နှလုံးသားက လက်မခံ
Vol. 9 Ch. 129
Child of light (ကျန်းကုန်း)
Volume 4: Chapter 39 - Hard to Refuse
ကျုပ် အံ့ဩပြီး..
“ငါ့ဘက်ကတော့ ပုံမှန်ပဲနော်။ နင် တစ်ခုခု ဖုံးကွယ်ထားသလိုမျိုး ငါအမြဲခံစားနေရတာ။ နင် သယ်ပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ငါကူညီနိုင်အောင် ဘယ်လိုလုပ်ရမလဲ။ ဟိုင်ရှင်းနဲ့ ပတ်သက်ပြီး ငါ့မှာ ဘာမှ ပြောစရာမရှိဘူး။ ငါဆိုတဲ့ ကျန်းကုန်းက မူကျီကလွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်ဘူးလို့ ကတိပေးတယ်။ နေပါအုံး နင်ကရော ငါ့ကို တခြားတစ်ဘောက်ဆီ ဘာလို့ တွန်းပို့နေရတာတုန်း”
မေးရင်းနဲ့ ကျုပ် နည်းနည်းတော့ ဒေါသထွက်သွားတယ်။
မူကျီ အားငယ်သွားတဲ့ ပုံနဲ့ ခေါင်းခါလိုက်ရင်း..
“နင် နောက်ဆို သိရမှာပါဟာ။ ဒါပေမယ့် အခုတော့ အချိန်မတန်သေးဘူး။ ဒီကိစ္စ ထပ်ပြောဖို့ မတိုက်တွန်းနဲ့တော့နော်၊ ဟုတ်ပြီလား”
“ငါ ဘယ်လိုလုပ် နင့်ကို တွန်းအားပေးမှာလဲလို့။ အခု အခက်အခဲ ဖြစ်နေရင်တောင် နောင်တချိန် ဘယ်လို အခက်အခဲဖြစ်ဖြစ် ဖြေရှင်းနိုင်မယ်ဆိုတာ ငါယုံတယ်။ ငါ နင့်ကို ဘယ်တော့မှ လက်မလွှတ်ဘူး။ ငါ့ ဘေးကနေ ထွက်ပြေးဖို့ဆို စဉ်းတောင်မစဉ်းစားနဲ့။ နင်ဆိုတာ ငါ့အတါက် ထာဝရပဲ”
မူကျီကို ကြည့်လိုက်တော့ သူလဲ ကျုပ်ကို ကြည့်နေတာ။ အဲ့အချိန်မှာ နာရီတွေတောင် ရပ်သွားသလား ထင်လိုက်ရတယ်။ တကယ်ကို စိတ်ကူးယဉ်ဆန်လွန်းလို့ ကျုပ်နှလုံးသားထဲကို စွဲနေရောပဲ။
အတန်းချိန်ကုန်လို့ ခေါင်းလောင်းသံမြည်လာမှ မူကျီနဲ့ ကျုပ် လက်တွေ့ကမ္ဘာကြီးထဲ ပြန်ရောက်သွားကြတယ်။ နောက်ဆုံးတော့ မူကျီနဲ့ အရင်းနှီးဆုံး ဆက်ဆံပေးပုံစံတစ်ခု ထူထောင်နိုင်လိုက်ပြီ။ ဒီအချိန်မှာ ကျုပ်ထူးထူးခြားခြားကို ပီတိတွေ ဖြစ်နေတာ။
ကျုပ် သိုလှောင်အိတ်ထဲကနေ ခရမ်းရောင်ကတ် ထုတ်ပြီး မူကျီကို ပေးရင်း..
“ဒီကတ် နင်ယူထားလိုက်။ နင် စားချင်တာ စားတိုင် ဒါကို သုံးလို့ရတယ်။ ကိုယ့်ကိုကိုယ် ဂရုမစိုက် မလုပ်နဲ့”
မူကျီ မယူဘဲ ခေါင်းခါပြရင်း..
“ငါ အရမ်းလက်ဖွာတယ်ဟ။ ဒီကတ် နင်ပဲ သိမ်းထားသင့်တယ်”
“ကိစ္စမရှိဘူး။ အသပြာဆိုတာ သုံးဖို့အတွက်ပဲ မဟုတ်ဘူးလား။ ယူသာထားလိုက်။ နင့်အတွက် ငွေအရမ်း မလိုလောက်ပါဘူးဟာ။ နင် ပုံမှန်စားလို့ကတော့ အချိန်တော်တော်ကြာအောင်တော့ စားနိုင်မှာပါ”
ကျုပ် စကားကြားတော့မှ သူကတ်ကို ယူလိုက်တယ်။
“နောက်ဆို နင်ရသမျှ အသပြာတွေအကုန် ငါသုံးလိုက်ရင် အပြစ်မတင်ရဘူးနော်။ တိုးတက်သော ဒီရေလှိုင်းကို မသွားနဲ့တော့ဟာ။ အဲ့နေရာက စားလို့ကောင်းပေမယ့် ဈေးကြီးလွန်းတယ်။ နောက်ဆို ဈေးသက်သာတဲ့ ဆိုင်သွားစားကြရအောင်။ ဈေးပေါတာတွေလဲ စားရတာ သိပ်တော့ မဆိုးပါဘူး။ ငါ စမ်းကြည့်ချင်နေတာ ကြာပြီ”
“ကောင်းပြီလေ။ မနက်ဖြန် သွားစားကြတာပေါ့။ နင်တစ်ယောက်ထဲ အပြင်သွားရတာ မလုံခြုံဘူးလို့ ခံစားရတယ်။ ဒီညနေ ဟိုင်ရှင်းနဲ့ တွေ့ပြီးရင် နင့်ကို လာတွေ့လှည့်မယ်။ ဟုတ်ပြီလား”
မူကျီ ရှက်ကိုးရှက်ကန်းနဲ့…
“ငါတို့တွေ ကျောင်းဈေးတန်းမှာ သွားစားကြရအောင်”
“ဒါ အကောင်းဆုံးပဲ။ နင် အဲ့မှာ စောင့်နေလိုက်လေ။ ငါ ဟိုင်ရှင်းနဲ့ တွေ့ပြီးရင် နင့်ကို လာရှာလှည့်မယ်”
အမှတ်(၃)လေ့ကျင့်ရေးကွင်းကိုရောက်တော့ ညနေစောင်းဆိုပေမယ့် ကောင်းကင်ကြီးတောင် မှောင်စပြုနေပြီ။ ခဏကြာတော့ ကျောင်းသားတွေ ညစာ သွားစားကြတဲ့သူနဲ့၊ လေ့ကျင့်ရေးကွင်းကို လာတဲ့သူတွေနဲ့ပေါ့။ ဒါပေမယ့် အခု လောလောဆယ်တော့ လေ့ကျင့်ရေးကွင်းက တော်တော် လေး တိတ်ဆိတ်လွန်းနေတယ်။ လေညှင်းလေးတွေ တိုက်လာတော့ နည်းနည်းတောင် အေးချင်သလိုလို။ ဟိုင်ရှင်းတော့ ရောက်မလာသေးဘူး။ ဒီလိုနဲ့ လေ့ကျင့်ရေးကွင်း အလယ်မှာ ရပ်နေလိုက်မိတယ်။ ဟိုင်ရှင်းအပေါ် ခံစားချက် မရှိဘူးဆိုတာ ဘယ်လိုပြောရင် ကောင်းမလဲဆိုတာရယ်၊ သူ့ ကိုလဲ ဆိုးဆိုးရွားရွား စိတ်ဒဏ်ရာ ရမသွားအောင်ရယ်ပဲ တွေးနေမိလိုက်တယ်။
“ကျန်းကုန်း နင်ရောက်နေပြီပေါ့။ ငါနောက်ကျသွားလို့ တောင်းပန်ပါတယ်ဟာ”
ဟိုင်ရှင်းအသံ ယဲ့ယဲ့လေး ကျုပ်နောက်ကျောဘက်က ကြားလိုက်ရတယ်။
ကျုပ်လှည့်ကြည့်လိုက်တော့ ဟိုင်ရှင်းမျက်နှာ တော်တော်လေး ဖြူလျော့နေတဲ့အပြင် အထီကျန်တဲ့ အရိပ်အယောင်တွေ မျက်နှာပြင်ပေါ်မှာ ပေါ်နေတယ်။
“ကိစ္စမရှိပါဘူး။ ငါလဲ အခုလေးတင်မှ ရောက်တာပါ”
သူ ကွင်း ထောင့်တစ်နေရာကို လက်ညှိုးညွှန်ပြီး..
“ငါတို့ အဲ့နေရာမှာ သွားပြောရအောင်”
ကျုပ် ခေါင်းညိတ်ပြီး ဟိုင်ရှင်းနောက်ကနေ လမ်းလျှောက်လိုက်သွားလိုက်တယ်။
“ကျန်းကုန်း…. ငါလှလား”
ဟိုင်ရှင်း ဒီလိုမျိုး မေးလာလိမ့်မယ် ထင်မထားတော့ တော်တော် အံ့ဩသွားမိတယ်။ ကျုပ် ခေါင်းငုံပြီး တွေတွေကြီးနဲ့..
“အင်း။ နင်လှတယ်။ လှတာမှ ကျောင်းမှာ နင့်ကို ယှဉ်နိုင်တဲ့သူ သိပ်မရှိဘူးရယ်”
ဟိုင်ရှင်း မှိုင်နေရာကနေ စိတ်လှုပ်ရှားသွားတယ်။ သူ့စကားသံလဲ နည်းနည်းလေး ပိုအားပါလာတယ်..
“ဒါဆို ဘာလို့ နင် ငါ့ကို မကြိုက်တာလဲ”
ကျုပ်နှလုံးသား ထိတ်ကနည်းဖြစ်သွားတယ်။
“နင် ဘာလို့ အဲလိုတွေးမိတာလဲ။ ငါလဲ နင့်ကို သေချာပေါက် ကြိုက်တာပေါ့။ ဟိုင်ရှင်းဆိုတာ ချစ်စရာ ကောင်မလေးပဲလေ။ နင့်ကို မကြိုက်တဲ့သူ ဘယ်လိုလုပ် ရှိနိုင်မှာလဲလို့”
“ငါ မငယ်တော့ဘူး။ နင့်မျက်လုံးထဲမှာ ငါက ချစ်စရာ ကောင်မလေး တစ်ယောက်ဆိုတာ လောက်ပဲလား။ ငါ နင့်ကို ကြိုက်တယ် ပြောတုန်းက ဘာကို ဆိုလိုတာလဲဆိုတာ နင်သိလောက်ပါတယ်။ နေစမ်းပါအုံး။ ငါ့ ဘယ်နေရာက မူကျီနဲ့ မယှဉ်နိုင်ရတာလဲ။ ပြောစိမ်းပါ။ ငါ့ကို ပြောစမ်းပါ”
ဟိုင်ရှင်း ခံစားချက်တွေ မြင်လိုက်ရတော့ ကျုပ်နှလုံးသားမှာ စူးကနဲ နာကျင်သွားတယ်။ ဒီလို အပြစ်ကင်းစင်ပြီး ချစ်စရာ ကောင်းတဲ့ မိန်းကလေးကို နာကျင်မှုတွေ မခံစားစေချင်ပေမယ့် အကြောင်းပြချက်လဲ မပေးနိုင်ပြန်ဘူး။ အံပဲ ကြိတ်လိုက်မိ တော့တယ်။ ဝေဒနာကို ကြာရှည် ခံစားစေမှာထက် တစ်ခါတည်း အမြစ်ဖြတ်လိုက်တာ ကောင်းမယ်ထင်တယ်။
“ဟိုင်ရှင်း ငါတယ်ကို တောင်းပန်ပါတယ်ဟာ။ နင့်ခံစားချက်တွေကို ငါနားလည်ပေမယ့် ငါ့နှလုံးသားက တခြားတစ်ယောက်အတွက် ဖြစ်သွားပြီဆိုတော့ နင့်အတွက် နေရာမရှိတော့ဘူး။ ငါတောင်းပန်ပါတယ်”
ကျုပ်စကားကြားသွားတော့ ဟိုင်ရှင်း စိတ်ဓါတ်ကျတဲ့ အရိပ်အယောင် မမြင်ရဘူး။ သူ သိသိသာသာ ငြိမ်သွားပေမယ့် သူ့ မျက်နှာက ရဲလာတယ်။ ပုလဲလေးလို တောက်ပနေတဲ့ မျက်ရည်စတွေ သူ့ပါးပြင်ပေါ် လိမ့်ဆင်းလာတယ်။
“အေးပါ။ ငါနားလည်ပါတယ်။ ကျန်းကုန်… ပြိုင်ပွဲထဲမှာ နင်နဲ့ ငါ ပထမဆုံး တွေ့ခဲ့ရတဲ့ အချိန်ကို မှတ်မိသေးလား။ နင် ငါသတိလွတ်တဲ့အချိန် အခွင့်အရေးယူပြီး စင်ပေါ်က တွန်းချလိုက်တာလေ။ အဲ့တုန်းက နင့်ကို နည်းနည်း မုန်းသွားတယ်။ ဒါပေမယ့် နင့်ပုံရိပ်တွေ ငါ့နှလုံးသားထဲက ပျောက်မသွားတဲ့ထိ စွဲနေတယ်။ နှစ်တွေ ကြာလာတာတောင် ငါ့နှလုံးသားထဲကို နင်ကလွဲပြီး ဘယ်သူမှ ဝင်မလာနိုင်ခဲ့ဘူး။ မူကျီကို ရွေးလိုက်တာ ငါအပြစ်မတင်ပါဘူး။ ဒါပေမယ့် နင့်အပေါ် ငါ့အချစ်တွေ ဝန်ခံဖို့ စိတ်ဆုံးဖြတ်ထားတာနဲ့ ပတ်သက်ပြီးတော့လဲ နင် အပြစ်မတင်နဲ့နော်”
ကျုပ် သူ့မျက်နှာပေါ်က မျက်ရည်စတွေကို သုတ်ပေးလိုက်မိတယ်။
“ဟိုင်ရှင်း…. နင် ဒီလိုဖြစ်နေတာတွေ ရပ်လိုက်ပါလား။ နင့်ကို ဒီလိုပုံစံနဲ့မြင်ရတာ ငါ့ရင်တွေ နာတယ်ဟ”
ဟိုင်ရှင်း ကျုပ်လက်ကို ကိုင်ပြီး သူ့ အေးစက်သိမ်မွေ့တဲ့ မျက်နှာလေးပေါ် ဖိလိုက်တယ်။
“မူကျီနဲ့ နင့်ကို ပထမဆုံးတွေ့လိုက်ရတုန်းက တစ်ခုခုတော့ မူမှန်ဘူး ထင်ပေမယ့် ကိုယ့်ကိုကိုယ် ဖြေသိမ့်လိုက်တယ်။ ဒါပေမယ့် ဒီနေ့ မူကျီဒဏ်ရာ ကုပေးဖို့ ငါ့ကို လာခေါ်တဲ့အချိန်ကျ ငါ့မှာ အခွင့်အရေး မရှိတော့ဘူးဆိုတာ နားလည်သွားပြီ။ နင့် နှလုံးသားကို ငါမြင်လိုက်ရတယ်။ နင့်မျက်လုံးထဲမှာလဲ မူကျီပဲရှိတယ်။ သူ့ကို ကြည့်တဲ့ နင့်အမူအရာတွေက နူညံ့လွန်းနေရောပဲ။ မူကျီ ဒဏ်ရာရသွားတဲ့အချိန် နင်စိတ်မကောင်းဖြစ်ရတယ်။ နင် ငါ့ကို ဘယ်တော့မှ ချစ်နိုင်မှာ မဟုတ်ဘူးဆိုတာ သိပြီးတာတောင် ငါ့နှလုံးသားက နင့်ဆီ အမြဲရောက်နေနှင့်ပြီ။ ကျန်းကုန်း…. နင့်ကို ငါတကယ်ချစ်တယ်….”
ဟိုင်ရှင်း ကျုပ်ခါးကို ကျစ်နေအောင်ဖက်ပြီး ကျုပ်ရင်ခွင်ထဲမှာ အသံတိတ် ငိုနေပါရောလား။
ပြောရရင် ကျုပ်လုံးဝကို မလှုပ်ခဲ့မိဘူး။ ကျုပ်ကိုကျုပ် လိမ်ရာရောက်လိမ့်မယ်။ ဟိုင်ရှင်း ကျုပ်အပေါ် ဒီလောက်ထိ လေးနက်လွန်းတဲ့ ခံစားချက် ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှကို ထင်မထားမိတာ။ ကျုပ်သူ့ကို ငေးပြီး ပြန်ပွေ့ဖက်ထားရင်း ဘာပြောရမှန်းကို မသိတော့လို့ နှစ်သိမ့်မပေးနိုင်ခဲ့ဘူး။
ရုတ်တရက် ကျုပ်တို့ကို လှမ်းအော်လိုက်တဲ့ အသံတစ်ခု ကြားလိုက်ရတယ်။
“မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ”
ဟိုင်ရှင်းနဲ့ ကျုပ် တစ်ယောက်နဲ့တစ်ယောက် လွှတ်ပေးလိုက်ကြတယ်။ ဟိုင်ရီ……။ ကျုပ် သူ့နဲ့မတွေ့ဖြစ်တာ (၂)နှစ် တောင်ရှိသွားပြီပဲ။ သူ့လက်ထဲမှာလဲ မီးလုံးတစ်လုံးနဲ့ ဒေါသတကြီး ပြေးလာနေတာ။ ကျုပ် သူ့တိုက်ကွက်ကို ကာဖို့ အကာအကွယ် ဖန်တီးလိုက်တယ်။
“မင်း တော်တော်ဟုတ်နေတယ်ပေါ့။ မင်းလိုကောင်ကများ ငါ့ညီမကို ဖက်ဖို့ သတ္တိတွေ ရှိနေတယ်ပေါ့လေ။ မင်းမှာ ဘာအစွမ်းအစတွေရှိမလဲဆိုတာ ငါမြင်ချင်သေးတယ်”
ဟိုင်ရီ စိတ်ဆိုးနေတယ်ဆိုပေမယ့် ထူးထူးခြားခြားကို နွေးထွေးနေသလိုမျိုး ခံစားနေရတယ်။ သူ့ပုံစံက မာခယ့် သူ့ကြောင့် ရတဲ့ ဒဏ်ရာတွေကို ကုပေးရတဲ့ အချိန်ကိုတောင် ပြန်သတိရမိစေတယ်။ ကျုပ်ပြုံးပြီး..
“အစ်ကို ဟိုင်ရီ…။ မင်းဒေါသတွေက လုံးဝ မပြောင်းလဲသေးပါလား”
ဟိုင်ရီ ကျုပ်အသံကို ရင်းနှီးနေတယ်လို့ ခံစားလိုက်ရတယ်ထင်တယ်။ သူ့ အရိုင်းဆန်လွန်းတဲ့ မန္တန်ကို ပြန်ရုတ်သိမ်းလိုက်ပြီးမှ..
“မင်း…. မင်း ဘယ်သူလဲ….”
“ကျုပ် …. ကျန်းကုန်း ပါ….”
============= (*^*)=============
အပိုင်း( ၁၃၀ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား