← Chapters

အကောင်းဆုံး သစ်သီးဝိုင်

Vol. 9 Ch. 125

အကောင်းဆုံး သစ်သီးဝိုင်

Vol. 9 Ch. 125

Child of light (ကျန်းကုန်း)

Volume 4: Chapter 35 - Excellent Fruit Wine

ဆရာကျန်း ရယ်ရင်းနဲ့…

“မူကျီ။ နောက်ဆို နင်တို့ လူငယ်တွေခေတ်ဖြစ်တော့မှာဆိုတော့ ယဉ်ကျေးနေစရာ မလိုပါဘူး။ ဒါပေမယ့် နင့် လေ့လာကျင့်ကြံရေးကို ထိခိုက်အောင်တော့ မလုပ်မိစေနဲ့။ လောင်လွင်စီက ငါကြားထားရသလောက်တော့ ကျန်းကုန်း တော်တော်ပျင်းဆိုပဲ။”

ဘေးနားက ဆရာလုံက..

“အဘိုးကြီး၊ မင်း ကိုယ့်ထက်အကြီးတွေကို လေးစားမှုမရှိပါလားဟ”

“ကဲကဲ ကလေးတွေကို စနောက်နေတာတွေ ရပ်လိုက်ကြပါတော့”

နောက်ဆုံး မင်းသားမနေနိုင်တော့ဘဲ ဝင်ထိန်းပေးလိုက်ရတယ်။

ဆူညံ့နေတဲ့ အခန်းတစ်ခုလုံး အသိတိတ်သွားတယ်။ ပြီးမှ မင်းသားက..

“ဒီပွဲ ကျင်းပပေးရတဲ့ အဓိက အကြောင်းအရင်းက မှော်သခင်းကြီးတစ်ချို့ကို အထူးကျေးဇူးတင်ကြောင်း ပြချင်လို့ပါပဲ”

မင်းသားအနေနဲ့ အာဏာလုပွဲအကြောင်း တိုက်တိုက်မပြောပေမယ့် စားပွဲကိုလာတဲ့ လူတွေထဲက အများစုကတော့ အနည်းနဲ့အများဆိုသလို သိထားကြပြီးသားတွေ။

“အားလုံး ထိုင်ကြပါ။ အကူတွေ စားပွဲတွေ ယူလာခဲ့တော့”

ကျုပ် မူကျီကို တိုးတိုးလေးကပ်ပြီး..

“ငါတို့တွေ စားကြတော့မှာ။ နင် နဲနဲတော့ ထိန်းအုံးနော်”

မူကျီ မျက်နှာလေး ရဲသွားပြီး စားပွဲအောက်ကနေ ကျုပ်ကို လိမ်ဆွဲပါလေရော။

မင်းသား သူ့ဧည့်သည်တော်တွေကို ဘယ်လို ပေါင်းသင်းဆက်ဆံရမယ်ဆိုတာ တော်တော်သိတာပဲ။ ခနပဲရှိသေးတယ် စားပွဲကြီးတွေပေါ်မှာ အထူးစားဖွယ်ရာမျိုးစုံနဲ့ ပြည့်နှက်သွားရော။ မင်းသား မတ်တပ်ရပ်၊ ဝိုင်ခွက်ကိုင်မြောက်ရင်း..

“သင်တို့တွေထဲက တစ်ယောက်ယောက် မရှိရင်ကိုပဲ အိုက်ရှားနိုင်ငံရဲ့ အနာဂတ်ဆိုတာ ရှိမှာမဟုတ်တော့ပါဘူး”

ဦးဆောင်ကျင်းပသူ တစ်ယောက်အနေနဲ့ သူအရင်ဆုံး စရတာပေါ့။ ကျန်တဲ့ လူတွေအကုန်လုံးလဲ မတ်တပ်ရပ်ပြီး ဝိုင်ခွက်တွေ ကိုင်လိုက်ကြတယ်။

“မင်းသား ခယ်ကျာ။ ကျုပ်မှာ အရမ်းကောင်းတဲ့ ဝိုင်တစ်ပုလင်းရှိတယ်။ ဒီနေ့ အရမ်းပျော်စရာကောင်းတဲ့ နေ့ဆိုတော့ ဒီဝိုင်ကို မြည်းစမ်းစေချင်တယ်”

မင်းသားက..

“အို့… တော်တော် ကောင်းတဲ့ ဝိုင်တဲ့လား။ မင်း ငါတို့ကို မြည်းစေချင်တဲ့ ဝိုင်က ဘယ်လိုမျိုးပါလိမ့်”

ဆရာတိ ဝင်ပြီး..

“လူမိုက်။ မင်းမှာ ဘယ်လိုလုပ်ပြီး ဝိုင်ကောင်းကောင်း ရနိုင်မလဲ။ မင်းသားရဲ့ ဝိုင်နဲ့ ယှဉ်လို့ရမယ်ထင်နေတာလား”

ဆရာတိ အစကတည်းက ကျုပ်ကို ဒီဝိုင်မှာ မထိုင်စေချင်တာ။ ပင်မစားပွဲကြီးဘေးက သူ့ အစ်ကိုနဲ့အတူ သွားထိုင်စေချင်တာလေ။ ဒီစားပွဲမှာ ထိုင်ရတယ်ဆိုတာ မင်းသားအတွက် အထူးပုဂ္ဂိုလ်တွေကို။ ကျုပ် မူကျီကို ခေါ်လာလို့ ဆရာတိ စိတ်ဆိုးနေတာဗျ။

“ဒါဆိုလဲ ထားလိုက်ပါတော့။ အရှက်ကွဲမယ့်ကိစ္စ မလုပ်ချင်တော့ပါဘူး”

ဆရာကျန်း ကြားဝင်ဖြတ်ပြီး..

“ဘာ ရှက်စရာ ကိစ္စလဲ။ လောင်လွင်ကို ခေါက်ထားလိုက်။ သူမသောက်ရင် ငါသောက်မယ်”

“မကောင်းတဲ့ကောင် ချွမ်စုန့်။ ငါ့တပည့်ကို သင်ရခက်အောင် မင်းနှောက်နေတယ်ပေါ့လေ။ နောက်နောင် ဒီကောင် ဒီလိုပဲ စည်းပျက်ကမ်းပျက်တွေ ဆက်လုပ်နေရင် ဘယ့်နှယ့်လုပ်မတုန်း”

“အိုက်ယား.. ဒီတပည့်ကို သင်ပေးစရာတွေ လိုသေးတယ်လား။ ဒါဆို ဘာလို့ ငါ့လက်ထဲ မထည့်ပေးတာလဲ။ ငါသူ့ကို ယူလိုက်မယ်ကွာ။ ဘယ်နှယ့်လဲဟေ့ ကျန်းကုန်း။ မင်း လေဟာနယ်မှော် လေ့ကျင့်ထားတယ်ဆိုတာ ငါသိပြီးသားပဲ။ ဘာလို့ ငါ့ကို ဆရာမတင်တာလဲ။ မင်းကို ကျောင်းစာတွေ ပျင်းနေအောင် မသင်ဘူးလို့ အာမခံတယ်ကွာ”

အဲ့ နှစ်ယောက်ကြားညှပ်နေမှတော့ ကျုပ်ဘာပြောလို့ရမှာတဲ့တုန်း။ ဆရာတိ ဒေါသတကြီးနဲ့..

“ငါ့တပည့်ကို လုဖို့ သတ္တိတွေ ရှိနေတယ်ပေါ့လေ။ သူ့ကို သင်ပေးဖို့ ငါဘယ်လောက်ထိ ကြိုးစားခဲ့ရလဲဆိုတာ မင်းမသိဘူးလား။ မင်းမှာ သောက်ရမ်း အရည်အချင်းရှိနေရင်လဲ ကိုယ့်ဘာသာကိုယ် ပြန်သင်ပေးနေလိုက်”

“ကျန်းကုန်းလို အရည်အချင်းရှိတဲ့သူတစ်ယောက် ရှာရတာ အရမ်းခက်တယ်ဟ။ ငါလဲ အသက်ကြီးနေပါပြီကွာ။ ဘယ်သူ့ကို သွားသင်ပေးရမှာတုန်း။ မင်းနဲ့လဲ ထိပ်တိုက်မတွေ့ချင်ဘူး။ တပည့်တွေကို သင်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါမင်းနဲ့ မယှဉ်နိုင်ပါပါဘူး။ ဟုတ်ပြီလား”

“ထားတော့ ထားတော့.. ငါပဲမှားတာပါ။ ငါ့တပည့်ကလဲ မင်းတပည့်ပဲမဟုတ်ဘူးလား။ မင်း ဘာကို ဒီလောက် တွက်ကပ်နေတာတုန်း”

“ဒါ မင်းပြောတာနော်။ ဒီစကား နောင်တမရနဲ့။ ကျန်းကုန်း အခုချိန်ကစပြီး မင်း ငါ့ပည့်ဖြစ်ပြီ”

စကားလုံး ထောင်ချောက်ထဲမိသွားမှန်းသိတော့ ဆရာတိက..

“အို့.. မင်းငါ့ကို မလိမ့်တပတ်လုပ်သွားတယ်ပေါ့လေ။ ကိုယ့်ဘက်ကိုယ်ယက်တဲ့ ဖားပြုတ်စုတ်ကြီး”

ဆရာကျန်းက..

“ကျန်းကုန်းလေး။ မင်းပြောတဲ့ အကောင်းစားဝိုင် မြန်မြန်ထုတ်လိုက် ဘယ်လောက်ကောင်းလဲ ပြည်းစမ်းရအောင်”

ဆရာကျန်းဆိုတာ လူတိုင်းသိတဲ့ ယမကာလုလင်ကြီးဗျ။

အရိုးသားဆုံး ဝန်ခံရရင် ဝိုင်တစ်ပုလင်း ထုတ်ပေးမယ်ပြောပြီးမှ နှစ်ပုလင်းပဲ ကျန်တော့တာ သိတိရပြီး ပြောမိတဲ့စကားကို နောင်တရနေတာ။ ဆရာတိက ကျုပ်ဝိုင်မလိုဘူးဆိုတာ ကျုပ်အကြိုက်ဆိုပေမယ့် ဆရာကျန်းက သောက်ချင်နေပြန်တာလေ။ လူတွေ အများကြီးရှေ့မှာ ကျုပ်စကား ပြန်ပြင်လို့မရတော့ဘူး။

“တစ်ယောက် နည်းနည်းစီပဲရမှာ။ ဝိုင် တစ်ပိုင်းပဲ ပေးနိုင်မှာနော်”

“အာ.. တစ်ပိုင်းပဲ ပေးနိုင်ရလောက်အောင် ဘယ်လောက်တောင် အဘိုးတန်နေလို့တုန်း”

“ဒီ တစ်လုံးက နောက်ဆုံးလက်ကျန်ပဲ”

ကျုပ် သိုလှောင်အိတ်ထဲကနေ သီးစုံဝိုင်ထုတ်ပြီး ဆရာကျန်းလက်ထဲ ထည့်ပေးလိုက်တယ်။

ဝင်းပြောင်နေတဲ့ ပုလင်းလေးထဲမှာ အစိမ်းရောင်ဝိုင်တွေ ထင်းနေတာပဲ။ ဒါကိုက လူတိုင်း အာရုံကို ဖမ်းစားသွားတယ်။ မင်းသားလဲ သိချင်စိတ်နဲ့..

“ကျန်းကုန်း အဲဒါ ဘာဝိုင်လဲ”

“ကျွန်တော် ခရီးထွက်တုန်းက သဘာဝ နတ်သူငယ်တွေဆီက လက်ဆောင်ရထားတာ။ မဆိုးဘူးဗျ”

ဆရာလုံလဲ..

“ဟေ့ ဟေ့ အဘိုးကြီးကျန်း။ မင်းတယောက်ထဲတော့မရဘူး။ ငါတို့လဲ မြည်းမှာပေါ့”

ဝိုင်အကြောင်း ဘာမှမသိတဲ့ မူကျီတောင် နည်းနည်း စိတ်လှုပ်ရှားနေတာ။ ဟို မြေခွေးအိုကြီးတွေဆို ပြောနေစရာကို မလိုတော့ဘူး။

ဆရာကျန်း ပုလင်းကို ဖွက်သလိုလုပ်ပြီး..

“အာ ဟ။ မရပါဘူး။ အဘိုးကြီးကျန်း မင်းအရက်သောက်ခွင့် မရှိဘူးဆို”

“ဘာကွ… ဝိုင်သောက်ခွင့်မပေးဘူးလို့ ငါပြောမိလို့လား။ ဘယ်သူတွေ ကြားလိုက်လဲ”

ကြားထဲက မင်းသား ခေါင်းခါရင်း

“ကျုပ်တော့ မကြားမိပါဘူး”

မူကျီနဲ့ ကျန်တဲ့သူတွေ သဘောကျလွန်းလို့ တသောသောနဲ့ပေါ့ဗျာ။

ဆရာကျန်း ဝိုင်ပြန်ထုတ်ပေးဖို့ကလွဲပြီး ဘာမှ မတတ်နိုင်တော့ဘူး။ မင်းသား သူ့အကူတွေကို သစ်စုံဝိုင် လိုက်ငှဲ့ပေးဖို့ ခိုင်းလိုက်တယ်။ ပုလင်းအဖုံး ဖွင့်လိုက်တာနဲ့ သီးစုံဝိုင်ရဲ့ ရနံ့က အခန်းထဲ ပျံ့သွားရော။ အိုက်ရှားရဲ့ ထိပ်တန်း အကြီးအကဲတွေအားလုံးက..

“အားပါး… ကောင်းလိုက်တဲ့ ဝိုင်ကွာ”

မူကျီ ကျုပ်ကို တိုးတိုးလေး ကပ်ပြီး…

“နင့်မှာ အဲ့ဝိုင် နောက်ထပ်ရှိသေးလား။ အရမ်းမွှေးတာပဲ”

“ငါ့မှာ မရှိတော့ဘူး။ တိုးတက်သော ဒီရေလှိုင်းနဲ့ ယှဉ်ကြည့်ရအောင်လေ။ ဒါပေမယ့် သူ့ရဲ့ နောက်ဆက်တွဲ အကျိုးက တော်တော်ပြင်းလို့ စွတ်မသောက်မိစေနဲ့နော်”

မူကျီ ခေါင်းညိတ်ပြတယ်။

အကူက လူတိုင်းနှံ့အောင် ထည့်ပေးပြီးတဲ့အချိန်ကျ နဂိုထဲကမှ ဝိုင်ပုလင်းက သိပ်မကြီးဘူးဆိုတော့ အကပ်တောင် မကျန်တော့ဘူး။

မင်းသားက…

“ကျန်းကုန် သဘာဝ နတ်သူငယ်တွေဆီက ရလာတဲ့ ဝိုင်ကို မြည်းလိုက်ကြရအောင်”

ဆရာကျန်း မစောင့်နိုင်တော့ဘဲ ဝိုင်မော့ပစ်လိုက်တယ်။ ကျန်တဲ့သူတွေလဲ ထူးမခြားနားပေါ့။ ဆရာတိက..

“ကျန်းကုန်း။ မင်းတော်တော် မိုက်တဲ့ကောင်ကွာ။ ဒီ သီးစုံဝိုင်မျိုး ဘာလို့များ ငါ့ကို တိတ်တိတ်လေး လာမပေးပါလိမ့်”

“ဆရာ ဝိုင်ကြိုက်မှန်း မသိဘူးလေ”

ကျုပ် ဆရာတိနဲ့ တွေ့တိုင်း ဝိုင်အကြောင်း တခါမှ မပြောမိကြဘူးလေ။ ဆရာတိကတော့ ဆင်ခြေအနေနဲ့..

“ငါလဲ သိပ်ပြီးတော့ သောက်လေ့ သောက်ထမရှိပါဘူး။ ဒါပေမယ့် ဒီလို သစ်သီးဝိုင်မျိုးတော့ အသင့်ရှိထားသင့်တာပေါ့”

ဆရာကျန်း ကျုပ်ပုခုံးကို လှမ်းဆွဲပြီး…

“ကောင်လေး။ မြန်မြန်။ မြန်မြန်။ ရှိသေးလား။ ဝိုင်နောက်တလုံး ပေးအုံးဟ။”

“ဒါ နောက်ဆုံးလက်ကျန်လို့ ကျွန်တော် ပြောပြီးသားလေ”

“ဟာကွာ ဒီဝိုင်သောက်ပြီး ကျန်တဲ့ဝိုင်တွေ ခံတွင်း တွေ့မှာ မဟုတ်တော့ပါဘူးကွာ”

မင်းသားလဲ အတူတူပဲ ခါးခါးသီးသီးနဲ့..

“ဒီဝိုင် တော်တော် ကောင်းတာပဲ၊ ဒီလောက်ကောင်းတဲ့ဝိုင် တခါမှ မသောက်ဖူးသေးဘူး။ ကျန်းကုန်း။ မင်းမှာ ဒီဝိုင် နောက်ထပ် ရနိုင်မယ့် နည်းလမ်းရှိလား”

“သဘာဝ နတ်သူငယ်တွေတောင် တစ်နှစ်လုံးမှ ပုလင်း နည်းနည်းပဲ လုပ်နိုင်တယ် ပြောတယ်။ ထပ်ရဖို့ လွယ်မှာ မဟုတ်ဘူး”

============= (*^*)=============

အပိုင်း( ၁၂၆ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters