ပုံမှန် မဟုတ်သော ပြိုင်ပွဲ
Vol. 9 Ch. 135
Child of light (ကျန်းကုန်း)
Volume 5: Chapter 2 - Abnormal Tournament
မူကျီပြောတာတွေကို ပုတ်သင်ညိုလို တဆတ်ဆတ် ခေါင်းညိတ်ပြလိုက်တယ်။ ဆရာကျန်း အမူအရာပြောင်းသွားတယ်ဗျ။ ကျုပ်တို့ အဲ့နေရာ ရွေးလိမ့်မယ်လို့ သူမတွေးမိတဲ့ပုံပဲ။ တော်ဝင်အထက်တန်း မှော်ကျောင်းအုပ်ကြီး တစ်ယောက်အနေနဲ့ အဲ့ဆိုင်ရာ အစားအသောက်ဈေးတွေ အတိအကျ သိတာပေါ့။ သူ ရှုံ့မဲ့ပြီး..
“အဲ့နေရာက ဈေးကြီးလွန်းတယ်ကွ။ တခြားနေရာ ပြောင်းကြည့်ပါလား”
မူကျီနဲ့ ကျုပ် ခေါင်းခါပြလိုက်ပြီး မူကျီက..
“ဟင့်အင်း..။ ဆိုင်ပြောင်းရမယ်ဆိုရင် ဝင်မပြိုင်တော့ဘူး။ ပြိုင်ပွဲဝင်တွေ ချိန်းလိုက်တော့”
ဆရာကျန်း အတွေးထဲမှာ မူကျီ မလိုက်ချင်ဘူးဆိုရင်တောင် အဓိကသူလိုချင်တာက ကျုပ်လေ။ ခေါင်းငုံ့ပြီး ခနလောက်စဉ်းစားလိုက်သေးတယ်။ ပြီးမှ အံ့ကြိတ်ပြီး..
“ကောင်းပြီလေ။ အဲလိုပဲ ဆုံးဖြတ်လိုက်မယ်”
သူ မင်းသား ခယ်ကျာနဲ့ သွားတွေ့ပြီး စားစရိတ်တွေ ရှင်းခိုင်းမှာ သေချာတယ်။ ဒါကိုတွေးမိတော့ ဆရာကျန်း ပြုံးသွားတာ မြင်လိုက်ရတယ်။
“ဒါ အကောင်းဆုံးပဲ။ ပြေလည်သွားပြီဆိုတော့ အထုပ်အပိုး ပြင်ဖို့ သွားတော့မယ်”
“မနက်ဖြန် (၉)နာရီ ကျောင်းပေါက်ဝမှာ လူစုပြီး အတူသွားကြရမ်။ မြေပုံ ရှိတယ်မို့လား။ အဲ့ကို ဘယ်လိုသွားရမလဲ သိတယ်မို့လား”
“အဲ့ကိစ္စတော့ ဆရာဘာမှ စိတ်ပူမနေနဲ့”
“မင်းက ဒီကျောင်းရဲ့ အထူးချိန်ဆုံး ကျောင်းသားနော်။ လမ်းခရီးမှာ အန္တရာယ် မဖြစ်စေနဲ့။ ပြိုင်ပွဲမှာ ကြောက်စရာ စည်းကမ်းချက်တွေ ရှိတယ်။ တစ်ဖက် ပြိုင်ဖက်ကို မသတ်ဖို့ တားမြစ်ထားပေမယ့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတဲ့အထိ ချေမှုန်းခွင့် ပြုထားတုန်းပဲ”
“ဘယ်လို. ဘာလို့ ဒီလောက် ကြောက်စရာ စည်းကမ်းချက်ကြီး ရှိရတာလဲ”
“ဘယ်သူ သိမှာတုန်းဟ။ စည်းကမ်း ထုတ်ထားတာ အရမ်းကြာနေပြီ။ အကြောင်းက ကန့်သတ်ချက်တွေ များလွန်းတော့ ပြိုင်ဖက်တွေ သူတို့ ခွန်အား အစွမ်းကုန်ထုတ် မသုံးနိုင်ကြလို့လေ။ ဒါ တစ်ယောက်ချင်းစီ တိုးတက်မှုကို ထိခိုက်နိုင်တယ် လေ။ ဒါပေမယ့် ငါ မင်းကို အပြည့်အဝ ယုံတယ်။ ဒါမှမဟုတ် မင်းအစွမ်းအစကို မင်းမယုံလို့လား”
သေရော။ မူကျီပြောတာ ဟုတ်နေတာပဲ။ တကယ်ကို ပေါင်းကြံထားကြတာပဲဗျ။
“ဒါဆို ငါတို့တွေ ပြန်ကြရအောင်”
သူ့စကားကို ကျုပ် အံ့ဩနေတုန်း ကျုပ်လက်ဆွဲပြီး ရုံးခန်းထဲကနေ ဆွဲခေါ်သွားလေရဲ့။
ကျုပ်တို့ ထွက်သွားတာ မြင်တော့ ဆရာကျန်း ကိုယ့်ဟာကိုယ်..
“မင်းတို့ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်ကွာ။ ဒါလဲ လေ့ကျင့်ဖို့ အကောင်းဆုံး အခွင့်အရေး တစ်ခုပဲကိုး”
တစ်ရက်တာ ကျောင်းဆင်းချိန်းကျ မာခယ်နဲ့ သွားတွေ့ပြီး…
“ပြိုင်ပွဲအကြောင်း သိပြီးပြီလား”
မာခယ် အမူရာ နည်းနည်း ပျက်သွားတယ်။
“ဘာလဲဟ။ ဘာလို့ ဒီလောက် ဒုက္ခရောက် နေရတာတုန်း။ ဘာဖြစ်တာလဲ။ မင်း မှော်ပညာရှင်လေ။ ရှုံးမှာ ကြောက်နေတာတော့ မဟုတ်ပါဘူးနော်”
“အစ်ကိုကြီး။ (၃)နှစ်တစ်ကြိမ် ကျောင်းပေါင်းစုံမှော်ပညာပြိုင်ပွဲဆိုတာ ဘယ်လောက်ထိ ပုံမှန်မဟုတ်လဲဆိုတာ တွေးကြည့်ယုံနဲ့ စိတ်ပူနေရပြီ”
“ဒါတွေ ငါသိပါတယ်ကွာ။ ပြိုင်ပွဲမှာ ပြိုင်ဖက်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရတဲ့ထိ လုပ်နိုင်တာကို ခွင့်ပြုထားလို့မို့လား။ ငါကိုယ်တိုင် အဖွဲ့ကို ခေါင်းဆောင်ထားတာပဲကွာ ဘာတွေ ကြောက်နေတာလဲ”
“ဒါတင်မကဘူးကွ။ ပြိုင်ပွဲမျာ ငါတို့ကလွဲရင် တခြား အထက်တန်းမှော်ကျောင်းတွေက ပြိုင်ပွဲထဲမှာ ဝင်ပြိုင်ဖို့ ဆရာတွေကိုပါ ခွင့်ပြုထားတာကွ။ အစ်ကိုကြီး ကျောင်းအားလုံးက ငါတို့ တော်ဝင်မှော်ပညာအထက်တန်းကျောင်းကို အနိုင်ယူပြီး ဂုဏ်တက်ချင်နေကြတာရော မင်းသိလား”
“ဘာ… ဆရာတွေပါ ဝင်ပြိုင်ခွင့် ရှိတယ်လား။ ဒါ ဒါ မတရားတာ မို့လား”
မူကျီကတော့ ခပ်အေးအေးနဲ့..
“ဘာကို တရာမျှတရမှာလဲ။ ဆရာတွေ ဝင်မပြိုင်ဘဲ ကျောင်းသားတွေပဲဆိုရင် ငါတို့ဖိနပ်တောင် ကိုင်ဖို့ အဆင့်မမှီနိုင်ဘူးလေ။ ဆရာကျန်း နင့်ကို လွယ်လင့်တကူ တာဝန်ပေးလိုက်မှာမဟုတ်မှန်း ငါပြောပြီးသာကို။ အဲဒါ အမှန်တရားပဲ”
“မူကျီပြောတာ အမှန်ပဲ။ တခြားကျောင်းတွေမှာ ကျောင်းအုပ်ကြီးတွေအတွက် လက်ထောက် ပညာသင်တွေအများကြီး ရှိတယ်။ မှော်ပညာရှင်တွေတော့ အရမ်းရှားတယ်။ အရင်ကဆို ပြိုင်ပွဲဝင်ဖို့အတွက် ဆရာ(၅)ယောက် လွှတ်ရတဲ့ ကျောင်းတွေတောင် ရှိခဲ့ဖူးတယ်”
“နောက်ဆုံး ဘာဖြစ်သွားလဲ။ ဘယ်သူတွေ ပထမရသွားလဲ”
“ငါတို့ ကျောင်းကပဲ ပထမရခဲ့တာပါ။ ဒါပေမယ့် လမ်းလျှောက်ပြန်လာနိုင်တဲ့သူ (၂)ယောက်ပဲ ရှိတယ်။ အဲ့အထဲက တစ်ယောက်က ကျောင်းရဲ့ ထိပ်သီးဖြစ်တဲ့ စစ်ဝါမင်ပေါ့”
“သူတို့တွေပဲ လမ်းလျှောက်ပြန်လာနိုင်တယ်ဆိုတော့ ကျန်တဲ့သူတွေကရော”
“ဟုတ်တာပေါ့။ တစ်ယောက်က ဒဏ်ရာအပြင်းအထန်ရပြီး ကျန်တဲ့(၂)ယောက်က မသန်မစွမ်းဖြစ်သွားတယ်”
“ငါ.. ငါ တောင်းပန်ပါတယ်ကွာ။ မင်းနာမည်ထည့်ဖို့ ဆရာကျန်းကို ငါတောင်းဆိုခဲ့လို့ ပါသွားတာ။ ဒီတစ်ခါ မင်းကို ကောင်းကောင်း ဒုက္ခပေးသလို ဖြစ်သွားပြီ။ ဒီလောက်ထိ အန္တရာယ်ရှိမယ်မှန်းသိရင် မင်းကို ပါခွင့်မပေးပါဘူးကွာ။ မင်း ငါနဲ့ ဆရာကျန်းဆီ လိုက်ခဲ့ပါလား။ မင်းနာမည်စာရင်းကနေ ဖယ်ရအောင် ငါကူညီနိုင်မယ်ထင်တယ်။ ဦးလေး ခယ်ကျာ မျက်နှာနဲ့ဆိုတော့ ဆရာကျန်း လက်ခံလောက်မှာပါ”
“အလုပ်ဖြစ်မှာမဟုတ်ဘူး အစ်ကိုကြီး။ ငါ့အဖေကိုယ်တိုင်က ငါ့ပါအောင် စီစဉ်ထားတာ”
“ဘာလို့လဲဟ။ နင်က သူ့အချစ်ဆုံးသားလေ”
“ငါ့အဖေ ငါ့ကို အရမ်းမျှော်လင့်ထားတဲ့အပြင် ငါ့ကို တစ်ချက်လွတ် ပြောထားတာတွေ ရှိသေးတယ်ဟ။ ဒီပြိုင်ပွဲက ငါ့အတွက် အရမ်းကောင်းတဲ့ လေ့ကျင့်မှုတစ်ခုမို့ ငါမဖြစ်မနေ ပါရမှာ”
“မင်းနဲ့ ဟိုင်ယွဲ့ အတွက် အခွင့်အရေးတစ်ခုဖန်တီးပေးချင်ယုံလေး ငါတွေးလိုက်မိတာပါကွာ။ ဒီလို ပုံမှန်မဟုတ်တဲ့ ပြိုင်ပွဲမျိုး ဖြစ်လာမယ် ထင်မထားမိဘူး”
“ဘာ… ဟိုင်ယွဲ့ရော ပါမှာလား။ မဖြစ်နိုင်ဘူး”
“ဟုတ်တယ်။ ဟိုင်ယွဲ့လဲ လာမှာ”
“ဒါ တကယ်ကို အခွင့်အရေး တစ်ခုပါဟာ။ အန္တရာယ်ကြားမှာပဲ နင့်စိတ်ရင်းမှန်တဲ့ ခံစားချက်တွေ သူသိနိုင်မှာပေါ့။ သူ့ကို နောက်ဆုံးပွဲမှာပဲထားပြီး အနားယူခိုင်းထားလို့ရတာပဲကို။ သူ့အလှည့်မရောက်ခင် (၃)ပွဲနိုင်အောင် လုပ်နိုင်ရင် သူအန္တရာယ် ကင်းမှာပါ”
“အစ်ကိုကြီးရာ… ငါ မင်းကို အပြစ်ပဲတင်ရမလား၊ ကျေးဇူးတင်ရမလား မသိတော့ဘူးကွာ”
“ဒါတွေ အားလုံး ငါ့အမှားတွေပါကွာ။ ငါ လွယ်လွယ်နဲ့ သဘောတူခဲ့တာက အခုလို ရှင်းရှင်းလင်းလင်း မပြောခဲ့လို့ကွ။ မဟုတ်ရင် မူကျီလဲ ဒီလို အန္တရာယ် ကြုံရမှာမဟုတ်ဘူး။ ဘယ်လောက် ခက်ခက်ကွာ မူကျီနဲ့ ဟိုင်ယွဲ့တို့ ဘေးကင်းအောင် ကာကွယ်ကြမယ်”
“ကဲပါလေ။ မနက်ဖြန် ထွက်ရမှာဆိုတော့ ငါပြန်ပြီး အထုပ်အပိုးပြင်လိုက်အုံးမယ်”
မာခယ့်ကို နှုတ်ဆက်ပြီးတော့ မူကျီနဲ့ ကျုပ် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နေမိလိုက်ကြတယ်။
“မူကျီ ငါတယ် တောင်းပန်ပါတယ်ဟာ။ ဒီလို ကြောက်စရာပြိုင်ပွဲကိုမှ နင့်ကို စွတ်ဝင်ခိုင်လိုက်မိပြီ”
“ငယ်ငယ်လေးကတည်းက ဘာကို ကြောက်ရမှန်းကို မသိခဲ့တာ။ ဒါ စိတ်လှုပ်ရှားစရာ တစ်ခုပဲမို့လား။ စိတ်ပူမနေနဲ့ အားလုံး အဆင်ပြေသွားမှာပါ”
ကျုပ်သူ့ကို ကျစ်နေအောင် ဖက်ထားလိုက်မှာ ယောက်ယက်ခတ်နေတဲ့ စိတ်တွေ နည်းနည်း ငြိမ်သွားသလိုပဲ။ သူ့ကို ကာကွယ်ဖို့ရယ်၊ ထိခိုက်မှု သေးသေးလေးတောင် မခံစားရစေဖို့ ကိုယ့်ကိုကိုယ် သတိပေးထားလိုက်တယ်။
မူကျီကို အိပ်ဆောင်ပြန်ပို့ပြီးတာနဲ့ ကျုပ် အဆောင်ကို မပြန်တော့ဘူး။ ကောင်းကင်ကြီး မဲမှောင်သွားပေမယ့် ကျောင်းကထွက်လာခဲ့လိုက်တယ်။ ကျုပ် အပြင်မထွက်ဖြစ်တာ (၂)လလောက်ရှိပြီလေ။ ဒီကိစ္စတွေ ဆရာတိ သိစေချင်သေးတယ်။
အလယ်တန်းမှော်ပညာကျောင်းကိုသွားပြီး အခြေအနေတွေအားလုံး ဆရာတိကို ရှင်းပြလိုက်တော့တယ်။
============= (*^*)=============
အပိုင်း( ၁၃၆ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား