မျှော်လင့်ချက် ကိုယ့်ဘက်မရှိ
Vol. 8 Ch. 120
Child of light (ကျန်းကုန်း)
Volume 4: Chapter 30 - An Outlook Far From Good
သူအော်ပြီးတာနဲ့ မီးတောက်ပြာတွေ နောက်ကို နည်းနည်း ပြန်ဆုတ်သွားပြီး မီးနဂါးပြာကြီးပုံစံ ပြောင်းသွားတယ်။ အပူရှိန် ပိုတိုးလာပြီး တောက်ပသော အလင်းအင်ပါယာကို လက်သည်းနဲ့ ကုန်ပြီး တွန်းထုတ်ပစ်လိုက်တယ်။
ဆရာတိ အခြေအနေတွေ ပြောင်းလဲသွားတာ မြင်ပေမယ့်လဲ အထိတ်တလန့် ဖြစ်မသွားဘူး။ သူ နည်းနည်းလေးတောင်ပြုံးပြီး တောက်ပသော အလင်းအင်ပါယာကို တစ်ဖက်က ထိန်းထားရင်း ကျန်တဲ့ တစ်ဖက်က အလင်းဒြပ်စင်တွေကို နေရာပေါင်းစုံကနေ စုစည်းနေတယ်။ ဆရာတိလက်ထဲမှာ အဖြူရောင် အလင်းလုံးလေး တစ်ခုပေါ်လာတယ်။ အဲဒါ အလင်းလုံးတစ်ခုမှန်းသိပေမယ့် မီးနဂါးပြာကို ရင်ဆိုင်နိုင်ပါ့မလား။ တောက်ပသော အလင်းအင်ပါယာကိုလဲ ကြာကြာ ဆက်ထိန်းထားနိုင်မယ့်ပုံ မပေါ်တော့ဘူး။
ဆရာတိ မျက်နှာ နီရဲသွားတယ်။ အဲဒါ အလင်းဒြပ်စင်တွေကို အတိုင်းထက်အလွန် စုစည်းလိုက်လို့ ဖြစ်တဲ့ လက္ခဏာပဲ။ ဆရာကျန်းက..
“လောင်လွင် သူ့အန္တိမ မန္တန်သုံးတော့မှာဆိုပေမယ့် အဲ့မန္တန်ကို ခံနိုင်ရည် ရှိမရှိတော့ မသေချာဘူး။ ကျန်းကုန်း မင်းသေချာ အာရုံစိုက် ကြည့်ထား”
ထင်ထားသလိုပဲ ဆရာတိ လက်ထဲက အလင်းလုံးလေးက ရုတ်တရက် တောက်ပသွားတယ်။ ကြက်ဥအရွယ် ရွှေရောင်အလင်းလုံး ပုံစံ တဖြည်းဖြည်းပြောင်းသွားတယ်။ အို့ အို.. ဆရာတိက ရွှေအမြူတေနဲ့ ပုံစံတူအောင် လုပ်ထားတာပဲ။ ဒါ ကျုပ်မှော်စွမ်းအားတွေကို တတ်နိုင်သမျှ စုဆောင်းရမယ်ဆိုတာ လမ်းပြပေးတာ ဖြစ်ရမယ်။ အရွှေရောင် အလင်းလုံးလေး ဆရာတိ လက်ထဲကနေ တောက်ပသော အလင်းအင်ပါယာကို ဖြတ်ပြီး အပြာရောင် မီးနဂါးကြီးဆီ တည့်တည့် ဝင်သွားတယ်။
အပြာရောင် မီးနဂါးကြီးကလဲ ရွှေတွေ ကျောက်တွေတောင် အရေပျော်နိုင်တဲ့ အပြာရောင် မီးတောက် မှုတ်ထုတ်လိုက်တယ်။ ဆရာတိ ထိန်းချုပ်ထားတဲ့ ရွှေအလင်းလုံးက အပြာရောင်မီးလျှံကို ရှောင်ကွင်းပြီး အပြာရောင် မီးနဂါးကြီးကို တည့်တည့်ထိသွားတယ်။ ဒီအချိန်ကျမှတော့ တိုက်ကွက်တွေ ရပ်တန့်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။
ရွှေရောင်အလင်းလုံးက အပြာရောင်မီးနဂါးကြီးနဲ့ ထိပ်တိုက်တွေ့သွားတဲ့အချိန် ထွက်လာတဲ့ စွမ်းအင်လှိုင်းကြီးက တစ်ကွင်းလုံးကို ပဲ့တင်သံတွေ ညံသွားတာပဲ။ တိုက်ပွဲကွင်း တစ်ခုလုံးလဲ ဖုန်မှုန့်တွေဖုံးနေလိုက်တာများ မီးတောင်ဝကြီး တစ်ခုကျနေတာပဲ။ လေ့ကျင့်ကွင်းက အကာအကွယ်ဝင်္ကပါတောင် နည်းနည်းတုန်သွားတယ်။
အချိန် တော်တော်လေးကြာမှာ သဲတွေ ဖုန်တွေ ရှင်းသွားတယ်။ ဆရာတိကတော့ မျက်နှာဖြူလျော့နေပေမယ့် သူ့နေရာမှာသူ ရပ်နေတာတွေ့တော့ ကျုပ်ဝမ်းသာသွားတယ်။ ပြိုင်ဖက် ဝါတျန်းရှို့ကတော့ မြေပေါ်မှာလဲနေလေရဲ့။ မှော်ဝတ်ရုံတစ်ခုလုံးမှာလဲ သူ့သွေးတွေနဲ့ ပေပွလို့။ ဆရာတိ သူ့ဆီ လျှောက်သွားပြီး..
“အို မိုးကောင်းကင် လင်းရောင်ခြည်၊ ကျေးဇူးပြုလို့ ကယ်တင်ရှင်အလင်းရောင်အဖြစ် သင့်ရဲ့ အကန့်အသတ်မဲ့ နှလုံးသား ဂရုဏာကိုသုံးပေးပါ… ပြန်လည်ကုသရေးအလင်းရောင်”
ဒါအဆင့်မြင့် အလင်းဓါတ်ပြန်လည်ကုသရေး မန္တန်ဗျ။ ဝါတျန်းရှို့ အသက်ရှုနေသေးသရွေ့ ဒီမန္တန်က သူ့အသက်ကို ပြန်ကယ်ပေးနိုင်တယ်။
ဝါတျန်းရှို့ သတိလစ်နေရာကနေ တဖြည်းဖြည်း နိုးလာပြီး နည်းနည်းလေး ချောင်းထဆိုးလိုက်တယ်။ သူ ကူကယ်ရာမဲ့ ပြုံးရင်းနဲ့..
“အဆင့်(၃)မှော်သခင်ကြီးဆိုတဲ့အတိုင်းပါပဲ။ ကျုပ် ရှုံးသွားတာ လက်ခံပါတယ်”
“မင်း မှော်သားရဲ မသုံးလို့ပါကွာ။ သုံးလိုက်ရင် အဖြေက ဒီလိုဖြစ်မလာနိုင်ပါဘူး”
“ကျုပ် ဒီကိစ္စ နည်းနည်း သံသယ ဖြစ်နေတုန်းပဲ။ မှော်သားရဲ ထုတ်သုံးခဲ့ရင်တောင် ဒီတိုက်ကွက်ကို ကျုပ်ခံနိုင်မယ် မထင်ဘူး။ ကျုပ်ကို နှစ်သိမ့်မနေပါနဲ့တော့။ ကျုပ် နိုင်ရင်နိုင်တယ်၊ ရှုံးရင် ရှုံးတာပဲပေါ့”
သူဆရာတိ လက်ကို ဖယ်ပြီး သူ့အဖွဲ့ဆီ ပြန်သွားရော။
ဒီပွဲ ရှုံးသွားတော့ မြို့စား ထီယိမျက်နှာက မဲသဲနေပြီ။ ဝါတျန်းရှို့ရဲ့ လုပ်ဆောင်ချက်တွေကို မကျေမနပ်ဖြစ်နေတာ သေချာတယ်။
သူတော်စင်ကြီးက..
“မင်းသား အဖွဲ့က လောင်လွင် ဒုတိယပွဲမှာ အနိုင်ရပါတယ်”
ကျုပ်တို့ဘက်တော်သားတွေတော့ လှိုက်လှိုက်လှဲလှဲကို ပီတိတွေ ဝေနေကြတော့တာ။ ဆရာတိ အဖွဲ့ထဲ ပြန်ရောက်လာတော့ ကျုပ် သူ့လက်ကို ကိုင်ပြီး..
“ဆရာ အရမ်းတော်တာပဲ။ ဆရာက ကျုပ်တို့ အနိုင်ရဖို့အတွက် အခွင့်အလမ်း တိုးလာပြီ”
ဆရာတိကတော့ ပျော်ရွှင်တဲ့ အရိပ်အယောင်မပြဘဲ မျက်မှောင်ကြုတ်ရင်းနဲ့..
“အပျော်မစောကြနဲ့အုံး၊ အခြေအနေတွေက ငါတို့ဘက်မှာ မရှိသေးဘူး”
ဒါကို ဆရာကျန်းကလဲ ထောက်ခံတယ်။
“လောင်လွင်ပြောတာ အမှန်ပဲ။ (၂)ပွဲ အနိုင်ရထားတာ မှန်ပေမယ့် ငါတို့တွေ အောက်စည်းရောက်နေတုန်းပဲ။ ပြိုင်ဖက်အဖွဲ့မှာ ရီ နဲ့ ယွဲ့ မိသားစုခေါင်းဆောင်တွေရယ်၊ သွမ့်ယုရှီးရယ် ကျွမ်းကျင်တဲ့သူတွေ ရှိသေးတယ်။ ငါတို့ဘက်မှာက ရှင်းတိ၊ စစ်တိနဲ့ ကျန်းကုန်းပဲရှိတော့တယ်။ သူတို့ စွမ်းအားတွေက ပြိုင်ဖက်အသင်းထက် နည်းနည်း အားနည်းနေတာဆိုတော့ နောက်ဆုံးပြိုင်ပွဲ မှာအနိုင်ရဖို့ ငါတို့တွေ အစွမ်းကုန် ကြိုးစားမှ ရမှာ”
ကျန်တဲ့ ဆရာ(၂)ယောက်လဲ ပြိုင်တူ ခေါင်းညိတ်လိုက်ကြတယ်။ တတိယ ပြိုင်ပွဲအတွက် ပြင်ဆင်ချိန်လေးအတွင်းမှာပဲ မြေကမ္ဘာမှော်သခင်တွေက လေ့ကျင့်ရေးကွင်းကို ပြန်ပြီးသွားကြပြီ။
တတိယပွဲ မဲခွဲတော့ ဆရာစစ်တိလေ့နဲ့ ယွဲ့မိသားစုခေါင်းဆောင် ဟွမ်းယင်ယွဲ့တို့ ပြိုင်ရမယ်။ တိုက်ပွဲအဖြေကို ဆရာတိနဲ့ ဆရာကျန်း တို့တွေ အတိအကျကို မှန်းထားပြီးသား။ စစ်တိလေ့က သူ့ပြိုင်ဖက်ထက် အားနည်းတော့ အစွမ်ကုန် တိုက်တာတောင် ဟွမ်ယင်ယွဲ့ရဲ့ ယွဲ့မိသားစု လျှို့ဝှက်မန္တန် ‘လရောင်ကကြိုးအရိပ်’မန္တန်ကို အချိန် တစ်နာရီ မပြည့်ခင်မှာပဲ ရှုံးသွားတယ်။
မှော်စွမ်းအားတွေ အလွန်အကျွံ သုံးထားမိတဲ့ ဆရာလေ့ကို မာခယ်သွားကူတွဲပေးတယ်။ အဖွဲ့ဆီပြန်ရောက်လာတော့ ဆရာလေ့ ကြမ်းပြင်ပေါ် ခပ်စောင်းစောင်းလေးထိုင်ပြီး..
“တောင်ပန်ပါတယ်ဗျာ။ ကျုပ် ရှုံးသွားတယ်”
မင်းသားက..
“အရှုံးအနိုင်ဆိုတာ စစ်ပွဲတွေရဲ့ ဖြစ်ရိုးဖြစ်စဉ်ဆိုတော့ ကိုယ့်ကိုကိုယ် အပြစ်တင်မနေပါနဲ့။ ခင်ဗျားနေရာမှာ ကျုပ်သာဆိုရင် အချိန် တစ်ခနလေး တောင့်ခံထားနိုင်ပါ့မလားတောင် မသိဘူး”
မင်းသားနဲ့ မြို့စား ထီယိတို့ (၄)ကြိမ်မြောက် မဲနှိုက်ကြတယ်။ ကျုပ် ရီမိသားစုခေါင်းဆောင် စစ်ဖုန့်ရီနဲ့ ပြိုင်ရမှာ။
မဲနှိုက်လို့ရတဲ့ အဖြေကြားရတော့ ကျုပ်နည်းနည်းလေး မှုံကုတ်ကုတ်ဖြစ်သွားတယ်။ လူတိုင်းရဲ့ အထင်အမြင်သေးတာ ခံနေရတယ်။ ကျုပ်က မှော်သခင်ကြီး ဆိုရင်တောင်မှ အစောကြီးကတည်းက မှော်သခင်ကြီး ဖြစ်နေတဲ့ စစ်ဖုန့်ရီ ရဲ့စွမ်းအားတွေကို အကုန်သိနေကြတယ်လေ။ သူ့ကို ဆရာတိ သွားပြိုင်မယ်ဆိုရင်တောင် နိုင်မယ်လို့ ရဲရဲကြီး ပြောရဲမှာမဟုတ်ဘူး။ ဒီပွဲမှာ ရှုံးရင် ဆရာလုံက သွမ်းယုရှီးနဲ့ ပြိုင်ရမှာဆိုတော့ အဲ့ပွဲ ရှုံးဖို့ကသေချာနေပြီ။
ဆရာကျန်း ကျုပ်ပုခုံးကို ပုတ်ပြီး..
“ကျန်းကုန်း။ မင်းအကောင်းဆုံးသာလုပ်။ မင်းရှုံးသွားရင်တောင် ဘယ်သူမှ အပြစ်တင်မှာ မဟုတ်ဘူး”
ကျုပ်အပေါ် ယုံကြည်ချက်အပြည့်နဲ့ဆိုလို့ ဆရာတိ တစ်ယောက်ပဲရှိတယ်။ ဆရာတိ လျှောက်လာပြီး အရင်က သူပေးထားတဲ့ အလင်းမှော်ဝတ်ရုံကို ဆွဲဆန့်ပေးနေရင်းနဲ့ တိုးတိုးလေး..
“ကျန်းကုန်း။ မင်းကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့်ရှိရမယ်။ အခွင့်အရေးရှိနေသေးတယ်။ ရှောင်ကျင်းရဲ့ အထောက်အပံ့နဲ့ဆို မင်းအတွက် ခွန်အား တစ်ခုတိုးလာလိမ့်မယ်”
“ဆရာတိ။ စိတ်ပူမနေပါနဲ့။ ဆရာ့ကို သေချာပေါက် စိတ်မပျက်စေရဘူး”
တိုက်ပွဲ ကွင်းပြင်ထဲ လျှောက်လာရင်း ရင်တွေ တဒိတ်ဒိတ်ခုန်နေတယ်။ မကြောက်ဘူး ပြောရင် ညာရာကျအုံးမယ်။ ကျုပ်ပြိုင်ဘက်က ထိပ်သည်း အဆင့်(၄)ရှိတဲ့ မီးမှော်သခင်ကြီးလေဗျာ။ ကျုပ်မှော်နှင်တံလေးကို ခပ်တင်းတင်းကိုင်ရင်း ကွင်းလယ်ကို လျှောက်လာပြီး ကျုပ်ဘဝမှာ ကြုံခဲ့ဖူးသမျှထဲ အဆိုးဆုံးပြိုင်ဖက်နဲ့ ရင်ဆိုင်ဖို့ အသင့်ပြင်ထားလိုက်တယ်။
မင်းသားက ကျုပ်ကို ပြိုင်ဖို့လွှတ်လိုက်တော့ ပြိုင်ဖက်အဖွဲ့ကသူတွေအားလုံး ကျုပ်ကို အထင်သေးအမြင်သေးနဲ့ အော်ဟစ်နေကြလေရဲ့။ မြို့စား ထီယိဆို ခေါင်းကြီးမော့ပြီး မာန်တကြွကြွနဲ့။ ကျုပ် ရီမိသားစု ခေါင်းဆောင်ကို သေချာပေါက်ရှုံးမယ်လို့ တွေးထားကြတာဆိုတော့ ကျုပ်ကို အာရုံသိပ်မစိုက်ကြဘူး။
စစ်ဖုန့်ရီလဲ ကွင်းထဲ ရောက်လာပြီ။ သူကျုပ်ကို စိတ်စွမ်းအားချင်း ယှဉ်ကြည့်နေတဲ့ပုံပဲ။ သူလဲ အနီရောင် တောက်တောက် မှော်ဝတ်ရုံ ဝတ်ထားတယ်။ အနီရောင် မှော်ဝတ်ရုံရယ်၊ အနီရောင်ဆံပင်တွေရယ် အနီရောင်မှော်နှင်တံရယ် တွဲလိုက်ရင် တရှိန်ရှိန်တောက်နေတဲ့ မီးတောက်တစ်ခုကို မြင်နေရသလိုပဲ။
“မင်းက ငါ့မြေးကို ဒဏ်ရာ အပြင်းအထန်ရအောင် လုပ်လိုက်တဲ့ ကျန်းကုန်းဆိုတာလား”
“ဟုတ်တယ်။ ကျုပ်ပဲ”
============= (*^*)=============
အပိုင်း( ၁၂၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား