← Chapters

*****

Vol. 10 Ch. 142

*****

Vol. 10 Ch. 142

Child of light (ကျန်းကုန်း)

Volume 5: Chapter 9 - Provoking a Defeated Opponent

စစ်ဝါက..

“ဆရာ အရမ်းနှိမ့်ချလွန်းနေပါပြီဗျာ။ ဆရာ ကျွန်တော်တို့ကို ပြောသလောက်ထိ အစွမ်းမထက်သေးပါဘူး။ ကျွန်တော်တို့ အခုအချိန်ထိ ဆရာတို့ရဲ့ ဂရုစိုက်မှု၊ ညွှန်ပြမှုတွေ လိုနေတုန်းပါပဲ”

အဲ့အချိန် ဈာန်ကျောင်းက ကျောင်းသားတစ်ယောက်က ထပြီး..

“ဟန်ဆောင်နေတာတွေ ရပ်လိုက်တော့။ ဒီပြိုင်ပွဲမှာ….”

ပြောလက်စ တန်းလန်းကြီး ဈာန်ကျောင်းက ဒုကျောင်းအုပ်အကြည့်ကြောင့် ရပ်သွားရတယ်။

“မင်း သူ့ကို ဒီလို ပြောနိုင်တဲ့ အခွင့်ဘယ်သူပေးထားလို့လဲ။ မင်း သူ့လောက် သန်မာနေတယ်ဆိုလဲ ငါ နေရာဖယ်ပေးမယ်”

အဲ့ကျောင်းသား မျက်နှာလွှဲသွားတာတောင် မကျေမနပ်ဖြစ်နေတဲ့ပုံက အတိုင်းသားပဲ။ ဒီလိုနဲ့ စားပွဲမှာ အငွေ့အသက်တွေ သိပ်မကောင်းချင်တော့ဘူး။

အချိန်ကိုက် ဆိုသလို ဟင်းပွဲတွေ ရောက်လာတယ်။ နဂါးသစ်တော ဒုကျောင်းအုပ်ကြီးက..

“ကဲ ကဲ စားကြစို့။ စားပြီးရင် အပြန်အလှန် စကားစမြည်ပြောဖို့ အချိန်တွေ ရှိသေးတာပဲကို”

ဟင်းပွဲတွေ တော်တော် ကောင်းတာပဲဗျ။ နဂါးသစ်တော ရိပ်သာက ကျုပ်တို့အတွက် ဟင်းပွဲတွေ အစုံအလင် ဧည့်ခံနိုင်ဖို့ တော်တော် ကြိုးစားထားတဲ့ပုံပဲ။ ကျုပ် မူကျီရဲ့ အရောင်လဲ့နေတဲ့ မျက်ဝန်းတွေရယ်၊ တရှုတ်ရှုတ်ဖြစ်နေတဲ့ နှာသီးလေးရယ်ကိုကြည့်မိတော့ တော်တော် ချစ်ဖို့ကောင်းနေတာပဲ။ ကျုပ်သူ့ကို အသာမှီပြီး တိုးတိုးလေးနဲ့..

“နင် မထိန်းနိုင်တော့ဘူးမို့ဘား အဟေး”

သူ ကျုပ်ကို ဘုကြည့် ပြန်ကြည့်တယ်ဗျ။

နဂါးသစ်တော ဒုကျောင်း အုပ်ကြီးက..

“ ကျုပ် ဧည့်သည်တွေအပေါ် ဧည့်ဝတ်မကျေခဲ့မိတာများ ရှိရင်လဲ ခွင့်လွှတ်ပေးကြပါဗျာ.. ဟင်းလျာ အရသာတွေ မြည်းစမ်းကြည့်ကြပါအုံး..”

ဒီစကားလုံးတွေ သူ့နှုတ်က ထွက်လာဖို့ ကျုပ်တို့ စောင့်နေကြတာလေ။ မူကျီနဲ့ ကျုပ် ပန်းကန်းတွေကို ကြွကြွရွရွလေး လှမ်းယူလိုက်တယ်။ စစ်ဝါက..

“ကျန်းကုန်း။ ထိန်းစားနော်။ ငါတို့တွေ စည်းကမ်းမရှိဘူးလို့ သူတို့တွေ မြင်သွားအုံးမယ်”

သူ့စကားကြားတော့ ကျုပ်အရှိန် ထိန်းလိုက်တယ်။ မူကျီကိုလဲ အတူတူထည့်ပြောတာ မှန်ပေမယ့် မူကျီရဲ့ အစားတစ်လိုင်းစိတ်က ဘယ်လိုလုပ် ထိန်းနိုင်မှာတုန်း။ အဲဒါကပဲ ကျုပ်ကို စိတ်လှုပ်ရှားစေခဲ့တာကိုလို့။

မူကျီ အစားစွမ်းရည်ကတော့ သူ့ရှေ့က ဟင်းပွဲတိုင်း တစ်ဝက်လောက် ယူသွားပြီးသားဆိုတာ တဖြည်းဖြည်း သိသာလာတယ်။ သူ့အတွက်တော့ အစားပင်လယ်ထဲ ကူးခတ်နေသူလိုမျိုး ပတ်ဝန်းကျင်ဆိုလဲ သူမသိတော့ဘူး။

အကုန်လုံး အံ့ဩကုန်ကြတယ်။ ကျောင်းအုပ်ကြီးက နောက်ထပ် ဟင်းပွဲ(၁၀)ပွဲစီ (၂)ကြိမ်တိတိ ထပ်ချခိုင်းပြီး ထိန်းထားရတဲ့အထိပဲ။

အဲ့အချိန်မှာပဲ လှောင်ပြောင်တဲ့ စကားသံတစ်ခု ကျုပ်နားထဲ ဝင်လာတယ်..

“ဝါး… ကြည့်စမ်းပါအုံး။ တော်ဝင်မှော်ကျောင်းက ကောင်မလေး မစားရရင် သေတော့မတတ်၊ ဝက်စားသလို စားနေတာပဲ။ မြင်ရတာနဲ့တင် ရယ်စရာကောင်းနေပြီ”

အဲ့ကောင်သာ ကျုပ်ကို ပြောတာဆိုရင် ကျုပ်သူ့စကားတွေကို ပြုံးပြုံးကြီးလုပ်နေယုံအပြင် မရှိဘူးရယ်။ ဒါပေမယ့် ကျုပ်ချစ်ရတဲ့ မူကျီကို စော်ကားလိုက်တော့ ချက်ချင်း ဒေါသထွက်လာတယ်။ ကျုပ် စားပွဲကို လက်နဲ့ရိုက်ပြီး..

“မင်း.. ဘယ်သူကို ဝက်လို့ ပြောတာလဲ”

မူကျီလဲ စားနေရင်း လန့်သွားတယ်။ သူခေါင်း မော့ကြည့်ပေမယ့် ဘာတွေ ဖြစ်ပျက်သွားလဲဆိုတာ နည်းနည်းမှကို မသိသေးတာရယ်။

ပိန်ပါးပါးနဲ့ မှော်ဆရာတစ်ယောက် မတ်တပ်ထရပ်ပြီး မူကျီကို လက်ညှိုးထိုးရင်း..

“ငါ သူ့ကို ပြောတာလေ။ ဘာဖြစ်လို့လဲ။ မင်း ငါ့ကို ကိုက်ချင်နေတာလား”

သူ့စကားကြောင့် သူ့အဖွဲ့သားတွေ အတောမသတ် ရယ်သံတွေ ထွက်လာရော။

ဒါ ဈာန်မှော်ကျောင်းက ကောင်တွေဖြစ်လိမ့်မယ်။ ကျုပ်ခန္ဓာကိုယ် တစ်ခုလုံးကနေ အေးစက်ပြီး သတ်ဖြတ်ချင်စိတ်တွေ ထောင်းကနည်း ထွက်လာပြီး အလင်းဓာတ်တွေ အမြန်ဆုံး စုစည်းလိုက်မိတယ်။

အဲ့ကျောင်းသား စကားကြားတော့ နဂါးသစ်တော့ကျောင်းရဲ့ ကျောင်းအုပ်ကြီး မျက်မှောက်ကြုတ်ပြီး ဈာန်ကျောင်း ဒုကျောင်းအုပ်ကို အဓိပ္ပါယ် ပါပါကြည့်လိုက်တယ်။ ဈာန်ကျောင်း ဒုကျောင်းအုပ်က..

“ဟွာသဲ မင်းဘာပြောတာလဲ။ ပြန်ထိုင်နေစမ်း”

ဟွာသဲ မူကျီကိုစော်ကားတာမြင်တော့ စစ်ဝါတောင် မနေနိုင်တော့ဘဲ.

“ဈာန်ကျောင်းက ကျောင်းသားတွေ ပညာတော်တော် ချို့တဲ့လာတဲ့ပုံပဲ”

သူ့စကားကြောင့် မျက်နှာချင်းဆိုက ကျောင်းသားတွေ ဒေါသတကြီးနဲ့ သူ့ကို စိုက်ကြည့်လာကြတယ်။

ကျုပ် ဘယ်ဘက်လက်နဲ့ ဟွာသဲကို ညွှန်ရင်း..

“မင်း ငါနဲ့ တစ်ယောက်ချင်း တိုက်ရဲလား”

အခြေအနေတွေ ပိုဆိုးလာတာမြင်တော့ နဂါးသစ်တော ဒုကျောင်းအုပ်ကြီးက အမြန်ဆုံး ထိန်းချင်တာနဲ့..

“ဟွာသဲ ကျန်းကုန်းကို မြန်မြန် တောင်းပန်လိုက်”

ဟွာသဲ ဆိုတဲ့ကောင်း နဂါးသစ်တော ဒုကျောင်းအုပ်ကြီးကိုတောင် အလေးမထားဘဲ..

“သူစားနေတာ ဝက်တစ်ကောင်လို စားနေတာလေ။ ဘာလဲ ဒါလေးတောင် ပြောခွင့်မရှိဘူးတဲ့လား”

ကျုပ် စိတ်မထိန်းနိုင်တော့ဘဲ တိုက်ဖို့ လက်ရွယ်လိုက်တဲ့အချိန် စစ်ဝါလာတားပြီး..

“ဒီမှာ မတိုက်နဲ့။ ဒီနေရာမှာ တစ်ခုခု ဖျက်စီးမိသွားရင် ငါတို့အတွက် မကောင်းဘူးကွ”

“ကောင်းပြီလေ။ မင်းငါနဲ့ အပြင်မှာ တစ်ယောက်ချင်း တိုက်ရဲလား။ မင်း ငါ့တိုက်ကွက် (၁)ကွက်ကို ခံနိုင်ရည်ရှိမယ်ဆို မင်းကို ငါခွင့်လွှတ်ပေးလိုက်မယ်”

ကျုပ်က မှော်သခင်းကြီးဆို သိနေတဲ့ ကျုပ်အဖွဲ့သားတွေကလွဲရင် ကျန်တဲ့သူတွေအားလုံး ကျုပ်ဖြဲခြောက်နေတယ်ပဲ ထင်နေကြတာ။ ဟွာသဲက မှော်သခင်အဆင့်လေ။ တစ်ကွက်ထဲနဲ့ အနိုင်ယူမယ်ဆိုတာ နည်းနည်း ရယ်စရာဖြစ်နေတာပေါ့။

ဈာန်ကျောင်းက ကျောင်းအုပ်ကြီးလဲ ကျုပ်က သူ့ကျောင်းကို အရှက်ခွဲတယ်ထင်ပြီး ဒေါသတွေထွက်ပြီး..

“ကောင်းပြီ.. ဟွာသဲ ဒီကျောင်းသားနဲ့ သွားတိုက်စမ်း။ တစ်ကွက်တည်းနဲ့ မင်းကို ဘယ်လိုအနိုင်ယူမလဲဆိုတာ ငါကြည့်ချင်သေးတယ်။ တစ်ကွက်တည်းပဲဆိုတာ စွဲနေအောင် မှတ်ထားနော်”

နောက်ဆုံးစကားက ကျုပ်တိုက်ကွက်ကို ဟွာသဲ ခံစစ်သက်သက်ပဲ လိုတယ်ဆိုတာ သိအောင် သတိပေးတာရယ်။

ဟွာသဲ ကျုပ်ကို စူးစိုက်ကြည့်ပြီး ရိပ်သာထဲက ထွက်သွားတယ်။ ကျုပ်သူ့နောက် လိုက်ဖို့လုပ်တော့ ဒေါသကြောင့် တုန်နေတဲ့ ကျုပ်လက်တွေကို မူကျီ ဖမ်းဆွဲပြီး..

“ကျန်းကုန်း ထားလိုက်ပါဟာ။ ငါလဲ စောစောက အစားကျူးသွားမိတာ ဝန်ခံလိုက်မယ်လေ။ ဒီတော့ သူတို့ ပေါက်ကရ ပြောတာတွေ အပြစ်တင်မနေနဲ့တော့”

သူ့စကားကြောင့် ကျုပ် ခေါင်းငုံ့ကြည့်လိုက်တော့ သနားစရာ မျက်နှာလေး မြင်လိုက်ရတယ်။

ဒီတော့ ကျုပ် စိတ်ထိခိုက်ပြီး ခေါင်းမော့ရင်းနဲ့..

“ဒီကောင် ငါ့ကို စော်ကားတာဆိုရင်တောင် စိတ်ထဲထည့်မနေဘူး။ ဒါပေမယ့် ဒီကောင်က ငါ့အချစ်ရဆုံး နင့်ကို ဘာလို့ စော်ကားခံရမှာလဲ။ ငါတို့ တော်ဝင်မှော်ပညာအထက်တန်းကျောင်း ကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ မရဘူးဆိုတာ ဒီကောင်တွေ သိသွားစေရမယ်”

ကျုပ်ပြောပြီးတာနဲ့ မူကျီလက်ကို ဖယ်ပြီး အပြင်ထွက်လာခဲ့လိုက်တယ်။

စစ်ဝါလဲ ကျုပ်နောက် ကပ်လိုက်လာရင်းနဲ့..

“ကျန်းကုန်း ငါတို့တွေ ပြိုင်ပွဲ ဝင်ရအုံးမျာနော်။ ပညာတွေ စွတ်မပြနဲ့အုံး”

သူပြောတဲ့ စကားလုံး အဓိပ္ပါယ်ကို ကျုပ်နားလည်လို့ ခေါင်းညိတ်ပြလိုက်တယ်။

ရိပ်သာရှေ့မှာ ကျုပ်တို့ တိုက်ပွဲဝင်ဖို့ နေရာကျယ်တယ်ဗျ။ ဟွာသဲနဲ့ ကျုပ်တို့ မီတာ(၂၀)အကွာလောက်မှာ ရပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြတယ်။ စောစောက ဒီကောင် အမြန်ထွက်သွားရတဲ့ ကိစ္စ ကျုပ်ရိပ်မိပြီးသား။ ဒီကောင် ကာကွယ်ရေးမန္တန်ရွတ်ဖို့ အချိန်လုံလောက်အောင် ကြိုထွက်သွားတာလေ။

“ငါ့တိုက်ကွက်ကို ခံဖို့ ပြင်ထားလိုက်။ အလင်းဒြပ်စင်တွေ၊ အတားအဆီးတွေ ကျော်ဖြတ်ပြီး ငါ့ရှေ့က ရန်သူကို ချေမှုန်းဖို့ ဓားတစ်လက် ပြောင်းစမ်း”

ကျုပ် မန္တန်ရွတ်လိုက်တာက ဟန်ပြသက်သက်ပဲ။ တကယ့်က ကျုပ်မန္တန်အတွက် အသင့်ဖြစ်ပြီးသား တိုက်ပွဲစိတ်ဝိညာဉ်ကို ပေါင်းထည့်လိုက်တာ။

ဟွာသဲလဲ ကျုပ်တိုက်ကွက်ကို ကာကွယ်ရေးမန္တန်တစ်ခုတည်းနဲ့ ခုခံဖို့ မလွယ်ဘူးဆိုတာလောက်တာ့ ဒီကောင် သိသေးတယ်။ သူချက်ချင်းကို လေဆင်နှာမောင်းကြီး တစ်ခုဖန်တီးပြီး ပစ်လွှတ်လိုက်တယ်ဗျ။

ကျုပ် အေးစက်စက်ပြုံးပြီး ကျုပ်စိတ်စွမ်းအားတွေနဲ့ ဒီကောင့်ကို ဖိနှိပ်ထားလိုက်တယ်။ ပြီးတော့ ညာလက်က ရွှေဖြူရောင် အလင်းဓားကြီးနဲ့ လွှဲခုတ်ပစ်တာပေါ့။

ကျန်တဲ့သူတွေ ထွက်လာတော့ ကျုပ်အလင်းဓားကြီးနဲ့ ခုတ်လိုက်တဲ့အချိန် ကွက်တိဗျ။

အရင်တုန်းက ဆရာကျန်းတောင် ကျုပ်ပေါင်းစပ်မန္တန်ကို ပေါ့ပေါ့ဆဆ သဘောထားလိုက်လို့ သူ့အစွမ်းတွေနဲ့တောင် တော်တော် ခံလိုက်ရသေးတာ။ ဟွာသဲလို မှော်သခင်လောက်ကတော့ ပြောစရာတောင်မလိုတော့ဘူး။ အလင်းဓားကြီးက ဟွာသဲရဲ့ လေဆင်နှာမောင်ကို တစ်ပိုင်းပိုင်းပြီး သူ့ကာကွယ်ရေးမန္တန်အပေါ် ချက်ချင်းရောက်သွားတယ်။ ဒီကောင် မူကျီကို စော်ကားခဲ့တယ် ဆိုပေမယ့် သေလောက်အောင်မဟုတ်သေးဘူးဆိုတော့ သူ့ခန္ဓာကိုယ်ကို ဓားသွား အစား ဓားရွက်နဲ့ အပြားလိုက် ရိုက်ပစ်လိုက်တယ်။ ဒီကောင့် ကာကွယ်ရေး မန္တန်အလွှာ ကျေမွသွားတဲ့အပြင် ငယ်သံပါအောင်အော်ပြီး သွေးချောင်းဆိုရင် လွင့်ထွက်သွားလေရဲ့။

ကျုပ် အေးစက်စက်ပြုံးရင် လက်ကို ပြန်ရုတ်သိမ်းလိုက်တယ်။ မာခယ် အပြေးရောက်လာပြီး..

“ဝါး… အစ်ကိုကြီး မင်းအရမ်းတော်တာပဲကွ”

ဈာန်ကျောင်းက ကျောင်းအုပ်ကြီး၊ လွင်ခက်ကျောင်းက လူတွေရယ်၊ နဂါးသစ်တောက ဒုကျောင်းအုပ်ကြီးပါ မေးတွေ ပြုတ်ကျတော့မတတ် လန့်သွားကြလေရဲ့။

============= (*^*)=============

အပိုင်း( ၁၄၃ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters