← Chapters

နေ့လည်စာ စားပွဲဖိတ်ကြားခြင်း

Vol. 8 Ch. 110

နေ့လည်စာ စားပွဲဖိတ်ကြားခြင်း

Vol. 8 Ch. 110

Child of light (ကျန်းကုန်း)

Volume 4: Chapter 20 - An Invitation to Dinner

သွားပြီ။ အဘိုးကြီး ကျုပ်ကို သတိထားမိသွားပြီ။ သူပြုံးဖြီးဖြီးနဲ့ ကျုပ်ဆီ တည့်တည့်လျှောက်လာတယ်။ မူကျီ လန့်ပြီး ခေါင်းမဖော်ရဲတော့ဘူး။

ကျုပ်ကိုသာ မိသွားရင် တော်တော် ဒုက္ခရောက်တော့မှာပဲ။ ကျုပ်ဘာလုပ်သင့်လဲ။ မှတ်စု စာရွက်လေး ဖျောက်ပစ်ဖို့လဲ အရမ်းနောက်ကျသွားပြီ။ ချောင်ပိတ်မိသလိုဖြစ်မှတော့ ပုံအောရတော့မှာပဲ။

အေးအေးဆေးဆေး မတ်တပ်ရပ်ပြီး ဆရာ့ကို ကြည့်နေလိုက်တယ်။ မှတ်စုစာရွက်လေးကို နှာခေါင်းရှေ့ထားပြီး ခပ်ပြင်းပြင်းလေး မှုတ်ထုတ်လိုက်တာ စာသင်ခန်း ထောင့်တစ်ခုကို ရောက်သွားပါလေရော။ ဆရာ ကျုပ်ကို ကြည့်နေပေမယ့် ကျုပ်ကို စွပ်စွဲဖို့ရာ သက်သေခံပစ္စည်းကိုလဲ သွားမကောက်ရဲဘူး။

သူထွက်သွားပြီ။ ကျုပ်လဲ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး စဉ်းစားနေလိုက်တယ်။

“ပြီးဖို့ အချိန်အရမ်းနီးနေပြီနော်”

မူကျီကတော့ ကျုပ်ဘေးမှာ စားပွဲခုံပေါ်မောက်ပြီး အတောမသတ်နိုင်အောင်ကို ရီနေလေရဲ့။

“နင့်စာရွက်တွေ တံတွေးစိုမကုန်ဘူးလား”

ကျုပ် ခပ်တိုးတိုးပြောရင်း မူကျီရယ်နေရာကို ရပ်အောင်အရင် လုပ်လိုက်ရတယ်။ အဲတော့မှာ စာမေးပွဲ ဆက်ဖြေဖို့ သူခေါင်းမော့လာတော့တယ်။ ကျုပ်လဲ ကျုပ်အဖြေလွှာကို ပြန်ကြည့်မိလိုက်တယ်။ ကျုပ် အမြန်နှုန်းနဲ့ ကူးလိုက်တာ (၇၀)ရာခိုင်နှုန်းလောက် ဖြေပြီးသွားပြီပဲ။ ကျုပ် တစ်နည်းနည်းနဲ့ ကျော်ဖြတ်မှဖြစ်မယ်။ စိတ်ပျက်မနေဘဲ ကျန်တဲ့ မေးခွန်းတွေကို ဆက်ဖြေပြီး အဖြေလွှာတွေ လာသိမ်းတဲ့အထိ ကုလားထိုင်ပေါ်မှာ ပက်လက်ဆန့်ပြီး စောင့်နေလိုက်တယ်။

နောက်ဆုံးတော့ စာဖြေချိန် ပြီးသွားပြီပေါ့။ အဖြေလွှာတွေ သိမ်းပြီးတာနဲ့ ကျုပ် မူကျီကို ဝမ်းသာအားရ..

“ဒီတခါတော့ ဘာပြဿနာမှ မတက်လောက်တော့ပါဘူး။ အဟား။ နင် အကူအညီပေးတာ အရမ်းကျေးဇူးတင်တာပဲ။ ဒီနေ့ နေ့လည်စာ လိုက်ကျွေးမယ်လေ ဘယ့်နှယ့်လဲ”

“စောစောက နင့်တုန့်ပြန်မှု နည်းနည်း မြန်သွားလို့နော်။ ဒီတစ်ခါ ဆရာနင့်ကို တော်တော် စိတ်ဆိုးနေလိမ့်မယ်။ နင့် မဟုတ်ကဟုတ်က လုပ်တာ သိပေမယ့် သက်သေပြလို့မရလိုက်ဘူးလေ”

“အေးလေ။ ငါက တန်ပြန်မှုကျွမ်းကျင်သူဟ။ နင် ငါနဲ့ နေ့လည်စာ မစားနိုင်ဘူးလား”

မူကျီ ခနစဉ်းစားခန်းဝင်ပြီးတော့ ကောက်ကျစ်တဲ့ အရိပ်အငွေ့တွေနဲ့ သူ့မျက်လုံးမှာ အရောင်လက်လာတယ်။

“ကောင်းပြီလေ။ ကျောင်း ဈေးတန်းမှာတော့ မစားချင်ဘူး။ ကျောင်းအပြင် သွားစားကြမယ်”

“ပြဿနာမရှိဘူး။ စားမယ့်နေရာ နင်ရွေးပေါ့။ ဒီနေ့ အတန်းပြီးရင် သွားစားကြမယ်”

“နင် အဲလိုပြောမှတော့ ငါစားသလောက်ရှင်းနိုင်အောင် လုံလုံလောက်လောက် ယူလာဖို့လိုလိမ့်မယ်နော်”

“နင် စားနိုင်တယ်ဆိုတာ ငါနဲ့ ယှဉ်နိုင်ပါ့မလားလို့။ ငါ့နာမည်က ထမင်းဖြူပုံးတဲ့။ အဟီး။ ဘယ်သူနိုင်မလဲဆိုတာ သိချင်လိုက်တာ။ ခန နေလိုက်အုံး။ နင်ကျေနပ်တဲ့အထိ စားနိုင်စေရမယ်လို့ ကတိပေးတယ်ဟာ”

“ကောင်းလိုက်တာ။ ငါ ထမင်းကောင်းကောင်း မစားရတာ တော်တော်ကြာပြီဟ။ အရသာရှိတာတွေ အများကြီး စားချင်နေတာ”

ဒီနေ့ မနက်ခင်းကတော့ ကျုပ် ဒေါသထွက်စရာမလိုဘဲ အေးအေးချမ်းချမ်း ပြီးသွားတဲ့ ပထမဆုံး စာသင်ချိန်တွေပေါ့ဗျာ။ ကျောင်းဆင်းတာနဲ့ ကျောင်းထဲက ထွက်လာခဲ့လိုက်တယ်။ အချိန်တော်တော်ကြာသွားတာတောင် လိုရာမရောက်နိုင်သေးဘူး။

“ဟေ့ နတ်သမီးလေး။ ဘယ်အထိ ခေါ်လာတာတုန်းဟ”

“ဘာလဲ နင့်ငွေတွေ ကုန်မှာ ကြောက်နေတာလား။ နင်ငါ့ကို ထမင်းကျွေးချင်တယ်ပြောပြီး မေးခွန်းတွေ သိပ်မေးမနေနဲ့နော်”

“အေးပါ အေးပါ။ ငါလိုက်ခဲ့ပါ့မယ်”

ကျုပ်က မှော်သခင်ကြီးပဲလေ။ ဘယ်သူ့ကြောက်နေရမှာတုန်းလို့။

လိုရာတော့ ရောက်ခဲ့ပြီ။ စားသောက်ဆိုနဲ့လဲ မတူဘူး။ မူကျီ ကျုပ်ကို ရွှေနဲ့ ကျောက်စိမ်းတွေ အပြည့်နဲ့ ခမ်းနားလွန်းတဲ့ နေရာကို ခေါ်လာတာဗျ။ အရင်က နန်းတော်ထဲ မဝင်ခဲ့ဘူးပေမယ့် နန်းတော်ကြီးနဲ့ ယှဉ်လို့ရလောက်တယ်။ ဒီနေရာက ဆိုင်းဘုတ်မှာတော့ “တိုးတက်သော ကျောက်စိမ်း ဒီရေ” လို့တော့ ရွှေရောင်စာလုံးကြီးနဲ့ ရေးထားတာပဲ။ တံခါးဝမှာ ဧည့်ကြိုက ကျုပ်တို့ကို လာနှုတ်ဆက်တယ်။

“သခင်လေးနဲ့ သခင်မလေး ထမင်းလာစားကြတာလား”

မူကျီကပဲ ဦးအောင်..

“ငါတို့ နှစ်ယောက်အတွက် တိတ်ဆိတ်တဲ့ နေရာတစ်ခု စီစဉ်ပေး”

“ဟုတ်ကဲ့၊ နားလည်ပါပြီ။ စားသောက်ဆိုင်က ကြိုဆိုပါတယ်ဗျ”

ဝန်ဆောင်မှုတွေကတော့ ထိပ်တန်းပဲဗျို့။ ဒါပေမယ့် အဲဒါကြီးက တော်တော် အကုန်အကျများမယ့်ပုံပဲ။ ကျုပ်တို့လဲ ဧည့်ကြိုနောက်ကနေ “တိုးတက်သော ကျောက်စိမ်း ဒီရေ” ဆိုင်ကြီးထဲ ဝင်သွားကြတာပေါ့။

အို့ အို… အတွင်းပိုင်းက ပိုတောင် နေလို့ထိုင်လို့ကောင်းသေးတယ်။ ကြမ်းပြင်ပေါ်မှာလဲ နာမည်ကျော် အဖိုးတန် ကော်ဇောကြီးတွေကို ရွှေတွေ ကျောက်စိမ်းတွေနဲ့ တန်ဆာဆင်ခင်းထားလိုက်တာများ နေရာတိုင်းပဲ။ ဧည့်ကြိုက ကျုပ်တို့ကို ဒုတိယထပ်က ပြတင်းပေါက်တစ်ခုနား ခေါ်သွားပြီး နေရာချပေးသွားတယ်။

“ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ။ သခင်တို့ရဲ့ အမှာတွေကို စားပွဲထိုးတစ်ယောက် လာမေးပါလိမ့်မယ်”

ထင်ထားသလိုပဲ တအောင်လောက်ကြာတော့ ငယ်ရွယ်ချောမောတဲ့ စားပွဲထိုးတစ်ယောက် ရောက်လာပြီး စားသောက်ဖွယ်ရာ စာရင်းလေးတစ်ခု လာပေးတယ်။ လူကြီးလူကောင်း တစ်ယောက်ရဲ့ ပုံစံ ပြနိုင်ဖို့အတွက် စာရင်းကိုတောင် မကြည့်ဘဲ မူကျီဆီကို လက်ဟန်ပြပေးလိုက်တာပေါ့။

မူကျီလဲ မူမနေဘဲ စာရင်းကို ယူကြည့်လိုက်တယ်။ သူ ပထမ စာမျက်နှာကို ကျော်ပြီး ဒုတိယ စာမျက်နှာ ကြည့်လိုက်တယ်။ ပြီးတော့ စာရင်းကို စားပွဲထိုးလေးဆီ ပြန်ပေးပြီး..

“စာရင်းထဲက ပထမ (၂)မျက်နှာမှာပါတဲ့ ဟင်းပွဲတွေ အကုန်ရယ် တိုးတက်သော ကျောက်စိမ်း ဒီရေ တစ်လီတာရယ် ချပေး”

စားပွဲထိုးလေးတောင် မူကျီကို ကြည့်ပြီး နည်းနည်း လန့်သွားတဲ့ပုံပဲ။

“အဲလောက်ကြီးတောင်လား။ သခင်မလေးတို့ (၂)ယောက်ထဲနဲ့ အကုန်စားနိုင်ပါ့မလား။ ဒီစားသောက်ဆိုင်က မှားထားပြီးရင် ဖျက်လို့မရတော့ဘူးနော်”

“နင် ငါတို့ မှာထားတာတွေ လာချပေးဖို့ပဲလိုတာ။ ဒါတွေ ကုန် မကုန် နင်ဘယ်လိုသိနိုင်မှာတုန်း”

စားပွဲထိုးလေးလဲ စာရင်းယူပြီး ပြန်ထွက်သွားပါလေရော။

“တိုးတက်သော ကျောက်စိမ်း ဒီရေ ဆိုတာ ဘာကြီးလဲ၊ ဒါ စားသောက်ဆိုင် နာမည် မဟုတ်ဘူးလား”

“နင်မသိဘူးလား။ တိုးတက်သော ကျောက်စိမ်း ဒီရေဆိုတာ အရမ်းနာမည်ကြီးနေတဲ့ အရက်တစ်မျိုးပဲလေ။ အဲ့အရက်ကြောင့် ဒီစားသောက်ဆိုင် နာမည်ကြီးနေတာဆိုတော့ ပိုင်ရှင်က တိုးတက်သော ကျောက်စိမ်း ဒီရေ ဆိုပြီး စားသောက်ဆိုင်နာမည် ပြောင်းပစ်လိုက်တာ။

“နင် ဒီနေရာနဲ့ တော်တော်လေး ရင်းနှီးနေတဲ့ပုံပဲ။ ဒီကို မကြာမကြာ လာနေကျလား”

“အေးလေ။ ငါ ဒီကို မကြာမကြာ လာတတ်ပေမယ့် အိမ်က ပါလာသမျှ ပိုက်ဆံ အမြဲကုန်မှပြန်တာ။ ဒီတော့ ကျောင်း စားဖိုဆောင်မှာ စားဖို့ကလွဲပြီး တခြားရွေးစရာမရှိတော့ဘူးလေ”

“ဒီက အစားအသောက်တွေကြိုက်လို့ ပိုက်ဆံကုန်သွားရတယ်ပေါ့”

ကျုပ်လဲ အစားအသောက်တွေ ကြိုက်ပေမယ့် သူ့လောက်ထိတော့ မဟုတ်သေးဘူးလေ။

“အေးလေ။ အထူးသဖြင့် နင်တို့ လူသားမျိုးနွယ်တွေရဲ့ အစားအစာတွေ စားရတာ အရမ်းပျော်စရာကောင်းတယ်။ အံ့လဲ အံ့ဩဖို့ကောင်းတယ်”

“ငါတို့ လူသားမျိုးနွယ်။ နင်ကရော လူသားမျိုးနွယ် မဟုတ်ဘူးလား”

မူကျီ ကျုပ်ကို ကြည့်တာက မျက်စိထဲမှာ လှောင်ရိပ်တွေအပြည့်နဲ့ဗျ။

“နင်က လူသားမျိုးနွယ် မဟုတ်ဘူးလား… တဲ့လား၊ ငါတို့ စားဖို့ ဟင်းလျာတွေလဲ ရောက်လာမှတော့ ဘာလို့ မေးခွန်းတွေ အများကြီး မေးနေအုံးမှာလဲ။ ပြန် အကျွေးဆပ်ရတယ်လို့ရော မထင်ဘူးလား”

“အေးပါ အေးပါ။ ငါ မမေးတော့ပါဘူး”

ဟင်းပွဲတွေလဲ ရောက်လာပြီ။ ဒီတော့မှ စားပွဲထိုးက ကျုပ်တို့တွေ ဘာလို့ ကုန်အောင် မစားနိုင်ဘူးထင်ရတယ်ဆိုတာ သဘောပေါက်လိုက်တော့တယ်။ မူကျီ စားပွဲနဲ့ မဆံ့အောင်ကို မှာလိုက်တာကြီးကိုး။ တခြားစားပွဲပေါ်တွေမှာပါ ဖြန့်တင်ထားလိုက်ရတဲ့အထိကို ဟင်းလျာတွေနဲ့ ပြည့်နေပြီ။

“ဟင်းပွဲတွေ အများကြီးပါလား။ မစားနိုင်ဘဲ ဖြုန်းတီးတာတော့ မကောင်းဘူးလေ”

“ငါတို့ ဟင်းလျာတွေ ဖြုန်းတီးတယ်လို့ ဘယ်သူပြောလဲ။ မြန်မြန်စား အေးသွားရင် အရသာပျက်ကုန်လိမ့်မယ်”

သူကတော ပြောပြီးတာနဲ့ စလွေးတော့တာပဲ။ လွေးရင်းနဲ့..

“ရှယ်ပဲ။ ငါ ဒီလိုမျိုး မစားရတာ ကြာပြီ။ ဒါ တော်တော် အံ့ဩစရာအရမ်းကောင်းတယ်”

ကျုပ်က ရှင်းရမယ့်သူဆိုတော့ ကျုပ်မစားရင် ဘယ်လိုလုပ် တန်တော့မှာလဲ။ အစိမ်းရင့်ရောင် တိုးတက်သော ကျောက်စိမ်း ဒီရေ ကျောက်တုံးကြီးကို ကောက်ယူပြီး တစ်ငုံလောက် သောက်လိုက်တယ်။ တကယ့်ကို အေးမြလန်းဆန်းတဲ့ ခံစားချက်ကိုပေးတာပဲ။ ကျုပ်ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း စိမ့်ဝင်သွားတော့တာ။ နည်းနည်းလေး အေးပြီး ချိုမြမြနေတယ်လို့ ခံစားရတယ်။ တော်တော် ကောင်းတာပဲ။

“ငါလဲ စားတော့မယ်”

ကျုပ်လဲ ကျုပ်စားရမယ့် ဟင်းပွဲတွေ မြင်စပြုလာပြီလေ။ အကုန်လုံးကို ပတ်ကြည့်လိုက်တော့ အနံ့ အရသာနဲ့ တော်တော် ပြည့်စုံနေတာပဲ။ ကျုပ်စားနေချိန်မှာ ပန်းကန်လိုက်တောင် မြိုချမိလုမတတ်ပဲ။ တော်တော် အရသာရှိတာပဲ။ မူကျီ ဘယ်နေရာ ရွေးရမလဲဆိုတာ ကောင်းကောင်း သိနေတာပဲ။ ဒီလိုနဲ့ ကျုပ်တို့ရှေ့က ဟင်းပွဲတွေကို မြန်မြန် ကိစ္စဖြတ်လိုက်ကြတော့တယ်။

============= (*^*)=============

အပိုင်း( ၁၁၁ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters