← Chapters

ဟိုင်ယွဲ့၏ တောင်းပန်မှု

Vol. 10 Ch. 140

ဟိုင်ယွဲ့၏ တောင်းပန်မှု

Vol. 10 Ch. 140

Child of light (ကျန်းကုန်း)

Volume 5: Chapter 7 - Hai Yue’s Apology

ဟိုင်ယွဲ့ ကျုပ်နဲ့ နှစ်ယောက်ထဲ စကားပြောချင်တာလား။ သူဘာတွေပြောစရာ ရှိနေပါလိမ့်။ ကျုပ် မူကျီကို ကြည့်လိုက်တော့ သူ ခေါင်းညိတ်ပြနေတယ်။ ကျုပ်နဲ့ ဟိုင်ယွဲ့ ကျန်တဲ့သူတွေနောက် တော်တော်ကွာတဲ့အထိ အသွားနှုန်း လျှော့ချလိုက်တယ်။ အတော်ကွာသွားမှ..

“ကျန်းကုန်း ငါ နင့်ကို တောင်းပန်ချင်လို့။ အရင်က နင့်ကို အထင်မှားခဲ့မိတယ်”

လာချော့နေတာလား။ ဟိုင်ယွဲ့ ကျုပ်ကို တောင်းပန်တယ်ပေါ့။ ကျုပ်များ စကားပြောတွေ မှားမိလို့လား။

“နင် ဒီလောက် ယဉ်ကျေးနေစရာမှမလိုတာကို။ တကယ်ဆို ငါမှားခဲ့တာတွေလဲ မနည်းဘူး၊ အများကြီးပဲဟ”

ဟိုင်ယွဲ့ ကျုပ်ကို ကျောခိုင်းတဲ့အထိ မျက်နှာလှည့်သွားတယ်။

“အရင် ရက်တွေတုန်းက နင်တို့နဲ့အတူ ခရီးထွက်လာရတာ ငါ့အတွက် တော်တော်လေး သက်သာလာတယ်။ နင် အမြဲတမ်း လူကောင်းတစ်ယောက်ဆိုတာ ငါသိပါတယ်။ အရင်တုန်းက စိုးရိမ်စိတ်တွေ၊ မုန်းတီးစိတ်တွေနဲ့ ငါမျက်စိ ကွယ်နေခဲ့မိတာဟ”

“ငါ့ကို တောင်းပန်ချင်ယုံလေးပဲပေါ့”

ဟိုင်ယွဲ့ ခေါင်းညိတ်ပြတယ်။ ကျုပ် နည်းနည်းတော့ စိတ်ပျက်သွားတယ်ဗျ။ မာခယ့်အကြောင်း မေးမယ် ထင်ထားတာလေ။ သူတို့နှစ်ယောက် တကယ်ကြီးကို မဖြစ်နိုင်ကြတော့ဘူးတဲ့လား။

“နင်နဲ့ မာခယ် ဘဝရီးဆက်ဖို့အခွင့်အရေး လုံးဝကို မရှိတော့ဘူးလား.. မာခယ်လဲ မဆိုးပါဘူး။ နင်ဘာလို့ သူ့ကို အခွင့်အရေး ပေးမကြည့်တာလဲ”

ဟိုင်ယွဲ့ ကျုပ်ဘက်လှည့်ပြီး ပြုံးရင်းနဲ့..

“မူကျီလဲ ငါ့ကို အဲ့မေးခွန်း မေးဖူးတယ်။ ကံအတိုင်းပဲ ရှိပါစေတော့ဟာ။ သွားကြစို့။ အခု ငါပြောခဲ့တာတွေ သူ့ကို ပြန်မပြောမနေနဲ့အုံး”

ဝမ်းသာလိုက်တာဗျာ။ နောက်ဆုံးတော့ မာခယ် ဧရာမ ရေခဲတောင်ကြီးကို နည်းနည်းလေး ရွှေ့နိုင်လိုက်ပြီထင်တယ်။ အဲ့ကောင်အတွက် တကယ်ကို ပျော်လိုက်တာ။

“ဘယ်သူ့ကိုလဲ”

“နင် အရမ်းမုန်းဖို့ကောင်းတယ်။ ကလိန်ကကျစ် ကျမနေနဲ့တော့”

“နင့်ဆီက ဒီလို အရိုးသားဆုံး ပြုံးတာ မြင်ချင်နေတာ ကြာပြီဟ”

“နင်ကတော့ အမြဲ ပြုံးနိုင်တာပေါ့။ ငါ့ ညီမနဲ့ မူကျီ နင့်ကို ဘယ်လိုများ ကြိုက်သွားကြလဲ မသိတော့ဘူး”

“ဒါတွေ နင်မသိနိုင်ပေမယ့် ငါ့မှာလဲ ကောင်းတဲ့ အချက်တွေ အများကြီး ရှိလို့ပေါ့ဟ။ နင်မယုံရင် မူကျီ မေးကြည့်ပါလား”

“နေပါအုံး ငါမေးပါရစေအုံး။ မူကျီရယ်၊ ငါ့ညီမရယ် နင်ရယ် သုံးပွင့်ဆိုင် အဆင်ပြေအောင် ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ”

“ဟိုင်ရှင်းက မိန်းမကောင်းလေး တစ်ပါပဲ။ ဒါပေမယ့်ဟာ ငါ့နှလုံးသားက မူကျီကို ပေးထားပြီးပြီဆိုတော့ မဖြစ်နိုင်တော့ဘူးလေ။ ဟိုင်ရှင်းကိုလဲ ဒီကိစ္စ ပွင့်ပွင့်လင်းလင်း ငါပြောထားပြီးသားပါဟာ”

“ဘယ်လိုတွေ တွေးပြီး ခံစားကြလဲတော့ ငါလဲမသိတော့ဘူး။ ဟိုင်ရှင်းက မူကျီထက် အများကြီး သန်မာတာတောင် နင် ခေါင်းကြောတင်းတင်းနဲ့ သူ့ကိုပဲ ရွေးလိုက်တယ်ပေါ့”

“ငါတို့တွေ ဒီကိစ္စ ဆက်မပြောဘဲ နေရအောင်ဟာ။ ငါနင့်ကို ပြောလို့ရတာဆိုလို့ မူကျီနဲ့ ပတ်သက်တဲ့ ငါ့ခံစားချက်တွေ ဘယ်တော့မှ ပြောင်းသွားမှာ မဟုတ်ဘူး”

ကျုပ်လဲ ပြောပြီးတာနဲ့ ရှေ့ကအဖွဲ့ကို မှီအောင် လေဟာနယ်မှော်ပညာ သုံးလိုက်တယ်။ ဟိုင်ယွဲ့လဲ ခေါင်းယမ်းရင် မှီအောင် ပြေးလိုက်လာပါတော့တယ်။

ဟိုင်ယွဲ့ကို ကတိပေးထားတဲ့အတိုင်း မာခယ်နဲ့ ပတ်သက်တာတွေ တစ်ခွန်းမှ မဟခဲ့ပါဘူး။ မူကျီကတော့ ဘာမှ မဟုတ်တဲ့ပုံနဲ့ အေးဆေးပဲ။ ကျုပ်သူ့လက်ကို လှမ်းဆွဲပြီး..

“ငါနဲ့ ဟိုင်ယွဲ့ ဘာတွေပြောခဲ့လဲဆိုတာ ဘာလို့ မမေးတာလဲ”

မူကျီ ကျုပ်လက်ကို ပြန်အုပ်ကိုင်ပြီး..

“ငါ နင့်ကို ယုံတယ်လေ”

သူ့စကားသံက ကျုပ်ရင်ထဲကို ရေနွေးစီးကြောင်းလေး တစ်ခု ဖြတ်သွားသလိုပဲ။ သူ့လက်ကလေးကို ဆွဲယူပြီး နမ်းပစ်လိုက်မိတယ်။

“ငါ့မိန်းမ မင်းအရမ်းတော်တာပဲ”

မူကျီ ကျုပ်ကို တွန်းလွှတ်ပြီး..

“နင်… မုန်းစရာကောင်။ သွားကြရအောင်။ ငါတို့တွေ စစ်ပြန်မြို့ကို ရောက်နေပြီ”

စစ်ပြန်မြို့ဆိုတာ မကြီးတဲ့အပြင် ထင်ထားတာထက် အများကြီး ငယ်တာပဲ။ မြို့ထဲရောက်တာနဲ့ လမ်းသွားတစ်ယောက်ကို မေးလိုက်တယ်..

“နဂါးသစ်တောမှော်ပညာကျောင်းကို ဘယ်လိုသွားရမလဲဗျ”

အဲ့လူက ရူးနှမ်းနှမ်းပုံစံနဲ့..

“မင်းတို့က နယ်ကလူတွေဖြစ်မယ်ထင်တယ်။ ဒီတစ်မြို့လုံးက နဂါးသစ်တောမှော်ကျောင်းရဲ့ နယ်မြေဆိုတာ မင်းတို့ မသိဘူးလား”

အာ.. ဒီတစ်မြို့လုံးက ကျောင်းရဲ့ ပရဝုဏ်တဲ့လား။ ကျောင်းရဲ့ ဂုဏ်ရှိန် ဘယ်လောက်ရှိတယ်ဆိုတာ ဒါနဲ့တင် သိနိုင်နေပြီပဲ။

“နဂါးသစ်တော မှော်ပညာကျောင်းရဲ့ ဗဟိုချက်မက ဘယ်နေရာမှာလဲဆိုတာ ပြောပြပေးလို့ရမလား”

“မင်းတို့တွေ စာမေးပွဲဖြေဖို့ လာကြတာထင်တယ်။ လမ်းနည်းနည်း လျှောက်လိုက်တာနဲ့ စာရင်းသွင်းရမယ့်နေရာကို ရောက်လိမ့်မယ်။ ဒီလမ်းအတိုင်း ဖြောင့်ဖြောင့်သာသွား မြို့လယ်ကို ရောက်သွားလိမ့်မယ်”

လမ်းကြုံလူ ထွက်သွားတော့ ကျုပ်ကို ဝိုင်းမေးကြတယ်..

“နဂါးသစ်တောမှော်ကျောင်းရဲ့ အစွမ်းကလဲ မသေးဘူးနော့”

“ဒါပေါ့။ နဂါးသစ်တောမှော်ကျောင်းဆိုတာ ငါတို့ တော်ဝင် အထက်တန်းမှော်ပညာကျောင်းအောက်က ဒုတိယလိုက်တဲ့ အထက်တန်းမှော်ကျောင်း တစ်ခုပဲလေ။ ဒီကျောင်းက ငါတို့အတွက် အပြင်းထန်ဆုံး ပြိုင်ဖက်လေ”

ဒီလိုနဲ့ နဂါးသစ်တော မှော်ပညာကျောင်း အပေါက်ဝ ရောက်လာခဲ့ကြတော့ အဆောက်အဦးတွေက တော်ဝင်အထက်တန်းမှော်ပညာကျောင်းလို ဇိမ်ခံပုံစံတွေ မဟုတ်ပေမယ့် သိပ်သည်းလေးလံလွန်းတဲ့ လေထုပုံစံ ထုတ်ပြနေတုန်းပဲ။

ကျုပ်တို့တွေ ဂိတ်စောင့်ဆီ လျှောက်သွားလိုက်တယ်။

“မင်္ဂလာပါ… ကျုပ်တို့က တော်ဝင်အထက်တန်းမှော်ကျောင်းကပါ။ တစ်ခုလောက် မေးလို့ရမလား…”

ကျုပ် ပြောချင်တာတောင် ဆုံးအောင်မပြောရသေးဘူး အစောင့်က ကြားဖြတ်ပြီး..

“အာ.. မင်းတို့က တော်ဝင်အထက်တန်းမှော်ပညာကျောင်းကပေါ့လေ။ လာ လာ ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ကြပါ”

အစောင့်ကပဲ ဦးဆောင်ပြီး ကျုပ်တို့ကို ကျောင်းထဲခေါ်သွားတယ်။ ကျောင်းထဲမှာ သစ်ပင် စိမ်းစိမ်းတွေ၊ ပန်းတွေနဲ့ ပြည့်နေတာဆိုတော့ တော်တော် နေချင်စရာပဲဗျ။

အဆောက်အဦကြီး တစ်ခု ရှေ့ရောက်တော့..

“ခန စောင့်ပေးပါ။ မင်းတို့ ရောက်လာတဲ့အကြောင်း ငါသတင်းသွားပို့လိုက်အုံးမယ်”

ပြောပြီး အဆောက်အဦထဲ ဝင်သွားလေရဲ့။

ခနကြာတော့ အစောင့်နဲ့အတူ လူနည်းနည်းပါလာတယ်။ ကျုပ် ထွက်လာတဲ့ လူ(၃)ယောက်ကို ငေးကြည့်နေမိလိုက်တယ်။ သူတို့တွေအကုန် အသက်(၅၀)ဝန်းကျင်လောက်တွေဗျ။ မီး၊ ရေ၊ လေ မှော်ဝတ်ရုံတွေ ဝတ်ထားတာဆိုတော့ သူတို့ ဘာမှော်ပညာသုံးတယ်ဆိုတာ ပြပြီးသားပေါ့။

မီးဝတ်ရုံနဲ့လူကြီး ကျုပ်တို့ဆီ လျှောက်လာပြီး..

“ကျုပ်တို့ နဂါးသစ်တော မှော်ပညာကျောင်းက ကြိုဆိုပါတယ်။ ကျုပ်က ဒုကျောင်းအုပ်ပါ။ ကျေးဇူးပြုပြီး အထဲဝင်ကြပါအုံး”

သူတို့တွေ အရမ်းယဉ်ကျေးကြတယ်။ ကျုပ်တို့ တွေ ထုံးတမ်းစဉ်လာတွေ မေ့လို့မဖြစ်တော့ တစ်ဖွဲ့လုံး အတူတူ ဂါရဝ ပြုလိုက်ကြတယ်။

“ဆရာတို့ကို နှုတ်ဆက်ပါတယ်”

ဒုကျောင်းအုပ်ကြီး ခေါင်းညိတ်ပြပြီး ကျုပ်တို့ကို ခေါ်သွားတယ်။ လမ်းလျှောက်ရင်းနဲ့ သူက..

“ဒါ ငါ့တို့ကျောင်းရဲ့ ပင်မအဆောင် အဆောက်အဦပေါ့။ မင်းတို့အနေနဲ့တော့ လှောင်စရာဖြစ်နေတော့မှာပဲ”

စစ်ဝါမင်က..

“ဒီနေရာ အရမ်းကောင်းပြီး ကျွန်တော်တို့ ကျောင်းနဲ့ အတူတူပါပဲ။ ဒုကျောင်းအုပ်ကြီး ကျွန်တော့ကို မှတ်မိလာပါ ဗျ”

ဒုကျောင်းအုပ်ကြီး သူ့ကိုသေချာကြည့်ပြီး အမူအရာ ချက်ချင်းပြောင်းယုံတင်မကဘူး လန့်ပါသွားတဲ့ပုံပဲ။

“အာ… မင်း… အရင်တစ်ခေါက်ပြိုင်ပွဲတုန်းက တော်ဝင်အထက်တန်းကျောင်းကို ကိုယ်စားပြုတဲ့ စစ်ဝါ မို့လား”

“ဟုတ်ပါတယ်.. ကျွန်တော်ပါပဲ”

“မင်း ဘာလို့ ကျောင်းမပြီးသေးတာလဲ”

“အဲ့နှစ် ပြိုင်ပွဲဝင်ဖို့ လာတုန်းက ကျွန်တော် ဒုတိယနှစ်ပဲ ရှိသေးတယ်လေ။ အခု ကျွန်တော် ပဉ္စမနှစ် ဆိုတော့ မကြာခင် ကျောင်းပြီးတော့မှာပါ”

ဒီလိုနဲ့ ကျုပ်တို့တွေ ဒုကျောင်းအုပ်ကြီး ရုံးခန်းကို ရောက်လာခဲ့ကြတယ်။ သူ ကျုပ်တို့ကို ထိုင်ခုံမှာ ထိုင်ခိုင်းတယ်။

“ငါ နဂါးသစ်တောကျောင်းရဲ့ ကိုယ်စား မင်းတို့ကို ကြိုဆိုရတာလေ”

“ဆရာက အရမ်း ယဉ်ကျေးနေပါတယ်။ ဆရာတို့အဖွဲ့ ကျုပ်တို့အပေါ် သနားငဲ့ညှာကြဖို့ မျှော်လင့်ပါတယ်”

ဒုကျောင်းအုပ်ကြီး ကျုပ်ကို ကြည့်ပြီး…

“တကယ်ကို မင်းက ပြန်သနားသင့်တာပါလေ။ ဟုတ်တာပေါ့။ လုပ်ထုံးလုပ်နည်းအတိုင်း မိတ်ဆက် အကြောင်းကြားစာလေး တစ်ချက်လောက် ပြပါအုံး”

မိတ်ဆက် အကြောင်းကြားစာထုတ်ပြီး ဒုကျောင်းအုပ်ကြီးလက်ထဲ ပေးလိုက်တယ်။

============= (*^*)=============

အပိုင်း( ၁၄၁ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters