ပထမဆုံးပြိုင်ပွဲ အနိုင်ရခြင်း
Vol. 8 Ch. 118
Child of light (ကျန်းကုန်း)
Volume 4: Chapter 28 - Winning the First Battle
မင်းသားနဲ့ မြို့စား ထီယိတို့နှစ်ယောက် ဂါရဝပြုရင်းနဲ့..
“ကျုပ်တို့ နားလည်ပါပြီ”
သူတော်စင်ကြီး ခေါင်းညိတ်ပြီးတော့..
“ကောင်းပြီလေ။ ပြိုင်ပွဲတွေ စကြတာပေါ့။ ဘယ်သူ့ကို လွှတ်မယ်ဆိုတာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်တယ်”
ဘယ်သူ့ကို လွှတ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က အရမ်းအရေးကြီးတယ်ဗျ။ အဆိုးဆုံးက ဆရာတိနဲ့ သွမ်းယုရှီးတို့ပေါ့ဗျာ။ သွမ်းယုရှီနဲ့ ယှဉ်မယ်ဆိုရင် ကျုပ်တို့ဘက်က အားနည်းတယ်လေ။ ဆရာတိပဲ သူ့ကို အနိုင်ယူနိုင်တဲ့ အခွင့်အရေး တစ်ခုရနိုင်မယ်။ သွမ်းယုရှီးနဲ့ ယှဉ်ဖို့ရာ ပြိုင်ပွဲဝင်တွေထဲမှာ မျှော်လင့်ချက် မရှိသလောက်ပဲ။
မြို့စား ထီယိက..
“အရှင်မင်းသား၊ အဆုံးအဖြတ်အတွက် မဲနှိုက်ကြစို့ဗျာ။ ပြိုင်ပွဲမှာ မင်းသားဘက်က ပါဝင်ယှဉ်ပြိုင်မယ့် (၅)ယောက်က ဘယ်သူတွေလဲ”
မင်းသားက ကျုပ်ကို ရှေ့တက်ဖို့ အချက်ပေးအကြည့် တစ်ချက်ကြည့်လိုက်တယ်။ ကျုပ်လှမ်းထွက်လာတော့ တစ်ဖက် ပြိုင်ဖက်အဖွဲ့ အင်အားစုတွေက မင်းသား ဒီလောက်ငယ်တဲ့ မှော်သခင်လေး တစ်ယောက်ကို လွှတ်မယ် ထင်မထားတော့ အများစုက ထိတ်လန့်တဲ့ ဟန်ပန်တွေ ဖြစ်ကုန်ကြတယ်။ ရီမိသားစုခေါင်းဆောင်ရဲ့ မျက်လုံးထဲမှာဆိုရင် အမုန်းတရား အရိပ်အငွေ့တွေ အပြည့်နဲ့ ပေါ်လာတယ်။
မြို့စား ထီယိက..
“အရှင်မင်းသား ဒီလို မှော်သခင်ငယ်လေးကို တကယ်ကြီး လွှတ်မှာလား။ ခင်ဗျား တစ်ပွဲအရှုံးပေးသလို ဖြစ်မသွားဘူးလား”
မင်းသား ပြုံးရင်းနဲ့ပဲ..
“ကျုပ်အနေနဲ့ တစ်ပွဲ အရှုံးပေးဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ။ ကျန်းကုန်းက တော်တော် အစွမ်းထက်တဲ့ မှော်ဆရာ တစ်ယောက်ဆိုတော့ ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် လျှော့တွက်မှာ မဟုတ်ဘူး။ ခင်ဗျားဘက်က (၅)ယောက်လဲ လူလုံးပြသင့်ပြီ မထင်ဘူးလား”
မြို့စား ထီယိမျက်နှာမှာ အထင်သေးတဲ့ အမူအရာတွေနဲ့။ သူကျုပ်ကို အထက်စီးက ကြည့်နေတယ်ဆိုတာ အသိသာကြီး။ သူ့နောက်မှာ ရပ်နေတဲ့ မှော်ဆရာ(၄)ယောက်နဲ့ အနက်ရောင် မှော်သခင်ဝတ်စုံ ဝတ်ထားတဲ့ လူတစ်ယောက် ရှေ့ကို ထွက်လာတယ်။ ရှေ့ထွက်လာတဲ့အထဲမှာ နောက်ဆုံးပိတ် လျှို့ဝှက် ဆန်းကြယ်တဲ့ သူက ဝတ်ရုံကြီး ခပ်ငိုက်ငိုက် ဖုံးထားတာဆိုတော့ သူ့ပုံသဏ္ဌာန်ကို သေချာမမြင်ရဘူး။
မြို့စား ထီယိနဲ့ မင်းသားတို့ ပထမဆုံး အတွဲဆိုင်းကို ဆွဲထုတ်သွားကြတယ်။ ဆရာ ချွမ်စုန့်ကျန်းက ရှင်းမိသားစု ခေါင်းဆောင် ဟိုင်တျန်းရှင်းနဲ့ ပြိုင်ရမယ်။ သူက ဟိုင်ရီတို့ မောင်နှမ (၃)ယောက်ရဲ့ အဘိုးပေါ့ဗျာ။
မင်းသား အမူအရာက နည်းနည်းလေး တင်းမာသွားတယ်။ ဒီပွဲမှာ သူဘက်က အနိုင်ရမယ်ဆိုတာ သေချာသိပေမယ့် သွမ်းယုရှီးကို အနိုင်ယူနိုင်မယ့်သူ သူ့ဘက်မှာ ရှိမှာ မဟုတ်တော့ဘူးလေ။ ဒါပေမယ့် သူ့ဘက်က မဲနှိုက်ပြီးပြီ ဆိုမှတော့ နောင်တရနေလို့လဲ အပိုပဲလေ။ ဟိုင်တျန်းရှင်းဆိုတာ ပြိုင်ဖက်အဖွဲ့မှာ အားနည်းတဲ့သူဆိုတော့ ဆရာကျန်းအနေနဲ့ သူ့ကို အနိုင်ယူဖို့ဆိုတာ အလွယ်လေးပေါ့။ ဒါကို က ဒီပွဲပြီးရင် နောက်ထပ်ပွဲတွေမှာ အရမ်းခက်ခဲသွားမယ်လို့ ဆိုလိုတာပဲလေ။ အခု မဲခွဲမှုက နောက်ထပ် ပွဲစဉ်တွေအပေါ် တော်တော်ကြီး လွှမ်းမိုးနိုင်သွားတယ်။
သူတော်စင်ကြီးက..
“ပထမဆုံးပွဲမှာ တော်ဝင်အထက်တန်းမှော်ပညာကျောင်းရဲ့ ကျောင်းအုပ်ကြီး ချွမ်စုန့်ကျန်းနဲ့ ရှင်းမိသားစုခေါင်းဆောင် ဟိုင်တျန်းရှင်းတို့ နှစ်ယောက် ပြိုင်ရမယ်။ အဲ့(၂)ယောက်ကလွဲရင် ကျန်တဲ့သူတွေ ကွင်းထဲက ထွက်သွားကြပါ”
ဆရာကျန်းနဲ့ ဟိုင်တျန်းရှင်းတို့ နှစ်ယောက်ပဲ စုရန်းမီတာ (၅၀၀)လောက်ရှိတဲ့ တိုက်ပွဲကွင်းပြင်ထဲမှာ ကျန်ရစ်ခဲ့ကြတယ်။
ဟိုင်တျန်းရှင်းက ပြုံးရင်းနဲ့..
“ချွမ်စုန့်ရေ ပျော်စရာပွဲလေး တစ်ပွဲ ဖန်တီးလိုက်ကြရအောင်”
“ဟိုင်တျန်း၊ မင်းက အာဏာရဖို့ တိုက်ပွဲဝင်ရတာ မကြိုက်တဲ့ကောင် မဟုတ်ဘူးလား” ဘာလို့များ ဒီပွဲမှာ ပါလာရတာတုန်း”
“မင်းလဲ အတူတူပဲ မဟုတ်ဘူးလား။ အရူးအိုကြီးတွေကြောင့်သာမဟုတ်ရင် ငါတို့က တိုက်ပွဲနိုင်ပြီး ပြည်တွင်းစစ်ကို ရှောင်တိမ်းပြီးသား ဖြစ်နေလောက်ပြီ။ ငါ့မိသားစုအရေးက ငါ့ပုခုံးပေါ်မှာလေ။ ပြောတာတွေ ရပ်ပြီး မင်းရဲ့ နံပတ်(၁) ဆိုတဲ့ အဆင့်ကို နည်းနည်းလေးများ လှုပ်နိုင်မလားဆိုတာ စမ်းကြည့်လိုက်ရအောင်”
“ဒါဆိုလဲ လုပ်လိုက်ကြတာပေါ့ကွာ”
တိုက်ပွဲကွင်းတစ်ခုလုံးမှာ မှော်စွမ်းအင်တွေနဲ့ ဖုံးသွားလိုက်တာများ မှော်သခင်ကြီး(၂)ယောက်ရဲ့ တိုက်ခိုက်စွမ်းအားတွေ ဘယ်လောက်ထိ ကြောက်စရာကောင်းတယ်ဆိုတာ တကယ့်ကို သိသာလိုက်တာ။ ဟိုင်တျန်းရှင်း သူ့မန္တန်ကို အမြန်ဆုံး ရွတ်လိုက်တယ်။ ဆရာကျန်းကတော့ ဘာမှ မလုပ်သေးဘူး။ သူကလေဟာနယ် မှော်စွမ်းအား နည်းနည်းလောက်ပဲ အရိပ် အယောင်ပြထားသေးတယ်။
ဟိုင်တျန်းရှင်း လက်ကနေ အစိမ်းရောင် အလင်းလေး ထွက်လာတယ်။ ဒါ ရှင်းမိသားစုရဲ့ အထူမန္တန်ပဲ။ အကျွင်းမဲ့ နှောက်ယှက်ခြင်းဆိုတာ ကျုပ်သိနေတယ်။ အရင်တုန်းက ဟိုင်ရှင်းနဲ့ တိုက်ခိုက်တုန်းကဆို အဲ့မန္တန်ကြောင့် ရှုံးလုနီးပါး ဖြစ်ခဲ့သေးတာလေ။
ဆရာတိ ကျုပ်ကို တိုးတိုးလေးကပ်ပြီး..
“ဆရာကျန်း အကျွင်းမဲ့အနှောက်အယှက် မန္တန်ကို ဘယ်လို တုန့်ပြန်မယ်ဆိုတာ သေချာ ဂရုစိုက်ကြည့်ထား။ မန္တန် တစ်ခုကို တခြားမန္တန်တစ်ခုနဲ့ တိုက်ခိုက်ရမယ်။ ဒါပေမယ့် လေဟာနယ်မှော်တစ်ခုပဲ အကျွင်းမဲ့ အနှောက်အယှက် မန္တန်ကို တုန့်ပြန်နိုင်တယ်”
ဆရာကျန်း သူ့ပြိုင်ဘက်ရဲ့ စွမ်းအားကို သံသယ ဝင်ပုံနဲ့ ပြုံးတာ တွေ့လိုက်တယ်။ သူလက် နှစ်ဖက်စလုံးကနေ အစိမ်းရောင် အလင်းတန်းတွေဆီကို လေဟာနယ် ဆူးတွေ အဆက်မပြတ် ပစ်လွှတ်လိုက်တယ်။
အစိမ်းရောင် အလင်းတန်းတွေက လေဟာနယ်ဆူးနဲ့ ထိပ်တိုက်တွေ့တဲ့အခါ မမျှော်လင့်ဘဲ အစိမ်းရောင်အလင်းတွေက လေဟာနယ်ဆူးရဲ့ စွမ်းအားကို မတားဆီးနိုင်ဘူးဖြစ်နေတယ်။ လေဟာနယ်ဆူး မန္တန် တဖြည်းဖြည်း လျော့သွားတယ်။ လေဟာနယ် ဆူးရဲ့ အကျိုးဆက်တွေ ဒီလိုမျိးထိရောက်တယ်ဆိုတာ အခုမှသိလိုက်ရတော့ ဒီအကျွင်းမဲ့ အနှောက်အယှက်ကို ဘာလို့ ကြောက်နေရအုန်းမှာတုန်း။
ဟိုင်တျန်းရှင်း လေဟာနယ်ဆူး သေးသေးလေးတွေအပေါ် သူ့စွမ်းအားတွေ မထိရောက်ဘူးဆိုတာ သိလိုက်တော့ ကျုပ်တို့ နားမလည်နိုင်တဲ့ ဘာသာစကားတွေနဲ့ ပြောင်းပြီး ရွတ်ပြန်ရော။
“ဝှမ်း…..”
ဆရာကျန်းရဲ့ လှုပ်ရှားမှုတွေ နည်းနည်း နှေးသွားတယ်။
“ဒါ ရှင်းမိသားစုရဲ့ လျှို့ဝှက်မန္တန်တွေထဲက တစ်ခုဖြစ်တဲ့ ရေနဂါးဟိန်းသံ ပဲ”
ဆရာကျန်း သူ့လှုပ်ရှားမှုတွေ နှေးကွေးသွားပေမယ့် သူ့ကို အဆက်မပြတ်တိုက်ခိုက်နေတဲ့ အကျွင်းမဲ့ အနှောက်အယှက်ကို ကာကွယ်နိုင်နေတုန်းပဲ။ လေဟာနယ် ဆူး မန္တန်ကိုပဲ ဆက်သုံးမြဲ သုံးနေမတယ်။ ဒီအချိန်မှာမှ ဆရာကျန်းရဲ့ စွမ်းအားတွေ တကယ်ကြီးသုံးနေမှန်း ကျုပ်သိလိုက်ရတယ်။
“အဆုံးမရှိလေဟာနယ်နဲ့ မတည်မြဲခြင်းကြယ်များ။ ကျေးဇူးပြုပြီး မရပ်တန့်နိုင်တဲ့ မုန်တိုင်းတစ်ခု ဖန်တီးပြီး လမ်းကြောင်းတစ်လျှောက်မှာရှိတဲ အရာအားလုံးကို ချေမှုန်းပစ်လိုက်စမ်းပါ… တားမြစ် လေဟာနယ် ပေါက်ကွဲခြင်း”
ဆရာတိက..
“အာ.. ချွမ်စုန့်တော့ မြန်မြန် ပွဲပြီးချင်နေတာပဲ။ ဒါ သူ့အဆင့်မြင့် မန္တန်တွေထဲက အစွမ်းထက်ဆုံး မန္တန် တစ်ခုပေါ့”
ဆရာကျန်း ရွတ်ဖတ်ပြီးတာနဲ့ လေထုတစ်ခုလုံး ငြိမ်သွားသလို ခံစားလိုက်ရတယ်။ ဟိုင်တျန်းရှင်း ရဲ့ အကျွင်းမဲ့ နှောက်ယှက်ခြင်း မန္တန်က ဆရာကျန်းဆီကို မတိုးနိုင်တော့ဘူး။ အစိမ်းရောင် အလင်းတန်းတွေ တဖြည်းဖြည်းပျေက်သွားတယ်။ ငြိမ်နေတဲ့ လေထုက ပုံပျက်ပန်းပျက် ဖြစ်လာတယ်။ ဟိုင်တျန်းရှင်း အဲ့မန္တန်ကို ဘယ်လို တန်ပြန် တိုက်ခိုက်ရမလဲဆိုတာ သိနေတယ်။
“အို ရေစွမ်းအား။ ဘဝရဲ့ အရင်းအမြစ်တွေ။ ကျေးဇူးပြုပြီး သင့်ရဲ့ အဆုံးမဲ့ အသက်စွမ်းအားကို ချေးငှားလို့ ကျုပ်ရဲ့ အသက်စွမ်းအားနဲ့ ပေါင်းစပ်လိုက်စမ်းပါ… ရေလှိုင်းမန္တန်”
ဒါ ရှင်းမိသားစုရဲ့ လျှို့ဝှက်မန္တန်တွေထဲက နောက်ဆုံးမန္တန်ပေါ့။
အပြာရောင် အလင်းတန်းကြီးတစ်ခု ပုံပျက်ပန်းပျက်ဖြစ်နေတာတွေကို တွန်းလှန်ဖို့အတွက် ဟိုင်တျန်းရှင်းကို ဗဟိုထားပြီး လင်းထွက်လာတယ်။
“ရေစပါးအုံးမြွေ တိုက်ခိုက်စမ်း”
ဒါ တကယ့်အရေးကြီးဆုံး အချက်တစ်ချက်ပဲ။ ဟိုင်တျန်းရှင်း ဆရာကျန်းကိုရဲ့ တိုက်ကွက်ကို တုန့်ပြန် တိုက်ခိုက်နိုင်ဖို့ မသေချာတော့ သူ့မှော်သားရဲကို ဆင့်ခေါ်လိုက်တာလေ။ သူ့ မှော်သားရဲရဲ့ အကူအညီကို အားကိုးလိုက်ရတဲ့ ပုံပဲ။
ဟိုင်တျန်းရှင်းရှေ့မှာ အပြာရောင် စပါးအုံးမြွေကြီး ပေါ်လာပြီး ဟိန်းသံထွက်လာတယ်။ ချက်ချင်းကို သူ့ပါးစပ်ကြီးဖွင့်ပြီး ပုံပျက်ပန်းပျက်နေရာကနေ ထိုးဖေါက်ထွက်ပြီး ဆရာကျန်းကို ရေမြှားတစ်စင်းနဲ့ ပစ်လိုက်တယ်။
ဆရာလုံက..
“အဆင့်(၉)မှော်သားရဲပဲ။ ဒီ ဟိုင်တျန်းမှာ ရတနာတွေ တော်တော်များတာပဲ။ ဒါပေမယ့် ဆရာကျန်းမှာ ဝှက်ဖဲကျန်နေသေးတယ်”
ဆရာကျန်း အပြာရောင် စပါးအုံးမြေကြီးကို မြင်ပြီး နည်းနည်းလေး တုန်သွားတယ်။ ပြီးတော့ တိုက်ကွက်ကိုရှောင်ဖို့ နေရာရွှေပြောင်းမှုကို အလျင်စလို လုပ်လိုက်တယ်။ ပြီးတော့ သူက ပြုံးစစနဲ့..
“မင်းက မင်းမှော်သားရဲကို သုံးပြီဆိုတော့ ငါလဲ ငါ့မှော်သားရဲကို ဝင်ပြီး ဆင်နွှဲခွင့် ဘာလို့မပေးရမှာတုန်း။ လင်းယုန်ကြီးရေ ထွက်ခဲစမ်း”
ရှည်လျားတဲ့ အော်သံတစ်ချက်နဲ့အတူ အပြာရောင် လင်းယုန်ကြီးတစ်ကောင် ကွင်းထဲမှာ ပေါ်လာတယ်။ စပါးအုံးကြီးဆီကို တည့်တည့် ပျံသွားလိုက်တော့တာ။ မိုးကြိုးလျှပ်စီးတွေနဲ့ ရေမြှားတွေ ပလူပျံရောထွေးနေကြရော။ သူတို့ နှစ်ကောင်လုံး အဆင့်(၉)မှော်သားရဲတွေဆိုတော့ လေထဲမှာ အချင်းချင်း သုတ်သင်နိုင်ဖို့ဆိုတာ ဘယ်လွယ်မှာတုန်း။
ရေမြှားတွေနဲ့ တားမြစ်လေဟာနယ်စွမ်းအားတွေကို အစွမ်းကုန်သုံးလိုက်ကြတာ။ ဆရာကျန်း နဂိုအတိုင်း ရပ်နေပေမယ့် ဟိုင်တျန်းရှင်းကတော့ မြေပေါ်မှာ မှုန်ကုတ်ကုတ်နဲ့ ငုတ်တုတ်ကြီး အမောတကော အသက်ရှုနေရတဲ့ ပုံပဲ။ သူ့နှုတ်ခမ်း ထောင့်မှာလဲ သွေးတွေ စီးကျနေလေရဲ့။
============= (*^*)=============
အပိုင်း( ၁၁၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား