← Chapters

ကျောင်း(၂)ကျောင်း အရှုံးပေးခြင်း

Vol. 10 Ch. 143

ကျောင်း(၂)ကျောင်း အရှုံးပေးခြင်း

Vol. 10 Ch. 143

Child of light (ကျန်းကုန်း)

Volume 5: Chapter 10 - Dual Academy Withdrawal

နည်းနည်းကြာမှ ဈာန်ကျောင်းက ဒုကျောင်းအုပ်က ဒေါသတကြီးနဲ့ ဟွာသဲကို ပွေ့ပြီး တုန်တုန်ယင်ယင်နဲ့ ပြန်လာတယ်။ ဟွာသဲက သူ့အချစ်ဆုံး တပည့်ဆိုတော့ ဟွာသဲ မာန်တက်ပြီး စိုးမိုးချယ်လှယ်ချင်စိတ်တွေနဲ့ ပြည့်နေတဲ့အပြင် ဒီလိုအနေအထားကို သဘောကျနေတဲ့ သူတစ်ယောက်လို ကြီးပြင်းလာတာလေ။ ဒါပေမယ့် ဒီတစ်ကြိမ် သူ့ဒေါသက သူ့ကို ဒုက္ခပေးသွားတာပေါ့။

ကျုပ် အေးစက်စက်ပြုံးပြီး..

“နောက်ဆို ခင်ဗျားကျောင်းသားကို အသိပညာ များများ သင်ပေးသင့်တယ်။ အသံကြောင့် ဖားသေတယ်ဆိုတာမျိုးပေါ့။ ဒီတစ်ကြိမ်တော့ ကျုပ်ထိန်းထားလိုက်တယ်။ နောက်တစ်ခါဆိုရင်တော့ ကျုပ်ယဉ်ကျေးမှာ မဟုတ်တော့ဘူး”

ဈာန်ဒုကျောင်းအုပ်ကြီး မျက်နှာ နီတွတ်လာပြီး သူလက်ကို လှုပ်ရှားပြီး မီးလုံးနဲ့ လှမ်းပစ်လိုက်ရင်း..

“ငါ မင်းကို တိုက်ပြီး အားလုံးပြန်ယူမယ်ကွ”

သူ့တိုက်ကွက်ကို ခုခံမလိုပဲရှိသေးတယ် စစ်ဝါကအရင် ကျုပ်ရှေ့မှာ မြေလွှာဒိုင်းကြီးဖန်တီး ပြီးသွားပြီ။ ပြီးတော့ အေးစက်စက် အပြုံးနဲ့အတူ..

“ဒုကျောင်းအုပ်ကြီး။ ကိုယ့်သိက္ခာကိုယ် ထိန်းပါအုံး။ ကျန်းကုန်းက ခင်ဗျားတပည့်ကို တရားမျှတစွာ ရင်ဆိုင်အနိုင်ယူခဲ့တာလေ”

ဈာန်ဒုကျောင်းအုပ်ကြီး ကျုပ်တို့ကို ယှဉ်ပြီး မတိုက်နိုင်မှန်း သူသိတယ်။ ဒဏ်ရာအပြင်းအထန်ရနေတဲ့ ဟွာသဲ ရုပ်ကြောင့် ဒေါသတကြီးမျက်နှာနဲ့ နဂါးသစ်တော ကျောင်းအုပ်ဆီ လျှောက်သွားပြီး..

“ကျုပ်တို့ ဈာန်ကျောင်း ဒီမှာ ဆက်နေစရာမလိုတော့ဘူး။ ကျောင်းအုပ်ကြီး လုံယွီ.. ကျုပ်တို့ ပြိုင်ပွဲက နှုတ်ထွက်ပါတယ်”

ကျောင်းအုပ်ကြီး လုံယွီကလဲ သူတို့တွေ မနေနိုင်တော့ဘူးဆိုတာ သိနေတယ်လေ။ သူ စိုးရိမ်တကြီးနဲ့ သူ့ဒုကျောင်းအုပ်ကြီးကို လှမ်းကြည့်ယုံပဲ တတ်နိုင်တော့တယ်။

“မင်းတို့အားလုံးကို ငါမှတ်ထားမယ်။ ငါ့တပည့် ဒဏ်ရာရတာတွေ၊ အရှက်ရတာတွေ၊ အမုန်းတရားတွေအတွက် လွယ်လွယ်နဲ့ မပြီးစေရဘူး။ သွားကြမယ်”

ဈာန်ဒုကျောင်းအုပ်ကြီး ဒေါသတကြီးပြောရင်း သူ့လူတွေ ခေါ်ပြီး ထွက်သွားလေရဲ့။

စစ်ဝါ ကျောင်းအုပ်ကြီး လုံယွီဆီ လျှောက်သွားပြီး..

“ကျောင်းအုပ်ကြီးကို အခက်အခဲဖြစ်အောင် လုပ်မိသလို ဖြစ်သွားလို့ တောင်းပန်ပါတယ်”

ကျောင်းအုပ်ကြီး လုံယွီ ဘာပြောနိုင်မှာတုန်း။ ကျုပ်စွမ်းအားကြောင့် သူလဲ အရမ်းကြောက်သွားတဲ့ပုံပဲ။ သူ အပြုံးနဲ့..

“မင်းတို့ကို အပြစ်တင်လို့ မရပါဘူးကွာ။ မာန်တစ်ခွဲသားဖြစ်နေတာ မင်းတို့မှမဟုတ်တာ။ ဘာပြောပြော ငါတို့တွေ စားလက်စ ပြန်စားကြစို့”

အဲ့ မြေခွေးအိုကြီး ကျုပ်တို့ တိုက်ပွဲကို ဝင်မတားဘူး။ ကျုပ်စွမ်းအားတွေကို ရိပ်ဖမ်းသံဖမ်းဖြစ်ဖြစ် မြင်ချင်ထားပုံပဲ။ ဒီတစ်ခါ ကျုပ် မိုက်မိုက်မဲမဲ လုပ်လိုက်မိတာက နဂါးသစ်တောကို ဖြဲခြောက်နိုင်လိုက်တဲ့အပြင် ဈာန်ကျောင်းကိုလဲ နောင်တရတဲ့အထိ မူကျီအတွက် လက်စားချေပေးနိုင်လိုက်တယ်။ ဒီတော့ ကျုပ်ဝမ်းသာတာပေါ့။ ကျုပ် မတွေးမိခဲ့တာက ဈာန်ကျောင်းက တကယ်ကို ဒေါသတကြီးနဲ့ ပြန်ပြေးတာပဲ။ ဒါ ကျုပ်မှာ ရန်သူကြီး တစ်ယောက် တိုးသလိုပဲ။

မူကျီ ဒေါသထွက်နေတဲ့ ကျုပ်လက်ကို ဆွဲပြီး စားသောက်ခန်းထဲ ခေါ်လာခဲ့တယ်။ နဂါးသစ်တော ကျောင်းအုပ်နဲ့ ဒုကျောင်းအုပ်တွေ အစောကထက်တောင် ပိုယဉ်ကျေးနေကြသေးတယ်။ သူတို့ ကိုယ်တိုင်တောင် ကျုပ်ကို ဟင်းတွေ ထည့်ပေးနေတဲ့ အထိပဲ။ တိုက်ပွဲ မဖြစ်ခင်တုန်းကတော့ စစ်ဝါစကား နားထောင်ပြီး လျော့စားနေတာ။ အခုတော့ လာထားပဲ။ မူကျီနဲ့ နှစ်ယောက်သား ပတ်ဝန်းကျင်က လူတွေရဲ့ ထိတ်လန့်နေတဲ့ မျက်လုံးတွေ အောက်မှာပဲ အစားသူရဲ တွေလိုမျိုး ကြုံးတော့တာဗျို့။

ဒီလိုနဲ့ နေလည်စာ စားပြီးတော့ နဂါးသစ်တော အဖွဲ့တွေကို နှုတ်ဆက်ပြီး အနာယူဖို့ အခန်းတွေကို ပြန်ဖို့ ပြင်လိုက်ကြတယ်။ ဒါပေမယ့် အဲ့အချိန်မှာပဲ လွင်ခက်ကျောင်းနည်းပြက…

“မသွားခင် ခဏလေးလောက် စောင့်လို့ရမလား။ ဒီနေရာမှာပဲ အားလုံးကို ကြေငြာစရာလေး တစ်ခုရှိလို့ပါ”

ကျုပ်တို့တွေ သူဘာပြောမလဲလို့ ရပ်ပြီးစောင့်နေလိုက်ကြတယ်။

နဂါးသစ်တော ကျောင်းအုပ်ကြီးကတော့ သတင်းဆိုး ဖြစ်တော့မယ် ခံစားနေရတဲ့ပုံပဲ။ လွင်ခက် နည်းပြက..

“ကျုပ်တို့တွေ ကျောင်းသား ကျန်းကုန်းရဲ့ စွမ်းအားကို အစောက မြင်လိုက်ရတဲ့အတွက် လွင်ခက် ကျောင်းအနေနဲ့ သူ့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူးလို့ ခံစားမိတယ်။ ဒါကြောင့် ဒီပြိုင်ပွဲမှာ ကိုယ့်ကိုကိုယ် အရှက်ကွဲခံမယ့်အစား အရှုံးပေးဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်”

ကျောင်းအုပ်ကြီး လုံယွီ အလျှင်စလိုနဲ့..

“မင်း ဘယ်လိုပြောလိုက်တာလဲ။ ငါတို့တွေ သဘောတူထားတာ မဟုတ်ဘူးလား”

လွင်ခက်နည်းပြ မဆိုင်းမတွပဲ..

“သဘောတူထားတာ မှန်ပေမယ့် ငါ့တပည့်တွေကိုတော့ အသက်န္တရာယ် အဖြစ်မခံနိုင်ဘူး.. အစောက တိုက်ပွဲကို မင်းလဲ မြင်တာပဲလေ။ မင်းကိုယ်တိုင်တောင် အဲ့တိုက်ကွက်ကို တားနိုင်မယ်လို့ အာမခံနိုင်လို့လား။ ငါ့ကျောင်းစွမ်းအားက အားနည်းနေပြီးသား။ ဟွာသဲ ဒီနေ တိုက်ပွဲဝင်ခဲ့တယ်။ ငါ့အဖွဲ့မှာ မှော်သခင် တစ်ယောက်တောင် မပါဘူး။ ဘယ်လိုလုပ် သွားပြိုင်မှာတုန်း။ ဘာဖြစ်ဖြစ် ငါတို့တွေ ပြန်သွားတော့မယ်။ တောင်းပန်ပါတယ်”

ပြောပြီးတာနဲ့ သူ့တပည့်တွေခေါ်၊ ကျုပ်တို့ရှေ့က ဖြတ်ပြီး ပြန်သွားကြပါလေရော။

ကျုပ်တို့ကို ကြိုဆိုပွဲအနေနဲ့ ပြောထားပေမယ့် တကယ်တမ်းကျ နဂါးသစ်တောက ကျုပ်တို့ကို ပစ်မှတ်ထားပြီး စီစဉ်ထားတဲ့ ပွဲကြီးဗျ။ ဘာဖြစ်ဖြစ် ကျုပ်တို့ကို လိုလေသေးမရှိ ဧည့်ခံထားတာဆိုတော့လဲ မဆိုးပါဘူးလေ။ ရေချိုးခန်းကနှစ်ခန်း၊ အိပ်ခန်း(၅)ခန်းပါတယ် နားနေခန်းကျယ်ကြီးတစ်ခု ကျုပ်တို့ကို စောင့်ကြိုနေတယ်။ အခန်း အပြင်အဆင်တွေက အရမ်းကြီး ခန်းနားထည်ဝါနေတာ မဟုတ်ပေမယ့် လိုအပ်ချက်တွေတော့ ပြည့်စုံပါတယ်။ အဓိက စိတ်ကျေနပ်စရာက သန့်ရှင်းမှုဗျ။

မာခယ် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ အေးအေးဆေးဆေး ထိုင်နေတယ်။

“ဝါး… ငါတို့အတွက် ဒီနေ့ ရလဒ်က မဆိုးဘူးပဲ။ ငါတို့တွေ ဒီကို ရောက်ယုံပဲရှိသေးတယ် တစ်ကျောင်းကို အနိုင်ယူပြီး နောက် တစ်ကြောင်း ထွက်ပြေးသွားပြီ။ ငါတို့ ပြိုင်ရမှာ (၅)ကျောင်းပဲ ကျန်တော့တယ်”

စစ်ဝါ မျက်မှောင်ကြုတ်ပြီး..

“အခြေအနေတွေ ငါတို့ဘက် အလေးသာတယ်ဆိုပေမယ့် ငါတို့ဘက်က အစွမ်းနည်းနည်း ထုတ်ပြမိခဲ့ရတယ်ရော မထင်ဘူးလား။ အဲဒါ ငါတို့ကို ဒီကောင်တွေ မနာလိုစိတ်တွေ တိုးလာနိုင်တယ်”

မူကျီလဲ ဝင်ထောက်ခံတယ်..

“ဒါတော့ အမှန်ပဲ။ စစ်ဝါပြောတာ အဓိပ္ပါယ်ရှိတယ်”

“ငါတော့ ပြောတဲ့အတိုင်း လုပ်ခဲ့လိုက်တာပဲကွာ။ သူ့ကို တစ်ကွက်တည်းနဲ့ အနိုင်ယူမယ်လို့ ပြောလိုက်တာကိုး”

စစ်ဝါ ပြုံးရင်းနဲ့..

“ကျန်းကုန်း.. ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့တွေ မင်းကို အပြစ်မတင်ပါဘူးကွာ။ ငါဆိုလဲ ငါချစ်ရတဲ့သူကို လာထိရင် ထိန်းနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် နောက်ဆုံးအချိန်လေးမှာ ဟွာသဲကို မသတ်ခဲ့မိတာ ကံကောင်းသွားတယ်။ မဟုတ်ရင် ဈာန်ကျောင်းနဲ့ ငါတို့ကြားမှာ အငြိုးကြီးသွားလိမ့်မယ်”

ကျုပ် မျက်လုံးပြူးပြီး..

“သတ်ဖို့လား…. ဘယ်တုန်းကမှကို မစဉ်းစားခဲ့တာ။ စည်းကမ်းနဲ့မှ မညီတာကို”

သူတို့ (၄)ယောက်လုံး ကျုပ်ကို မျက်လုံးပြူးကြီးတွေနဲ့ ဝိုင်းကြည့်နေကြတယ်။ ကျုပ်စိတ်ထဲ ခုလုခုလု ဖြစ်သွားတာပေါ့။

“ငါ့ကို ဘာလို့ ဝိုင်းကြည့်နေကြတာတုန်း။ ငါ့မျက်နှာမှာ တစ်ခုခု ကပ်နေလို့လား”

မာခယ်က..

“အစ်ကိုကြီး။ မင်း နေရောကောင်းလား။ မင်းက မှော်သခင်ကြီးတစ်ယောက်လေ။ တစ်ယောက်ယောက်ကို သတ်မိရင်တောင် မင်းဂုဏ်ထူးကြီးရဲ့ အထူးခံစားခွင့်ကြောင့် အရေးမပါတော့ဘူး။ ဟွာသဲမှမဟုတ်ဘူး ဒုကျောင်းအုပ်ကို သတ်လိုက်မိမယ်ဆိုရင်တောင် နိုင်ငံတော်က မင်းကို အပြစ်ပေးမှာမဟုတ်ဘူး”

ရင့်ကျက်တဲ့ပုံစံနဲ့ မာခယ့်ကို ကျုပ်စိုက်ကြည့်မိလိုက်တယ်။

“ဒါကြောင့်မို့ သာမာန် မှော်ဆရာတွေ ငါတို့ကို အရမ်းမုန်းနေကြတာကိုး။ အထက်တန်းလွှာတွေ၊ ရာထူးကြီးတာတွေက တကယ်ကြီးကောင်းတာပါလား….”

မူကျီ ကျုပ်ကို လာရိုက်ပြီး…

“ဖီးတက်နေတာတွေ တော်လိုက်တော့။ ငါတို့အားလုံး ပင်ပန်းနေကြပြီ။ နေ့လည်ခင်းလေး တရေးတမော အိပ်လိုက်ကြရအောင်။ ငါတော့ အိပ်ပြီဟေ့”

ပြောပြီးတာနဲ့ သူ ပျင်းကြောဆန့်ပြီး သူ့အခန်းဘက် လှည့်သွားတယ်။

ကျုပ်လဲ ပြုံးတုန့်တုန့်နဲ့ သူ့နောက် လိုက်သွားတာပေါ့။

“နင် အိပ်ယာခင်းဖို့ ငါကူပေးမယ်လေ”

မူကျီ သူ့အခန်းကို သွားနေရာက ကျုပ်ကို တားထားလိုက်တယ်။

“ဒါ ကောင်းတယ် မထင်ဘူး။ နင့် ဖရုပ်သုက္ခ အတွေးတွေ ငါမသိဘူးများ မှတ်နေလား။ နင် ငါ့ကို အခွင့်အရေး ယူချင်နေတယ်ပေါ့လေ။ ဒါမျိုးတော့ ဘယ်ရမလဲ”

ကျုပ်ကို ငေါက်ပြီး အခန်းထဲကနေ လွင့်သွားတဲ့အထိ ရိုက်ထုတ်ပစ်လိုက်တာ။

ကျုပ်လဲ ကူကယ်ရာမဲ့စွာနဲ့ပဲ ဧည့်ခန်းထဲ ပြန်သွားရတော့တာပေါ့။ ကျုပ် ကို့ယို့ကားယား ဖြစ်နေတာကို ဝိုင်းရယ်နေလိုက်ကြတာများ၊ ပုံမှန်ဆို ရေခဲတုံးလို ဖြစ်နေတဲ့ ဟိုင်ယွဲ့တောင်ပါသေး။

စစ်ဝါက..

“ကျန်းကုန်း၊ မင်း တခါးပိတ်ထားတာနဲ့ တွေ့လာတယ်ပေါ့။ မင်စောစောက သုံးခဲ့တဲ့ အလင်းဓား ဘယ်မှာတုန်း။ အဲ့တံခါးများ တစ်ချက်ခုတ်ပဲကို။ ဟား ဟား ဟား”

ကျုပ် သူ့ကို စိုက်ကြည့်ပြီး..

“ငါတော့ မလုပ်ရဲဘူး။ မင်းသတ္တိရှိရင် သွားစမ်းကြည့်လေ။ ငါတော့ သူ့ကို ကြောက်တယ်။ ငါ့တစ်ဘဝလုံး ဒီအတိုင်းပြ ဖြစ်နေမှာ”

“မင်းတောင် သတ္တိမရှိတာ။ ဒီအခွင့်အရေးမျိုး ငါလဲ မယူတော့ပါဘူးလေ။ တံခါးကိုဖျက်ပြီး အခန်းထဲများ ဝင်လိုက်လို့ကတော့ မင်းလက်ချက်နဲ့ ငါ့မှာ အပေါက်ဖြစ်သွားမှာ သေချာတယ်”

============= (*^*)=============

အပိုင်း( ၁၄၄ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters