နှလုံးသားထဲက အချစ်တွေ လှစ်ဟခြင်း
Vol. 9 Ch. 128
Child of light (ကျန်းကုန်း)
Volume 4: Chapter 38 - Displaying Heartfelt Love
ကျုပ် ဝင်ထိုင်လိုက်တဲ့အချိန် မူကျီ တစ်ခုခုကို အလေးအနက် စဉ်းစားနေတဲ့ပုံပဲ။ ကျုပ် တိတ်တိတ်လေး လက်လှမ်းပြီး အေးဆက်ဆက် လက်ကလေးကို ကိုင်လိုက်တယ်။ သူ့လက်ကို ကိုင်ထားရင်း နူးညံ့မှုတွေ အရိုးမပါသလိုမျိုး ခံစားချက်ကို စွဲလန်းနေမိလိုက်တယ်။ ဒါဘယ်လို မျိုးလဲ။
မူကျီ ခေါင်းမော့ ကျုပ်ကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်။ သူ့လက်ကို ပြန်ရုတ်လိုက်တယ်။ သူဘာတွေ ဖြစ်နေပါလိမ့်။ သူ စိတ်မပျော်သလိုပဲ။ ကျုပ်သူ့ကို ရှင်းပြပြီးသားလေ။ သူဘာလို့ ဒီလိုတွေ ဖြစ်နေပါလိမ့်။ ဟိုင်ရှင်းကြောင့်များလား။
“မူကျီ ဘာဖြစ်နေတာလဲ”
သူ ဖြေးဖြေးလေး ခေါင်းရမ်းပြီး…
“ဘာမှ မဟုတ်ပါဘူး။ နင်ငါ့ကို ရီးစားစာ မပေးဘူးလေ။ ငါ့ကို စာမပေးတာ ရက်ကြာသွားပြီနော်”
ကျုပ် ချက်ချင်းကိုပဲ..
“အာ.. ငါ အခုပဲ ရေးတော့မယ်”
စကား မဆုံးခင်မှာပဲ စာရွက်တစ်ရွက်ထုတ်ပြီး စရေးနေပြီ။ အဟီး…။
‘မူကျီ.. ငါတို့နှစ်ယောက် တွဲဖြစ်တာ ရက်လဲ ကြာသွားပြီ။ ဒါတောင် နင့်အကြောင်းတွေပဲ အမြဲ တွေးနေမိတာ။ ဘာကြောင့်မှန်း မသိပေမယ့် နင်နဲ့ မတွေ့ရတဲ့ ရက်တွေဆို တစ်ခုခု လိုနေသလိုမျိုး ဟာတာတာနဲ့။ အဲ့ရက်တွေမှာ ငါဘာလုပ်မှာလဲ နင်မေးဖူးတယ်နော်။ အခု ငါပြောပြတော့မယ်။ ငါတို့ကြားမှာ လျှို့ဝှက်ချက် ရှိစရာ မလိုဘူးဆိုတာ ငါသိပြီ။ မင်းသား ခယ်ကျာနဲ့ မြို့စား ထိယီ တို့ရဲ့ လျှို့ဝှက် ပြိုင်ပွဲမှာ ပါဖို့ ငါ ခွင့်ယူလိုက်ရတာ။ ရလဒ်တော့ နင်သိလောက်ပါပြီ။ နောက်ဆုံးတော့ မင်းသားခယ်ကျာ အနိုင်ရသွားတယ်လေ….
ဒါကို ယုံမယုံ အရေးမကြီးသလို ငါက စည်းစိမ်နဲ့ ဂုဏ်ရှိန်တွေအတွက် ပြိုင်ပွဲဝင်ခဲ့တာမဟုတ်ဘူးလေ။ အိုက်ရှားနိုင်ငံတော်ကြီးရယ် မရေတွက်နိုင်အောင်များတဲ့ ပြည်သူပြည်သားတွေရဲ့ ကံကြမ္မာအတွက် တိုက်ပွဲဝင်ခဲ့တာလေ။ ဒီကိစ္စသာ ဆိုးဆိုးဝါးဝါးဖြစ်သွားရင် ပြည်တွင်းစစ်ကြီး ဖြစ်သွားမှာ။ စစ်ပွဲဆိုတာ အာဏာလိုချင်သူတွေအတွက် အကျိုးရှိပေမယ့် တကယ်ဒုက္ခရောက်ရမှာက ပြည်သူတွေပဲ။ ဒါကြောင့် စစ်ပွဲတွေဆို ငါအရမ်းမုန်းတာ။
(၅)ပွဲ ပြိုင်ရသမျှ မီးကုန်ယမ်းကုန် အားထုတ်ခဲ့ကြရတာလေ။ ငါကတော့ စတုတ္ထမြောက် ပွဲစဉ်ပေါ့။
တိုက်ပွဲမှာ မင်းသားဘက်ကနေ ဘာကြောင့် ဝင်ပြိုင်ရလဲဆိုတာ နင်သိချင်နေမယ်ထင်လို့ လျှို့ဝှက်ချက် ငါပြောပြမယ်။ ငါက ဒီကမ္ဘာကြီးပေါ်က ထိပ်သီး(၁၀)ယောက်လိုမျိုး မှော်သခင်ကြီးပဲ။ အခုဆို ငါနင်နဲ့ ထိုက်တန်ပြီမို့လား…
ငါနဲ့ ပြိုင်ရတာက ရီမိသားစု ခေါင်းဆောင် စစ်ဖုန့်ရီပေါ့။ သူက ဖုန့်လျန့်ရဲ့ အဘိုးလေ။ ငါကြုံဖူးသမျှထဲမှာ အပြင်းထန်ဆုံး တိုက်ပွဲပဲ။ သူ့အဆင့်က မှော်ဆရာတစ်ယောက်ရဲ့ စံနှုန်းတွေနဲ့ကို တိုင်းတာလို့မရတော့ဘူး။ သူ့ကြောင့် ငါ သေအံ့ဆဲဆဲ ဖြစ်သွားတဲ့အချိန် ခေါင်းထဲမှာပေါ်လာတာက နင်ပဲ။ အဲ့တုန်းကဆို လက်ရှိဘေးဆိုးကြီးက လွတ်မြောက်ပြီး နင့်ကို တွေ့ခွင့်ရအုံးမယ်ဆိုရင် နင့်ကို ကောင်းကောင်းဆက်ဆံပြီး ဘယ်တော့မှ လက်မလွှတ်တော့ဘူးလို့ တွေးခဲ့မိတာ။ ငါ နင့်အပေါ်ကို ရင်ထဲကနေ အရိုးသားဆုံးနဲ့ ချစ်ခဲ့တာပါဟာ။ နင့်ကို ချစ်တယ်ဟာ။ ငါ မင်းကို တစ်ကယ်ချစ်ခဲ့တာပါ။ ငါ့နှလုံးသားထဲမှာ နင်တစ်ယောက်ပဲရှိတယ်။’
စာရေးရင်းနဲ့ ချစ်စိတ်တွေ တလိပ်လိပ်တက်လာပြီး စာရွက်ပေါ်ကိုတောင် မျက်ရည် တစ်ပေါက်ကျသွားသေးတယ်။
ကျုပ် ခနရပ်ပြီး ခံစားချက်တွေ ပြန်ထိန်းလိုက်ရတာပေါ့။
‘ဘာကြောင့်မှန်းမသိပေမယ့် ငါတို့ကြားမှာ အတားအဆီး တစ်ခုရှိနေသလိုပဲ။ အဲဒါက နံရံ တစ်ခုနဲ့လဲတူတယ်။ ကျော်ဖြတ်လို့ မရနိုင်တဲ့ တံတိုင်း တစ်ခုနဲ့လဲတူတယ်။ နင့်ရင်ထဲက အစစ်အမှန်ခံစားချက်တွေ ငါတကယ်ကို မသိနိုင်တော့တာ။ နင် ငါ့ကို ပြောပြပါလားဟင်။ နင့် စိတ်ကူးကို ငါတကယ်ကြီး ကြားချင်နေတာ။ လူတိုင်းမှာ လျှို့ဝှက်ချက် ကိုယ်စီ ရှိကြတာမို့ ငါ နင့်ကို အတင်းကြီး ဖိအားမပေးပါဘူး။ နင့် ကိုယ်ပိုင် လွတ်လပ်ခွင့်ပဲလေ။ နင့်ကို ချစ်လွန်းလို့ နင့်ရင်ထဲက အစစ်အမှန်ခံစားချက်တွေ စွတ်မပြောခိုင်းပါဘူးဟာ…
နင် ငါနဲ့ ယာယီ တွဲမယ်ပြောတုန်းက ငါ့မှာ ပျော်လိုက်ရတာဟာ။ ဒါပေမယ့် နင် ငါ့ကို ချစ်လို့မဟုတ်ဘဲ စိတ်ဝင်စားယုံ သက်သက်ဆိုတာ နောက်မှ သိလိုက်ရတယ်။ အဲ့တုန်းက ဘာမှမဟုတ်ခဲ့သလိုနဲ့ အခုအချိန်ကျ တွေးလေလေ စိတ်ထိခိုက်ရလေပဲ။
ဟိုင်ရှင်းနဲ့ ပတ်သက်ပြီး နင်စိတ်ပူနေမှာစိုးလို့ ထပ်ပြောရရင် ငါဟိုင်ရှင်းကို ညီမလေး တစ်ယောက်လိုပဲ သဘောထားတာမို့ ငါ့ဘဝအတွက် အရမ်းလိုအပ်တဲ့အထဲမှာ သူမပါဘူး။ နင်ကလွဲပြီး ငါ့နှလုံးသားထဲကို ဖောက်ဝင်လာနိုင်တဲ့သူ မရှိသေးဘူး။ နင့်နှလုံးသားကို ဘယ်တော့မှ ငါရမလဲဆိုတာလဲ ငါမသိသေးဘူး။ နင် ငါ့ကို ချစ်ရဲ့လားဆိုတာ ငါမသိပေမယ့် ငါ့နှလုံးသားကတော့ နင့်အတွက်ပဲ။ ဒါ ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ အမှန်တရားတစ်ခုပဲ
မူကျီ နင်ငါ့ကို အစစ်အမှန် လက်ခံနိုင်မလားဟင်”
အောက်ဆုံးကနေ လက်မှတ်အနေနဲ့ ‘နင့်ကို ထာဝရ ချစ်တဲ့ ကျန်းကုန်း’ ဆိုပြီး ထိုးပေးထားလိုက်တယ်။
ကျုပ်ကိုယ်တိုင် ရေးထားတဲ့စာကို ကိုင်ပြီး စိုက်ကြည့်နေမိလိုက်တယ်။ မူကျီ လက်ခံမလားဆိုတာ လုံးဝမသိ။
မူကျီဘက်ကို လှည့်ကြည့်လိုက်တော့ သူလဲ ကျုပ်ကို ကြည့်နေတာဗျ။ စာရွက်ပေါ် ကျသွားတဲ့ မျက်ရည်စက် ဘေးနားက အတန်းဖော် ကောင်မလေးရဲ့ ရင်ကို လှုပ်ခတ်သွားစေတယ်တယ်တာ ကျုပ်မသိလိုက်မိဘူး။
မူကျီ ကျုပ်လက်ထဲက စာကို ယူပြီးဖတ်လိုက်တယ်။
ကျုပ် သူ့ကို မကြည့်ရဲဘူးဖြစ်နေတယ်။ သူ ကျုပ်ကို ငြင်းလိုက်မှာ အရမ်းကြောက်နေတာ။ အရင်က ပေးခဲ့ဘူးတဲ့ ရီးစားစာတွေနဲ့ မတူဘူးလေ။ သူသာ ငြင်းလိုက်ရင် ကျုပ်နှလုံးသားမှ အစားထိုးစရာမရှိတော့ လက်ခံနိုင်မလား ဆိုတဲ့ မျှော်လင့်ချက် တစ်စုံတစ်ရာလေးပဲ ဆုပ်ကိုင်ရင်းပေါ့။ ကျုပ်အဖြစ်က သက်ခြင်းရှင်ရှင်းဆိုင်ရာ အမိန့်ချခံရတော့မယ့် အပြစ်သားကြီး တစ်ယောက်လို ခေါင်းကိုငုံ့ရင်း စောင့်နေရတာ။ စောင့်ရင်း စောင့်ရင်းနဲ့ တုန်လှုပ်လာတယ်။
အချိန် တော်တော် ကြာတဲ့အထိ ချွေးပျံပြီး ရွှဲနေတဲ့ ကိုယ့်လက်ကိုယ် ဆုပ်ကိုင်ထားရင်း စိတ်တွေ လှုပ်ရှားနေမိတယ်။ ကျုပ် လှည့်ကြည့်လိုက်မိတော့ မူကျီ ကျုပ်ကို ကြည့်နေတာဗျ။ ဒီတစ်ကြိမ် သူ့မျက်လုံးထဲမှာ ခံစားချက်တွေ အပြည့်နဲ့ မြင်ရတာ ကျုပ်အတွက် ပထမဆုံး အကြိမ်ပဲ။
ကျုပ် စိတ်လှုပ်ရှားတကြီးနဲ့ တိုးတိုးလေး.
“နင် ငါ့ကို လက်ခံနိုင်မလားဟင်”
မူကျီ နှုတ်ခမ်းက ကွေးညွတ်သွားပြီး ပျော်နေတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြီး…
“ဦးနှောက်မရှိတဲ့ ငတုံး”
ကျုပ် ကမ္ဘာကြီးက ချက်ချင်းကို ပြောင်းလဲသွားသလို ခံစားလိုက်ရတယ်။ ကျုပ် ပတ်ဝန်းကျင်မှာရှိရှိသမျှ အရောင်အသွေးအစုံအလင်နဲ့ ပြည့်နှက်နေတယ်။ ကျုပ် သူ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး..
“အဲ ဒါ တကယ်နော်။ ဟုတ်လား လို့”
မူကျီ မျက်နှာ နီရဲလာပြီး တိုးတိုးလေးနဲ့…
“ငါတို့တွေ စာသင်ခန်းထဲမှာနော် နင့်ကိုယ်နင် ထိန်းအုံး”
ကျုပ် ပုတ်သင်ညိုလို တဆတ်ဆတ် ခေါင်းညိတ်ရင်း ကိုင်ထားလက်စ မူကျီ လက်ကလေးကို နမ်းပစ်လိုက်တယ်။ မူကျီ မျက်နှာ နီရဲလာလိုက်တာ ပန်းသီးလေးကျနေတာပဲ။
“နင် ဘာလုပ်နေတာလဲ။ ကိုယ့်ကိုကိုယ် ထိန်းဖို့ ငါပြောထားတယ်လေ”
“တောင်းပန်ပါတယ်ဟာ။ ဒါပေမယ့်ဟာ… ငါ ငါ အရမ်း စိတ်လှုပ်ရှားသွားလို့ပါဟာ”
မူကျီ စိတ်နည်းနည်း ပြေသွားပြီး…
“ငါ့ရွေးချက်မှုက မှန်ရဲ့လား မသိတော့ဘူးဟာ။ ငါတို့တွေ ထာဝရ အတူတူ နေနိုင်ပါ့မလား”
ကျုပ် ခေါင်းညိတ်လိုက်ပြီး ချွေးပျံပြီး နူ့ညံ့လွန်းတဲ့ မူကျီလက်ကလေးကို တင်းတင်း ကိုင်ထားရင်း…
“ဟုတ်တယ်။ ငါတို့တွေ လုပ်နိုင်ရမယ်။ နောက်နောင် ဘာတွေဖြစ်လာမလဲ မသိနိုင်သလို၊ ဘယ်လို အခက်အခဲတွေနဲ့ပဲ တွေ့တွေ့ နင့်လက်ကလေးကို အမြဲတမ်း တင်းတင်းကြပ်ကြပ် ကိုင်ထားရင်း နင့်ကို ထာဝရ ကာကွယ်ပေးသွားမှာပါဟာ”
မူကျီ ထူးထူးခြားခြားကို ပြုံးလိုက်တာ မြင်လိုက်ရတယ်။ သူ ကျုပ်လက်ကို ပြန်ကိုင်ရင်း..
“နင် ဒီနေ့ပြောတာတွေ မှတ်ထားရမယ်နော်”
“မူကျီ… နင်ပြုံးတာ အရမ်းလှတာပဲ”
“ဘယ်လိုလှတာလဲ။ နင် အရမ်းမုန်းဖို့ ကောင်းတယ်။ ပြီးတော့ ငါ့ကို ချစ်တတ်အောင် လုပ်ပြန်ရော။ ဘယ်ဟာကို အမှန် ယူရမလဲ ငါမသိတော့ဘူး”
“ငါကတော့ နင့် တစ်ကိုယ်လုံးကို ချစ်တာ”
မူကျီ ကျုပ်ကို မျက်စောင်းထိုးလိုက်ပေမယ့် သူ့ပုံစံက အပျော်တွေနဲ့ ပြည့်နေတာ။
“ငါ့မှာ နင့်ကို ပြောလို့မရသေးတာတွေ အများကြီးရှိတယ်ဟ။ နောက်ကျရင်တော့ နင် အကုန်သိသွားမှာပါ။ ငါတို့နှစ်ယောက် ပြဿနာတွေကို ကျော်လွှာနိုင်မယ်လို့ ငါမျှော်လင့်မိတာပဲ… ဟူး…. တကယ်ဆို ဟိုင်ရှင်း က နင့်အတွက် ငါ့ထက်တောင် ပိုသင့်တော်တဲ့သူ။ သူက ပိုလှတဲ့အပြင် နောက်ခံ မိသားစုကလဲ ထူးခြားတယ်လေ။ သူ နင့်ကို တကယ်ချစ်တယ်ဆိုတာ ငါ ကောင်းကောင်းသိနေတယ်။ နင် ဘာလို့ သူ့ကို လက်ခံနိုင်အောင် မကြိုးစားကြည့်တာလဲ”
============= (*^*)=============
အပိုင်း( ၁၂၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား