ဂုဏ်ပုဒ် လွှဲပြောင်းခြင်း
Vol. 8 Ch. 111
Child of light (ကျန်းကုန်း)
Volume 4: Chapter 21 - Exchanging Titles
နာရီဝက်လောက်ကြာတော့ ပန်ကန်အလွတ်(၁၀)ချပ်ကျော် ကျုပ်ရှေ့မှာ ရှိနေပြီ။ စားလို့သောက်လို့ တော်တော် ကောင်းတာပဲ။ မွေးကတည်းက စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ။ ကျုပ် ကျေကျေနပ်နပ်နဲ့ ဗိုက်ကိုပွတ်ပြီး မူကျီကို ကြည့်လိုက်မိတယ်။
ဟိုက်။ ဒါ ဒါ မဖြစ်နိုင်ဘူးမို့လား။ သူ စားနေတုန်းပဲ။ ဘယ်လိုစားရမလဲဆိုတာ သူတကယ်ကြီးသိနေတာ။ သူ့ရှေ့မှာလဲ ပန်းကန်အလွတ်တွေ အများကြီးပဲ။ ကျုပ် ပန်းကန်ထဲက လာလာပြီး နှိုက်မြည်းသွားတာတောင် ပြန်သတိရလိုက်မိသေးတယ်။
ကျုပ် အံကြိတ်ပြီး လက်သုပ်ပုဝါကိုင်လိုက်ရင်း..
“ဖြေးဖြေးစားပါဟ။ နင် ဒါကို မသုံးသေးဘူးနော်”
ဒီတော့မှ မူကျီ လက်သုတ်ပုဝါယူပြီး ပါးစပ်ကို သုတ်လိုက်သေးတယ်။
“နင်လဲ စားလေ။ ငါကတော့ ယဉ်ကျေးမနေတော့ဘူးနော်”
တိုးတိုးလေး ပြေားပြီး ဆက်စားနေပြန်ရော။
ကျုပ်မှာဖြင့် သူမှာထားသမျှ ကုန်အောင် စားပြီးတဲ့အထိအလန့်တကြား ထိုင်ကြည့်နေရတယ်။
မူကျီ ကျေနပ်သွားတဲ့ပုံနဲ့ သက်ပြငသ်းချပြီး ပါးစပ်ကို သုတ်လိုက်တယ်။
“တော်တော် စားလို့ကောင်းတာပဲဟ။ ဒီလိုမျိုး ကောင်းကောင်းမစားရတာ တော်တော်ကြာနေပြီ”
“နင် တော်တော် ကြောက်ဖို့ကောင်းတာပဲ။ ငါဝန်ခံရတော့မယ်။ နင် အစားလွန်ပြီး ဗိုက်တင်းနေပြီလား”
“ငါ ဗိုက်အင့်နေသလိုမျိုး မရှိပါဘူး။ ငါ့ အစာချက်နှုန်းက ကောင်းတယ်လေဟာ။ ပြီးတော့ ငါလဲ ပြောရလောက်အောင် အများကြီး မစားထားပါဘူး။ စားပွဲထိုးရေ.. ကျေးဇူးပြုပြီး နဂါးသားကြော် (၂)တုံး၊ ဝေလငါးပြာတောင်ပံအစုံရယ်၊ အချိုပွဲ (၂)ပွဲနဲ့၊ ရေခဲမုန့် (၂)ခွက် မြန်မြန်ယူလာပေးနော်”
သူ နောက်ထပ် မှာနေတာတွေ ကြားတော့..
“ငါ မစားနိုင်တော့ဘူး၊ တင်းပြည့်နေပြီ”
“နင်မစားနဲ့လေ။ ငါက ဆာနေသေးတာကိုလို့။ အခုမှာတာတွေက ငါ့အတွက်ပဲ”
ဘေးနားကနေ နောက်ထပ် စားစရာတွေ ထပ်လွေးနေတာကို တအံ့တဩ ထိုင်ကြည့်နေမိတယ်။ ပြီးမှ မူကျီ သူ့ဗိုက်ကို ပွတ်ပြီး..
“ရှယ်ပဲဟာ။ တော်တော်ကို ကောင်းတာ။ အဆင်ပြေသွားပြီ၊ နင် ပိုက်ဆံရှင်းချင် ရှင်းလိုက်တော့လေ၊ ငါထပ်မစားတော့ဘူး”
ကျုပ် တဒီးဒီးကျနေတဲ့ ချွေးစက်တွေ အသာသုတ်လိုက်မိတော့တယ်။ နောက်ဆုံးတော့ သူထပ်မထားတော့ဘူးပေါ့လေ။
ကျုပ် စားပွဲထိုးကိုခေါ်ပြီး ပြေစာတောင်းလိုက်တယ်။
“သခင်လေး စုစုပေါင်း စိန်ဒင်္ဂါး(၁၀၃)ပြား၊ ရွှေဒင်္ဂါး(၄)ပြားနဲ့ ငွေဒင်္ဂါး(၈)ပြား ကျသင့်ပါတယ်”
ဒါ ဓားပြတိုက်နေတာ မဟုတ်ဘူးလားဟ။ လွန် လွန်းတယ်။ ကျုပ် စားပွဲထိုးကို ဒေါနဲ့မောနဲ့ ကြည့်လိုက်တော့ သူစိတ်ရှည်ရှည်နဲ့ပဲ..
“သလင်လေး ဒီကဟင်းလျာတွေထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေက တော်တော်ရှားတယ်။ ဥပမာအနေနဲ့ နဂါးသား တစ်တုံးကို စိန်ဒင်္ဂါး(၂)ပြားကျပါတယ်”
မူကျီ ကျုပ်ကို ပိုက်ဆံ အလုံအလောက် ယူခဲ့ဖို့မှာလိုက်တာ အံ့ဩစရာမဟုတ်တော့ဘူးပဲ။ သူ့ကို ပိုးချင်တာနဲ့ လှည့်စားခံလိုက်ရပြီ။
“အာ.. ကုန်ကျစရိတ် အရမ်းများသွားတာလား။ အရင်ကဆို ငါတစ်ခါစားရင် စိန်ဒင်္ဂါး(၇၀)လောက်ပဲ ကုန်တာဟ။ တောင်းပန်ပါတယ်ဟာ နင် ငွေတော်တော် ပေးလိုက်ရမှာ”
ကျုပ် ဘာများပြောနိုင်အုံးမှာလဲလို့။ မှော်သမဂ္ဂကထုတ်ပေးထားတဲ့ ကျုပ်ရဲ့ ကတ်အမဲလေး စားပွဲထိုးကို ထုတ်ပေးလိုက်ရတော့တာပေါ့။ စားပွဲထိုးက လေးလေးစားစားနဲ့ ကျုပ်ဆီကနေ ယူရင်း..
“ဒီကတ်နဲ့ဆိုရင် ကျသင့်ငွေရဲ့ (၈)ရာခိုင်နှုန်း ဈေးလျော့ပေးပါတယ်။ ခဏလေး စောင့်ပေးပါ”
အဲ့စကားကြားမှ ကျုပ်ရဲ့စိတ်လေးလဲ နည်းနည်းလေး နေကောင်းသွားတော့တယ်။
မူကျီ အားကျတဲ့ မျက်လုံးတွေနဲ့..
“အဲဒါ ဘာကတ်လဲ။ လျော့ဈေးနဲ့ စားလို့ရမယ့်အခွင့်အရေးပဲ။ ငါလဲ တစ်ကတ်လောက် လိုချင်လိုက်တာဟာ”
တော်ပါပြီဗျာ။ နောက်ဆို သူ့ကို ထမင်းစားဖို့ ဘယ်တော့မှ မဖိတ်ခေါ်တော့ဘူး။ ကျုပ်ရဲ့ ထမင်းဖြူပုံးဆိုတဲ့ ဂုဏ်ပုဒ်လဲ သူနဲ့ပဲ ထိုက်တန်သွားပြီ။
မူကျီ ရှက်ကိုးရှက်ကန်းနဲ့ ကျုပ်ကို ကြည့်လာလို့..
“ဘာ ပြောချင်လို့လဲ”
“ဟိုလေ.. နေ့လည်ဖက် သောက်ရအောင် တက်တက်သော ကျောက်စိမ်း ဒီရေ နောက်ထပ် (၁)လီတာလောက် ရနိုင်မလားလို့။ စိန်ဒင်္ဂါး(၅)ပြားပဲ ကျတာပါဟာ။ ချစ်ဖို့ကောင်းရဲ့သားနဲ့”
ကျုပ်စိတ်ထဲ ကောင်းကင်နဲ့ မြေကြီး အိုးထိန်းစက်လို လည်နေပါပြီးဗျာ။
“အေးပါ အေးပါ။ နင့် သဘော”
နေ့လည်ခင်း စာသင်ချိန်အတွက် အခန်းထဲရောက်နေပြီးမှ ကျုပ်ပြန်စဉ်းစားကြည့်လိုက်တာ ကျောင်းကို ဘယ်လို ပြန်ရောက်လာမှန်းကို မမှတ်မိတော့ဘူး။
“ဘာတွေ လေးလေးနက်နက် စဉ်းစားနေတာလဲ… ဘာလဲ တိုးတက်သော ကျောက်စိမ်း ဒီရေ သောက်ချင်လို့လား”
“အို့ … ဘာမှ မစဉ်းစားပါဘူး။ နင်ပဲ သောက်လိုက်ပါဟာ”
မူကျီရှေ့မှာထိုင်တဲ့ ကောင်မလေးက..
“ဘာတွေ သောက်နေတာလဲ မွှေးလိုက်တာ အနံ့လေးက”
“တိုးတက်သော ကျောက်စိမ်း ဒီရေ သောက်နေတာလေ။ နင်မြည်းကြည့်ပါအုံးလား”
“အေး။ တကယ်ဆို ကျောက်စိမ်းဒီရေက တော်တော်ဈေးကြီးတယ်ကြားတယ်ဟ။ နင်တော်တော် ကုန်သွားမှာပေါ့”
“ဒါ ငါကုန်တာမဟုတ်ဘူး။ ကျန်းကုန်း ဝယ်တိုက်တာဟ။ ငါနင့်ကို မျှတိုက်လို့ရပါတယ်”
“သူ နင့်ကို ကောင်းကောင်းဆက်ဆံတာပဲ။ သူက ချောလဲချောတယ်။ မှော်ပညာလဲ အရမ်းအစွမ်းထက်တယ်။ နင် တော်တော် ကံကောင်းတာပဲ”
“နင် သူ့ကို ကြိုက်ရင် ယူလို့ရတယ်နော်”
ကျုပ် သူတို့စကားဝိုင်းကို အသာနားထောင်နေတာလေ။ ကျုပ် ဒေါသတကြီးနဲ့..
“မူကျီ နင်ဘယ်လိုပြောလိုက်တာလဲ”
“နင် ချစ်ခွင့်ပန်တာ ငါမှ လက်မခံသေးတာ။ ဘာလို့ ပါဝါတွေ လာပြနေတာတုန်း”
ကျုပ်ဖြင့် ချက်ချင်းကို စကားလုံးတွေ စွံ့အသွားရတယ်။ တကယ်ဆို သူကျုပ်ကို အဖြေမပေးသေးဘူးပဲ။ ကျုပ် စိန်ဒင်္ဂါးတွေ ဖြုန်းတီးမိသလိုတော့ ဖြစ်ပါပြီဗျာ။ ကျုပ် စားပွဲပေါ် ပစ်ကျသွားတယ်။ ဘာကြောင့်မှန်းမသိဘဲ ကျုပ်နှလုံးသား နာကျင်ခံစားနေရပြီ။
ကျောက်စိမ်း ဒီရေ သောက်ပြီးတော့ အတန်းဖော် ကောင်မလေးက..
“မူကျီရယ်.. နင်သူ့ကို ဘယ်လိုပြောလိုက်တာတုန်း။ နင့်စကားတွေက အရမ်းနာကျင်စရာကောင်းမှာဟ”
မူကျီကတော့ အသံတိတ်နေလေရဲ့။
နောက်ဆုံးတော့ အတန်းချိန်ပြီးလို့ စာသင်ခန်းထဲကနေ အမြန်ထွက်လာခဲ့လိုက်တယ်။ ထူးထူးခြားခြားကို စိတ်ဓါတ်တွေ ကျနေတာဗျ။
ခဏလောက် လျှောက်ပြီးတော့ မာခယ်နဲ့ တွေ့ပါလေရော။ ဒီကောင့် မျက်နှာက မှိုရတဲ့ မျက်နှာပေးနဲ့ ကျုပ်ကို တားပြီး..
“အစ်ကိုကြီး အရမ်းကောင်းတာပဲ။ ငါတို့တွေ အောင်မြင်သွားပြီကွ”
“အောင်မြင်ပြီ၊ ဘာအောင်မြင်တာတုန်းဟ”
“အစ်ကိုကြီး၊ မင်းဘာဖြစ်နေတာတုန်း၊ စိတ်ဆိုးနေတာလား။ ငါပြောတဲ့ အောင်မြင်မှုဆိုတာ မဟာမိတ်ဖွဲ့တာ အောင်မြင် သွားပြီလို့ပြောတာကွ။ ဒီနေ့ ဆရာတိ မင်းသားအိမ်တော်မှာ ငါ့အဖေနဲ့ သွားတွေ့တယ်။ တစ်မနက်လုံး စကားပြေားပြီးတော့ သဘောတူညီချက် တစ်ခုရသွားတယ်ကွ။ နေ့လည်ဘက်ကျတော့ နောက်ထပ် မှော်သခင်ကြီး(၃)ယောက်ကိုတွေ့တယ်။ ဆရာလုံက သိပ်အားမကိုးရပေမယ့် ကျောင်းအုပ်နဲ့ ဒုကျောင်းအုပ် နှစ်ယောက်လုံးက အဖေ့ကို ထောက်ခံတယ်ကွ။
“ဒါဆိုရင်တော့ သတင်းကောင်းပဲကွ။ ကောင်းလိုက်တာ။ ဒါဆိုရင် ငါတို့ကရော ဘယ်တော့ သွားကြရမှာလဲ”
“မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် တတ်နိုင်သမျှ မြန်မြန်ဖြေရှင်း တာကောင်းတယ်လို့တော့ အဖေပြောတာပဲ။ သူတို့တွေ မနက်ဖြန်ကျရင် မြို့စား ထီယိနဲ့ မိသားစုကြီး(၃)စုကို သွားတွေ့ဖို့ ဆုံးဖြတ်ထားကြတယ်။
“ဒါဆို မကြာတော့ဘူးပေါ့”
“ပထမ အဖေက မင်းကိုပါ သူတို့နဲ့ ပူးပေါင်းခိုင်းချင်တာ။ ဒါပေမယ့် ဆရာတိက မင်းကို ငါတို့ရဲ့ ဝှက်ဖဲအနေနဲ့ မင်းအကြောင်း ပြိုင်ဖက်တွေကို ပေးသိလို့ မရသေးဘူးလို့ ရှင်းပြထားလို့ကွ”
“ငါက ဘယ်လို ဝှက်ဖဲဖြစ်သွားရတာတုန်း။ ဘာဖြစ်ဖြစ်ကွာ မနက်ဖြန် သတင်းကောင်းကို စောင့်ကြတာပေါ့။ အဆောင် ပြန်တော့မယ်ကွာ”
“အစ်ကိုကြီး၊ မင်းဒီနေ့ ဘယ်လိုဖြစ်နေတာလဲ။ မင်း ဘာကို စိတ်ဆိုးနေတာတုန်းကွ။ ထမင်း ကောင်းကောင်းသွားစားရအောင်လေ”
ထမင်းစားတယ်ဆိုတဲ့ အတွေးကြီးကို ကြောက်လွန်းလို့ မာခယ့်လက်ကို မြန်မြန်ဖယ်လိုက်ပြီး..
“ဟေ့အေး။ အားလုံး အဆင်ပြေသွားတဲ့အထိ စောင့်ပြီးမှ အောင်ပွဲခံကြတာပေါ့ကွာ။ ဒီနေ့တော့ ဘာကြောင့်မှန်းကို မသိဘူသး အရမ်းပင်ပန်းနေလို့ အရင်ပြန် နားတော့မယ်”
“အေးပါ။ ဒါဆိုလဲ မင်းကို မနှောက်ယှက်တော့ဘူး။ တစ်ညလောက် နားလိုက်ရင် ကောင်းသွားမှာပါ”
မာခယ့်ကို နှုတ်ဆက်ပြီးတာနဲ့ အဆောင်ကိုပြန်လာပြီး ကုတင်ပေါ် အိပ်ပစ်လိုက်တော့တယ်။ ကျုပ်နှလုံးသားက ပင်လယ်ကြီးလို အသံပေးနေတယ်။ မူကျီ ဘာလို့ ငါ့နှလုံးသား နာကျင်အောင် လုပ်ပါလိမ့်။ ကျုပ်ပဲ သူ့ကို တကယ်ကြီး ချစ်မိသွားလို့လား။ မဟုတ်သေးပါဘူး။ ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူ့မှာ ဘာကောင်းကွက်တွေ ရှိလို့လဲလို့။ ရုပ်ရေဆိုလဲ အလှကြီးမှ မဟုတ်တာ။ ဒါပေမယ့် မူကျီရဲ့ ရုပ်ပုံလွှာက ကျုပ်မျက်စီထဲမှာ တဝဲဝဲ ဝေ့လည်နေတယ်ဗျာ။
============= (*^*)=============
အပိုင်း( ၁၁၂ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား