← Chapters

အရှိန်အဟုန်ဖြင့် ဖေါက်ခွဲခြင်း

Vol. 8 Ch. 115

အရှိန်အဟုန်ဖြင့် ဖေါက်ခွဲခြင်း

Vol. 8 Ch. 115

Child of light (ကျန်းကုန်း)

Volume 4: Chapter 25 - Bombardment

“ကျန်းကုန်းက ဒီနဂါးအတွက် သူ့သက်တမ်း ထက်ဝက်ကို စတေးခဲ့တယ်ပေါ့”

“ရှောင်ကျင်းဆိုတာ ကျွန်တော့အတွက်တော့ အဖော်မွန်ကောင်း တစ်ယောက်ပဲ။ သူသေမယ့်အရေးတော့ မျက်ကွယ်ပြုမထားနိုင်ဘူးလေ”

ကျွန်တော် ခေါင်းညိတ်ရင်း စိတ်လှုပ်ရှားတကြီးပြောလိုက်တယ်။ ကျုပ်ရဲ့ ရင်ထဲက ခံစားချက်တွေ တရှိန်ထိုးတက်လာတာ ခံစားလိုက်ရတော့ ရှောင်ကျင်း သူ့ခေါင်းကြီး နိမ့်လာပြီး ကျုပ်ကိုလဲ ကျစ်နေအောင်ဖက်ထားတယ်၊ သူ့ကို ပြန်ဖက်ဖို့လဲ နှိုးဆော်နေလေရဲ့။

ဆရာကျန်း ခေါင်းယမ်းလိုက်ရင်း..

“မယုံနိုင်စရာပဲ။ ရှောင်ကျင်း အကူအညီနဲ့ဆို ကျန်းကုန်းကို အနိုင်ယူဖို့ဆိုတာ သံသယ ဖြစ်စရာကောင်း နေပြီဆိုတော့ နဂါးကို လေ့ကျင့်ပေးဖို့ လိုမယ်မထင်ဘူး။ ငါတို့ရဲ့ အောင်ပွဲအခွင့်အလမ်း ပိုကောင်းလာပြီပဲ”

သူ ရှောင်ကျင်းရဲ့ အသက်စွမ်းအားတွေကို မှန်းစပြီးလောက်ပြီဗျ။

“အဲလိုဆိုရင်တောင် (၅)ကြိမ်မြောက်ပွဲမှာ ဟိုဘက်က ဘယ်သူ့ကို လွှတ်လိုက်မယ်ဆိုတာ မသိနိုင်သေးဘူး။ ကျန်းကုန်းနဲ့ မာခယ် မင်းတို့ နှစ်ယောက်စလုံး အခု(၂)ရက်အတွင်းမှာ အောင်မြင်အောင် လေ့ကျင့်ရမယ်နော။ မှော်စွမ်းအားကို အချိန်တိုအတွင်းမှာ တိုးတက်အောင်မလုပ်နိုင်ဘူးဆိုမှတော့ ခံစစ်မန္တန်နဲ့ တခြားမန္တန်တွေကို လေ့ကျင့်ဖို့ အာရုံစိုက်သွားမယ်။ ကောင်းပြီ.. မာခယ်၊ ရှင်းတိနဲ့ စစ်တိ တို့က လေ့ကျင့်ဖို့ ဟိုခြံဝန်းဘက်ကို သွားလိုက်၊ ကျန်းကုန်း မင်းက ဒီမှာနေခဲ့ ငါနဲ့ ဆရာကျန်း မင်းကို သင်ပေးမယ်။ ကဲ စလိုက်ကြရအောင်”

မာခယ်နဲ့ သူ့ဆရာတွေ ဟိုဘက်ခြံဝန်းဘက်သွားနေတုန်းရှိသေးတယ် ဆရာကျန်း ရုတ်တရက် ကျုပ်ကို အရမ်းသေးတဲ့ စွမ်းအင် မျဉ်းစောင်း တစ်ခုနဲ့ လှမ်းပစ်လိုက်တယ်။ မှော်သခင်ကြီး ပထမအဆင့်ဆိုတာ မျှော်လင့်ထားသလိုပဲ မျဉ်းစောင်း သေးသေးလေးကတောင် ပြင်းထန်တဲ့စွမ်းအားတစ်ခု၊ တော်တော် ဆွဲဆောင်မှုတစ်ခု ကတောင် ကျုပ်ထက် အများကြီး စွမ်းအားပိုတယ်ဗျ။ ကျုပ်ဘေးမှာ လေဟာနယ် အက်ကွဲကြောင်းလေး တစ်ခုပေါ်ပြာပြီး အဲ့အထဲကနေ ဆွဲအားတွေ ခပ်ပြင်းပြင်းတိုးထွက်လာတယ်။

ကြိုတင်ပြင်ဆင်မှု လုပ်မထားမိလို့ ကျုပ်ခန္ဓာကိုယ်ကြီးက လေဟာနယ် အက်ကွဲကြောင်းဘက်ကို နည်းနည်း ပါသွားတယ်။ ခုခံဖို့အတွက် မန္တန် သုံးတော့မယ့်အချိန် ခန္ဓာကိုယ်ကြီးတစ်ခု ကျုပ်ရှေ့ ရောက်လာတယ်။ ရှောင်ကျင်း လေဗျာ။ သူ့ရဲ့ မီတာ(၂၀)လောက်ရှည်တဲ့ အတောင်ပန်ကြီးကို လွှဲရမ်းလိုက်တာ “ဟုန်း” ကနဲမြည်ပြီး အဲ့ရိုက်ချက်နဲ့တင် လေဟာနယ် အက်ကွဲကြောင်းကြီး ပျောက်သွားအောင် လုပ်ပစ်လိုက်တယ်။ ဆရာကျန်းကို ကြည့်ပြီး တိုက်ခိုက်ဖို့ ရှောင်ကျင်း အသင့်ပြင်နေပါလေရော။

ဒါကို ကြည့်ပြီး ဆရာကျန်း ရယ်ရမလား ငိုရမလားမသိ ဖြစ်သွားတဲ့ပုံပဲ။

“ကျန်းကုန်း ငါတို့တွေ လေ့ကျင့်ခန်း မလုပ်ခင် မင်းမှော်သားရဲကို ပြန်သိမ်းထားလိုက်စမ်းပါကွာ”

ဆရာကျန်း ကျုပ်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတာ သေချာရှင်းပြပြီးမှ ရှောင်ကျင်းကို ကျုပ်ခန္ဓာကိုယ်ထဲ ပြန်သိမ်းထားလိုက်ရတယ်။ ပြီးမှ ဆရာကျန်းက..

“လောင်လွင်နဲ့ ငါ မင်းကို တိုက်ခိုက်မယ်။ ငါတို့ တိုက်ကွက်တွေကို ဂရုတစိုက် ကာကွယ်ဖို့ လိုလိမ့်မယ်နော်။ ခက်ခဲ ကြမ်းတမ်းမှုတွေ အောက်မှာပဲ မင်းတိုးတက်နိုင်မှာဆိုတော့ ငါတို့တွေ စွမ်းအား ထိန်ချန်ထားမှာ မဟုတ်ဘူး”

ဒါဆို လေ့ကျင့်ရေး သင်ခန်းစာပေါ့။ သူကျုပ်ကို ချက်ခြင်းတိုက်ခိုက်တာ အံ့ဪစရာမှ မဟုတ်တော့တာ။

ကျုပ်လဲ ချက်ချင်းကိုပဲ အဆင့်မြင့် အလင်းမန္တန်(၂)ခုနဲ့ ခံစစ်ပြင်လိုက်တယ်။ ကျုပ် ခန္ဓာကိုယ်မှာလဲ ရွှေရောင်အလင်းတန်း ခပ်မှိန်မှိန် လင်းနေပြီ။

“သတိထား”

အသံနဲ့အတူ ဆရာတိရဲ့ ဓားရှည်တစ်ချောင်းတိုက်ကွက် ကျုပ်ဆီ တိုက်လိုက်တယ်။ ကျုပ် သူ့ကို ခုခံဖို့ အလင်းဓားတစ်လက် အမြန်ဖန်တီးလိုက်တယ်။

“ဟွမ်း………….”

ဓားနှစ်ချောင်း စုံမိလိုက်တဲ့အချိန် ကောင်းကင်မှာ လင်းထိန်သွားတယ်။ တန်ပြန်အားကြောင့် ကျုပ် ခြေလှမ်း(၃)လှမ်း နောက်ဆုတ်လိုက်ရပေမယ့် ဆရာတိကတော့ ရပ်မြဲ ရပ်လျှက်ပဲ။

“မင်းရဲ့ အလင်းဓာတ်တွေကို စွမ်းအားပြည့်တဲ့အထိ မင်းအာရုံမစိုက်သေးဘူး”

ဒါကြောင့် ကျုပ်နောက်ဆုတ်လိုက်ရတာပေါ့လေ။ ဆရာကျန်းဆီက လေဟာနယ် မျဉ်းစောင်း တစ်ခု၊ ဆရာတိဆီက အလင်းတန်းတစ်ခု ကျုပ်ဆီကို တပြိုင်နက် တိုက်ခိုက်လာတော့ စဉ်းစားနေချိန် မရတော့ဘူး။

ပျံ့ကြဲနေတဲ့ အလင်းဒြပ်စင်တွေ လုံလုံလောက်လောက် စွမ်းအားမရှိဘူးဆိုတော့ ကျုပ်လဲ အလင်းဒြပ်စင်တွေကို သေချာ အာရုံစိုက်လိုက်တယ်။ ကျုပ် ဘယ်ဘက်လက်မှာ အလင်းဘောလုံးတစ်ခု ဖန်တီးဖို့ ရွှေအမြူတေထဲက စွမ်းအားတစ်ဝက် ပြန်သိမ်းလိုက်သေးတယ်။ ပြီးတော့ ဆရာတိ တိုက်ကွက်ကို ရှောင်ဖို့အတွက် ခရီးတိုနေရာရွှေ့ပြောင်းခြင်း သုံးပြီး အလင်းဘောလုံးကိုတော့ ဆရာကျန်း တိုက်ကွက်ဖြစ်ဖြစ်တဲ့ လေဟာနယ် မျဉ်းစောင်းစီကို ပစ်လွှတ်လိုက်တယ်။

ကျစ်လစ်သိပ်သည်းပြီး ပြင်းထန်တဲ့ အလင်းဘောလုံးကို ခုခံဖို့ မဖြစ်နိုင်တော့တာကြောင့် ဆရာကျန်း လန့်သွားပြီး သူမန္တန်ကို ပြန်ဖျက်လိုက်ရတယ်။ ဆရာတိ ရယ်ရယ်မောမောနဲ့..

“မှန်တယ်။ ဒါ မန္တန်ကို တန်ပြန်တိုက်တဲ့ နည်းလမ်းပဲ”

ဆရာ့ ချီးမွမ်းသံကြားတော့ ကျုပ်နည်းနည်း ပီတိဖြစ်သွားတယ်။ ကျုပ် ဘယ်လက်လက်က အလင်းဘောလုံးကို ပြန်ဖျက်လိုက်ပြီးတော့ ဆရာကျန်းကို ညာဘက်လက်နဲ့ အလင်းဓား တစ်ချောင်းလုပ်ပြီး တိုက်လိုက်တယ်။ အလင်းဓားက တကယ်ကြီး သူ့ကို ထိသွားတာဗျ။ ဒါပေမယ့် ပြန်ကြည့်လိုက်တော့ ကျုပ်တိုက်ကွက်ထိသွားတာက ဆရာကျန်းရဲ့ နောက်ချန်အရိပ်သက်သက်ဆိုတာ သိသွားတော့ ကျုပ်တုန်ကနဲ ဖြစ်သွားတယ်။ ဆရာကျန်း လေဟာနယ်မှော်ပညာနဲ့ ကျုပ်နောက်ကို ရောက်လာတယ်။ ပရမ်းပတာ လေဟာနယ်လား။ ကျုပ်ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်သွားသလို ခံစားလိုက်ရတယ်။ ကျုပ် ခန္ဓာ ကိုယ်ကိုလဲ ထိန်းချုပ်နိုင်စွမ်းမရှိတော့သလို၊ အပိုင်းပိုင်း ပြတ်သွားသလိုမျိုး ခံစားလိုက်ရတယ်။ ဒါ အဆင့်မြင့် မန္တန် တစ်ခုထင်တယ်။ ကျုပ် နာကျင်စွာနဲ့ အော်လိုက်ပြီး အလင်းဘောလုံးကို ခန္ဓာကိုယ်ထဲ ပြန်သိမ်းလိုက်တယ်။ ပြီးတော့ ချက်ချင်းဆိုသလို ခံစစ်အတွက် အားကောင်းတဲ့ ခံစစ်နယ်မြေတစ်ခု ဖန်တီးလိုက်တယ်။ ဖရိုဖရဲ၊ ပရမ်းပတာ ခံစားချက်တွေ ပျောက်သွားပေမယ့် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဖိအားတွေ ပြင်းလွန်းတာကြောင့် ကျုပ်အသက်ရှုူရတာတောင် တော်တော် ခက်လာရော။

‘ငါဒီလို ခဏလေးနဲ့ ရှုံးတော့မှာတဲ့လား။ ငါ့မှာ စွမ်းအားတွေ ကျန်သေးတယ်။ ငါမရှုံးနိုင်ဘူး။ ငါလဲ မှော်သခင်ကြီး တစ်ယောက်ပဲလေ’

ဖိအားတွေကို တွန်းလှန်နိုင်ဖို့အတွက် ခံစစ်မန္တန်ထဲကို မှော်စွမ်းအားတွေ အစွမ်းကုန်ကြိုးစားပြီး ဖြည့်သွင်းလိုက်တယ်။

“အလင်းဒြပ်စင်တို့၊ ကျုပ်ရဲ့ မိတ်ဆွေကောင်းကြီးတို့ရေ အဆုံးမရှိသော အလင်းရောင်တို့ တောက်ပနိုင်ဖို့အတွက် ကြယ်စင်အမှုန်အမွှားအဖြစ် ပြောင်းလဲလို့ ရှေ့ကရန်သူတွေကို ချေမှုန်းနိုင်အောင် သင်တို့ရဲ့ စွမ်းအားတွေကို သုံးဖို့ တောင်းဆိုပါတယ်”

ဒါ ကျုပ်အတွက်တော့ အစွမ်းအထက်ဆုံး မန္တန်တွေထဲက တစ်ခုပေါ့။ ကျုပ်ပတ်ဝန်းကျင်က ဖရိုဖရဲတွေ ဖြစ်နေပေမယ့် အလင်းဒြပ်တွေ ကျုပ်ဝန်းကျင်မှာ စုစည်းနိုင်နေတုန်းပဲ။ ခပ်မြန်မြန် စုစည်းလာတာနဲ့အမျှ ခံစစ်က ပိုပိုပြိး တည်ငြိမ်လာတယ်။

ဆရာကျန်း ဆရာတိကို လှမ်းပြီး…

“ကျန်းကုန်းမှာ ငါတို့တိုက်ကွက်တေကို တန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းတွေ တော်တော်များများ ရှိနေတဲ့ပုံပဲ။ ငါ့ ဖရိုဖရဲ လေဟာနယ်တိုက်ကွက်ကို ခုခံလိုက်တဲ့အချိန် သူ့မှာ အစွမ်းထက်မှော်ပညာတွေကို တွန်းလှန်နိုင်တဲ့ မှော်စွမ်းအား လုံလုံလောက်လောက် ရှိနေတုန်းပဲ။ ကျန်းကုန်းက ကစားပွဲရဲ့ အခရာဆိုတာ သေချာအောင် လုပ်ပေးလိုက်ကြရအောင်။ ဟား ဟား…”

ပြောပြီးတာနဲ့ ထိပ်သီး မှော်သခင်ကြီး(၂)ယောက် ခံစစ် မန္တန်တွေ စရွတ်ကြတော့တာပဲ။

ကျုပ် မန္တန်ပြီးတဲ့အချိန် ကျုပ်ပတ်ပတ်လည်က ကြယ်အလင်းဒြပ်စင်တွေ ခံစစ်စည်းမှာ ဝိုင်းရံထားပြီ။

“တိုက်စမ်း….”

ကျုပ် တစ်ချက်အော်လိုက်တယ်။ လေဟာနယ်ကို မချိုးဖျက်နိုင်ပေမယ့် ကြယ်အလင်းတွေက ဖရိုဖရဲ လေဟာနယ်တွေထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မြဲပဲ။ အလင်းကြယ်ဒြပ်စင်တွေ ရွှေ့လျားနေကြတာနဲ့အမျှ ပတ်ဝန်းကျင်က ဖိအားတွေ သိသိသာသာကို လျော့ကျသွားတယ်။ ပေါ်လာတဲ့ ကြယ်အလင်းရောင်တွေကို ထိန်းချုပ်ရင်းနဲ့ ခံစစ်စည်းထဲမှာ ကျုပ်မှော်စွမ်းအားတွေကို အမြန်ထည့်လိုက်တယ်။

ဆရာတိ ပြုံးပြီး ဆရာကျန်းကို..

“လာနေပြီဟေ့။ အဲဒါ အဆင့်မြင့် မန္တန်ဟ။ တန်ပြန်တိုက်ခိုက်ဖို့ မလွယ်လောက်ဘူး”

သူတို့ဆီကို ကြယ်အလင်းတန်းတွေ တပုံတခေါင်းကြီး ရောက်လာပြီလေ။ အတွေ့အကြုံရှိတဲ့ မှော်သခင်းကြီး (၂)ယောက်ကတော့ သူတို့ဆီ ဝင်လာတဲ့ မှော်စွမ်းအားတွေကို ခံနိုင်အောင် ခံစစ်စည်းတွေ စုစည်းထားပြီးသားပဲ။ ဒါပေမယ့် ဝင်လာတဲ့ ကြယ်အလင်းတွေ အလယ်ခေါင် လေထုထဲမှာ ရုတ်တရက် ရပ်တန့်သွားတယ်။

မှော်သခင်ကြီး (၂)ယောက်လုံး အံ့ဩပြီး အရည်ရွယ်ဘဲ ခံစစ်စည်းတွေရဲ့ ခုခံနိုင်အား နည်းသွားစေတယ်လေ။ အဲ့အချိန်မှာ စောစောက ငြိမ်သွားတဲ့ ကြယ်အလင်းတွေကနေ ရွှေရောင်ကြိုးကြီး (၂)ချောင်းအဖြစ် အမြန်ဆုံး ပြောင်းလဲဖွဲ့စည်းပြီး ခံစစ်စည်း(၂)ခုဆီကို ထပ်ပြီး တိုးဝင် တိုက်ခိုက်ပစ်လိုက်တယ်။ ဆရာတိက..

“ကောင်းလိုက်တဲ့ တိုက်ကွက်ဟေ့။ ဒေါင့်ကို စိနေတာပဲ”

သူတို့ ခံစစ် စည်းပေါ်ကို ကြယ်အလင်းတွေ ကျဆင်းလာတဲ့အချိန်ကျ သူတို့တွေ တုန်လှုပ်ချောက်ချားသွားကြတယ်။ နယ်မြေကျယ်တဲ့ မန္တန်သုံးမယ့်အစား သူတို့ တစ်ယောက်ချင်းစီရဲ့ ခံစစ်တွေပေါ်က ကြယ်အလင်းတွေကို အာရုံစိုက်ပြီး ကျုပ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို သုံးလိုက်တာလေ။ ထိုးဖောက်နိုင်တဲ့ စွမ်းအားက တကယ်ကြီးကို ကောင်းလွန်းတဲ့အတွက် သူတို့ ခံစစ်စည်းတွေနဲ့ မန္တန်တွေက ရပ်တန်အောင် မစွမ်းနိုင်ခဲ့ဘူးလေ။

ဆရာ (၂)ယောက်ရဲ့ ခံစစ်စည်းတွေ ပျက်စီးသွားတဲ့အချိန် ကြယ်အလင်း တိုက်ကွက်ကို ရပ်တန်နိုင်အောင် သူ့တို့ရဲ့ အန္တိမ လှုပ်ရှားမှုတွေ သုံးကြပါလေရော။ ဆရာတိကတော့ ပုံစံတူတဲ့ “အလင်းကြယ်တောက်ပခြင်း”မန္တန်ကိုသုံးလိုက်တယ်။ ကျုပ်ရဲ့ ကြယ်အလင်းတွေက သူ့ခံစစ်စည်းပေါ်ရောက်သွားတာနဲ့ တစ်ခုခု မူမမှန်တော့ဘူးဆိုတာ သူသဘောပေါက်ပြီး ချက်ချင်း မန္တန်တစ်ခု ထရွတ်လိုက်တယ်။ သူအနေနဲ့ အကြပ်အတည်းထဲ ရောက်နေတယ်ဆိုပေမယ့် ကျုပ်ရဲ့ တိုက်ကွက်ကိုတော့ လုံးဝ တားဆီးနိုင်တယ်လေ။

============= (*^*)=============

အပိုင်း( ၁၁၆ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters