← Chapters

ရင်ထဲမှာ မူကျီတစ်ယောက်ထဲ

Vol. 9 Ch. 131

ရင်ထဲမှာ မူကျီတစ်ယောက်ထဲ

Vol. 9 Ch. 131

Child of light (ကျန်းကုန်း)

Volume 4: Chapter 41 - Embracing Mu Zi

ဟိုင်ရီ ခေါင်းခါရင်း..

“အေးကွာ။ ဒီလိုကိစ္စမျိုး ဝင်ပါလို့မရတော့လဲ ကြိုက်သလိုသာ လုပ်ကြတော့ကွာ။ ဒါပေမယ့် ငါ့ညီမလေး အရမ်း သနားဖို့ကောင်းတာပဲ”

စကားဆုံးတော့ မူကျီကို လှမ်းကြည့်လိုက်သေးတယ်။

“အစ်ကိုကြီး ဟိုင်ရီ။ အရင်တုန်းက မူကျီ မင်းကို ဒုက္ခပေးဖူးလား။ မင်းကြည့်ရတာ ကြောက်နေသလိုပဲ”

“ဘယ်သူက သူ့ကို ကြောက်နေလို့လဲ။ ဒါပေမယ့်ကွာ အရင်တုန်းက သူ့လက်ထဲမှာ ငါဒုက္ခရောက်ခဲ့ဖူးသေးတယ်။ ငါတို့တွေ ကျောင်းပြိုင်ပွဲမှာ တုန်းကပေါ့ကွာ။ ငါသူ့ကို နိုင်လိုက်ပေမယ့် ရက်တော်တော်ကြာတဲ့အထိ မထနိုင်အောင်ကို သူဆော်သွားတာကွ။ မူကျီ တကယ်ကို အစွမ်းထက်တာ။ အထူးသဖြင့် သူ့ဘဝနဲ့ထပ်တူ တိုက်ခိုက်ကြတဲ့အချိန်မျိုးပေါ့။ လောလောဆယ် ဟိုင်ရှင်းနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ နည်းနည်းခက်နေတယ်။ မင်းသူ့ကို ကြိုက်ဖို့လဲ ငါအတင်းအကြပ် လုပ်လို့မှမရတာ။ ပထမ တုန်းက ဟိုင်ယွဲ့။ ပြီးတော့ အခု ဟိုင်ရှင်း။ ငါ့ညီမလေး (၂)ယောက်ရယ် မင်းတို့ အစ်ကိုကြီးကို ဘာတွေ လုပ်စေချင်နေကြတာတုန်း”

မူကျီ ဟိုင်ရီကို မခံနိုင်တော့တဲ့အထိ တိုက်ခဲ့တယ်ပေါ့။ ဒီကိစ္စ အရင်က မသိခဲ့လိုက်ဘူး။

“ဟိုင်ယွဲ့လား။ သူဘာဖြစ်လို့လဲ”

“ဒါ သနားစရာ ရီမိသားစုအတါက်လေ။ ဘာကြောင့် ရုတ်တရက်ကြီး ပျောက်ကွယ်သွားလဲ မသိဘူး။ ဖုန့်လျန့်လဲ ပျောက်သွားတယ်။ ဟိုင်ယွဲ့ အရမ်းစိုးရိမ်ပြီး လိုက်ရှာပေးမယ့် မတွေ့ပါဘူးကွာ။ အဲ့ကောင် သွားမယ်ဆိုရင်တောင် အသိလေးတော့ ပေးသွားသင့်တာပေါ့”

“မင်း အိမ်ပြန်ပြီး ဟိုင်ယွဲ့ ရှာနေတာကို ရပ်ဖို့ ပြောလိုက်တော့။ မင်းကို လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်။ ရီမိသားစု တစ်ခုလုံး နိုင်ငံတော်ကို သစ္စာဖောက်ပြီး အကုန်ထွက်ပြေးသွားပြီ။ ဖုန့်လျန့်လဲ အတူတူပဲပေါ့။ ဒီကောင်တွေ မိစ္ဆာစွမ်းအားတွေကို ကျင့်ကြံနေကြတာ။ ဟိုင်ယွဲ့ အဲ့ကောင်ကို တတ်နိုင်သမျှ မေ့ပစ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်”

နောက်ဆုံးတော့ မာခယ့်မှာ အခွင့်အရေး ရလာပြီ။ မနက်ဖြန် အဲ့ကောင်ကို ဟိုင်ယွဲ့ ချော့ဖို့ သွားခိုင်ရမယ်။

“ဒီလို ကိစ္စမျိုး ဖြစ်သွားတာလား။ ငါ ဘာလို့မသိရတာလဲ”

“ဒီကိစ္စ တခြားသူတွေကို ပြန်ပြောလို့မရဘူးနော်။ ငါပြောတာ မင်းမယုံရင် အိမ်ပြန်ပြီး မင်းအဘိုးကို မေးကြည့်လိုက်။ သူသိတယ်။ တကယ်ဆို မာခယ်လဲ မဆိုးပါဘူးဟ။ အဲ့ကောင်ကို ကူညီသင့်တယ်နော်”

“ဘာလို့များ ဒီလောက်ဇယားတွေ ရှုတ်နေရလဲမသိတော့ပါဘူးကွာ။ ထားတော့။ ငါသွားတော့မယ်။ ဘာမှလဲ မတွေးချင်တော့ဘူး”

“အစ်ကိုကြီး ဟိုင်ရီ… မင်းအိမ်ပြန်ရောက်ရင် ကိုယ့်ခံစားချက်တွေ အတင်းအကြပ်ပြောလို့ မကောင်းဘူးဆိုတာ ဟိုင်ရှင်းကို သတိပေးထားသင့်တယ်။ အဲလိုမှပဲ သူ့နှလုံးသားနာကျင်မှုတွေ ကုစားနိုင်မယ် ထင်တယ်”

“ဒီလောက်ဆို တောပြီကွာ။ မင်း ဒီလောက်ကြီး ပြောစရာမလိုပါဘူးဟ။ အသည်းကွဲနေတဲ့သူကို ငါဘယ်လိုလုပ် ကုစားပေးလို့ ရမှာတုန်း။ သူခံစားနေရတာ မင်းကြောင့်မဟုတ်ဘူးလား”

ညည်းညည်းငြူငြူ နဲ့ လေ့ကျင့််ရေးကွင်းထဲကနေ ထွက်သွားပါလေရော။

သူထွက်သွားတာကြည့်ပြီး ကျုပ်ပြုံးနေယုံကလွဲပြီး ဘာများတတ်နိုင်အုံးမှာလဲ။

မူကျီ လျှောက်လာပြီး ကျုပ်လက်ကို လှမ်းဆွဲရင်း..

“နင့်အတွက် နည်းနည်း ခက်သွားပြီ”

ကျုပ် လှည့်ပြီး သူ့ကို အသာလေး ပွေ့ဖက်လိုက်တယ်။ သူ့ကိုယ်သင်းနံ့လေးက မွှေးလွန်းတော့ စွဲစွဲလန်းလန်းနဲ့ပဲ သူ့ဆံနွယ်တွေကြား ခေါင်းနှစ်ထားလိုက်မိတယ်။ ဘာမှ မတွေးဘဲ တိတ်တိတ်လေးပဲ ထွေးပွေ့ထားချင်တော့တယ်။

မူကျီလဲ ပြန်ဖက်ရင်း ကျုပ်ရင်ဘတ်ပေါ် ခေါင်းလေးတင်ထားတယ်။

အချိန်တော်တော်ကြာမှ ကျုပ်ခေါင်းမော့ပြီး..

“ဒီအချိန်လေးကို ရပ်ထားချင်လိုက်တာ။ နင့်ကို ဖက်ထားရတဲ့ ခံစားချက်က ဘာနဲ့မှကို မလဲနိုင်တာ။ အရမ်း အရသာရှိတာပဲ”

မူကျီ ကျုပ်ကို တွန်းထုတ်ပြီး ဒေါသထွက်တဲ့ ပုံစံလေးနဲ့..

“နင် တော်တော် ကြောက်ဖို့ကောင်းပါလား။ နင်ဒီလို မဟုတ်က ဟုတ်ကတွေပဲ ပြောဖို့တတ်တာလား”

သူ ဒီလို တုန့်ပြန်လေ ကျုပ်ပျော်ရလေပဲ။ အစောက ကျုပ်ဒုက္ခရောက်ခဲ့ရတာတွေ အကုန်မေ့သွားပြီ။ ကျုပ် လက်ကားပြီး သူ့ကို လှမ်းဖက်လိုက်တယ်။

မူကျီ အော်သံလေး တစ်ချက်နဲ့ ရှောင်ထွက်သွားပါရောလား။ သူက လေမှော်ပညာကို သုံးပြီး လှုပ်ရှားနေတာဆိုတော့ တော်တော်ကို သွက်နေတာဗျ။ လေဟာနယ် ရွှေ့ပြောင်းပြီး လိုက်တာတောင် သူ့ကို ဖမ်းမိဖို့ တော်တော် ခက်နေသေးတာ။

နောက်ဆုံးကျမှ သူ့ရှေ့ကနေ ပိတ်ဖမ်းဖို့ အခွင့်အရေး တစ်ခုရပြီး သူ့ခန္ဓာကိုယ်လေးကို ကျစ်နေအောင် ဖက်ရင်း အနမ်းမိုးတွေ ရွာချပစ်လိုက်တယ်။

သူ ကျုပ်ကို လက်သီးစုပ်ကလေးနဲ့ ထုရင်း..

“နင် မုန်းစရာကြီး။ လူဆိုး….”

သူ ကျုပ်လက်ထဲက ရုန်းထွက်ဖို့ ကြိုးစားပေမယ့် ကျုပ်က တင်းကြပ်နေအောင် ဖက်ထားတာဆိုတော့ ရုန်းမထွက်နိုင်ဘူးလေ။

“ငါ့ရင်ခွင်က မနွေးထွေးလို့လား။ နင်ငါ့အနားက ထွက်မပြေးပါနဲ့တော့ဟာ”

ပြောပြီးတာနဲ့ သူ့ကို ချစ်ရည်ရွှန်းတဲ့ မျက်လုံးကြီးတွေနဲ့ ကြည့်နေလိုက်တယ်။

မူကျီ မရုန်းတော့ဘဲ ကျုပ်ရင်ခွင်ထဲ ငြိမ်သွားရော။ ကျုပ် သူ့ဆံနွယ်ပျော့ပျော့လေးတွေကို ဖွဖွလေး သပ်ပေးနေမိတယ်။ ပြီးနော့ သူ့နားရွက်နားကို ကပ်ပြီး တိုးတိုးလေးနဲ့…

“မူကျီ… နင့်ကို ငါအရမ်းချစ်တယ်”

“ဟွင့်…”

ကျုပ်ပြောသမျှ ခွန်းတုန့်မပြန်တာကိုက ကျုပ်အတါက် ကျေနပ်စရာဖြစ်နေပြီ။ သူ့နှုတ်ခမ်းလေးကို နမ်းမလို့ ခေါင်းငုံ့လိုက်တယ်။ မူကျီ တုန်ကနဲဖြစ်သွားတယ်။ နောက်ဆုံး အခေါက်က သူ့လက်ကလေးကိုပဲ နမ်းခဲ့ရတာလေ။

“နင် တော်တော် အကျင့်မကောင်းတာပဲ။ အခုတခါ ထပ်ပြီး ဉာဏ်များပြန်ပြီ။ ငါ့ကို ဖက်ထားယုံနဲ့ မကျေနပ်နိုင်ဘူးလား။ နင်ဒီလိုဆက်လုပ်နေရင် နင့်ကို ပစ်ထားလိုက်မှာနော်”

သူ တကယ်ကြီး စိတ်ဆိုးသွားမှာတော့ ကျုပ်ကြောက်တယ်ဗျ။ ညအလင်းရောင် မှိန်မှိန်အောက်မှာ သူလေးကို ဖက်ထားရင် အသာရပ်နေမိလိုက်တယ်။ တစ်ယောက်ရင်ခုံသံတစ်ယောက် တိတ်တိတ်လေး ခံစားရင်းပေါ့ဗျာ။

----****************----

ကျုပ် အဆောင်ပြန်ရောက်တော့ မူကျီနဲ့ အဆင်ပြေသွားပြီဆိုပေမယ့် ဒီဖြစ်ရပ်ကြောင့်ပဲ တခြားတစ်ယောက်ရဲ့ နှလုံးသား ထိခိုက်နာကျင်သွားရတယ်ဆိုတာ အံ့ဩမိနေတုန်းပဲ။ ဘာနဲ့တူလဲဆိုရင် အရာသာတစ်ခုက အရမ်း ချိုမြလွန်းပြီး နောက်တစ်ခုက အရမ်းခါးသီးလွန်းတယ်လို့ပဲ ကျုပ်သိတော့တယ်။ ဟိုင်ရှင်းရေ ငါတကယ်ကို တောင်းပန်ပါတယ်။ ငါ့ကို မေ့ပစ်လိုက်စမ်းပါဟာ။

အဲ့ည ပြိုင်ပွဲကိစ္စ၊ မူကျီ၊ မွန်းစတားဘုရင်၊ ဟိုင်ရှင်း၊ ရီမိသားစုကိစ္စတွေ အားလုံး ကျုပ်ခေါင်းထဲမှာ သပွတ်အူလို လည်နေတော့ ဘယ်လိုမှကို အိပ်မရနိုင်ဘူး။ ဒီလိုနဲ့ ညအချိန်ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာပေါ့။

ဘယ်သူ ကျုပ်ကို တွန်းလှုပ်နေတာတုန်း။ ကျုပ်တဖြည်းဖြည်းနိုးလာတယ်။ ပြီးတော့ မာခယ့်ပြောသံ..

“အစ်ကိုကြီး၊ အစ်ကိုကြီး၊ အမြန်ထတော့။ မင်း နောက်ကျနေပြီ။ မြန်မြန် မြန်မြန်”

မာခယ် ဆက်လှုပ်နှိုးနေတာဆိုတော့ ကျုပ်မျက်လုံး တဖြည်းဖြည်း ပွင့်လာတယ်။ ကျုပ် သူ့လက်တွေကို တွန်းဖယ်ပြီး..

“တော်တော့ကွာ။ ဆူညံ့မနေနဲ့တော့။ ငါတကယ် စိတ်ဆိုးလာပြီနော်။ ငါအိပ်ပါရစေကွာ။ နောက်ကျတော့လဲ ဘာဖြစ်လဲ ဒါ ဖြစ်နေကျပဲကို”

“မင်းပြောတာနော်။ ဒါဆို ဒီနေ့ည ငါဆရာတိကို ပြန်ပြောရမယ်။ မနေ့က မင်းထွက်သွားတော့ အဲ့အဘိုးကြီးက မင့်မှော်ပညာတွေ မဆုတ်ယုတ်သွားအောင် ဂရုတစိုက်နဲ့ စောင့်ကြည့်ဖို့ရယ်၊ အထူးသဖြင့် အတန်းထဲမှာ မင်းလေးလေးနက်နက် လေ့လာဖို့ရယ် ပြောထားတယ်ကွ”

ဆရာတိ ဆိုတဲ့စကားကြားတော့ ကျုပ်လဲ လန့်ဖျန့်ပြီး အိပ်ယာပေါ်ကနေ ခုန်ဆင်းလိုက်ရတယ်။

“တကယ်ကြီးလားဟ။ အတန်းချိန်လေး နည်းနည်းလွတ်သွားတာ ဘာအရေးလဲကွာ။ အဲ့သင်ခန်းစာတွေက ငါ့အတွက် ဘာမှ အဓိပ္ပါယ်မရှိဘူးကွ”

“တော်လောက်ပြီ အစ်ကိုကြီး။ ညည်းမနေနဲ့တော့ သွားကြရအောင်။ ဆရာတိက မင်းမှော်စွမ်းအား အရမ်းအားကောင်း ပေမယ့် မင်းမှာ အခြေခိုင်အောင် လုပ်မထားလို့ သဘောတရာတွေ အများကြီးလေ့လာတာ ပိုကောင်းမယ်တဲ့”

မာခယ်နဲ့ကျုပ် ကျောင်းသွားနေတုန်း ..

“မနေ့က ဟိုင်ရှင်းနဲ့ ပတ်သက်ပြီး အစ်ကိုကြီး ဟိုင်ရီနဲ့ ဖိုက်ကြသေးတယ်ဆို”

“မင်းတို့ သတင်းတွေကလဲ မြန်လိုက်တာကွာ”

“ဒါဆို မင်းကယ်ကြီး လုပ်ခဲ့တာပေါ့။ ငါက ကောလဟလ လို့ပဲထင်ခဲ့တာဟ။ ဒါ ဘယ်လိုဖြစ်တာလဲ။ မူကျီလက်ထဲ မင်းကျရှုံးသွားတာတော့ မဖြစ်နိုင်ဘူးမို့လား”

“မူကျီအတွက်ဆို ငါ့ဘက်က (၁၁၀)ရာခိုင်နှုန်းထိ သေချာတယ်ကွာ။ ငါ သူ့ကိုမချစ်ဖို့ ဘယ်လိုမှ တားမရတော့ဘူး”

မာခယ် ပါးစပ်အဟောင်းသားနဲ့ အချိန်တော်တော်ကြာမှ-

“မင်း ဒီလောက်ဖြစ်သွားတာ ငါမသိလိုက်ဘူး။ အစ်ကိုကြီး မင်းတော်တော် အံ့ဩဖို့ကောင်းတာပဲ။ ဒါပေမယ့် မူကျီက ဟိုင်ရှင်းထက် ပိုသာတာလား။ သူလက်ခံလိုက်လား”

“ဘယ်သူ သာတယ် မသာတယ် ငါမသိတော့ဘူး။ ဒါပေမယ့် ငါသိတာတစ်ခုက ငါ မူကျီကို လေးလေးနက်နက် ချစ်ပြီး၊ သူကလဲ ငါ့ကို လက်ခံလိုက်ပြီ။ မနေ့က ဟိုင်ရှင်းကိုလဲ အားလုံးရှင်းပြလိုက်ပြီ။ သူ့အတွက်တော့ စိတ်မကောင်းဘူးပေါ့ကွာ။ အဲ့အချိန် ဟိုင်ရီ စိတ်ဆိုးမာန်ဆိုးနဲ့ ရောက်လာပြီး တွေ့သွားတာဟ။ နဂိုထဲက ဒေါသအိုးဆိုတော့ ငါ့ကို ဘယ်လိုလုပ် ခွင့်လွှတ်လိမ့်မတုန်း။ အဲ့တော့လဲ အချင်းချင်း ထချကုန်ကြတာပေါ့ကွာ”

============= (*^*)=============

အပိုင်း( ၁၃၂ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters