← Chapters

ရန်သူနှင့် ထပ်ကြပ်မကွာ..

Vol. 8 Ch. 119

ရန်သူနှင့် ထပ်ကြပ်မကွာ..

Vol. 8 Ch. 119

Child of light (ကျန်းကုန်း)

Volume 4: Chapter 29 - Pursuing a Retreating Enemy

သားရိုင်းတွေလို ပြင်းထန်လွန်းတဲ့တိုက်ပွဲကို ဥပေက္ခာပြုပြီး ဆရာတိ နှုတ်ခမ်း တစ်ဖက်တွန့်ပြုံးရင်းနဲ့…

“ဟိုင်တျန်း မင်းဆက်တိုက်ချင်နေတုန်းပဲလား”

“ဘယ်လိုလုပ် ဆက်တိုက်လို့ရတော့မှာတုန်း။ ငါဆက်တိုက်ရင်ရော အနိုင်ယူဖို့ လမ်းမှမရှိတာ။ နှစ်တွေတော်တော် ကြာသွားပေမယ့် မင်း ငါ့ထက်သန်မာနေတုန်းပဲကိုး။ လေးစားရပါသော သူတော်စင်ကြီးခင်ဗျ။ ကျုပ် ရှုံးသွားပါပြီ”

ရှင်းမိသားစုခေါင်းဆောင်ကတော့ ပြတ်ပြတ်သားသားပဲ။ နိုင်ဖို့ အခွင့်အရေးမရှိတဲ့အတူတူ တခါတည်း အရှုံးပေးသွားလိုက်တယ်။

ဒီလိုနဲ့ အရူးအမူးတိုက်ခိုက်တတ်တဲ့ သားရဲကြီးလို လူတွေ နောက်ဆုတ်သွားကြပြီပေါ့။ ပြိုင်ပွဲစတဲ့အချိန်နဲ့ဆို ဘယ်လောက်မှ မကြာလိုက်ဘူးပဲ။

“ဒီပွဲမှာ အနိုင်ရတဲ့သူကတော့ မင်းသားအဖွဲ့က ချွမ်စုန့်ကျန်း ပါ”

သူတော်စင်ကြီး အနိုင်ရသူ ကြေငြာလိုက်တယ်။ မင်းသား ခယ်ကျာလဲ ပျော်ရွှင်နေတဲ့ အရိပ်အငွေ့တွေနဲ့ ဆရာကျန်း ပြန်လာတာကို ကိုယ်တိုင်ကြိုဆိုလိုက်တယ်။ ကျုပ်တို့အဖွဲ့လဲ ရယ်ရယ်မောမောပဲပေါ့။

“ဆရာကျန်း သင့်ကြိုးစားပေးမှုတွေအတွက် ကျေးဇူးအထူးတင်ပါတယ်”

“ဒီပွဲက ဘာအဓိပ္ပါယ်မှ မသက်ရောက်ဘူးလေ။ ကျုပ်နိုင်မယ်ဆိုတာ ကြိုသိပြီးသားကြီးကို။ လက်ကျန်တိုက်ပွဲတွေကို စောင့်ကြည့်ရတော့မျာပဲ။ အားလုံးလဲ ဒီအဖြေကြောင့် စိတ်အေးမနေကြနဲ့။ ကျုပ်မှန်းတာသာ မမှားရင် နောက်ပွဲတွေ တော်တော် ခက်တော့မှာ”

ပြိုင်ဘက်အသင်းကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ အရှုံးတစ်ပွဲဆိုတာ သူတို့အတွက် ဘာစိတ်လှုပ်ရှားမှုမှ မပေးစွမ်းနိုင်သလို၊ အောင်ပွဲက သူတို့လက်ထဲမှာရှိနေသလိုမျိုး အေးအေးဆေးဆေးနဲ့ ငြိမ်ချက်သား ကောင်းနေကြတုန်းပဲ။ သူတော်စင်ကြီးက…

“မင်းသား ခယ်ကျာနဲ့ မြို့စား ထီယိ၊ ကျေးဇူးပြုပြီး နောက်ပွဲအတွက် မဲနှိုက်လိုက်ကြပါအုံး”

ဒီတစ်ခါ ဘယ်သူ့ကို လွှတ်လိုက်မလဲဆိုတဲ့ အတွေးဝင်လိုက်မိကြတယ်။ အားလုံးလဲ မဲနှိုက်နေတဲ့ ပုံရိပ်တွေအပေါ်မှာ မျှော်လင့်တကြီး စောင့်ကြည့်နေကြတယ်။

ခဏကြာတော့ သူတော်စင်ကြီးက…

“ဒုတိယပွဲအတွက် ပြိုင်ပွဲဝင်ရမယ့်သူတွေကတော့ ‘ဝါတျန်းရှို့ နဲ့ လောင်လွင်တိ’ တို့ပါ”

တကယ်တန်းကျ မျက်နှာဖုံးတဲ့အထိ ဝတ်ရုံဝတ်ထားတဲ့ သူနာမည်က ဝါတျန်းရှို့ ပေါ့လေ။ သူ့နာမည် ကြေငြာလိုက်တော့ ဆရာတွေ ခနလောက် အေးဆက်သွားသလိုပဲ။

“ဆရာကျန်း ဘာဖြစ်လို့လဲ။ ခင်ဗျားတို့ ဘာလို့ ဒီလောက်ထိ လန့်နေရတာလဲ။ ဝါတျန်းရှို့က အရမ်း အစွမ်းထက်နေလို့လား”

“သူ တော်တော်အစွမ်းထက်တယ်။ သူက မီးမှော်ဆရာ ဖြစ်တဲ့အပြင် ထိပ်သီးအဆင့် နံပတ်(၈)ပေါ့။ ဒါပေမယ့် သူက တလူနိုင်ငံသားကွ။ သူဘာလို့ ဒီမှာ ရှိနေရတာပါလိမ့်”

မင်းသား ထပြီး…

“သူတော်စင်ကြီး။ ဒီပွဲကို ကန့်ကွက်ပါတယ်။ ဝါတျန်းရှို့က အိုက်ရှား နိုင်ငံကမဟုတ်ပါဘူး။ ဒါကြောင့် သူက ဒီပြိုင်ပွဲကို ဘယ်လိုလုပ် ဝင်ပြိုင်လို့ရမှာလဲ”

သူတော်စင်ကြီး ခနလေး မျက်လုံးမှိတ်ပြီးမှ..

“မြို့စား ထီယိ။ ဒီကိစ္စအတွက် ဖြေရှင်းချက်ပေးပါ”

“သူတော်စင်ကြီးခင်ဗျာ။ ဖြေရှင်းချက်က အရမ်းရိုးရှင်းပါတယ်။ မှော်သခင်ကြီး ဝါတျန်းရှို့ရဲ့ နာမည်ဟာ အိုက်ရှားနိုင်ငံတော်ကြီးရဲ့ မှတ်တမ်းတော်တော်များများမှာ တစ်စိတ်တစ်ပိုင်း အဖြစ် အချိန်တော်တော်ကြာကတည်းက ရှိပြီးသားဖြစ်သလို တော်ဝင်မှော်သမဂ္ဂရဲ့ ဒုတိယ ဥက္ကဌလဲ ဖြစ်ပါတယ်”

“ဘာ… ဒီလို အရေးကြီးတဲ့ ရာထူးပြောင်းလဲမှုမျိုးကို ငါဘာလို့ မသိခဲ့ရတာလဲ”

မင်းသား ဒေါသသံတွေ ပါလာပြီ။

မြို့စားထီယိက နိုင်ငံတော် တံဆိပ်ခေါင်းပါတဲ့ ပေလွှာတစ်စောင်ကို ထုတ်ပြီး..

“ဒါ ဧကရာဇ်မင်းကြီးကိုယ်တိုင် ပေးထားတဲ့ ခန့်အပ်လွှာပါ သူတော်စင်ကြီး။ ဒီပေလွှာကို စစ်ဆေးပြီး စိတ်ချလက်ချ ဆုံးဖြတ်ချက် ချလို့ရနိုင်ပါတယ်”

ပေလွှာကို စစ်ဆေးပြီးတာနဲ့ သူတော်စင်ကြီးက..

“မှော်သခင်ကြီး ဝါတျန်းရှို့က နိုင်ငံတော် မှတ်တမ်းမှာ တရားဝင်ရေးသွင်းခံရသူဖြစ်တဲ့အတွက် ဒီပြိုင်ပွဲကို ပါဝင်ခွင့်ပေးလိုက်ပါတယ်။ နောက်ထပ် ဘယ်လို ကန့်ကွက်မှုမျိုးကိုမှ ကျုပ် လက်ခံတော့မှာ မဟုတ်ပါဘူး”

မင်းသား စိတ်လျှော့လိုက်ပြီး ကျုပ်တို့အဖွဲ့ဆီကို ပြန်လာခဲ့တယ်။

“ဘယ်လိုလုပ်ကြမလဲ။ ဝါတျန်းရှို့က ကျုပ်တို့ အစီအစဉ်တွေကို ဖျက်စီးလိုက်ပြီ”

ဆရာကျန်းက..

“မင်းသား အရမ်းလဲ စိတ်ပူမနေပါနဲ့။ တကယ်လို့ သွမ်းယုရှီးနဲ့ လောင်လွင်တို့ပွဲမှာ သရေကျခဲ့မယ်ဆိုရင်တောင် ပြိုင်ပွဲက ပိုပြင်းထန်လာမှာဆိုတော့ ပြိုင်ဖက်အဖွဲ့မှာ အသာစီးမရနိုင်သေးဘူး။ ကျုပ်တို့အနိုင်ရဖို့အတွက် လောင်လွင်ကို အားကိုးပြီး နောက်ဆုံးပွဲမှာ အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားပြီး ပုံအောရမှာပဲ”

“အင်း ဒီလိုဆို ကျုပ်အနေနဲ့ ဆရာတိကိုပဲ ဒုက္ခပေးရတော့မှာပဲ”

“မင်းသား အေးအေးဆေးဆေးနေပါ။ ဝါတျန်းရှို့က ကျုပ်ကို မခြိမ်းခြောက်နိုင်ပါဘူး”

အဲ့စကားပြောပြီးတာနဲ့ ဆရာတိ ပြိုင်ပွဲကွင်းထဲ ဝင်သွားလိုက်တယ်။

ဝါတျန်းရှို့ကလဲ သူ့အနက်ရောင် ဝတ်ရုံကြီးကို ချွတ်ပြီး သူ့မှော်သခင် ဝတ်စုံကို ဖော်လိုက်တယ်။ အဲ့လူကြီး အသက်က (၇၀)လောက်တော့ ရှိလိမ့်မယ်။ အနီရောင်တောက်တောက် မှော်နှင်တံကို ကိုင်ပြီး ကွင်းထဲ ဝင်သွားလေရဲ့။

“ခင်ဗျားက လောင်လွင်တိ ဆိုတာလား။ ကျုပ်တို့တွေ ဒါပထမဆုံးအကြိမ် ရင်ဆိုင်ရတာပဲ။ ခင်ဗျား ကျုပ်ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။ မှော်သခင်ကြီးတွေရဲ့ အဆင့်သတ်မှတ်ချက်မှာ အဆင့်(၃)နဲ့ အဆင့်(၈)ကြားက ကွာဟချက်ကို ကျုပ်သိပါရစေ”

“ဒါဆိုလဲ ပွဲကြီးပွဲကောင်းတစ်ပွဲ နွှဲလိုက်ကြတာပေါ့”

ဝါတျန်းရှို့စကားလုံးတွေက အေးအေးဆေးဆေး ဆိုပေမယ့် တကယ်ဆို သူစိတ်လှုပ်ရှားနေတာဗျ။ ပွဲစတာနဲ့ လက်ထဲက မျော်နှင်တံကို ဝှေ့ယမ်းပြီး..

“မီးဝက်ဝံ.. ထွက်ခဲစမ်း”

အမြင့် (၃)မီတာကျော်လောက်ရှိတဲ့ သူ့မှော်သားရဲ အနီရောင် ဝက်ဝံကြီး ပေါ်လာပါလေရော။

ဆရာတိ နည်းနည်းလေး လန့်သလိုဖြစ်သွားပေမယ့် အလင်းဓားနဲ့ ခုတ်ဖို့ သူ့လက်ကို လှုပ်ရှားလိုက်တယ်။ မီးဝက်ဝံက အသံအကျယ်ကြီးနဲ့ အော်ပြီး ဆရာတိတိုက်ကွက်ကို ရင်ဆိုင်ဖို့ သူ့လက်ဖဝါးကြီးတွေကို သုံးလိုက်တယ်။ အဆင့်(၉)မှော်သားရဲ တစ်ကောင်အတွက် ဒါလောက်က စာမဖွဲ့ဘူးလေ။

ဆရာကျန်းက..

“ဒါ မဟန်တော့ဘူး။ လောင်လွင်မှာ မှော်သားရဲမရှိတော့ သူတော်တော် ဒုက္ခရောက်လိမ့်မယ်”

မီးဝက်ဝံကြီးရဲ့အစွမ်းဆိုတာ ပိုင်ရှင်ကို ကာကွယ်ပေးနိုင်တဲ့အပေါ်မှာ မူတည်တယ်လေ။ ဆရာတိမှာ မှော်သားရဲမရှိတော့ ဒီတိုက်ပွဲမှာ တော်တော်ကြီး ဒုက္ခရောက်မှာပဲ။ ဟုတ်သားပဲ ဆရာတိ မှော်သားရဲကို တခါမှ မမြင်ဖူးသေးတာ အခုမှ သတိထားမိတော့တယ်။ ဒီအကြောင်း တစ်ခါမေးဖူးတုန်းကတော့ မှော်သားရဲကို အလွန်အကျွံအားကိုးတယ်ဆိုတာ သူတို့ မှော်ပညာတိုးတက်ရေး လမ်းကြောင်းမှာ ဆိုးကျိုးတစ်ခုခု သက်ရောက်စေတယ်လို့ ပြန်ဖြေထားတာ။

ဝါတျန်းရှို့က..

“မင်း မှော်သားရဲ ဘာလို့မထုတ်သေးတာလဲ။ ဒီအတိုင်းဆို တိုက်ပွဲမျာ ကျုပ်အစွမ်းကုန် တိုက်လို့ ရနိုင်သေးရဲ့လား”

“ငါ့မှာ မှော်သားရဲ မရှိဘူး။ ဒီတော့ တိုက်ပွဲကို ဆက်လိုက်ကြစို့”

“မင်းမှာ မှော်သားရဲ မရှိဘူးလား။ ဒီလိုသာဆို ငါ့မှော်သားရဲနဲ့ ဘယ်လိုလုပ် တိုက်လို့ ဖြစ်တော့မလဲ။ မီးဝက်ဝံ ပြန်လာခဲ့”

ဝါတျန်းရှို့က သူ့မီးဝက်ဝံကို ပြတ်ပြတ်သားသားပဲ ပြန်သိမ်းလိုက်တယ်။ ဒီအချိန်မှာ မြို့စား ထီယိထပြီး..

“ဆရာဝါတျန်းရှို့ ခင်ဗျားက ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်ခံမလို့လား”

“ဒါ မှော်သခင်ကြီးတွေရဲ့ တိုက်ပွဲပါ။ တရားမျှတမှုမရှိတဲ့ တိုက်ပွဲက ဘာအဓိပ္ပါယ်ရှိမှာလဲ။ မှော်သခင်ကြီးတွေဆိုတာ ဂုဏ်သိက္ခာထိန်းရမယ်”

သူက မြို့စား ထီယိကိုတောင် ပြန်ဆုံးမလိုက်သေးတယ်။ အနားပတ်ပတ်လည်က မိသားစုကြီး(၃)ခု ခေါင်းဆောင်တွေကတော့ မြို့စား ထီယိကို မကျေနပ်တဲ့ အမူအရာနဲ့ ကြည့်နေတာက မြို့စားရဲ့ စကားလုံးတွေကို သဘောမတူဘူးဆိုတာ အသိသာကြီး။

ဝါတျန်းရှို့ လုပ်ဆောင်ချက်က ဆရာတိနဲ့ ကျန်လူတွေရဲ့ အကောင်းမြင်စိတ်တွေ ရသွားတယ်။ ဆရာတိ ပြုံးပြီး..

“ကောင်းပြီ။ ငါကလဲ ပြန်ပြီ လေးစားသမှုပြုတဲ့အနေနဲ့ ဒီပွဲကို တရားမျှတအောင် လေးလေးနက်နက် တိုက်ပွဲဝင်သွားမှာပါ။ ကြီးမြတ်သော အလင်းဒြပ်စင်များ၊ ကျေးဇူးပြုပြီး သင့်ရဲ့ ခန်းနားကြီးကျယ်တဲ့ စွမ်းအားတွေ ချေးငှားပေးပါ။ အကန့်အသတ်မရှိသော အလင်းရောင်သည် တစ်နိုင်ငံလုံးမှာ ထွန်းလင်းတောက်ပ ပါစေ။ တောက်ပသော အလင်းအင်ပါယာ”

ဆရာတိ ခန္ဓာကိုယ်ကနေ အဖြူရောင် အလင်းတန်းတစ်ခု ထွက်လာတယ်။ ကျုပ်လဲ ဒီမန္တန်ကို ခကြာခဏ သုံးနေကျဆိုတော့ တော်တော်လေး ရင်းနှီးနေတယ် ပြောရမျာပေါ့။ ဒီအချိန်မှာ ဝါတျန်းရှို့က သွေးတိုးစမ်းတဲ့ သဘောနဲ့..

“ကြမ်းတမ်းသော မီးတောက်များ။ ကျေးဇူးပြုပြီး အပြာရောင်မီးတောက်အဖြစ်ပြောင်းပြီး သင့်ရှေ့က ရန်သူကို လောင်ကျွမ်းဖို့အတွက် ယုံကြည်ချက်တွေ ရနိုင်ပါစေ.. အသူရာမီးလျှံများ”

ဝါတျန်းရှို့ရဲ့ အနီရောင် မှော်နှင်တံလေးထဲကနေ အနီရောင်မီးတောက်ထွက်လာပြီး တဖြည်းဖြည်းနဲ့ အပြာရောင်ကို ပြောင်းသွားတယ်။ ကြည့်ရတာ တော်တော် ထူးဆန်းတာပဲ။ သူ့မှော်နှင်တံကို ထပ်လှုပ်ရှားလိုက်တော့ အစိမ်းရောင် မီးတောက်တွေ ဆရာတိဆီကို ထပ်တိုးဝင်သွားပြန်ရော။

တောက်ပသော အလင်းအင်ပါယာမန္တန်က ပူပြင်းလှတဲ့ မီးတောက်တွေနဲ့ ရင်ဆိုင်တွေ့တဲ့အချိန် “ဖန်း…….”ကနဲ အသံကြီး တစ်သံ ထွက်လာတယ်။ မှော်သခင်ကြီး နှစ်ယောက် အစပိုင်း မြေပြင်ပေါ်မှာ ရပ်နေကြပေမယ့် အချိန်ကြာလာတာနဲ့အမျှ မီးလျှံစိမ်းစိမ်းတွေက တွန်းထုတ်နေတယ်။ ဝါတျန်းရှို့ ချွေးတွေ တရွှဲရွှဲနဲ့ ရှုံ့မဲ့နေပေမယ့် သူ့မှော်နှင်တံကို ထပ်လှုပ်ရှားပြီး..

“မီးတောက်ပြာတွေ နဂါးအသွင် ပြောင်းစမ်း”

============= (*^*)=============

အပိုင်း( ၁၂၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters