← Chapters

နဂါး သစ်တောထဲသို့

Vol. 10 Ch. 141

နဂါး သစ်တောထဲသို့

Vol. 10 Ch. 141

Child of light (ကျန်းကုန်း)

Volume 5: Chapter 8 - Arriving in Forest Dragon

ဒုကျောင်းအုပ်ကြီး အကြော်ငးကြားစာဖတ်ပြီး သက်ပြင်းချတာ တွေ့လိုက်ရတယ်။

“တော်ဝင်ကျောင်းတော်ကြီးမှာ ပါရမီရှင်တွေ အများကြီးရှိနေတာပဲကိုး.. ကျောင်းသားတွေ အားလုံးလဲ မှော်ပညာ ကျွမ်းကျင်ကြတယ်။ (၃)နှစ် ကြာခဲ့တာတောင် မပြောင်းလဲသေးဘူးပဲ။ တကယ် မယုံနိုင်လောက်အောင်ပဲကွာ။ ဒါနဲ့ မင်းတို့ကိုယ် မင်းတို့ မိတ်ဆက်ပေးလို့ရမလား။ စာထဲမှာ အကုန်ပါတယ်ဆိုပေမယ့် လူနဲ့ နာမည်တွဲ မမြင်နိုင်ဘူးလေ”

“ရပါတယ်။ ကျွန်တော်က မြေကမ္ဘာမှော်သခင် စစ်ဝါမင်ပါ”

“အလင်းမှော်သခင် ကျောင်းသား ကျန်းကုန်းဝေ။ တော်ဝင်အထက်တန်းကျောင်း တတိယနှစ်ပါ”

“လေမှော်သခင် ကျောင်းသူ မူကျီမို၊ တော်ဝင်အထက်တန်းကျောင်း တတိယနှစ်ပါ”

“မီးမှော်သခင် ကျောင်းသား မာခယ်ရှို့တိ၊ တော်ဝင်အထက်တန်းကျောင်း တတိယနှစ်ပါ”

“ရေမှော်သခင် ကျောင်းသူ ဟိုင်ယွဲ့ရှင်း၊ တော်ဝင်အထက်တန်းကျောင်း စတုတ္ထနှစ်ပါ”

ဒုကျောင်းအုပ်ကြီး ကျုပ်ကို ပြူးကြည့်လိုက်တာများ လန့်တောင်လန့်တယ်။

“အကြောင်းကြားစာ ဖတ်ပြီး မှားနေတယ် ထင်ထားတာ။ မင်း တကယ် အလင်းမှော်သခင်ပဲ။ အလင်းမှော်ပညာ သင်ချင်တဲ့သူ သိပ်မရှိတော့ဘူးလေ။ ဒီလောက်အဆင့်ထိရောက်အောင် လေ့ကျင့်နိုင်ဖို့ဆို မင်းတော်တော် ခက်ခဲခဲ့မှာပဲ”

“ဆရာ နှိမ့်ချလွန်းနေလို့ပါ။ ကျွန်တော်တို့ ဒီကို စရောက်တော့ စစ်ပြန်မြို့တစ်ခုလုံးက နဂါးသစ်တော မှော်ပညာအထက်တန်း ကျောင်းကြီးရဲ့ ပရဝုဏ် ဆိုတာ သိလိုက်ရတယ်။ ဒီမှာလဲ အရည်အချင်းရှိတဲ့ ကျောင်းသားတွေ အများကြီး ရှိမှာပါလေ”

“အဲ့ အရည်အချင်းရှိတဲ့ ကျောင်းသားတွေအများစုက တော်ဝင်မှော်ကျောင်းတော်ကြီးကို ရောက်သွားရတာ လေကွာ။ မင်းသာ ဒီကျောင်းကို ပြောင်းလာရင် သိပ်ကောင်းမှာပဲ”

မူကျီ ကြားဝင်ပြီး..

“ကျွန်မတို့က တော်ဝင်ကျောင်းတော်ကြီးမှာ အမြစ်တွယ်နေပြီဆိုတော့လေ မဖြစ်နိုင်မှာ စိုးမိပါတယ်”

“ငါသိပါတယ်ကွာ… ဒီလို ထူးခြားတဲ့ အရည်အချင်းနဲ့ ကျောင်းသားတွေ ရဖို့ဆိုတာက ထိုင်ဆုတောင်းနေယုံပါပဲလေ။ ငါတို့ကျောင်းက နိုင်ငံတော်ကြီးမှာ ဒုတိယ ဆိုပေမယ့် မင်းတို့ တော်ဝင်ကျောင်းတော်ကြီးကို မှီဖို့ အလှမ်းဝေးလွန်းတယ်ကွာ”

“တခြား (၆)ကျောင်းက ပြိုင်ပွဲဝင်တွေ ရောက်ပြီလားမသိဘူး”

“အခု လောလောဆယ်တော့ ချပ်ဝတ်အမိန့်(လွင်ခက်)ကျောင်းနဲ့ ဈာန်ကျောင်းတော်တွေပဲ ရောက်သေးတာဆိုတော့ မင်းတို့က တတိယမြောက် အဖွဲ့ဆိုပါတော့။ ပြိုင်ပွဲက နောက်(၁၀)ရက်နေ စမှာမို့ ကွင်းတွေဘာတွေတော့ စီစဉ်ပြီးပြီပေါ့ကွာ”

စစ်ဝါ က..

“ကျွန်တော်တို့ ဒါတွေ ခနထားလိုက်ပါအုံးမယ်။ ရက်ရှည် ခရီးထွက်လာရတာဆိုတော့ အတော်လေးလဲ နှုံးနေပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် နေရာစီစဉ်ပေးလို့ရမလား”

“ဟုတ်တာပေါ့…. နဂါးသစ်တော ရိပ်သာမှာ မင်းတို့ကို နေရာစီစဉ်ထားတယ်။ အဲ့နေရာက တော်တော်လေး အဆင့်မြင့် ပါတယ်လေ။ မင်းတို့တွေ ခရီးဝေးက လာကြရတာဆိုတော့ မင်းတို့ကို ရိပ်သာမပို့ခင် ကျောင်းအုပ်ကြီးနဲ့ ငါ ကြိုဆိုပွဲလေး တစ်ခု စီစဉ်ထားတယ်ကွ”

“ဆရာ ယဉ်ကျေးလွန်းနေတာပါ။ ကျွန်တော်တို့အတွက်နဲ့တော့ ကြိုဆိုပွဲ လုပ်စရာမလိုပါဘူး”

“မင်းတို့ (၅)ယောက်လုံးက နိုင်ငံတော်အတွက် ရတနာတွေပဲကွ။ မင်းတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မှော်ပညာမှာ အဆင့်အတန်း မြင့်မြင့်ထိ ရောက်နိုင်ကြတယ်လေ။ ဒါကိုက လူတိုင်းအတွက် မနာလိုစရာကြီးပါ။ ဒါကြောင့်မို့ ကြိုဆိုပွဲကို ငြင်းမနေကြပါနဲ့တော့။ ငါတို့ဆီက အရသာကောင်းတဲ့ အစားအသောက်တွေ မြည်းစမ်းကြည့်ဖို့လဲ အခွင့်အရေး ရသွားတာပေါ့။ လောလောဆယ်တော့ ငါကျောင်းအုပ်ကြီးကို သွားခေါ်နေတုန်း မင်းတို့တွေ ဒီမှာ ခနစောင့်နေရစ်ကြအုံး”

ပြောပြောဆိုဆိုပဲ သူရုံးခန်းထဲက ထွက်သွားတယ်။ ကျုပ်ကပဲ..

“သူတို့တွေ တော်တော် ယဉ်ကျေးကြပါလား။ ငါ့တို့အပေါ် ရန်ညှိုးထားပုံ မရပါဘူး”

“အေးပါကွာ။ အခုအချိန်သာ ယဉ်ကျေးနေကြတာ။ ပြိုင်ပွဲစချိန်ထိ စောင့်ကြည့်လိုက်အုံး။ လူတိုင်း သူတို့ ရှိရှိသမျှ အစွမ်းကုန် တိုက်တဲ့အချိန်မှာ ဒါတွေ ကြက်ပျောက်ငှက်ပျောက်ပဲဟေ့။ သူတို့ သာမာန်မှော်သခင်တွေအနေနဲ့တော့ အထက်တန်းစား မှော်သခင်တွေကို တိုက်ခိုက်ရတယ်ဆိုတာ မင်းသိထားသင့်တယ်။ စစ်ပွဲကြီးထဲ ရောက်သွားသလိုမျိုး သတိတစ်ချက်လေး အလစ်ခံလို့မရတော့ဘူး”

“သာမန်မှော်သခင်နဲ့ အထက်တန်းစားမှော်သခင်တွေ တိုက်ပွဲလား။ မဟုတ်သေးပါဘူး။ ငါတို့က အထက်တန်းလွှာတွေမှ မဟုတ်တာကို”

မာခယ် ပြုံးရင်းနဲ့..

“အစ်ကိုကြီး၊ မင်းသေချာစဉ်းစားစမ်းပါအုံး။ ဟိုင်ယွဲ့၊ စစ်ဝါနဲ့ ငါ က အထက်တန်းလွှာတွေဖြစ်တဲ့အပြင် မင်းက ဆရာတိရဲ့ ဆက်ခံသူ။ ဆရာတိဆိုတာ လက်ရှိ မြို့စားရာထူးရထားတာဆိုတော့ ဒါကပဲ မင်းကို အထက်တန်းလွှာတစ်ပိုင်း ဖြစ်နေပြီးပြီ။ မူကျီဆိုလဲ သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ ကျောင်းကို ရောက်လာပြီး ထူးထူးခြားခြား အစွမ်းထက်သူပဲ။ သူကျောင်းပြီးတာနဲ့ အထက်တန်းလွှာလို့ သတ်မှတ်ခံရမှာပဲလေ။ ဒါကြောင့် ငါတို့တွေက အထက်တန်းစားမှော်သခင် တွေလို့ ပြောတာ မမှားဘူးကွ”

မာခယ်ပြောတာ ဟုတ်သလိုပဲ။ မူကျီကလဲ..

“ဘာကြောင့် သူတို့တွေ အစွမ်းကုန် တိုက်ရလဲဆိုတာ အံ့ဩစရာ မရှိတော့ဘူးပေါ့။ ပြိုင်ပွဲက သာမန်မှော်သခင်တွေနဲ့ အထက်တန်းစားမှော်သခင်တွေရဲ့ ပြိုင်ပွဲလို့ သူတို့စိတ်ထဲ စွဲနေပြီးသားကိုး”

အဲ့အချိန် တံခါးဖွင့်သံနဲ့အတူ ဒုကျောင်းအုပ်ကြီးရယ်၊ ရှေးရိုးစွဲပုံစံနဲ့ မှော်သခင်ရယ် ဝင်လာတယ်။

“သူနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါ ငါတို့ကျောင်းရဲ့ ကျောင်းအုပ်ကြီး ချာသဲတဲ့။ လေမှော်သခင် ပေါ့ကွာ”

ကျုပ်တို့တွေ တစ်ပြိုင်တည်း ဂါရဝ ပြုလိုက်တယ်။

“ကျောင်းအုပ်ကြီးကို နှုတ်ဆက်ပါတယ်”

“မင်းတို့တွေ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူးကွာ။ ကိုယ်အိမ်လို့ပဲ သဘောထားကြ။ ဒီမှာ ဓလေ့ထုံးစံတွေ သိပ်မလိုဘူး။ သွားကြရအောင်။ ခရီးဝေးက လာရတာဆိုတော့ မင်းတို့လဲ ဆာနေကြရောပေါ့။ သွားစားကြစို့”

အစားဆို ကျုပ်အကြိုက်ပဲလေ။ မူကျီလဲ မျက်လုံး အရောင်တောက်သွားတာ မြင်လိုက်ရတယ်။ အစားအသောက် ကောင်းကောင်းတွေ မစားခဲ့ရတဲ့ ဒီရက်ပိုင်းမှာ သူ့အတွက်တော့ နှိပ်စက်မှုတစ်ခုပဲလေ။

ဒုကျောင်းအုပ်ကြီး လိုက်ပြပေးလို့ နဂါးသစ်တော ရိပ်သာမှာ ထမင်းစားခန်း၊ ဖျော်ဖြေရေးခန်းနဲ့ နေရာထိုင်ခင်းတွေ ပါတာ သိလိုက်ရတယ်။ ဒီအဆင့်အတန်းမြင့် ရိပ်သာကြီးက ပြိုင်ပွဲဝင်အားလုံး အနားယူဖို့ နေရာတစ်ခုပဲဗျ။

ခန်းမကြီးထဲရောက်တော့ ဒုကျောင်းအုပ်ကြီး အားလုံး စီစဉ်ထားပြီးသား နေမယ်။ အအေးခွက်တွေ ကိုင်ရင်း စားပွဲရှည်ကြီး တစ်ခုမှာ လူ အယောက်(၂၀)လောက် အေးအေးဆေးဆေး ထိုင်နေတာ တွေ့လိုက်ရတယ်။

ဒုကျောင်းအုပ်ကြီးက..

“မင်းတို့တွေ နေရာအရင်ယူလိုက်ကြအုံး။ ကျန်တဲ့ ကျောင်း(၂)ကျောင်းကို စားပွဲသွားဖိတ်လိုက်အုံးမယ်။ လူတွေစုံတော့ ပိုအသက်ဝင်တာပေါ့ကွာ”

သိပ်မကြာပါဘူး။ ဒုကျောင်းအုပ်ကြီးနဲ့အတူ လူ(၁၀)ယောက် ပါလာပြီး ကျုပ်တို့နဲ့ မိတ်ဆက်ပေးရင်း မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ကြတယ်။

“ဒီကျောင်းသားတွေက တော်ဝင်အထက်တန်းကျောင်းက ပေါ့ဗျာ”

ကျုပ်တို့အဖွဲ့ ထပ်ရပ်ပြီး စစ်ဝါကပဲ တစ်ဖွဲ့လုံးကိုယ်စား..

“အားလုံးကို နှုတ်ဆက်ပါတယ်”

ကျုပ်တို့နဲ့ မျက်နှာချင်းဆိုင်က မှော်သခင်အိုကြီးတစ်ယောက်က..

“ငါက ဈာန်အထက်တန်းကျောင်းက ဒုကျောင်းအုပ်ပါ။ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ငါတို့ဆီက ကျောင်းသား(၅)ယောက် ပါလာတယ်။ ကျေးဇူးပြုပြီး လမ်းညွှန်ချက် နည်းနည်း ပေးခဲ့ကြပါအုံး”

နောက်ထပ် လူလတ်ပိုင်း မှော်သခင်တစ်ယောက်ကလဲ..

“ငါက ချပ်ဝတ်အမိန့်(လွင်ခက်) အထက်တန်းကျောင်းရဲ့ နည်းပြပါ။ ငါလဲ အဖွဲ့တစ်ဖွဲ့ ခေါ်လာခဲ့ပါတယ်”

မျက်နှာချင်းဆိုင်က ပြိုင်ဖက်အများစုက မီးနဲ့ လေဒြပ်စင် မှော်ဆရာတွေ များတယ်။ သူတို့ ရည်မှန်းချက်ကိုက တိုက်စစ်အတွက်ဆိုတာ အသိသာကြီး။ ကျောင်း(၂)ကျောင်းလုံးက ပြိုင်ပွဲဝင်တွေကတော့ ကျုပ်တို့ကို အလေးမထားသလို ငြိမ်နေကြလေရဲ့။

နဂါးသစ်တော ဒုကျောင်းအုပ်ကြီးက စားပွဲထိုးတွေကို ဟင်းပွဲတွေချခိုင်းတော့ ကျုပ်တို့တွေ ပြန်ထိုင်လိုက်ကြတယ်။

ချပ်ဝတ်အမိန့်(လွင်ခက်) အထက်တန်းကျောင်းက နည်းပြက..

“ပြိုင်ဖက် (၅)ယောက်စလုံး မှော်သခင်တွေလို့ ဒုကျောင်းအုပ်ကြီးဆီက ကြားထားတယ်။ မယုံနိုင်စရာပဲဟေ့။ ပြိုင်ပွဲမှာ မင်းတို့တွေ ငဲ့ညှာမယ်လို့ မျှော်လင့်ပါတယ်”

(လွင်ခက်)ကျောင်းဆိုတာက အထက်တန်းကျောင်းတွေထဲမှာမှ အဆင့်(၈)နေရာမှာဗျ။ သူတို့တွေ အညံ့ဆုံးဖြစ်တဲ့အပြင် တော်ဝင်အလယ်တန်းကျောင်းနဲ့တောင် မယှဉ်နိုင်ဘူး။ သူတို့ ပြိုင်ပွဲဝင်တွေက ကျုပ်တို့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ နည်းပြက ဒီလိုပြောတယ်ဆိုတာလဲ မလိုလားအပ်တဲ့ ဒဏ်ရာအနာတရ ဖြစ်မှုတွေ နည်းနိုင်သမျှ နည်းအောင်ပေါ့ဗျာ။

============= (*^*)=============

အပိုင်း( ၁၄၂ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters