ဟိုင်ရှင်းကို နှလုံးသားဒဏ်ရာ ပေးမိခြင်း
Vol. 9 Ch. 127
Child of light (ကျန်းကုန်း)
Volume 4: Chapter 37 - Wounding Hai Shui’s Heart
မူကျီကို ဖက်ထားမိတဲ့အချိန်ကို ပြန်တွေးမိတိုင်း ကျုပ်ရင်တွေ တလှပ်လှပ်နဲ့။ ဖက်ထားရတာ ကောင်းချက်။
စာသင်ခန်းထဲ ပြန်ရောက်တော့ အတန်းစဖို့ အချိန်စောနေသေးတယ်။ တခါတခါ သူ့ခေါင်းပေါ်က အဖုကိုထိတိုင်း နာသွားတဲ့ အမူအရာနဲ့ မူကျီကို မြင်ရတာ ကျုပ်နှလုံးသားမှာ ဖော်ပြလို့မရနိုင်အောင်ကို နာကျင်ရတယ်။
ကျုပ် သူ့အတွက် ရေမှော်သခင် တစ်ယောက် ရှာဖို့တော့ လိုနေပြီ။ ဒါပေမယ့် ဘယ်သူ့ကို ရှာရပါ့မလဲ။ ကျောင်းတက်ချိန်ကလဲ သိပ်မလိုတော့ဘူး၊ ကျုပ်သိတဲ့သူကလဲ နည်းတယ်။ ဟိုင်ယွဲ့ကို သွားတွေ့ရအောင်လဲ ကျုပ်ကို အသေအလဲမုန်းနေမှာဗျ။ ဟမ်.. ဟိုင်ရှင်… လောလောဆယ်တော့ ကျုပ်နဲ့ သိပ်အစည်းမကပ်ချင်သလိုပဲ။ ကျုပ် ဘာလုပ်ရင် ကောင်းမလဲ။ လှည့်ကြည့်လိုက်တော့ မူကျီ ဆံနွယ်တွေမှာ ချွေးတွေနဲ့ ရွှဲနေတယ်။ စားပွဲပေါ် ခေါင်းတင်ပြီး အဖုလေး ပတ်လည်ကို နှိပ်နေရင်း သူ့မျက်နှာလေးက နည်းနည်းတောင် ဖြူဖျော့နေပြီ။
ဒါကို မြင်တော့ ကျုပ်တော်တော် စိတ်ထိခိုက်သွားတယ်။ ဘာဖြစ်ဖြစ်ကွာ ဟိုင်ရှင်းနဲ့ သွားတွေ့ရမယ်။ ကျုပ်မတ်တပ်ထရပ်ပြီး အခန်းထဲက ထွက်လာခဲ့လိုက်တယ်။
“နင်ဘယ်သွားမလို့လဲ”
“နင် နာနေတာမြင်လို့ တစ်ယောက်ယောက် သွားရှာမလို့။ မကြာဘူး ပြန်လာခဲ့မယ်။ နင် ငါ့ကို စောင့်နေ”
မူကျီ ဝမ်သာပြီး အပြုံးလေးနဲ့
“အေးပါ”
ဟိုင်ရှင်းအခန်းကို သွားလိုက်တယ်။ ကံကောင်းချင်တော့ ဟိုင်ရှင်းအထဲမှာ ရှိနေတယ်ဗျ။ ကျုပ်လဲ အခန်းဝကနေပြီ..
“ဟိုင်ရှင်း”
ဟိုင်ရှင်း ခေါင်းမော့ကြည့်လိုက်တော့ ကျုပ်နဲ့ အကြည့်ချင်း ဆုံသွားတယ်။ သူဝမ်းသာအားရနဲ့ ကျုပ်ဆီ အမြန်ရောက်လာတယ်။
“အာ.. ကျန်းကုန်း ဒီရောက်နေတာလား။ နင်ခွင့်ယူထားတယ် ထင်နေတာ။ နင်တကယ် ပြန်ရောက်လာတာပဲ”
“ဟုတ်တယ်ဟ။ ဒါပေမယ့် ငါ့အတွက် လေ့လာမှုတွေ နောက်ကျမှာဆိုးလို့လေ။ လောလောဆယ် ငါနင့်ကို အကူအညီတောင်းချင်လို့”
“ဝိုး…. နင်ငါ့ဆီက အကူအညီတောင်ရတဲ့ အချိန်လဲ ရှိသေးတယ်ပေါ့လေ”
“အမှန်ပဲ။ နင် အရမ်းအရည်အချင်းရှိတယ်လေ။ နင့်ကိုမှ မမေးရင် ဘယ်သူ့သွားမေးရမှာတုန်း”
ကျုပ်စကားတွေကြားတော့ ဟိုင်ရှင်း တော်တော် ပျော်နေတာ။
“အေးပါ… နင်ဘာလိုချင်လို့လဲ”
“လူတစ်ယောက်ကို ကုပေးစေချင်လို့”
ဟိုင်ရှင်း မျက်မှောင်ကြုတ်ပြီးမှ..
“ဘယ်သူ့ကို ကုရမှာလဲ။ နင့်အလင်းမှော် ပြန်လည်ကုသခြင်းက ငါ့ထက်ပိုကောင်းတဲ့ဟာကို။ နင် ငါ့ကိုရှာဖို့တောင် မလိုဘူးလေ”
“အဲဒါ.. မူကျီဟ။ သူအလင်းဒြပ်နဲ့တွေရင် ခေါင်းကိုက်တဲ့ အကျင့်ကြောင့်လေ။ ငါ စဉ်းစားမိတာက…..”
မူကျီအတွက်လို့ကြားတော့ ဟိုင်ရှင်း မျက်နှာ မဲမှောင်သွားတယ်။ သူကျုပ်ကို စကားမပြောဘဲ စိုက်ကြည့်နေရော။
အဆင်မပြေသလိုကြီး ခံစားချက်က ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။ ကျုပ်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေယုံပဲလေ။ ခနကြာမှ ကျုပ်ကစပြီး..
“အာ.. ငါပြောတာတွေ မေ့လိုက်ဟာ။ နောက်တစ်ယောက် ရှာကြည့်လိုက်အုံးမယ်”
ဟိုင်ရှင်း သက်ပြင်းချပြီး..
“ကောင်းပြီလေ။ ငါကူညီမယ်။ အတန်းချိန် မစသေးဘူးဆိုတော့ သွားကုရအောင်”
သူပဲ ဦးဆောင်ပြီး ကျုပ်အခန်းဘက်ကို လျှောက်သွားတယ်။
ဟိုင်ရှင်း ကူညီဖို့ ဆုံးဖြတ်လိုက်တာကို ကျုပ်ဖြင့် အံ့ဩလို့မဆုံးဘူး။
လျှောက်လာတဲ့ လမ်းတလျောက်လဲ ဘာမှ မပြောဖြစ်ဘူး။ မာခယ်ပြောတာ မှန်နေတဲ့ပုံပဲ။ ဟိုင်ရှင်း ကျုပ်ကို တကယ် ကြိုက်နေတာ။ ဒါပေမယ့် ကျုပ်က သူ့ကို ညီမလေး တစ်ယောက်လိုပဲ ဆက်ဆံတာလေ။ မူကျီနဲ့ကျမှ ကျုပ်ခံစားချက်တွေ ထူးထူးခြားခြား ဖြစ်လာတာ။ သူ့ကို အကူအညီသွားတောင်းတာက တော်တော်နာကျင်သွားလိမ့်မယ်လို့ ကျုပ်ခံစားမိနေတယ်။
စာသင်ခန်း ရောက်လာတဲ့အထိ သူ့နောက်ကပဲ လိုက်လာခဲ့လိုက်တယ်။ ဟိုင်ရှင်း ရပ်လိုက်ပြီး--
“နင် မူကျီကို သွားခေါ်လာခဲ့လိုက်”
“အေးပါ။ နင်ဒီမှာပဲ စောင့်နေလိုက်”
စာသင်ခန်းထဲ ပြေးဝင်လာပြီး မူကျီကို ဆွဲခေါ်လာခဲ့လိုက်တယ်။ တစ်ယောက်နဲ့ တစ်ယောက် မြင်လိုက်ရတော့ အံ့ဩနေကြတုန်းပဲ။ မူကျီနဲ့ ဟိုင်ရှင်း စကားမပြောခင် ဟိုင်ရှင်း ကျုပ်ကို လှမ်းကြည့်လိုက်သေးတယ်။ သူအားတင်းပြီး..
“မူကျီ ဘယ်လိုနေသေးလဲ။ နင်ထိခိုက်သွားတယ်ငါကြားလို့လေ။ နင့်ဒဏ်ရာကုဖို့ ကျန်းကုန် ငါ့ကို စွတ်ပြောနေတာ”
မူကျီ ကျုပ်ကို တစ်ချက်ကြည့် ခေါင်းညိတ်ပြီးမှ..
“ဟိုင်ရှင်း နင့်ကိုပဲ ဒုက္ခပေးရတော့မယ်ဟာ”
ဟိုင်ရှင်း ဘယ်လက်လက်ကို မြှောက်ပြီး..
“ရေလေး… မင်းရှေ့က ဒဏ်ရာကို ကုသဖို့ မင်းရဲ့ သိမ်မွေ့တဲ့ပုံစံ ပြလိုက်စမ်းပါ”
သူရွတ်ပြီးတာနဲ့ လက်ထဲမှာ အပြာနုရောင် အလင်းတန်းတစ်ခု တောက်ပလာတယ်။ မကြာပါဘူး အပြာရောင်အလုံးလေး ဖြစ်သွားရော။ မူကျီဆီကို လှမ်းပစ်လိုက်တော့ အပြာရောင်အလုံးလေး ရွေ့သွားတယ်။ မူကျီရဲ့ အဖုလေးပေါ် တည့်တည့်ပဲ။ အပြာရောင်အလင်းက ရုတ်တရက် လင်းကနဲ ဖြစ်သွားပြီး ခနကြာမှ ပျောက်သွားတယ်။
မူကျီ ပြုံးပြီး…
“ဟိုင်ရှင်း… နင့်ရေမှော်ပညာက အရမ်း စွမ်းတာပဲ။ ငါ နာနေတာတွေ ပျောက်သွားပြီ။ ကျေးဇူးပဲဟာ”
“ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ခနနေ အတန်းစတော့မှာဆိုတော့ သွားတော့မယ်။ နောက်မှ တွေ့ကြတာပေါ့”
မူကျီကို ပြောပြီး နောက်ပြန်လှည့်ရင်း ကျုပ်ကို စိုက်ကြည့်ပြီး တိုးတိုးလေးနဲ့..
“ကျောင်းဆင်းရင် တတိယလေ့ကျင့်ရေးကွင်းမှာ နင့်ကို စောင့်နေမယ်”
ကျုပ် တော်တော် အံ့ဩသွားပေမယ့် ပြန်ဖြေမယ်ကြံတော့ ဒင်းက ယုန်တစ်ကောင် ဒဏ်ရာရနေသလိုမျိုး ပြေးသွားလိုက်တာ မြင်ကွင်းထဲကတောင် ပျောက်သွားတယ်။
မူကျီ ဟိုင်းရှင်းနောက်ကျောပြင်ကို စိုက်ကြည့်နေရင်းနဲ့..
“ကျန်းကုန်း နင်တော်တော် မိုက်မဲတာပဲ။ ငါ့ ဒဏ်ရာကုဖို့ သူ့ကိုမှ ခိုင်းရသလားဟာ။ မိန်းကလေး တစ်ယောက်ရဲ့ နှလုံးသားကို နင်တကယ် နားမလည်ဘူးပဲ”
“နင် နာကျင်နေတာတွေ့တော့ ငါ့နှလုံးသားတွေ အရမ်းနာကျင်ရတယ်ဟ။ ငါ့မှလဲ ရွေးစရာမရှိတော့ သူ့ကိုပဲ သွားရှာလိုက်ရတာ။ ကျောင်းဆင်းရင် တတိယ လေ့ကျင့်ရေးကွင်းမှာ ငါ့ကို တွေ့ချင်တယ်တဲ့။ နင်ဘယ်လိုမြင်လဲ။ ငါ သွားသင့်လား၊ မသွားသင့်ဘူးလား”
ဒီအချိန်ကျ မူကျီနှလုံးသားက ကျုပ်နဲ့ ဆန့်ကျင်ဘက်ပဲ။ သူ့မျက်ဝန်းထဲမှာ ရှုတ်ထွေးနေတဲ့ပုံပဲ။ အချိန် တော်တော်ကြာမှ..
“နင်သွားသင့်တယ်”
သူ့ အတွင်းစိတ်ထဲမှာ လွန်စွဲနေတာ မြင်လိုက်ရတော့ သူ့လက်ကလေးကို ကိုင်ပြီး..
“မူကျီ… ငါ့နှလုံးသားထဲမှာ နင်တစ်ယောက်ပဲရှိတယ်။ တခြားသူတစ်ယောက်အတွက် နေရာမရှိတော့ဘူး။ ငါမသွားသင့်ဘူး ထင်တယ်”
မူကျီ မျက်နှာလေး ရဲသွားပေမယ့် သူ့လက်ကိုတော့ မရုန်းလိုက်ဘူး။ ခေါင်းငုံ့ပြီး တိုးတိုးလေးနဲ့..
“အဲ့စကားနဲ့တင် လုံလောက်ပါပြီဟာ။ ဘာဖြစ်ဖြစ် ဒီကိစ္စဖြေရှင်းဖို့ သွားဖြစ်အောင် သွားရမှာပဲ”
အချိန်ကောင်းရောက်မှ ရင်းနှီးပြီးသား အသံတစ်ခု ထွက်လာတယ်..
“စာသင်ခန်းဝမှာ အရမ်းရိုပြနေရလောက်အောင်ကို ခေတ်ကာလကလေးတွေ တော်တော် အရေထူးနေကြပြီပဲ။ အမြန်သွားထိုင်ကြတော့။ အတန်းချိန်ရောက်ပြီ”
မူကျီနဲ့ ကျုပ် တစ်ပြိုင်နက်ထဲ ခေါင်းမော့ကြည့်လိုက်မိကြတယ်။ ဆရာ စစ်ဗျ။ ကျုပ်တို့မျက်နှာတွေ ရဲတွတ်သွားတာပေါ့။ မူကျီက..
“အဲဒါတွေအကုန် နင့်အမှားတွေပဲ”
သူကတော့ ပြောပြီး အတန်းထဲ ပြေးဝင်သွားရော။
ကျုပ် ခပ်ရှက်ရှက်နဲ့ပဲ..
“ဆရာမ.. ကျ ကျ…”
ဆရာစစ် ကျုပ်ကို တားပြီး မန်တော့တာပဲ..
“ဒီလောက်ဆို တော်သင့်ပြီ။ နင်ကိုယ်တိုင် ရှင်းပြနေစရာ မလိုတော့ဘူး။ နင့် ခံစားချက်တွေ မထိန်းချုပ်နိုင်ဘူးဆိုတာ ငါသိတယ်။ ဆရာလဲ ကြုံဖူးတာပေါ့။ ဒါပေမယ့် ကျောင်းဝိုင်းထဲမှာတော့ ဒီလို မလုပ်သင့်ဘူး။ မူကျီနဲ့ အေးအေးဆေးဆေး စကားပြောချင်ရင် တိတ်ဆိတ်အေးချမ်းတဲ့ နေရာတစ်ခု ရှာလေ။ နင် တော်တော် စိုးရိမ်ရတဲ့ ကလေးပဲကွ။ နောက်ဆို နင့်အဆင့်တွေ ကျမသွားအောင် ဂရုစိုက်သင့်တယ်။ မူကျီ နင်က ဒီအတန်းရဲ့ အထူးခြားဆုံး ကျောင်းသူနော်။ နင်တို့ နှစ်ယောက်လုံးအပေါ် ငါ့မှာ မျှော်လင့်ချက်တွေ အကြီးကြီး မှန်းထားတာ”
ကျုပ် ဆရာ့ကို ကြည့်လိုက်မိတယ်။ မှော်ပညာမှာတော့ သူ ကျုပ်ကို မယှဉ်နိုင်ဘူး။ တကယ်ကြီး ကျုပ်စိတ်တွေကို လှုပ်ရှားစေနိုင်တယ်။ သူ ကျုပ်ကို မဆူတဲ့အပြင် အားပေးနေသလိုပဲ။ ဘာများ ပြောနိုင်အုံးမှာလဲ။ နီတွတ်တွတ် မျက်နှာနဲ့ပဲ သူ့ကို ခေါင်းညိတ်ပြပြီး အတန်းထဲ ပြေးဝင်လိုက်ရတော့တယ်။
============= (*^*)=============
အပိုင်း( ၁၂၈ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား