နှစ်ယောက်ကြား ဗျာများ
Vol. 8 Ch. 112
Child of light (ကျန်းကုန်း)
Volume 4: Chapter 22 - Two Tender Encounters
မနက်စောစော အိပ်ယာနိုးတော့ ကျန့်ဟူသင်ပေးလိုက်တဲ့ မဟာနဂါးအမိန့်တော်ရဲ့ တိုက်ပွဲစိတ်ဝိဉာဏ် ဖွင့်မထုတ်ခင် ခန္ဓကိုယ် အနွေးဓါတ်ရအောင် လှုပ်ရှားမှုလေး အရင်လုပ်လိုက်သေးတယ်။ သတိမထားမိလိုက်ခင်မှာပဲ ကျုပ်ရဲ့ တိုက်ပွဲစိတ်ဝိဉာဏ် အများကြီး တိုးတက်လာခဲ့တာပဲ။ အားနည်းနည်း စိုက်ပြီး လေပေါ်ပျံဝဲနိုင်သွားတယ်ဗျ။ တိုက်ပွဲစိတ်ဝိဉာဏ်က ကျုပ်ခြေဖဝါးအောက်ကနေ ထွက်လာတယ်။ (၅)မိနစ်လောက်လေးပဲ ထိန်းထားနိုင်တယ် ဆိုပေမယ့် လေထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တာကိုက အံ့ဩစရာပဲလေ။ အရမ်းမိုက်တယ်ဗျ။ အဟီး။
ကျုပ်ခံစားချက်တွေတောင် နည်းနည်း ပိုကောင်းလာသလိုပဲ။ ကျောင်းစာသင်ခန်းထဲ တင်လိုက်တာနဲ့ ဟိုဆရာအိုကြီးရဲ့အချိန်ဗျ။ မူကျီကို မကြည့်ဘဲ ခုံမှာ ဝင်ထိုင်လိုက်တယ်။
“အခု သင်ခန်းစာ စသင်တော့မယ်။ မနေ့က စစ်ထားတာတွေ စာရင်းရပြီ။ အကြမ်းမျဉ်းအနေနဲ့တော့ အားလုံး ကောင်းကောင်း ဖြေနိုင်ကြတယ်ဆိုပဲမယ့် တစ်ချို့ကျောင်းသားတွေကတော့ မရိုးမသား ဖြေပြီး အောင်လာကြတယ်။ ပျင်းရိနေရင် ကံကောင်းခြင်းတွေက အလိုလိုရောက်မလားဘူးဆိုတာ မင်းတို့တွေ သိထားလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ကောင်းပြီလေ။ ဒီနေ့ စာစသင်တော့မယ်”
သူ ကျုပ်အကြောင်းပြောနေတာ သိသာပေမယ့် စာမေးပွဲပြီးသွားပြီဆိုတော့ ကျုပ် ဥပေက္ခာပြုထားလိုက်ပါ့မယ်လေ။
မူကျီ ကျုပ်ကို လှမ်းတို့ပြီး…
“နင် စိတ်ဆိုး နေတာလား”
“မဆိုးပါဘူးဟာ။ ငါဘာကြောင့် စိတ်ဆိုးရမှာတုန်း။ ငါဆိုတာ နင့်အတွက် ဘာမှမှ မဟုတ်တာကို ဘာဖြစ်ဖြစ် နင်မှန်ပါတယ်။ နင့်ကို ဘယ်လိုလုပ် စိတ်ဆိုးရမှာလဲ”
“နင်ကလေ ကလေးလေးလိုပဲ”
“ငါက ကလေးလေး ဟုတ်လား။ မနေ့က စိန်ဒင်္ဂါး(၈၀)ကျော်တောင် သုံးခဲ့လိုက်တာလေ”
မူကျီ မျက်နှာ နီရဲလာပြီးတော့-
“ဒါဆို နင် မငယ်တော့ဘူးဆိုတဲ့သဘောပေါ့လေ။ ဒါဆို ငါတို့တွေ နေ့လည်စာ ထပ်စားကြမလား”
နေ့လည်ထပ်စားမယ်ဟုတ်လား။ နင့်ဘကြီးကို သွားစားပါလား။ ဒီလိုသာဆို တလမပြည့်ခင် ကျုပ်ဒေဝါလီခံသွားရလိမ့်မယ်။
“မစားဘူး မစားဘူး၊ လုံးဝသွားမစားဘူး”
“နင် အဲ့လို ထပ်မသွားတော့ဘူးဆိုတာ ငါသိပါတယ်။ နင်က ငါ့ကို ကြိုတယ်ပြောတာက တခြားကောင်လေးတွေနဲ့ ဘာမှ မထူးပါဘူး”
အဲ့စကား ပြောပြီးတာနဲ့ သူစိတ်ပျက်လက်ပျက်နဲ့ ခေါင်းညိတ် နေလေရဲ့။
ကျုပ် နောင်တရသွားသလိုပဲ။
“ကောင်းပြီလေ ငါတို့တွေ နေ့လည်စာ သွားစားကြမယ်”
ဒီစကားကြားတော့ မူကျီ မျက်လုံးတွေ အရောင်တောက်လာပြီး ပြန်မှိန်သွားပြန်ရော။
“နင် ဒီလောက်အများကြီးကုန်သွားတာဆိုတော့ ငါတို့တွေ ထပ်မသွားသင့်ဘူးထင်တယ်။ အစားအသောက်ကို တရားလွန်ကြိုက်တတ်လွန်းတဲ့ အကျင့်ဆိုးရှိမှန်းတောင် ငါသတိမထားမိလိုက်ဘူးဟာ”
သူ့ရဲ့ သနားစရာ အကြည့်တစ်ချက်က ကျုပ်စိတ်တွေ လှုပ်ရှားသွားပြီး..
“နင် ခိုးတာ လုယက်တာ မှမဟုတ်တာကို ဒါအကျင့်ဆိုး တစ်ခုမှမဟုတ်ဘဲ။ အစားအသောက်တွေ စားနေမို့ စိတ်ပျက်မနေနဲ့။ ငါတို့တွေ နေ့လည်ကျ သွားစားကြမယ်”
“ကျန်းကုန်း… နင်အရမ်းကောင်းတာပဲ။ ကျေးဇူးအရမ်းတင်တယ်ဟာ။ ငါတို့ နေ့လည်ကျ ဘာစားကြမှာလဲ”
မေးချင်တာ မေးပြီးတော့ သူ့မျက်ဝန်းတွေ ပြန်ကြည်လာပြီ။
“ဒါတော့ နင့်အပေါ်ပဲ မူတည်တယ်လေ။ ငါတို့တွေ စားချင်တာ သွားစားကြတာပေါ့”
“အင်း”
စိန်ဒင်္ဂါးတွေ အများကြီး သုံးလိုက်ရမယ်ဆိုတာ သိပေမယ့် ကျုပ်စိတ်ခံစားချက်တွေ အံ့ဩစရာကောင်းလောက်အောင်ကို လန်းဆန်းနေလေရဲ့။ ကျုပ် သူ့နားလေးကို ကပ်ပြီး တိုးတိုးလေးနဲ့…
“နင်သာ ငါ့ချစ်သူဖြစ်ရင် နေ့တိုင်း စားဖို့လိုက်ပို့ပေးပစ်မှာ”
“နင်က နေ့တိုင်း စားဖို့ လာခေါ်မယ်ပေါ့”
“အင်း”
“ကောင်းပြီလေ။ ဒါဆို ငါနင့်ရဲ့ ယာယီ ချစ်သူလုပ်မယ့်။ ဒါပေမယ့် နင့်စကားတော့ နင်တည်ရမယ်နော်”
“ရတယ်။ ငါလို လူကြီး လူကောင်း တစ်ယောက်အနေနဲ့ ငါ့စကား ဘာလို့ပြောင်းရမှာတုန်း”
သူ့ကို နေ့လည်စာစားဖို့ ခေါ်ရတာက အချစ်တွေ ပေးရတာထက် ပိုထိရောက်တဲ့ပုံပဲဗျ။ ကျုပ်ထင်ထားတဲ့အတိုင်း မူကျီ က…
“နင်နဲ့ မတွဲခင် ငါ့မှာ လိုအပ်ချက်တစ်ခု ရှိသေးတယ်။ နင် ငါ့အတွက် ရည်းစားစာ နေ့တိုင်း ရေးပေးရမယ်”
အာ… သူလဲ တခြား ကောင်မလေးတွေလိုပဲလား။
“ပြဿနာမရှိဘူး ငါနင့်အတွက် အခုပဲ စရေးတော့မယ်”
စာရွက်တစ်ရွက်ထုတ်ပြီး အမြန်ရေးတော့တာပေါ့။ ကျုပ်နှလုံးသားမှာ သူ့အတွက် ခံစားချက်တွေ ပြည့်နှက်နေပြီးသား ဆိုတော့ ရည်းစားစာ ရေးရတာ မြန်ချက်ပဲ။ အထဲမှာ ပါတာတွေကတော့ သူအကြိုက်တွေ့မယ်ထင်တာ တွေပေါ့ဗျာ။ အဟီး။
ဒီတခါတော့ မူကျီ ကျုပ်ရည်းစားစာလေးကို ကျေကျေနပ်နပ် ဖတ်နေတာ။ သူ့မျက်နှာလေးပေါ်မှာ ရှက်သွားသလိုမျိုးနဲ့ တစ်ချက်တစ်ချက် မျက်နှာလေး နီရဲလာတတ်သေးတယ်။
စာဖတ်ပြီးတော့ လက်တစ်ဖက် ဆန့်ထုတ်လာတယ်။ ကျုပ်လဲ ဘူမသိကိုးမသိနဲ့..
“နင် ဘာလိုချင်လို့လဲ”
“ငါ့အတွက် ရေးထားတဲ့ ရီးစားစာတွေ အကုန်ပြန်ပေးပါလား။ နင် အဲဒါတွေ သိမ်းထားတယ်ဆိုတာ ငါသိတယ်”
“အဲဒါတွေ အဆောင်မှာဟ။ နေ့လည်ကျ ငါပေးမယ်လေ”
မနက်ပိုင်း အတန်းချိန်ပြီးတော့ တိုးတက်သော ကျောက်စိမ်း ဒီရေ ကို သွားကြပြန်ရော။ အရမ်းနာကျင်ရတယ်ဗျာ။ မူကျီ သူမှာလိုက်တိုင်း အပိုမမှာပေမယ့် လျှော့ဈေးနဲ့ တွက်ပြီးတာတောင် စိန်ဒင်္ဂါး (၅၀)လောက် ကျသေးတယ်။ ဒီအတိုင်းသာ ဆက်သွားရင် တစ်ရက်ရက် ကျုပ် ပန်းကန်ဆေးရမယ့်ကိန်းတော့ သေချာပေါက်ပဲ။
မူကျီ ကျုပ်နဲ့ တွဲဖို့ သဘောတူပြီးကတည်းက ကျုပ်အပေါ် သဘောထား တော်တော်လေး ပြောင်းလဲသွားတယ်ဗျ။ သူက တခါတရံဆို ရှက်သွေးလေးတွေတောင် ကြွယ်တတ်လာပြီး ကျုပ်ကိုလဲ ဗျစ်တောက်ဗျစ်တောက် မပြောတော့ဘူးဗျ။ ကျုပ်မှာဖြင့် ပီတိတွေကို ဖြာနေတာပဲ။
နေ့လည်ပိုင်း အတန်းချိန် အတွက် ပြန်ရောက်တဲ့အချိန်ကျ မူကျီ သင်ခန်းစာတွေထဲမှာ အာရုံမစိုက်တာ ဒါပထမဆုံးအကြိမ်ပဲ။ ဘာလို့လဲဆိုတော့ အရင်တုန်းက သူ့ကို ပေးခဲ့ဖူးတဲ့ စာတွေ ပြန်ဖတ်နေတာလေ။ ကျုပ်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက နောက်ဆုံးတော့ ချောမွေ့လာတဲ့ပုံပဲ။ သူ ကျုပ်ကို တဖြည်းဖြည်း လက်ခံလာတော့မယ်ထင်တာပဲ။
အတန်းချိန် ပြီးခါနီးတော့ မူကျီက စပြီး..
“ဒီည ကျောင်းဈေးတန်းမှာ စားရအောင်လေ”
“ကောင်းတာပေါ့။ ငါအရင်က နင်နဲ့ ကျောင်းဈေးတန်းမှာ မစားဖူးသေးဘူး”
ဒီလိုနဲ့ အတန်းချိန်ပြီးသွားတော့ ကျောင်းဈေးတန်းကို ချီးတက်ကြတော့တာ။ အဆောင်မနေသူတွေ တော်တော်များများက စားချိန်ဆိုတော့ အိမ်ပြန်ကြတာ များလို့ ကျောင်းသား သိပ်မရှိဘူး။ တိတ်ဆိတ်တဲ့ နေရာရှာပြီး ဟင်းပွဲနည်းနည်း မှာပြီး နှစ်ယောက်သား ပျော်ပျော်ပဲ စားကြတာပေါ့။
“မူကျီ… နင် နေ့တိုင်း ဒီလောက်စားတာတောင် ဘယ်လိုမှ ဝမလာဘူးနော်”
“ငါ့မှာဖြင့် ကိုယ်အလေးချိန် တက်လာဖို့နေနေသာသာ အရင်ကထက်တောင် ပိန်သွားသေးတယ်”
“တကယ်ကြီးလား… ငါ သတိမထားမိလိုက်ဘူး။ ငါထင်တာတော့ ကိုယ်ရေစစ်သွားတယ်လောက်ပဲဟ”
အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက်တဲ့အသံတစ်သံ ကြားလိုက်ရတယ်..
“အော်… ကျန်းကုန်း.. နင်တို့က ဒီမှာ စားနေကြတာပေါ့လေ”
ကျုပ်လှည့်ကြည့်လိုက်တော့ ဟိုင်ရှင်းဗျ။ ကျုပ်လဲ…
“နင်က အိမ်မှာ စားတာမဟုတ်ဘူးလား။ ဘာလို့ ကျောင်းစားသောက်ဆိုင်တွေကို ရောက်လာရတာတုန်း”
ဟိုင်ရှင်း ကျုပ်တို့နားကို လျှောက်လာပေမယ့် ကျုပ်မေးခွန်းကိုတော့ မဖြေဘူးဗျ။ သူ မူကျီကို မျက်မှောက်ကြုတ်ကြည့်ပြီး..
“ကျန်းကုန်း ဘာလို့ မူကျီနဲ့တွဲနေရတာပါလိမ့်… မူကျီ နင် နေကောင်းလား”
“ဒါဆို ဟိုင်ရှင်းပေါ့…. လာလေ အတူတူစားကြရအောင်”
ဟိုင်းရှင်း ကျုပ်နဲ့ ဘယ်လိုဆက်နွယ်တယ်ဆိုတာ သူ မသိချင်ဘူးလားမသိဘူး။
ဟိုင်ရှင် ကျုပ်ပခုံးပေါ် လက်ထောက်ပြီး အပြုံးနဲ့ မူကျီကို…
“နင်နဲ့ ကျန်းကုန်း အတူတူစားနေရလောက်တဲ့အထိ အချင်းချင်း ရင်းနှီးနေကြပြီပေါ့လေ”
“ငါ ဘယ်လိုလုပ် သူနဲ့ ရင်းနှီးနိုင်မှာလဲဟ။ အတန်းဖော်တွေ သက်သက်ပါပဲ”
“မူကျီ နင်ဘာပြောလိုက်တာတုန်း။ ဒီနေ့မနက်ပဲ နင်ငါ့ကို အဖြေပေးပြီးသား မဟုန်ဘူးလား”
“ဘာတွေ ထပ်ပြီး ဒေါသထါက်နေရတာလဲ။ ငါက နင့်အတွက် ယာယီ ရည်းစားပဲလေ။ ငါနင့်ကို စမ်းသပ်ဖို့တွေ လိုသေးတယ်”
============= (*^*)=============
အပိုင်း( ၁၁၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား