← Chapters

မာခယ့်ကို လမ်းပြ ပေးခြင်း

Vol. 10 Ch. 139

မာခယ့်ကို လမ်းပြ ပေးခြင်း

Vol. 10 Ch. 139

Child of light (ကျန်းကုန်း)

Volume 5: Chapter 6 - Enlightening Ma Ke

မနေ့ညက အိပ်ရေး ပျက်ခဲ့သမျှ ဒီနေ့တော့ အတိုးချ အိပ်လို့ရပြီပေါ့။ စားသောက်ပြီးတာနဲ့ ဟိုင်ယွဲ့ကို သူတို့အခန်းထဲ ခေါ်သွားဖို့ မူကျီနဲ့ လွှတ်လိုက်ပြီး မာခယ့်ကိုတော့ ကျုပ်တို့ အခန်းထဲ ခေါ်လာခဲ့လိုက်တယ်။

မာခယ်ကတော့ သစ်သားတန်းကို အကြောင်းမဲ့ ကြည့်နေတုန်းပဲ။ အခန်းထဲရောက်တာနဲ့ ဒီကောင့်ကို အရင်ဆုံး လက်သီးနဲ့ တစ်ချက်ပြင်းပြင်း ထိုးချလိုက်တယ်။ ဒီကောင် ကျုပ်လက်သီးချက်ကြောင့် မိုက်ကနဲဖြစ်သွားတယ်။ ပြီးတော့မှ ကျုပ် ဒေါသတကြီးနဲ့..

“မိန်းကလေး တစ်ယောက်အတွက်နဲ့ တန်လို့လား။ ဒီလိုမျိုး ထပ်မမြင်ချင်ဘူးကွာ။ လူဆိုတာ မခံချင်စိတ် ရှိရမယ်ကွ။ ယောက်ျားပဲကွာ မိန်းမမရတာ ဘာကြောက်စရာ ရှိလို့တုန်း”

“မင်းနဲ့ မူကျီသာ ဒီလိုအဖြစ်မျိုး ကြုံလိုက်ရရင်ရော”

တဟုန်းဟုန်းတောက်နေတဲ့ မီးဖိုကြီးကို ရေနဲ့ ပက်လိုက်သလိုပဲ။ ကျုပ် ကုတင်ပေါ် ထိုင်ချလိုက်ရင်း..

“မင်း တော်တော် ဥပမာပေးကောင်းတာပဲ။ ငါမင်းကို လမ်းပြဖို့ ကြိုးစားနေတာလေကွာ”

“အစ်ကိုကြီး.. မင်းပြောနေတာတွေ ငါ ကောင်းကောင်းနားလည်ပါတယ်ကွာ။ ခုလို ကြိုးစားပေးတာလဲ ကျေးဇူးတင်ပါတယ်”

“မင်း ငါ့ကို ဘာတွေ ကျေးဇူးတင်နေရတာတုန်း။ ဟိုင်ယွဲ့သာ ငါတို့နဲ့ ပါမလာရင် မင်းဒီလောက်ထိ အကြပ်ရိုက်မှာ မဟုတ်ဘူးကွ။ နည်းနည်းတော့ စိတ်လျော့ကွာ။ ဟိုင်ယွဲ့ကိုတောင် စွန့်လွှတ်ဖို့ မင်းဆုံးဖြတ်ပြီးပြီဆိုမှာတော့ မင်းမှာ နောက်ထပ် ဘာများ မစွန့်လွှတ်နိုင်တာ ရှိအုံးမှာလဲ”

“တကယ်ကြီး ငါသူကို စွန့်လွှတ်နိုင်ခဲ့မယ်ဆိုရင် နည်းနည်းသက်သာအုံးမှာ။ သူ့အတွက်နဲ့ ငါ့နှလုံးသား သေသွားပြီကွ။ သူ့ကို အရေးမလုပ်တော့ဘူး ပြောနိုင်ပေမယ့် သူ့အကြောင်း မစဉ်းစားဘဲ မနေနိုင်သေးဘူးကွာ”

“မင်းကိုငါတစ်ခုလောက် မေးအုံးမယ်။ အခုငါတို့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ”

“ပြိုင်ပွဲ သွားကြမှာ မဟုတ်ဘူးလား”

“ဘာပြိုင်ပွဲလဲ”

“အထက်တန်းကျောင်း (၈)ခု ပြိုင်ပွဲလေ”

“မင်း အဲ့ဒါကို မေ့သွားပြီ။ ဒီပြိုင်ပွဲ ဘယ်လောက်ထိ ရက်စက်ပြီး၊ ဘယ်လောက်ထိ အန္တရာယ်များတယ်ဆိုတာ သိထားသင့်တယ်။ အကုန်လုံးသာ ဟိုင်ယွဲ့နဲ့ မင်းလို ဖြစ်နေကြမယ်ဆိုရင် ပြိုင်ပွဲစတာနဲ့ တစ်ယောက်မှ အကောင်းအတိုင်း ပြန်လာနိုင်မှာ မဟုတ်တော့ဘူး။ မင်းနားလည်လား။ မင်း ဟိုင်ယွဲ့ကို အရမ်းချစ်လွန်းလို့ သူထိခိုက်ရမယ့် ကိစ္စ မလုပ်ချင်ဘူးမို့လား။ အဲလိုဆိုရင် မင်းကိုယ်မင်း ဆွဲထူနိုင်မှရမယ်။ ဟိုင်ယွဲ့ ရှုံးသွားရင်တောင် ကျန်နေတဲ့ ငါတို့ (၄)ယောက်ကို အားကိုးလို့ရသေးတယ်။ ဒါပေမယ့် မင်းတို့ (၂)ယောက်လုံး အခုလို ဖြစ်နေကြရင် ငါတို့ ဘာဆက်လုပ်ကြရမှာတုန်း။ မင်းတို့ (၂)ယောက်လုံးကို မထိခိုက်စေရဘူးလို့ အာမခံနိုင်မယ် မင်းထင်လား။ အဲဒါရော မင်းနားလည်ရဲ့လား”

ပြောရင်းနဲ့ ကျုပ်အသံ နည်းနည်းလေး မာလာမိတယ်။

မာခယ့် မျက်လုံးတွေ အရောင်ထွက်လာတယ်။

“အစ်ကိုကြီး။ ငါနားလည်ပြီ။ စိတ်မပူနဲ့။ ကျန်တဲ့သူတွေရော ဟိုင်ယွဲ့ကိုပါ လက်တွဲခေါ်သွားမယ်”

“အကောင်းဆုံးပဲ။ ဒီ အခက်အခဲကြီးကို ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ဖို့အတွက် ငါတို့အားလုံး ပူးပေါင်းမှဖြစ်မှာ။ ဦးလေး ခယ်ကျာ ပေးခဲ့တဲ့ စာအုပ်ထဲက စာကြောင်းတစ်ကြောင်း ငါပေးမယ်။ #ဘဝမှာ စည်းစိမ်ဥစ္စာတွေ ကုန်ချင် ကုန်သွားလိမ့်မယ်။ ဒါပေမယ့် မင်းကိုယ်မင်း ဖိအားမပေးနဲ့’ တဲ့။ ဒါကို စဉ်းစားကြည့်။ မင်း ကံကြမ္မာကို မင်း လက်ခံနေသရွေ့ အရာအားလုံး အကောင်းဆုံးတွေ ဖြစ်သွားလိမ့်မယ်”

“ #ဘဝမှာ စည်းစိမ်ဥစ္စာတွေ ကုန်ချင် ကုန်သွားလိမ့်မယ်။ ဒါပေမယ့် မင်းကိုယ်မင်း ဖိအားမပေးနဲ့’ ဟုတ်တယ်။ ဟိုင်ယွဲ့က ငါနဲ့ ဘဝတစ်လျှောက်လုံး လက်တွဲသွားဖို့ ကံပါမလာတာပဲ ဖြစ်နိုင်တယ်”

“ညီလေး။ မင်း ရှင်းသွားပြီလား။ လူတစ်ယောက်ကို ချစ်တာနဲ့ မင်းသူ့ကို သေချာပေါက် အရယူရမယ်လို့ မဆိုလိုဘူး။ သူ့ကို ဘယ်လို ပျော်အောင် ထားရမလဲဆိုတာပဲ ပန်းတိုင်တစ်ခု ဖြစ်သင့်တယ်”

“ငါ စဉ်းစားအုံးမယ်။ ငါ စဉ်းစားအုံးမယ်ကွာ”

ကျုပ် လမ်းပြတဲ့အတိုင်း သူလျှောက်နိုင်ပါစေပဲ ဆုတောင်းရမှာပေါ့။ ‘သံယောဇဉ်’ ဆိုတာကြီးက လူတွေကို တော်တော် ထိချက်ပြင်းလွန်းစေတာပဲ။ အချစ်ရဲ့ ခါးသီးမှုတွေ မခံစားရအောင် မူကျီနဲ့ ကျုပ်ရဲ့ သံယောဇဉ်လမ်းခရီး ဖြောင့်ဖြူးပါစေပဲ ဆုတောင်းနေရတယ်။

မာခယ် သူ့ကိုယ်သူ သေသေချာချာ ဆင်ခြင်နိုင်အောင် ကျုပ် လွှတ်ထားပေးလိုက်တယ်။

အဖြစ်အပျက်တွေကြောင့် ကျုပ် ပင်ပန်းနွမ်းနယ်မှုတွေနဲ့တူ စိတ်ထဲမှာ ပွက်လောရိုက်နေသေးတယ်။ ကျုပ် ခပ်မြန်မြန်ပဲ အိပ်မောကျသွားရော။

ကျုပ် အိပ်လိုက်မိတာ နောက်နေ့ မိုးလင်းတဲ့အထိလို့ ဘယ်လို ထင်မိမှာလဲ။

အာ… ကျုပ်နိုးလာတော့ အရင်နေ့တွေတုန်းက ပင်ပန်းနွမ်းနယ်ထားသမျှတွေ အရှင်းမရှိတော့သလို ခံစားရတယ်။ မှော်စွမ်းအားတွေ ကျုပ်ခန္ဓာကိုယ်ထဲမှာ အရှိန်အဟုန်နဲ့ကို တိုးဝှေး စီးဆင်းနေတာပဲ။

ကျုပ် အခန်းထဲက ထွက်ပြီး အလုပ်သမားတစ်ယောက်ကို..

“ငါ့ သူငယ်ချင်းတွေ ဘယ်မှာလဲ”

“အရှင့် မိတ်ဆွေတွေ ပထမထပ် ထမင်းစားခန်းထဲမှာ စားသောက်နေကြပါတယ်..”

တော်တော် မတရားတာပဲ။ ကျုပ်ကိုတောင် စောင့်မနေကြဘူး။ သူတို့တွေ စားနေတယ်ကြားတော့ ကျုပ်တောင် တော်တော် ဗိုက်ဆာလာမိတယ်။

အခုလေးမှ သန့်ရှင်းရေးလုပ်ထားတဲ့ လှေကားထစ်တွေကတောင် နည်းနည်းလေး ခြေချော်ကျမိသေးတယ်။ ဒင်းတို့တွေ ကျုပ်အတွက် မနက်စာလေး ချန်ထားမယ် ထင်တာပဲ။

ထမင်းစားခန်းရောက်တော့ စားပွဲထောင့်တနေရာကို အပြေးသွားလိုက်တယ်။ ကြည့်ရတာ ကျုပ်နောက်ကျသွားပြီထင်တယ်။

“မင်းတို့ အရမ်းတော်တာပဲ။ မနက်စာ စားချိန်လေးတောင် ငါ့ကို မနှိုးကြဘူး”

ကျုပ် ကျော်ခွပြီး မုန့်ပေါင်းတစ်ခု အမြန်ယူလွေးလိုက်တယ်။

“နင့်ကိုယ်နင် ပြန်ကြည့်အုံး။ ဗိုက်ဆာနေတဲ့ ဖုန်ကောင်ကြီး ဝင်ပူးထားသလိုပဲ။ ဖြည်းဖြည်းစားပါဟဲ့။ ဘာတွေ လောနေတာလဲ”

“မူကျီပဲ မင်းကို မနှိုးခိုင်းတာကွ။ မင်း ပင်ပန်းလွန်းနေလို့ အိပ်ပါစေတဲ့လေ”

“အဟီး.. ဒါဆို အဲလိုဖြစ်သွားတာပေါ့။ ငါ ဆန္ဒစောပြီး အပြစ်တင်မိသွားတယ်။ တောင်းပန်ပါတယ်ကွာ။ မာခယ် မင်းရုပ် ပိုပြီး ကြည့်ကောင်းလာတယ်ဟ”

မာခယ် ခေါင်းငုံ့စားနေတဲ့ ဟိုင်ယွဲ့ကို တစ်ချက်ကြည့်ပြီး..

“ငါ အားလုံးကို လွှတ်ချလိုက်ပြီ။ ထပ်တွေးနေလဲ အသုံးမှ မဝင်တော့တာကို။ ဘာလို့ စဉ်းစားနေအုံးမှာလဲ။ အစ်ကိုကြီး မင်းပြောတာ မှန်တယ်ကွ။ ဘဝမှာ အရာအားလုံး ဆုံးရှုံးရင် ဆုံးရှုံးသွားလိမ့်မယ်။ ဒါပေမယ့် အဲ့အတွက်နဲ့ ဖိအားတွေ အရမ်းပေးလို့မရဘူး။”

မာခယ့် စကားကြားတော့ ဟိုင်ယွဲ့ တုန်သွားတယ်။

မူကျီ အံ့ဩတကြီးနဲ့..

“ကျန်းကုန်း နင်ဘယ်တုန်းက ဒီလောက် ပညာတတ်သွားတာလဲ။ အဲ့စကားလုံးက တော်တော် အဓိပ္ပါယ်ရှိတယ်”

“အမှန်ပဲ။ ဒါပေမယ့် အဲလိုမှ သင်မထားရင် ငါနင့်ကို ဘယ်လိုလုပ် လိုက်လို့ရမှာလဲ”

စာအုပ်ထဲက ဟာတွေဆိုတော့ သတ်ရင်သတ် ဘယ်တော့မှ မပြောဘူး။

ဟိုင်ယွဲ့ မတ်တပ်ရပ်ပြီး..

“နင်တို့တွေ ဆက်စားကြအုံး။ ငါ ပစ္စည်းတွေ သိမ်းပြီး ပြန်လာခဲ့မယ်။ မူကျီ သွားဖို့အချိန်ရောက်ရင် ကျေးဇူးပြုပြီး ငါ့ကို လာခေါ်ပေးပါအုံး”

“အေးပါ။ နင် သွားနားလိုက်လေ။ ငါတို့ သွားဖို့ အသင့်ဖြစ်ရင် နင့်ကို လာခေါ်လှည့်မယ်”

ဟိုင်ယွဲ့ မျက်လုံးတွေမြင်တော့ မာခယ် မူကျီကို..

“ဒီနေ့ သူနည်းနည်း စိတ်ရွှင်လာတယ်ထင်တယ်”

“ဟုတ်တယ်ဟ။ မနေ့ကထဲက ငါသူ့ကို အကြံပေးခဲ့တာ။ သူဒါကို တွေးနေတုန်းဆိုပေမယ့် ခုချိန်မှာတော့ နာကျင်နေရအုံးမှာပေါ့ဟာ။ နင်အနေနဲ့ သူကုစားလို့ရအောင် အချိန်ပေးသင့်တယ်”

မာခယ် ခေါင်းညိတ်လိုက်ပေမယ့် ဘာမှတော့ မပြောဘူး။

ကျုပ်တို့တွေ စားသောက်ပြီးတော့ တစ်ဖွဲ့လုံး အထုပ်အပိုး ကိုယ်စီသိမ်းပြီး စစ်ပြန်မြို့ကို ဆက်ပြီး ချီတက်ကြတော့တာပေါ့။

လမ်းမှာမဲ မာခယ်တစ်ယောက် သူစိတ်တွေ ဟိုအရင်ကလို တဖြည်းဖြည်း ပြန်ကောင်းလာတယ်။ ဒီကောင် ဟိုင်ယွဲ့ကိုလဲ သွားအနှောက်အယှက် မပေးတော့ဘူး။ သူတို့ နှစ်ယောက်လဲ စကားတစ်ခွန်းမှ မပြောမိကြဘူး။ ဟိုင်ယွဲ့ အဖွဲ့နဲ့ သိပ်ပြီး သဟဇာတ မဖြစ်ဘူးဆိုပေမယ့် ကျောင်းကစထွက်လာတုန်းကလောက်တော့ အေးစက်စက် မဟုတ်တော့ဘူးဗျ။

နယ်စပ် ရောက်လာတော့ ကျုပ်တို့တွေ အရှိန်လျော့လိုက်ကြတယ်။ ဟိုင်ယွဲ့ ကျုပ်အနားကို ရုတ်တရက် ကပ်လာပြီး..

“ကျန်းကုန်း.. ငါနင်နဲ့ သီးသန့် စကားပြောချင်တယ်”

============= (*^*)=============

အပိုင်း( ၁၄၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters