← Chapters

အနာဂတ်ဆိုတာ နိဂုံးရဲ့ အကြို

Vol. 9 Ch. 123

အနာဂတ်ဆိုတာ နိဂုံးရဲ့ အကြို

Vol. 9 Ch. 123

Child of light (ကျန်းကုန်း)

Volume 4: Chapter 33 - The Future is a Foregone Conclusion

ကျုပ်စွမ်းအားတွေ နည်းနည်း ပြန်ရလာပြီ။ မီးလျှံဖီးနစ်ပြောတဲ့ နတ်ဆိုးအင်အားစုရဲ့ ခေါင်းဆောင် ဘယ်သူဆိုတာ ကျုပ်သိတယ်။ အဲဒါ မွန်းစတားဘုရင်ပေါ့။ ကျုပ် အရမ်းအားနည်းနေသေးတာဆိုတော့ ရှောင်ကျင်းကို ခက်ခက်ခဲခဲ ပြန်သိမ်းလိုက်ရပေမယ့် သူ့အကြောင်း လူတွေ သိပ်မသိလိုက်ဘူးပေါ့။

“အနောက်က လာတာတဲ့လား”

မင်းသား ခယ်ကျာက..

“သားရဲမျိုးနွယ်နဲ့ မှော်မျိုးနွယ်စုတွေ အနောက်နိုင်ငံမှာ နေတာမဟုတ်ဘူးလား။ မှော်မျိုးနွယ်စုကများ လူသားမျိုးနွယ်တွေဆီ ကျူးကျော်ချင်နေတာ ဖြစ်နိုင်မလား”

သူတော်စင်ကြီးက..

“ဒီပြိုင်ပွဲကတော့ တရားဝင်ပြီးသွားပြီ။ တော်ဝင်မင်းသားအနေနဲ့ နိုင်ငံတော်ကို အုပ်ချုပ်ခွင့် ရရှိသွားပါပြီ။ ကန့်ကွက်စရာ မရှိဘူးမို့လား"

ယွဲ့၊ ရှင်း မိသားစုခေါင်းဆောင်တွေနဲ့ မြို့စားထီယိတို့အားလုံး ခေါင်းခါလိုက်ကြတယ်။ မြို့စားထီယိကိုယ်တိုင် ဒီပွဲမှာ ရှုံးသွားပြီဆိုတာ သိနေတယ်လေ။ သူတို့တွေ ဆိုးဆိုးဝါးဝါးကို ရှုံးသွားတာလေ။ အဖြေကို ပြောင်းနိုင်လောက်အောင် ခွန်အား နည်းနည်းမှ မရှိတော့ဘူး။ သူ့မျက်နှာ ဖြူလျော့နေတဲ့အပြင် သွမ်းယုရှီး လက်ပေါ် လဲကျသွားလေရဲ့။

ဘယ်သူမှ ကန့်ကွက်တာမမြင်တော့ သူတော်စင်ကြီးက..

“အရှင်မင်းသား ဒီဒဏ္ဍာရီ သားရဲကြီးရဲ့စကားတွေကို မှတ်မိနေဖို့ မျှော်လင့်ပါတယ်။ နောက်ဆို အမှောင်အင်အားစုတွေကို တိုက်ထုတ်ဖို့ နိုင်ငံတော် ကာကွယ်ရေးအင်အားတွေ ကောင်းသည်ထက်ကောင်းအောင် တိုးမြှင့်ဖို့ လိုပါလိမ့်မယ်”

မင်းသား ခယ်ကျာ သူတော်စင်ကြီးကို လေးလေးနက်နက် ဂါရဝပြုရင်း..

“သူတော်စင်ကြီးနဲ့ မှော်သခင်ကြီးတွေအားလုံး စိတ်မပူကြပါနဲ့။ နိုင်ငံတော်ကို ခိုင်ခံ့အောင် စစ်အင်အား တိုးမြှင့်သွားမှာပါ။ ကျူကျော်လာတဲ့ ရန်သူတွေကို တားစီးနိုင်ဖို့နဲ့ နိုင်ငံတော် စွမ်းအား မြှင့်တင်နိုင်ရေးအတွက် အိုက်ရှားနိုင်ငံသူ/သား အားလုံးကို ဦးဆောင်မှုပေးသွားမှာပါ”

“ကောင်တယ်။ သင်ဒီနေရာမှာ ပြောခဲ့သမျှ စကားလုံးတွေကို အမြဲသတိရနေဖို့ မျှော်လင့်ပါတယ်”

ဆရာတိ အကူအညီနဲ့ ကျုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေ တဖြည်းဖြည်းပြန်ကောင်းလာတယ်။ ကျုပ်ထပြီး ကျန်တဲ့သူတွေနဲ့အတူ ထွက်ဖို့လုပ်တော့ သူတော်စင်ကြီးက တားထားတယ်။

“ကျန်းကုန်း။ မင်းဒီမှာ ခန နေအုံး”

အာ.. ကျုပ် သူတော်စင်ကြီးကို အံ့ဩတကြီးကြည့်မိပြီးတော့ ဆရာတိကို လှည့်ကြည့်လိုက်တယ်။ ဆရာတိ ခေါင်းညိတ်ပြီး တခြားသူတွေအနဲ့အတူ ထွက်သွားရော။

သူတော်စင်ကြီးကို စစ်စစ်ပေါက်ပေါက် ကြည့်လိုက်တယ်။ စင်တီမီတာ (၁၇၀)လောက်ပဲရှိတဲ့ သူ့အရပ်က ကျုပ်ပခုံး အထိပဲ ရှိတယ်။ သူကျုပ်ကို ကြင်ကြင်နာနာကြည့်ပြီး..

“ကလေး။ မင်းရဲ့ မှော်သားရဲက နဂါးဖြစ်ရမယ်။ မင်းဘယ်လို ရခဲ့တာလဲဆိုတာ ငါ့ကို ပြောပြလို့ရမလား”

ကျုပ် ကြောင်တက်တက်နဲ့ ကြည့်နေမိပေမယ့် ဒီလို ကြင်နာတတ်တဲ့ လူအိုကြီးကို မလိမ်ညာချင်ဘူးလေ။ မှော်သားရဲကို ဘယ်လိုရလာတယ်၊ ရှောင်ကျင်း ဘယ်လို မွေးဖွားလာရတယ် ဆိုတာတွေ အသေးစိတ် ပြန်ပြောပြလိုက်တယ်။ ရှောင်ကျင်း အချိန်တိုအတွင်း အရွယ်ရောက်လာနိုင်အောင် ကျုပ်သက်တမ်း တစ်ဝက် ပေးလိုက်တာပါ ချန်မထားတော့ဘူး။

သူတော်စင်ကြီး ကျုပ်ပြောနေတာတွေကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ပြီး..

“မင်း တကယ်ကို ကြင်နာတတ်တဲ့ ကလေးပဲ။ နဂါးက မင်းကို သူငယ်ချင်းလို ဆက်ဆံနေတာ အံ့ဩစရာ မရှိတော့ပါဘူး။ ဒါပေမယ့် ဒီလို ဖြေရှင်းလိုက်တာက မင်းရော နဂါးအတွက်ပါ ထိခိုက်စေတယ်။ အဲလိုမျိုး ဘဝမျှဝေမှုဆိုတာ ငါကောင်းကောင်းသိတာပေါ့။ လောင်လွင် တော်တော် ရှုတ်တဲ့ကောင်းပဲ။ ဒီလို မန္တန်ကို ဘယ်လိုများ လွယ်လွယ်သုံးလိုက် တာပါလိမ့်”

ကျုပ် ခေါင်းကုတ်ရင်းနဲ့..

“ဆရာတိမှာ တခြားရွေးစရာမရှိတော့လို့ပါ။ ဒီလိုမျိုး ဘဝမျှဝေခြင်း မန္တန်သာမသုံးရင် ရှောင်ကျင်း တကယ် သေသွားလိမ့်မယ်။

“မင်းက ဘဝမျှဝေခြင်း မန္တန်သုံးလိုက်တဲ့အတွက် မင်းနဂါးက မင်းအသက်စွမ်းအားတွေကို သုံးနေတာဆိုတော့ မင်းရဲ့ သက်တမ်း တဖြည်းဖြည်းကုန်သွားတယ်။ သာမန် လူတစ်ယောက်က ပျမ်းမျှ အသက်(၁၂၀)ရှည်မယ်ဆိုရင် အခုဆို မင်းက အသက်(၆၀)လောက်ပဲ နေနိုင်တော့မယ့်အပြင် မင်းရော နဂါးပါ အတူတူ ဇာတ်သိမ်းရမှာ”

“အရေးမကြီးပါဘူး။ အနှစ်(၆၀)လောက် ဆိုရင်တောင် ကျုပ် နောင်တမရပါဘူး”

ခံစားချက် နွေးနွေးတွေ ကျုပ်နှလုံးသားထဲက ထွက်လာတယ်။ ကျုပ်စကားကြားပြီး ကျုပ်ကို ကျေးဇူးတင်တဲ့ အငွေ့အသက်တွေ ရှောင်ကျင်းဆီကဆိုတာ ကျုပ်သိတာပေါ့။

“ကလေး။ သိပ်မကြာခင်မှာပဲ မင်းရဲ့ ခေတ်ဖြစ်တော့မယ်လို့ ဟောကိန်းတစ်ခု တွေ့ခဲ့ရတယ်။ မင်းရဲ့ ကြင်နာတတ်တဲ့ စိတ်သဘာဝကို အချိန်ကြာအောင် ထိန်းသိမ်းထားရမယ်ဆိုတာ မင်းသိထားရမယ်နော်။ ဒါကပဲ အောင်ပွဲရဖို့ အရေးကြီးဆုံး လက်နက်တစ်ခု ဖြစ်လာလိမ့်မယ်။ ကတ်ဘေးကြီး ပြီးသွားရင် သတ္တဝါ မျိုးကွဲတွေ အများကြီး ကျန်နိုင်ဖို့ပဲ မျှော်လင့်ရမှာပေါ့”

သတ္တဝါတွေနဲ့ လူသားတွေအားလုံးရဲ့ ကံကြမ္မာကို ဂရုဏာထားတဲ့ သူတော်စင်ကြီးရဲ့ ပြောစကားတွေက ကျုပ်ကို တွန်းအားပေးနေသလိုပဲ။ ကျုပ် သူ့လက်ကိုင်ပြီး..

“စိတ်မပူပါနဲ့။ ကျုပ် သေချာပေါက် လုပ်မှာပါ”

ကျုပ် ပြောနေတုန်း သူတော်စင်ကြီးရဲ့ လက်ကနေ ပြင်းထန်တဲ့ စွမ်းအားတစ်ခု ကျုပ်ခန္ဓာကိုယ်ထဲကို တိုးဝင်သွားတယ်။ ကျုပ်မသိသေးတဲ့ စွမ်းအားတွေနဲ့ ရောထွေးနေတဲ့ပုံပဲ။ ဒါ သန့်ရှင်းသော ဓါးရဲ့ စွမ်းအားတွေလို့ ထင်လိုက်မိတယ်။ ကျုပ်ခန္ဓာကိုယ်ကနေ သူတော်စင်ကြီးရဲ့ မျက်လုံးတွေထဲကလိုမျိုး အလင်းတန်းတွေ ပြင်းပြင်းထန်ထန် ထုတ်လွှတ်လိုက်မိတယ်။

ကျုပ် တစ်ကိုယ်လုံး မီးဖိုကြီးထဲ ရောက်သွားသလိုပဲ။ ပူလောင်နေပေမယ့် တွန်းလှန်နိုင်စွမ်းလဲ မရှိပြန်ဘူး။

“ဒါ အမွေခံ စွမ်းအားတွေပဲ”

သူ့စွမ်းအားတွေ တဖြည်းဖြည်း ပြန်ဆုတ်သွားတယ်။ အလင်းရောင် တောက်တောက်တွေဟာ ရွှေရောင် အလင်းတန်းတွေအဖြစ် ပြောင်းသွားပြီး ကျုပ်ခန္ဓာကိုယ်ထဲကို ဝင်လာကြတယ်။ ကျေနပ်တဲ့ခံစားမှုတစ်ခု ပေါ်လာတယ်။ ရင်ပြည့် ရင်ကယ်ပုံစံ လိုလိုကြီးတောင် ဖြစ်သွားတယ်။ ပြိုင်ပွဲမှာကုန်သွားတဲ့ မှော်စွမ်းအား တော်တော်များများ ပြန်ပြည့်သွားတဲ့ ပုံပဲ။

“သူတော်စင်ကြီး။ ကျုပ်ကို ဘာလုပ်လိုက်တာလဲ”

ဒါထက် အံ့ဩစရာတောင် ဒီလောက် အံ့ဩစရာမကောင်းဘူးလေ။ တော်တော် စိတ်လှုပ်ရှားဖို့ကောင်းတယ်။ သူကျုပ်လက်ကို ခပ်တင်းတင်းကိုင်ပြီး..

“ကျန်းကုန်း။ မင်းအရင်တုန်းက နတ်ဘုရားနဲ့ တွေ့ဘူးလား”

ကျုပ် ခေါင်းညိတ်ပြီး နတ်ဘုရားဘုရင်နဲ့ တွေ့ခဲ့တာတွေကို တစ်ချို့တဝက်ကလွဲရင် အကုန်ပြောပြလိုက်တယ်. ဂူထဲမှာတုန်းက ရွှေရောင်အလင်းတန်းတွေ တောက်နေတယ်လောက်ပဲ ပြောလိုက်တာ။

ဒါကို သူတော်စင်ကြီး အချိန်တော်တော်ကြာအောင် စိတ်လှုပ်ရှားနေတာ။ အရင်က နတ်ဘုရားဘုရင် ကျုပ်ကို စွမ်းအား တစ်ချို့ပေးခဲ့ဘူးတယ်လေ။ မသေမျိုး ခန္ဓာကို ပြောင်းနိုင်စွမ်းရှိတဲ့ နတ်ဘုရားဘုရင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တဲ့ စွမ်းအားတွေပေါ့။ သူ ကျုပ်အတွက် ကျင့်ကြံမှု တစ်ချို့တစ်ဝက်ပြီးဖို့နဲ့ နောက်နောင် လေ့ကျင့်မှုမှာ အကျိုးကျေးဇူး များအောင် နည်းနည်းလေး ကူညီခဲ့တာပေါ့။ ကျုပ်ခန္ဓာကိုယ်ကို နတ်ဘုရားဘုရင် ပြောင်းလဲထားတာသူမသိတော့ သူ့စွမ်းအားတွေက ပြန်လည် ကုစားရေးဘက်ကို အကျိုးသက်ရောက်သွားတာလေ။

“ကျန်းကုန်း။ မင်း နတ်ဘုရားဘုရင်ရဲ့ နှစ်သက်မှု ရထားတာပဲ”

သူတော်စင်ကြီး ကျုပ်ကို အကြိမ်တစ်ထောင်လောက် ကိုင်မြှောက်ပြီး ဆုတောင်းနေလိုက်တာ ကျုပ်ဖြင့် မူးသွားတာပဲ။ ဒါပေမယ့် နတ်ဘုရားဘုရင်ကို ယုံကြည်ပြီး သူ့တစ်ဘဝလုံး နစ်မြုပ်ထားတာဆိုတော့လဲ အပြစ် မပြောသာတော့ပါဘူးလေ။

ကျုပ် မောကြီးပန်းကြီးနဲ့ သူတော်စင်ကြီးကို ထားခဲ့လိုက်တယ်။ ရီမီသားစုခေါင်းဆောင်နဲ့ တိုက်ပွဲဝင်ခဲ့ရတာတောင် ဒီလောက် မောမယ်မထင်ဘူး။

လေ့ကျင့်ရေး ကွင်းထဲက ထွက်လာတော့ မာခယ်ဆွဲထားတာ ခံရပြန်ရော။

“အစ်ကိုကြီး။ သူတော်စင်ကြီး မင်းကို ဘာတွေ ပြောတာတုန်း”

“အဲ့ သေကာနီး အဘိုးကြီး ဒေါသထွက်သွားတာကွ။ ငါ့တို့ စကားပြောရင်းနဲ့ စကားတစ်လုံးထဲကို ထပ်ချီးတလဲလဲ ပြောနေတော့တာ။ သူတော်စင်ကြီးက ဘယ်သူ့မှ ပြန်မပြောရဘူးဆိုတော့ မေးမနေနဲ့တော့ကွာ။ ဒါလဲ သိပ်တော့ အရေးမကြီးပါဘူး။ ဟုတ်သားပဲ.. မင်း ဘာလို့ ဒီမှာ ငါ့ကို စောင့်နေတာလဲ”

“အမှန်ပေါ့။ ပြဿနာတွေ ပြီးပြီဆိုတော့ အောင်ပွဲခံမယ်လေ။ ငါ့အဖေ ဒီလို ပျော်နေတာ တခါမှ မတွေ့ဖူးသေးဘူး။ ကြည့်ရတာ ကလေးလေးလိုပဲကွာ။ ဆရာတို့လဲ မင်းသားစံအိမ်ကိုသွားနေကြပြီ။ မြန်မြန်လိုက်သွားရအောင်”

ကောင်းတာပေါ့။ သူ တိုင်းပြည်ကို အုပ်ချုပ်ခွင့် ရသွားပြီလေ။ သူ့အာဏာအတွက် တိုက်ပွဲဝင်တုန်းကထက် ဘုံကိုးဆင့်ပေါ်ထိ ကြွနေမှာ သေချာတယ်။

“ကောင်းပြီလေ။ သွားကြတာပေါ့။ စားစရာ တွေ အများကြီး ရှိတယ်မို့လား”

“အမှန်ပေါ့။ မင်း ကျေနပ်တဲ့အထိ စားဖို့ လုံးလောက်ရမယ်။ အစ်ကိုကြီး မင်းအရင်လိုပဲနော။ စားစရာနဲ့ တွေ့ရင် မျက်လုံးတွေ မီးဝင်းဝင်းတောက်နေတာပဲ”

============= (*^*)=============

အပိုင်း( 124 )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters