မကြောက်မရွံ့ တိုက်ခိုက်ခြင်း
Vol. 9 Ch. 121
Child of light (ကျန်းကုန်း)
Volume 4: Chapter 31 - Dauntless Attack
စစ်ဖုန့်ရီ ရုတ်တရက် ဒေါသတကြီးနဲ့..
“ဖုန့်လျန့်ရဲ့ ဒဏ်ရာအခြေအနေအရ မှော်သခင်ကြီး ဖြစ်လုနီနီးဆိုတာ ငါခန့်မှန်းမိတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ထိ ရောက်ဖို့ဆိုတာ မလွယ်လှဘူး။ ဒါပေမယ့် မင်းအစွမ်းက မှော်သခင်ကြီး ဖြစ်ဖို့ ဝေးပါသေးတယ်လေ။ အစစ်အမှန် မှော်သခင်ကြီး တစ်ယောက်ရဲ့ တိုက်ပွဲစွမ်းအားဆိုတာ ဘယ်လိုမျိုးလဲသိအောင် မင်းကို ခံစားခွင့်ပေးပြီး ငါ့မြေးကို နာကျင်စေခဲ့တဲ့အတွက် အဖိုးအခ ပြန်ယူရမှာပေါ့”
“ကောင်းပြီလေ။ ခင်ဗျားမှာ ရှိတဲ့အစွမ်းတွေနဲ့ ကျုပ်ကို သင်ပြပေးပါအုံး။ ကျုပ်က အငယ်ဆိုတော့ ယဉ်ကျေးမနေတော့ဘူးနော်..”
ပြောပြီးတာနဲ့ ကျုပ်မှော်နှင်တံလေးကို လှုပ်းရှားလိုက်တော့ အစောကတည်းက ကြိုပြင်ထားတဲ့ အလင်းမှော်စွမ်းအင် နဲ့ တိုက်ပွဲစိတ်ဝိညာဉ်ပေါင်းထားတဲ့ ဓားတစ်ချောင်း ပေါ်လာတယ်။
ကျုပ် သူ့ကို ဘယ်လိုတိုက်ရင်ကောင်းမလဲဆိုတာ ကြိုတွေးထားပြီးသား။ ဒီပေါင်းစည်းမှော်ပညာက စစ်ဖုန့်ရီနဲ့ ယှဉ်ရင် အလေးသာနိုင်မလားဆိုတာ စမ်းကြည့်ရသေးတာပေါ့။ ပြီးခဲ့တဲ့ (၂)ရက်က ဆရာကျန်း၊ ဆရာတိတို့နဲ့ လေ့ကျင့်တုန်းက သူတို့တွန်းလှန်နိုင်ခဲ့တုန်းကနဲ့ မတူတော့ဘူး။ စစ်ဖုန့်ရီ ကျုပ်ကို မသတ်နိုင်ရင်တောင် သေလုမျောပါးဖြစ်အောင် လုပ်မှာသေချာတယ်။ ကျုပ် အစွမ်းကုန် တိုက်မှရမယ်။
စစ်ဖုန့်ရီခေါင်းကို အဖြူရောင် တိုက်ပွဲစိတ်ဝိညာဉ်နဲ့ ပစ်လိုက်တယ်။
စစ်ဖုန့်ရီ ခန္ဓာကိုယ်ကနေ အနီရောင်အလင်းတန်းထွက်လာပြီး သူ့တောင်ဝှေးကနေ နောက်ထပ် စွမ်းအင်လှိုင်းလုံးနဲ့ တိုက်ခိုက်လာတယ်။ အဖြူရောင်နဲ့ အနီရောင် စွမ်းအားတွေ ထိပ်တိုက်တွေ့တဲ့အချိန် ညှင်းသွဲ့သွဲ့ အသံလေးတစ်ခု ပေါ်လာတယ်။ လူတိုင်းထင်ထားတာနဲ့ပြောင်းပြန် ကျုပ် နောက်မဆုတ်ရဘဲ စစ်ဖုန့်ရီ နောက်ဆုတ်သွားလိုက်ရတယ်လေ။ ကျုပ်တို့အဖွဲ့ဘက်က အားရဝမ်းသာ အားပေးနေကြပေမယ့် မြို့စား ထီယိကတော့ ကျုပ်ကို မျက်ထောက်နီကြီးနဲ့ ကြည့်နေလေရဲ့။
အဲ့လူကြီး အခုမှ ပထမဆုံးအကြိမ် ထိတ်လန့်သွားတဲ့ အမူအရာဖြစ်ပြီး ဒေါသတွေ ထွက်လာပုံပဲ။ မျက်နှာမှာဆို နီတွတ်နေပြီ။
ဒီတိုက်ကွက်ကို ပြန်သုံးသပ်ရရင် ကျုပ်ဘက်က အခွင့်သာတယ်ဆိုပေမယ့် တကယ်တမ်းကျ ရန်သူက ကျုပ်ကို လျှော့တွက်ထားလို့ဗျ။ ကျုပ်ကို အထင်သေးနေတဲ့ စစ်ဖုန့်ရီကို ပညာပေးဖို့ ဆုံးကူးထားတာ။ ဒါပေမယ့် အဲ့လူ နောက်ကို (၃)လှမ်းလောက်ပဲ ဆုတ်ရတယ်။ ဒါ တော်တော် အစွမ်းထက်တယ်ဆိုတဲ့ အဖြေပဲ။
ပေါင်းစပ်မန္တန်ကို ထပ်သုံးဖို့ ကျုပ်မှာ အချိန်မလောက်တော့ စစ်ဖုန့်ရီ အလင်းဓားကို ရိုက်ထုတ်ပစ်လိုက်တယ်။ စစ်ဖုန့်ရီရဲ့ အားပါပါ ရိုက်ချက်က အလင်းဓါးတွေကို ကာလိုက်နိုင်တယ်။
“ကောင်းတယ် ကောင်လေး။ မင်းမှာလဲ အစွမ်းနည်းနည်းရှိတာပဲကွ။ တန်ခိုးကြီးလှတဲ့ မီးလျှံ ကျုပ်ရှေ့က ရန်သူကို လောင်မြိုက် ပစ်လိုက်စမ်း။ ဗုဒ္ဓအမျက်”
စစ်ဖုန့်ရီကို ဗဟိုပြုပြီး မီးဒြပ်စင်တွေ ဝဲကတော့ကြီးလို စုစည်းလာတာဖြင့် အသက်ရှုတောင် ကြပ်လာတယ်။
ဒီမန္တန်ကို ရင်ဆိုင်ဖို့ မလွယ်လောက်ဘူး။ ကျုပ်လဲ မန္တန် ကမန်းကတမ်းရွတ်ရတော့တာပေါ့။ ကျုပ်စွမ်းအားက သူနဲ့ ထိပ်တိုက်တွေ့လို့မှ မရတာကို.
“အလင်းရောင်ခြည်… ကျုပ်ရဲ့ မိတ်ဆွေကြီးတို့၊ သင်တို့စွမ်းအားတွေနဲ့ အဆုံးမဲ့ ကြယ်စင်အလင်းတန်းများအဖြစ် ရှေ့က ရန်သူကို ချေမှုန်းဖို့ရာ သင်တို့စွမ်းအားတွေ အသုံးပြုပေးကြပါအုံး”
ဒီမန္တန်က ကျုပ်နဲ့ အကျွမ်းတဝင်ရှိတယ်လေ။ ဆရာကျန်းတောင် ဒီမန္တန်ကြောင့် နည်းနည်းလေး ခံစားလိုက်ရသေးတာကို။
စစ်ဖုန့်ရီလဲ သူ့မန္တန် ရွတ်လို့ပြီးသွားပြီ။ နီညိုရောင် ရွှေမီးတောက်တွေ လူ့ဘီလူးကြီးပုံစံ ပေါ်လာပြီး ကျုပ်ကို တိုက်တော့တာ။ သူ့ရွှေမီးတောက်က နီညိုရောင်ဗျ။ အရင်က အစိမ်းရောင်မီးတောက်တွေရဲ့ အစွမ်းနဲ့ ယှဉ်လို့မရပေမယ့် စွမ်းအားနယ်မြေတော်တော် ကျယ်တာပဲ။
အလင်းဒြပ်စင်တွေလဲ ကျုပ်ပတ်ပတ်လည်မှာ စုဝေးလာပြီ။ ကျုပ်မှာလဲ အကန့်အသတ်မဲ့ ရွှေရောင်အလင်းတန်းတွေ ပေါ်လာပြီ။ ကျုပ် အဲဒါတွေကို ရွှေရောင်ကြယ်အလင်းလုံး (၉)လုံး ဖြစ်အောင်လုပ်ပြီး ဗုဒ္ဓအမျက် ဆိုတာကြီးကို တစ်လုံးပြီးတစ်လုံး လှမ်းပစ်လိုက်တယ်။
ပွဲကြည့်စင်က ဆရာတိတောင်..
“ကောင်းလိုက်တဲ့ လှုပ်ရှားမှု။ ကျန်းကုန်း တော်တော် ဉာဏ်ကောင်းတာပဲ”
ဆရာကျန်းကလဲ..
“ဒီကလေး တကယ့်ကို တော်တော်လေး အရည်အချင်းရှိတာ။ သူ အားပြင်းတဲ့မန္တန်ကို ရင်ဆိုင်တဲ့နေရာမှာ သွယ်ဝှက်တဲ့နည်းနဲ့ မန္တန်ရဲ့ တစ်နေရာတည်းကို အာရုံစိုက်ပြီး ကောင်းကောင်းတိုက်နေတာပဲ”
လေထုထဲမှာ ရွှေကြယ်(၉)လုံးနဲ့ မီးတောက်တွေ ထိသွားတဲ့အချိန် ပထမဆုံးကြယ်က အမြန်ဆုံး နစ်ဝင်သွားရော။ ပထမကြယ် မြုပ်တော့မယ့်အချိန် ဒုတိယ ရွှေကြယ်ရောက်လာပြီး ပထမ ကြယ်ကို ထောက်ပံ့ပေးလိုက်တယ်။ မီးပြင်းကြီးတွေ တိုးမပေါက်တဲ့အထိ ကာကွယ်နိုင်လိုက်တယ်။ မီးတောက် ပြင်းပြင်းကြီးရှေ့မှာပဲ ရွှေရောင်ကြယ်(၉)လုံး ပေါင်းသွားပြီး ဧရာမ ရွှေကြယ်ကြီး တစ်လုံး ဖြစ်သွားတယ်။ အပြင်း အပြင်းချင်း ထိတော့ အစွမ်းကုန် ပေါက်ကွဲသွားပါလေရော။ တိုက်ပွဲ ကွင်းပြင်ကြီး တစ်ခုလုံးမှာလဲ အလင်းတန်းတွေနဲ့ မီးတောက်တွေ ဖုံးသွားရော။
စစ်ဖုန့်ရီနဲ့ ကျုပ်တို့ နောက်ပြန်ဆုတ်သွားလိုက်ရတယ်။ အခုအချိန်ထိ တိုက်ကွက်တွေမှာ ဘယ်ဘက်မှ အသာစီးမရသေးဘူးဗျ။
စစ်ဖုန့်ရီကတော့ လူသစ်ငယ်ငယ်လေးနဲ့ တန်းညှိခံနေရတာကို လက်မခံနိုင်ဘဲ ဒေါသတကြီးနဲ့..
“ဖီးနစ် ထွက်လာခဲ့..”
ဒီလိုရွတ်တာကြီးက ဘာမန္တန်ပါလိမ့်။ ဖီးနစ်ဆိုတာ ဘာကြီးတုန်း။ ကျုပ်စိတ်ထဲ မေးခွန်းတွေ တန်းစီထွက်လာတယ်။
ပြိုင်ပွဲကွင်းတစ်ခုလုံး ထူးထူးခြားခြား အပူရှိန်တွေ တက်လာတယ်။ ကွင်းအပြင်က ပရိသတ်တွေတောင် အပူရှိန် အဟပ်ခံနေရတယ်။ စူးစူးဝါးဝါး အော်သံတစ်ချက်နဲ့အတူ စစ်ဖုန့်ရီခေါင်းပေါ်က လေထုထဲမှာ ဖီးနစ်ငှက်ကြီး တစ်ကောင် ပေါ်လာပါလေရော။
ဆရာကျန်းနဲ့ ဆရာတိတို့တွေ ပြိုင်တူ..
“ဒဏ္ဍာရီ မှော်သားရဲ မီးလျှံဖီးနစ်”
သူတော်စင်ကြီးတောင် မှိတ်ထားတဲ့ မျက်လုံး ပွင့်လာပြီး..
“ဒါ.. တကယ့်မီးလျှံဖီးနစ်ပဲ။ စစ်ဖုန့်ရီ ဒါကို ဘယ်လိုများ သိမ်းသွင်းခဲ့ပါလိမ့်။ သာမာန် သားရဲမဟုတ်ဘူး”
အဲ့အကောင်ကြီး ရုတ်တရက်ပေါ်လာတော့ သူပုံစံကြောင့် ကျုပ်အံ့ဩသွားတယ်။ ဒါဘာကြီးတုန်း။ လေထုကိုတောင် ပြောင်းပစ်နိုင်တယ်ဆိုတော့ တော်တော် ကြောက်ဖို့ကောင်းတာပဲ။
မီးလျှံဖီးနစ်ရဲ့ ခေါင်းပေါ်မှာ အနက်ရောင် ရောင်ခြည်စက်ဝန်းတစ်စုနဲ့ သူ့အတောင်ပံတွေကို တဖျတ်ဖျတ်ခပ်နေတယ်။ နဂိုက နီနေတဲ့ စစ်ဖုန့်ရီ ဆံပင်တွေ အဝါရောင်တောက်လာပြီး မျက်နှာတပြင်လုံး ရဲတွတ်လာတယ်။ ဒီဖီးနစ်ကို ထိန်းချုပ်ရတာ သူ့အတွက် တော်တော် ခက်ခဲတဲ့ပုံပဲ။ ဒါတောင် သူက အေးစက်စက် လေသံနဲ့..
“အခု ငါမင်းကို အဆုံးသတ်ပေးလိုက်တော့မယ်။ ပြိုင်ပွဲ စည်းမျဉ်းတွေ ချိုးဖောက်မိတယ် ဆိုရင်တောင် ငါစိတ်မဝင်စားတော့ဘူး”
စစ်ဖုန့်ရီဆီကနေ ကျုပ်ကို ခါးခါးသီးသီး သတ်ဖြတ်ချင်စိတ်တွေ ကျုပ်ခံစားလိုက်ရတယ်။ နောက်နှစ်နည်းနည်းဆို ကျုပ်ပိုအစွမ်းထက်လာပြီး အနာဂတ်ခြိမ်းခြောက်မှုတွေ ကြိုရှင်းပစ်ရမယ်ဆိုတာ သူသိနေတယ်လေ။
ကျုပ် ကြောင်တက်တက် ဖြစ်နေတာကို ဆရာတိ မြင်ပြီး..
“ကျန်းကုန်း… ရှောင်ကျင်းကို ခေါ်ထုတ်လိုက်”
ဆရာတိလဲ လက်သည်း(၅)ချောင်း ရွှေနဂါးက ဒဏ္ဍာရီလာ မှော်သားရဲကို ရင်ဆိုင်နိုင် မနိုင် မသိပေမယ့် လောလောဆယ်တော့ ဖြေရှင်းဖို့ နည်းလမ်းက ဒါပဲရှိတယ်လေ။ ဆရာတိ သတိပေးသံကြားမှ ကျုပ်လဲ…
“ဟုတ်တယ်။ သူ့မှာ ဖီးနစ်တစ်ကောင်ရှိသလို ငါ့မှာလဲ နဂါးတစ်ကောင်ရှိတာပဲ။ ငါ့မှာ ရှောင်ကျင်း ရှိသေးတာပဲ။ ရာသက်ပန် တွဲဖက်ကြီးရှောင်ကျင်း ထွက်လာခဲ့လိုက်တော့”
ရွှေရောင် အလင်းတန်းတစ်ခု လက်ပြီး ရှောင်ကျင်း ခန္ဓာကိုယ်ကြီး ပြိုင်ပွဲကွင်းထဲမှာ ပေါ်လာတယ်။
ရှောင်ကျင်း ပေါ်လာတော့ ဒဏ္ဍာရီမှော်သားရဲထင်ပြီး အကုန်အံ့ဩကုန်ကြတယ်။ ဒီလိုမျိုး ဘယ်သူက မြင်ဖူးကြလို့တုန်း။
ရှောင်ကျင်း ကျုပ်ဆီကနေ အကြောက်တရားတွေ ခံစားမိလိုက်တော့ သူမန်ဖီပြီး ကျုပ်ရှေ့ကနေ တစ်ကိုယ်လုံးကို ကာကွယ်ထားလိုက်တယ်။
“အော… မင်းမှာလဲ အစွမ်းထက်တဲ့ မှော်သားရဲ တစ်ကောင်ရှိနေတာပဲကိုး။ ဒါပေမယ့် ငါနဲ့နှိုင်းယှဉ်ရင် ဆီနဲ့ရေလို ကွာသေးတယ်။ မီးလျှံဖီးနစ် တိုက်စမ်း”
မီးလျှံဖီးနစ် အေးစက်စက် မန်ဖီပြီး ကျုပ်ကို စတိုက်တယ်။
“ရှောင်ကျင်း သွား…”
ရှောင်ကျင်း ကျုပ်စကားကို ခဏလေး မကြားချင်ယောင်ဆောင်ပြီး ရွှတ်နေတယ်။ သူဘာတွေ လုပ်နေပါလိမ့်။ စစ်ဖုန့်ရီကို အလင်းဓါးနဲ့ ခုတ်ရအောင်လဲ အချိန်ကမရှိတော့ဘူး။
============= (*^*)=============
အပိုင်း( ၁၂၂ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား