← Chapters

နဂါးနဲ့ ဖီးနစ် တိုက်ပွဲ

Vol. 9 Ch. 122

နဂါးနဲ့ ဖီးနစ် တိုက်ပွဲ

Vol. 9 Ch. 122

Child of light (ကျန်းကုန်း)

Volume 4: Chapter 32 - Battle Cry of the Dragon and Phoenix

မီးလျှံဖီးနစ် ရှေ့ကနေ တိုက်နေပေမယ့် ရှောင်ကျင်း နောက်မဆုတ်ဘဲ တိုက်ကွက်တွေကို ရှောင်နေတယ်။

စစ်ဖုန့်ရီရဲ့ မီးတောက်တွေက တိုက်ပွဲကွင်းတစ်ခုလုံးကို ဖုံးနေတာဆိုတော့ ကျုပ်လဲပါနေတယ်လေ။ ကျုပ်လဲ သနားစရာ ရုပ်လေးဖြစ်နေပြီ။

ရှောင်ကျင်း ခန္ဓာကိုယ်က ကြီးပေမယ့် သူ့ထက်ပိုကြီးတဲ့ မီးလျှံဖီးနစ်ရဲ့ ဘက်ပေါင်းစုံက မီးတောက်တိုက်ကွက်တွေကို ကာကွယ်နေရတယ်။

ကျုပ် စိတ်တွေပူလာတယ်။

“ရှောင်ကျင်း ဘာလို့ ပြန်မတိုက်တာလဲ”

လေထဲမှာ ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေရတဲ့ ရှောင်ကျင်းကို မနောကနေ လှမ်းမေးလိုက်တယ်။ မီးလျှံဖီးနစ်နဲ့ ဆက်နွယ်နေတယ် ခံစားရလို့ ပြန်မတိုက်တာတဲ့လေ။ သေပြီ။ စစ်ဖုန့်ရီ ရှေ့မတိုးဘဲ မီးလျှံဖီးနစ်ရဲ့ စွမ်းအားတွေကိုပဲ အစွမ်းကုန် ဆက်ကာဆက်ကာ အသုံးချနေတော့တယ်။

စစ်ဖုန့်ရီ မီးလျှံဖီးနစ်ကို ဆင့်ခေါ်ထားရတာဆိုတော့ သူ့မှော်စွမ်းအားတွေကို အလွန့်အကျွံသုံးနေရတာဆိုတော့ တော်တော်လေး အခြေအနေ ဆိုးရွားလာတယ်။ အချိန် တော်တော်ကြာတဲ့အထိ မီးလျှံဖီးနစ်က ရှောင်ကျင်းကို အနိုင်မယူနိုင်သေးဘဲ ဘတပြန်ကျားတပြန် တိုက်နေတာတွေ့တော့ သူ့တိုက်ကွက်တွေ ရပ်လိုက်တယ်။ ပြီးတော့ အမောတကော အသက်ရှုနေလေရဲ့။

ကျုပ်မှော်စွမ်းအားတွေ စုစည်းဖို့ ဒီအချိန်လေးကိုပဲ အသုံးချလိုက်တာပေါ့။

မီးလျှံဖီးနစ်က ကြမ်းတမ်းလွန်းတော့ ရှောင်ကျင်း အခြေအနေလဲ ပိုဆိုးလာတယ်လေ။ သူ့ရွှေရောင် အကြေးခွံ နည်းနည်းတောင် ကျိုးကျေပြီး မီးလောင်ကွက်တွေကနေ အစိမ်းရောင်အခိုးတွေ ထွက်နေသေးတယ်။

စစ်ဖုန့်ရီ ရှက်ပြုံး ပြုံးပြီး..

“ကောင်းတယ်။ ကောင်လေး မင်းဒီလောက်ကြာအောင် တောင့်ခံနိုင်သေးတယ်ပေါ့။ အို ဘုရားသခင်။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကြီးအား ကိုယ်တော်၏ တန်ခိုးတော်မြတ်ကို ပေးသနားတော်မူပါ”

သူ ရွတ်နေတုန်း စစ်ဖုန့်ရီ ခန္ဓာကိုယ်မှာ တောက်နေတဲ့ အနီရောင် မိးတောက်တွေက မီးခိုးရောင်ကို ပြောင်းသွားတာ အံ့ဩတကြီး မြင်လိုက်ရတယ်။ သူ့ ဆံပင်ဝါတွေတောင် ထူးဆန်းတဲ့ မီးခိုရောင်ဖြစ်ကုန်တယ်။

သူတော်စင်ကြီး ထရပ်ပြီး..

“ဒါ တော်တော် ယုတ်မာတဲ့ အငွေ့အသက်တွေပဲ။ စစ်ဖုန့်ရီကို နတ်ဆိုးစွမ်းအားတွေ ထိန်းချုပ်သွားပြီ”

စစ်ဖုန့်ရီ ကျေကျေနပ်နပ်ကြီး ပြုံးပြီး..

“ငါ့လမ်းကို ပိတ်တဲ့သူမှန်သမျှ အကုန်သတ်ပစ်မယ်”

သူ့ခန္ဓာကိုယ်က မီးခိုရောင် စွမ်းအင်လှိုင်းတွေ ထွက်လာပြီး ကျုပ်ကို တိုက်တော့တာ။

“အို လင်းရောင်ခြည်… ကျေးဇူးပြုပြီး ကျုပ်ရှေ့က နတ်ဆိုးစွမ်းအားတွေကို တားဆီးဖို့ မြင့်မြတ်သော ရောင်ခြည်စက်ဝန်းအဖြစ် သင်၏ အဆုံးမဲ့ စွမ်းအားတွေကို ပြောင်းလဲပစ်လိုက်စမ်းပါ”

ကျုပ် ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းတန်းတွေ ပြွတ်သိပ်နေအောင် အုပ်ပြီး မီးခိုးရောင်စွမ်းအားတွေကို ပိတ်ဆို့ထားလိုက်တယ်။ ကျုပ်ဘဝထဲကို ဒေါသတစ္ဆေတွေ မရေတွက်နိုင်အောင် ဝင်လာသလိုမျိုး အေးစက်စက်အသံတွေ ကြားလိုက်ရတယ်။ မြင့်မြတ်တဲ့ ရောင်ခြည်စက်ဝန်းတောင် နတ်ဆိုးစွမ်းအားတွေ တဖြည်းဖြည်း ဖိနှိပ်လာလိုက်တာ ကြာရှည်ခံနိုင်မှာ မဟုတ်လောက်တော့ဘူး။

“တုန်းလိုက်တာ။ ဒီတိုက်ကွက်ကို ကာကွယ်နိုင်မယ့် မန္တန်ဆိုတာ မရှိသေးဘူးကွ။ ရပ်လိုက်တော့။ မဟုတ်ရင် မင်းသေလိမ့်မယ်”

မြင့်မြတ်တဲ့ စက်ဝန်းရောင်ခြည် ပျက်သွားတာနဲ့ ကျုပ်ဘဝဆုံးပြီးပြောတာ အမှန်ပဲဗျ။ သေခြင်းရှင်ခြင်း မျဉ်းကြောင်းပေါ် ရောက်နေတဲ့အချိန်ကျမှ ဆရာတိ၊ မူကျီ၊ ကျုပ်ချစ်ရတဲ့ မိဘ (၂)ပါးကို တွေးလိုက်မိတယ်။ သေခြင်းတရားနဲ့ ရင်ဆိုင်ရချိန်ကျမှ မူကျီကို ကျုပ်တစ်ကယ်ချစ်မိသွားမှန်း နားလည်သွားတယ်။

မြင့်မြတ်သော စက်ဝန်းရောင်ခြည်က ကျုပ်ခန္ဓာကိုယ်ပေါ်မှာ (၁)လက်မလောက် ထုလေးပဲကျန်တော့တယ်။ ဆရာတိ၊ ဆရာကျန်းနဲ့ ဆရာလုံတို့တွေ စိုးရိမ်တကြီး ကြည့်နေကြပြီ။ သူတို့တွေ ပြိုင်ပွဲကွင်းထဲဝင်ပြီး ကျုပ်ကို ကူချင်ပေမယ့် ပြိုင်ဖက် အဖွဲ့က တားထားကြတယ်လေ။

ရှောင်ကျင်း ကျုပ်မှာ အသက်အန္တရာယ်ထဲ ရောက်နေပြီဆိုတာ ခံစားမိသွားတော့ ဒေါသထွက်သွားတယ်။ မီးလျှံဖီးနစ်နဲ့ မိသားစု ခံစားချက်တွေရှိနေတာကို ဂရုမစိုက်တော့ဘဲ ပြင်းပြင်းထန်ထန် ပြန်တိုက်တော့တယ်။ ဖီးနစ်ကို နိုင်တော့မယ်ဆိုတာ မြင်လိုက်ရတော့ ကျုပ် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး သူ့ရဲ့ စွမ်းအားတွေနဲ့ ပေါင်းစပ်နေတဲ့ အနက်ရောင် စွမ်းအားတွေအကြောင်း တွေးမိသွားတယ်။ ‘သူ့စိတ်ဝိညာဉ်ကို တံဆိပ်ခပ်ခံထားရတာလား”

ကျုပ် လျှာကိုကိုက်ပြီး မြင့်မြတ်သော စက်ဝန်းရောင်ခြည်ပေါ်ထွေးရင် အသံအကျယ်ကြီးနဲ့..

“ရှောင်ကျင်း မှော်စက်ဝန်းကို ရအောင်ချိုး”

ရှောင်ကျင်း မီးလျှံဖီးနစ်ကို ရွှေရောင်အလင်းတန်းနဲ့ ပစ်ဖြစ်အောင် ပစ်ခဲ့လိုက်တယ်။ မီးလျှံဖစ်နစ်လဲ သူ့ခေါင်းပေါ်ရောက်နေတဲ့ ရောင်ခြည်စက်ဝန်း သူ့မီးမှော်ပညာက ဘာမှမတတ်နိုင်လိုက်ဘူး။ မီးလျှံဖီးနစ် လေထဲမှာ နာနာကျင်ကျင် အော်ဟစ်နေရတော့တယ်။ ပြီးတော့ ဝမ်းသာအားရအော်သံနဲ့ သူ့တကိုယ်လုံး တုန်ကနဲ ဖြစ်သွားပြီး အရွယ်အစားလဲ နှစ်စတိုးလာတယ်။

ဒီအချိန်မှာပဲ ကျုပ်ရဲ့ မြင့်မြတ်သော စက်ဝန်းရောင်ခြည်လဲ ပြိုကွဲသွားပေမယ့် ကျုပ်သေသွားသလိုမျိုးတော့ မခံစားလိုက်ရဘူး။ စောစောက ကျုပ်မျက်လုံးတွေ မှိတ်ထားရာကနေ ပြန်ဖွင့်ပြီး စစ်ဖုန့်ရီကို ကြည့်လိုက်တယ်။

သူ့ပုံစံကြီးက တော်တော် ကြောက်စရာကောင်းပြီး ဒွါရ(၇)ပေါက်ကနေတောင် သွေးတွေ စီးကျလာတယ်။ သူ ခပ်တိုးတိုးနဲ့..

“ကောင်းတယ်။ ကောင်းတယ်။ သိပ်ကောင်းတယ်။ မင်း မီးလျှံဖီးနစ်ရဲ့ ချိတ်တံဆိပ်ကို ဖျက်စီးပစ်လိုက်တယ်ပေါ့။ ငါမင်းကို လုံးဝ ခွင့်မလွှတ်ဘူးကွ”

မီးလျှံဖီးနစ်ရဲ့ ချိတ်တံဆိပ် ရိုက်ချိုးခံလိုက်ရတော့ စစ်ဖုန့်ရီကို တန်ပြန် စွမ်းအား ထိသွားတဲ့ပုံပဲ။ သူကျုပ်ကို သတ်ဖို့ အခွင့်အရေး ဆုံးရှုံးသွားတဲ့အပြင် ဒဏ်ရာ အပြင်းအထန်ရသွားတယ်လေ။

စစ်ဖုန့်ရီ လူအားလုံးကို ဝှေ့ကြည့်ပြီး အေးစက်စက်ရယ်ရင်း..

“ငါ့သခင် သူ့အစွမ်းတွေ ပြန်ရတာနဲ့ မင်းတို့လူမိုက်တွေကို နိဂုံးချုပ်ပေးလိမ့်မယ်”

အကုန်လုံး လန့်သွားကြတယ်။ မြို့စား ထီယိလဲ ကျုပ်တို့အဖွဲ့ကို တာနေတာတွေ ရပ်လိုက်ပြီ။ စစ်ဖုန့်ရီရဲ့ ခြေထောက်အောက်မှာ အနက်ရောင် ဆဋ္ဌဂံဝင်္ကပါတစ်ခု ရုတ်တရက်ပေါ်လာတယ်။

“မင်းစောင့်နေ။ ငါပြန်လာခဲ့မယ်”

ဆရာကျန်းက..

“သူ့ကိုတားထား။ ဟာကွာ လွတ်သွားပြီ..”

စစ်ဖုန့်ရီ မှော်ဝင်္ကပါထဲ ပျောက်သွားပြီလေ။

မင်းသားခယ်ကျာ မြို့စားထီယိကို..

“ထီယိ ဘာတွေဖြစ်နေတာလဲ။ ရီမိသားစု ခေါင်းဆောင်က ဘာလို့ ဒီလိုဖြစ်သွားတာလဲ”

မြို့စား ထီယိလဲ အစပိုင်းကလို မောက်မာတဲ့ အမူအရာတွေမရှိတော့ဘူး။

“ဒါ ဘယ်လိုဖြစ်တာလဲ။ ဒါ ဘာကြောင့်လဲ”

သွမ့်ယုရှီးပါ ဝင်ပြောလာတယ်။

“မင်းသား၊ ဘာလို့ဒီလိုဖြစ်တယ်ဆိုတာ ကျုပ်တကယ်မသိပါဘူး။ ဒီပြိုင်ပွဲမှာ ကျုပ်တို့ ရှုံးပါတယ်”

သူ အဲလိုပြောပေမယ့် ကျုပ်တို့တွေ အောင်ပွဲရဲ့ ပျော်ရွှင်မှု မခံစားရဘူး။

မီးလျှံဖီးနစ်က ကြင်ကြင်နာနာအသံနဲ့..

“လူသားမျိုးနွယ်တို့.. နတ်ဆိုးအင်အားစုတွေရဲ့ ခေါင်းဆောင်က တစ်ကမ္ဘာလုံးကို ကျူးကျော်ဖို့ စီစဉ်နေတယ်ဆိုတာ သင်တို့တွေ သိရဲ့လား။ ဒါကို တွန်းလှန်နိုင်ဖို့ဆိုရင် သင်တို့တွေ စည်းစည်းလုံးလုံး ရှိနေမှ ဖြစ်လိမ့်မယ်”

ရှောင်ကျင်းလဲ ထောက်ခံတဲ့အနေနဲ့ ဟစ်ကြွေးနေပြန်ရော။

မီးလျှံဖီးနစ်က အမှန်တွေ ပြောသွားတာ။ ဆရာတိ ကွင်းထဲဝင်လာပြီး စွမ်းအင်တွေ လုံးဝကုန်ခမ်းနေတဲ့ ကျုပ်ကို မှော်စွမ်းအားနဲ့ ကုပေးတယ်။

သူတော်စင်ကြီးက..

“မှော်သားရဲကြီး မင်းဘာကို ဆိုလိုတာလဲ”

လေထဲက မီးလျှံဖီးနစ် သူ့အရွယ်အစားကို အစောကအတိုင်း ပြန်ကျုံ့လိုက်ပြီး..

“ငါ့ကို ရှေးခေတ် နတ်ဆိုစွမ်းအားတစ်ခုနဲ့ ချိတ်ပိတ်ထားတာဆိုတော့ သူတို့အမိန့်တွေအတိုင်း နားထောင်ယုံကလွဲပြီး မတတ်နိုင်ခဲ့ဘူး။ နဂါးဘုရင် ချိတ်တံဆိပ်ကို ချိုးဖျက်ပေးလို့သာ ကံကောင်း ငါလွတ်လပ်မှုပြန်ရခဲ့တာ။ ဟိုးအတိတ်က ဟိုးအတိတ်တုန်းက စစ်ရှုံးသွားတဲ့ နတ်သူငယ်တွေကိုလဲ လွတ်မြောက်အောင် အကူအညီပေးမယ်လို့ မျှော်လင့်ပါတယ်။ နောက်ဆို အမှောင်အင်အားစုတွေ ပေါ်လာတော့မှာဆိုတော့ သတိထားကြပါ။ နောက်ဆုံးအနေနဲ့ နဂါးဘုရင်ကို ကျေးဇူးအထူးတင်ပါတယ်။ ဒီကျေးဇူးကို တနေ့နေ့ သေချာပေါက် ပြန်ဆပ်မှာပါ”

ဒါတွေပြောပြီးတာနဲ့ မီးလျှံဖီးနစ် ချက်ချင်း ပျောက်သွားပြီး လေထုလဲ အေးစိမ့်မှုတွေ ပြန်ဖြစ်သွားတယ်။

============= (*^*)=============

အပိုင်း( ၁၂၃ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters