျန့်နဲ့ တိုက်ပွဲက မင်းအတွက် သင်ခန်းစာ ယူရမယ့် အတွေ့အကြုံကောင်း တစ်ခု ဖြစ်လာလိမ့်မယ်။ နောက်တစ်ခါဆို တစ်ခုခုမလုပ်ခင် နည်းနည်းလေး အရင်စဉ်းစားလိုက်အုံး။ မင်းက ငါ့ရဲ့ မျှော်လင့်ချက်တင်မဟုတ်ဘူး၊ လူသားမျိုးနွယ်စုကြီး တစ်ခုလုံးရဲ့ မျှော်လင့်ချက်ကွ။ မင်းနားလည်လား”

သူ ကျုပ်ကို မှော်ဘိုးဘေးကြီး ဖြစ်စေချင်လို့ ပြောနေတယ်ဆိုတာ ကျုပ်သဘောပေါက်ပါတယ်။

“ဟုတ်သားပဲ။ ဒါကို ဘာလို့ မစဉ်းစားမိလိုက်ပါလိမ့်။ ဆရာ့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီကာလထဲမှာ ကျွန်တော် လေ့ကျင့်မှုတွေ သေချာပေါက် လုပ်ပါ့မယ်”

“ဒီနေ့ ပြန်မနေနဲ့တော့။ ဒီမှာ တစ်ညလောက် နေလိုက်”

“ဒါ ပိုကောင်းတယ်။ ကျွန်တော်လဲ ဆရာနဲ့ အတူလိုက်ချင်နေတာ”

ဒီလိုနဲ့ တိတ်ဆိတ်သောညရဲ့အချိန် ကုန်ဆုံးပြီး နံနက်ခင်းရဲ့ ရောင်နီရောက်လာတာပေါ့။ အထက်တန်းမှော်ပညာကျောင်း ကိုသွားလိုက်ကြတယ်။ အတန်းချိန်မစခင် မာခယ့်ကိုသွားတွေ့ပြီး သတင်းကောင်း ပြောပြလိုက်တယ်။ မာခယ် တော်တော် ပျော်သွားပြီး အတန်းတောင် မတက်တော့ဘဲ သူ့အဖေကို သွားသတင်းပို့ပြီး အဖေဖြစ်သူ ဆရာတိကို ကြိုဆိုနိုင်အောင်၊ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်သွားတာပေါ့။

ကိစ္စတစ်ခု ဖြေရှင်းပြီးသွားပြီဆိုတော့ ကျုပ်ပီတိတွေ ဖြစ်နေတယ်။ ကျုပ်မျက်နှာမှာလဲ အပျော်တွေနဲ့ ပြည့်နေတာပေါ့။

မူကျီ ကျုပ်ကို ကြည့်ပြီး..

“နင်ဒီလောက် ပျော်နေရအောင် ဘာတွေ ဖြစ်လာတာလဲ”

ကျုပ် သူ့မျက်နှာလေးနဲ့ နီးနိုင်သမျှ နီးတဲ့အထိ သွားကပ်ရပ်လိုက်တယ်။

“ဘာလို့လဲဆိုတော့ နင်ငါ့ကို ပြောလောက်အောင်ထိ ဥပေက္ခာပြုထားတဲ့ပုံ မပေါ်လို့လေ။ ဒီတော့ ငါအတွက် ပျော်စရာအစစ်မို့ နင့်အကြောင်းတောင် အိပ်မက်ထဲ ထည့်မက်မိတဲ့အထိပဲ”

မူကျီ ကျုပ်ကို တွန်းထုတ်ပြီး..

“နင် တော်တော် မုန်းဖို့ကောင်းတာပဲ။ ငါနဲ့ ခပ်ခွာခွာ နေစမ်းပါ။ ငါတို့တွေ အတူတူနေဖို့ မဖြစ်နိုင်ဘူးလို့ ငါပြောပြီးသားဟာကို။ နင် ငါ့ကို လက်လျှော့သင့်နေပြီ”

ကျုပ်ကလဲ ပြန်ကပ်ပြီး..

“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဒီကိစ္စက တစ်ယောက်ချင်းစီမှာပဲ မူတည်တာလေ။ နင်ငါ့ကို ပြန်ကြိုက်နေသရွေ့ အားလုံး လုံလောက်ပြီ။ အို့.. ဒီလိုဆို ငါ့ရဲ့ ရုပ်ချောကြီးနဲ့၊ ငါ့ရဲ့ အရည်အချင်းတွေ၊ ငါ့ခွန်အားကောင်းတာတွေကြောင့် နင် ငါ့ကို စွဲလမ်းသွားပြီလား”

“နင့်ကို ဘယ်သူက စွဲလန်းနေလို့တုန်း။ နင် ငါ့သာ ခပ်ကွာကွာနေစမ်းပါ။ ငါတို့က စာသင်ခန်းထဲမှာနော်။ သူများတွေ မြင်သွားရင် မကောင်းဘူး”

“ဒါဆို စာသင်ခန်းထဲမှာမဟုတ်ရင် နင်နဲ့ ရင်းရင်းနှီးနှီး နေလို့ရတယ်ပေါ့”

“နင် တော်တော် ရွံဖို့ကောင်းတာပဲ။ ငါ့စကားတွေကို အထအန လိုက်ကောက်မနေနဲ့။ ထိုင်တော့ အတန်းချိန်စနေပြီ။ ဒီနေ့ ဆရာမ စာမေးပွဲရှိတယ်ဆိုတာ မေ့သွားတယ်လို့တော့ လာမပြောနဲ့နော်”

မူကျီရဲ့ ကလေးဆန်ဆန် အမူအရာတွေကို ဒါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။

အာ.. ကျုပ်တကယ် မေ့သွားတာဟ။ ကျုပ်ဘာလုပ်ရပါ့မလဲ။ ကျုပ် သူ့လက်မောင်းလေးကို လှမ်းကိုင်ပြီးတော့..

“နင် ငါ့ကို ကယ်မှရမယ်။ အဲ့ ခေါင်းကြောမာတဲ့အဘိုးကြီးနဲ့ ထပ်မပြီး စကားမပြောချင်တော့ဘူးဟာ”

သူ့အင်္ကျီအသားပေါ်ကနေ သူ့အသားအရေရဲ့ နုညံ့တဲ့ခံစားချက် ရပြီး စိတ်တော်တော် လှုပ်ရှားသွားတယ်။ မူကျီ ကျုပ်ကို ခါထုတ်ပြီး လှည့်ထွက်လိုက်တယ်။

“ဟွင့်… နင့်အပြစ်နဲ့နင်လေ။ အတန်းထဲမှာ နားမထောင်ခဲ့တဲ့ အပြစ်တွေလေ။ ငါ နင့်ကို မကူညီနိုင်ပါဘူး..”

“မူကျီရယ်.. နင်က မိန်းမကောင်းလေးပါဟာ… ကျေးဇူးပြုပြီး ငါ့ကို အကူအညီပေးပါဟာ် နင့်အတွက်ကြောင့်သာ မဟုတ်ရင် ငါ အဲ့ခေါင်းကြောတင်းတဲ့ အဘိုးကြီးနဲ့ ငြိမှာမှာမဟုတ်ဘူးလေ”

မူကျီ သူ့မျက်လုံး လှလှလေးတွေနဲ့ ကျုပ်ကို တစ်ချက် စိုက်ကြည့်ပြီးတော့စကားပြောရင်း စာရွက်တစ်ရွက် ကျုပ်ကို ထုတ်ပေးတယ်…

“နင် ငါ့ကို ဘာလို့ဆွဲထည့်နေတာလဲ။ ရော.. ကျန်တာတော့ နင့်အပေါ်ပဲ မူတည်မှာ။ အဓိကကျတာတွေ ဒီထဲမှာပါတယ်”

ကျုပ် ဝမ်းသာအားရ ယူပြီး စကားလုံးတွေ အတိုင်းအဆမဲ့ပြည့်နေတဲ့ မျက်ဝန်းနဲ့ သူ့ကို လှမ်းကြည့်လိုက်မိတယ်။ ကျုပ်မှာ လှည့်စားဖို့ နည်းလမ်းတွေ အများကြီးရှိနေတာပဲကို။ ကျုပ် သူ့ကို ပွေ့ဖက်ပစ်လိုက်ချင်ပေးမယ့် သူ လက်ကာပြီး ချက်ချင်း ရှောင်ထွက်သွားတယ်။

“နင် ဘာလုပ်တာလဲ။ ဒီလို ဗရုပ်သုက္ခတွေ ဆက်လုပ်နေရင် နင့်ကို သေတဲ့အထိ ဥပေက္ခာပြုထားလိုက်မှာ”

“ငါ နင့်ကို ကျေးဇူးတင်ချင်စိတ် များသွားလို့ပါဟာ။ ထပ်မလုပ်တော့ပါဘူးဟာ။ ဒေါသတွေ ထွက်မနေနဲ့တော့”

“ငါတော့ နင့်ကို ဘယ်လုပ် လုပ်ပစ်လိုက်ရမှန်းကို မသိတော့ဘူး။ ဆရာလာပြီ မြန်မြန် ထိုင်တော့”

အဘိုးကြီး စာရွက်တစ်ထပ်ကြီးနဲ့ စာသင်ခန်းထဲဝင်လာတယ်။ ပြီးတော့ အတန်းထဲမှာ လူစာရင်းစစ်လိုက်ပြီးမှ…

“ဒီနေ့ မှော်ပညာနဲ့ ပတ်သက်ပြီး စမ်းသပ်မှုတစ်ခုရှိတယ်။ စာမေးပွဲအတွက် အားလုံး အသင့်ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ပြောပြီးတော့ ကျုပ်ကို စူးစိုက်ကြည့်နေသေးတယ်။

စာမေးပွဲအတွက် မေးခွန်းတွေအကုန်လုံးက အဆင့်မြင့် မန္တန်တွေကြီးပဲ။ တကယ်ဆို ကျုပ်အတွက် သိပ်မခက်ပါဘူး။ ဒါပေမယ့် စာသင်ခန်းနဲ့ ဝေးနေတာက (၂)နှစ်လောက်ရှိနေပြီလေ။ ဒီအဆင့်မြင့် မန္တန်တွေလဲ ခပ်ဝါးဝါးပဲ မှတ်မိနေတာ။ မန္တန်တွေ သုံးတဲ့နေရာမှာ စမ်းသပ်မှုတွေကြောင့်သာ ပိုကောင်းလာတာလေ။ ကံကောင်းတာက မူကျီ ကျုပ်ကို မှတ်စု စာရွက်လေး ပေးထားတာရှိနေလို့ပေါ့။

ကျုပ်ရှေ့က ကျောင်းစာပွဲလေးပေါ်မှာ စာရွက်လေး ကပ်လိုက်တယ်။ မူကျီမြင်တော့ ချက်ချင်းကို တိုးတိုးလေးနဲ့..

“နင် အရမ်း သိသာလွန်းနေတယ်…”

“စာမေးပွဲချိန်ထဲမှာ ငါ့တို့တွေ တွတ်ထိုးနေလို့မဖြစ်ဘူး။ နင့်ရဲ့ နား(၂)ဖက်နဲ့ နင့်နှာခေါင်းလေးတွေကို တခြားနေရာမှာ ရှိမနေသင့်ဘူး။ နင် စိတ်ဝိဉာဏ်နဲ့ စာမေးပွဲကို အာရုံစိုက်ထားလိုက်”

မူကျီ ကျုပ်စာသံပေသံ အပြောစွမ်းရည်ကြောင့် အံ့ဩသွားတဲ့ပုံပဲ။ သူထိတ်လန့်သွားတဲ့ ပုံလေးမြင်တော့ ကျုပ် တိတ်တိတ်လေး ဝမ်းသာသွားတယ်။ ဒါ မင်းသားအိမ်က ကဗျာ(၃၀၀)ထဲကနေ ဖတ်ပြီး မှတ်မိနေတဲ့ တစ်ခုတည်းသော စကားလေ။ ဒီနေ့ အသုံးချနိုင်လိုက်တာပေါ့။ အဟီး။

ကျုပ် တတ်နိုင်သရွေ့ ကူးတော့တာပေါ့။ ကူးရင်း ကူးရင်းနဲ့ အရှိန်ရပြီး မေးခွန်းစာရွက်ဘေးမှာ မှတ်စုစာရွက်လေး ပေါ်တင်ချပြီး ကူးတော့တာဗျို့။

============= (*^*)=============

အပိုင်း( ၁၁၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters