ပြိုင်ပွဲ စတင်ခြင်း
Vol. 10 Ch. 145
Child of light (ကျန်းကုန်း)
Volume 5: Chapter 12 - The Tournament Begins
ကျုပ်လဲ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ခေါင်းညိတ်လိုက်ရတာပေါ့။
“နင် ဘာတွေလုပ်နေတာလဲ။ ပစ္စည်းတွေ သိမ်းပြီးရင် သွားနားတော့လေ။ နင်ပင်ပန်းနေတာ ငါသိတယ်”
ပြောပြီးတာနဲ့ ကျုပ်ကို အခန်းထဲက တွန်းထုတ်ပါလေရော။ ကျုပ် ချက်ချင်းကို ရှုံးသွားတယ်လို့ ခံစားလိုက်ရတယ်။ ကျုပ်မှာတော့ ဒီနေ့ အစွမ်းကုန် ကြိုးစားလိုက်ရတာ။ ပိတ်နေတဲ့ တံခါးလေးကို ကြည့်ပြီး သက်ပျင်းချ ခေါင်းယမ်းယုံမှ တပါး အခြားမရှိလေပြီ။ ကိုယ့်အခန်းကိုယ် ပြန်ဖို့ပဲ မလှုပ်တလှုပ်နဲ့ စလှုပ်ရတော့တာပေါ့ဗျာ။
မူကျီ အခန်းတံခါး ရုတ်တရက် ပွင့်လာပြီး ခပ်သွက်သွက်လေး ထွက်လာတာဗျ။ ပြီးတော့ သူ့လက်တွေကို ကျုပ်ပုခုံးပေါ်တင်ပြီး ကျုပ်ကို နမ်းပစ်လိုက်တယ်။ ကျုပ်လဲ မယုံကြည်နိုင်လောက်အောင်ကို အံ့ဩသွားတာ။ ကျုပ် ကြောင်တောင်တောင် ဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူကျီ သူ့အခန်း စွတ်ကနဲ ပြန်ပြေးပါလေရော။
စိုအိအိ သူ့နှုတ်ခမ်းလေးနဲ့ ထိမိတဲ့ နေရာလေးကို ကျုပ် ပွတ်ကြည့်လိုက်မိတယ်။ ကျုပ်နှလုံးသားထဲ ချိုမြသွားသလို ခံစားလိုက်ရတယ်။ သိပ်တော့ အကျေနပ်ကြီးမဟုတ်ပေမယ့် ဘာမှ မဘာရတာနဲ့စာရင် တော်သေးတာပေါ့ဗျာ။ အဟီး…။
*******************
ကျုပ် ပြခဲ့မိတဲ့ စွမ်းအားတွေကို နဂါးသစ်တော ကျောင်းအုပ်နဲ့ ဒုကျောင်းအုပ်ကြီးတို့ လန့်သွားတဲ့ပုံပဲ။ သူတို့နဲ့ လာစားဖို့ မဖိတ်လေတော့ဘူး။ ဒီနေ့ မနက်တော့ ဒုကျောင်းအုပ်ကြီး ကျုပ်တို့ အခန်းရှေ့ရောက်လာတယ်ဗျ။
ကျုပ် တံခါးဖွင့်ပေးလိုက်ပြီး..
“ဆရာ ရောက်နေတာပဲ။ အခန်းထဲ ဝင်ပါအုံး”
နဂါးသစ်တော ဒုကျောင်းအုပ်ကြီး ဆိုဖာပေါ်ထိုင်ပြီး…
“ပြိုင်ပွဲက မနက်ဖြန်စမှာ။ မင်းတို့တွေ ပြင်ဆင်ပြီးကြပြီလား”
“ကျွန်တော်တို့ ဘာတွေ ပြင်ဆင်ရမှာလဲ။ ဒီအတိုင်းပဲ ပြိုင်ပွဲဝင်ဖို့ လုပ်နေကြတာ။ ဒါနဲ့ ဘယ်လို ပြိုင်ကြရမှာလဲဗျ”
“မင်း စွမ်းအားတွေနဲ့ဆိုရင် ပြိုင်ပွဲက အညောင်းပြေ လမ်းလျှောက်ရသလိုပါပဲ။ တခြားကျောင်းက ရွေးချယ်ခံ ပြိုင်ပွဲဝင်တွေနဲ့အားလုံးနဲ့ ပြိုင်ရမှာကွ။ နေ့တိုင်း (၂)ပွဲ ဆက်တိုက် ပြိုင်ရလိမ့်မယ်။ နောက်ဆုံးပြိုင်ဖက်ကို အနိုင်ရတာနဲ့ ပထမဆုက မင်းအတွက်ပဲပေါ့။ တကယ်၍ တစ်ခြားကျောင်း တစ်ခုခုက မင်းတို့ကို နိုင်လိုက်ရင် နိုင်တဲ့ကျောင်းက ပထမ ဖြစ်လိမ့်မယ်”
ကျုပ် မျက်မှောင်ကြုတ်ပြီး..
“တစ်နည်းပြောရရင် အစဉ်လိုက် ပြိုင်ပွဲပေါ့”
ဒုကျောင်းအုပ်ကြီး ခပ်ရှက်ရှက်နဲ့ပဲ..
“အစက ဒီလို စီစဉ်ထားတာမဟုတ်ပေမယ့် မင်းပြခဲ့တဲ့ စွမ်းအားက ကောင်းလွန်းတယ်လေ။ ဒါကြောင့်မို့ တခြားကျောင်းတွေနဲ့ တိုင်ပင်ပြီး ပြိုင်ပွဲမှာ ဒီနည်းလမ်းသုံးဖို့ ဆုံးဖြတ်ခဲ့လိုက်ကြတာ”
အဲ့အချိန် မာခယ် ထွက်လာပြီးတော့..
“ဒီပြိုင်ပွဲက တော်တော်လေး တရားမျှတတာပဲ။ ဒီကိစ္စ တစ်ခြားကျောင်းတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောလိုက်သလားလို့။ အဲဒီမှာ ကျွန်တော်တို့ရော ဝင်ဆွေးနွေးဖြစ်ခဲ့သေးလားဗျ။ ဒီလို ပြိုင်ပွဲမျိုးသာဆိုရင်တော့ ကျွန်တော်တို့ ဝင်ပြိုင်မှာ မဟုတ်တော့ဘူး”
ဟုတ်တယ်လေ။ ကျုပ်တို့သာ ဒီလိုပုံစံအတိုင်း ပြိုင်ရမယ်ဆိုရင် ကျုပ်တို့က ကိုယ်ခံအား ကောင်းနေရင်တောင် နောက်ဆုံးအောင်ပွဲအတွက် တော်တော်ကြီး ပေးဆပ်ရလိမ့်မယ်ဗျ။
“ဒီလိုဆိုရင်ရော ဘယ့်နှယ့်လဲဗျ။ ကျွန်တော်တို့ ဆရာ့ အစီအစဉ်ကို လိုက်နာမှာပါ။ ဒါပေမယ့် ကျွန်တော်တို့တွေ တစ်ရက်ကို တစ်ပွဲပဲ ပြိုင်မယ်။ ဆရာ့အနေနဲ့ ကျွန်တော်တို့တွေ အနားယူဖို့ အချိန်တစ်ခုတော့ ပေးမှရမယ်လေ”
ဒုကျောင်းအုပ်ကြီး ခနလောက် စဉ်းစားပြီးတော့မှ…
“ကောင်းပြီ။ မင်းတောင်းဆိုတဲ့အတိုင်း ငါတို့ လုပ်ကြတာပေါ့။ အစီအစဉ်ဆွဲဆို ငါ့ပြန်လိုက်အုံးမယ်”
မြေခွေးအိုကြီးကို မောင်းထုတ်ပြီးတာနဲ့ လက်ရှိအခြေအနေကို ဘယ်လိုဖြေရှင်းကြမလိုဆိုတာ တစ်ဖွဲ့လုံး တိုင်ပင်ကြတယ်။
စစ်ဝါက..
“အဲ့နေ့ အဖြစ်အပျက်က ပြိုင်ပွဲအပေါ် သက်ရောက်မှု ရှိမယ်လို့တော့ ငါထင်ပြီးသား။ တကယ်သာဆို ဒါ စစ်ပွဲ တစ်ပွဲဖြစ်လာပြီ”
မာခယ်ကလဲ..
“ဟုတ်တယ်.. ဒီလို ဆုံးဖြတ်ချက်ချတာကြီးက အဲ့လူတွေ ယုတ္တိမတန်တာ သေချာတယ်”
“ငြင်းခုန်နေကြတာတွေ ရပ်လိုက်ပါတော့။ ဘာမှ မသေချာသေးပါဘူးလေ။ ဒီအခြေအနေကို ဘယ်လိုဖြေရှင်း ကြမလဲဆိုတာ နည်းလမ်းရှာဖို့က ပိုအရေးကြီးတယ်။ အစဉ်လိုက် ပြိုင်ဖို့ လုပ်ကြတဲ့ ကိစ္စက နောက်ဆုံးပိတ် အားအကောင်းဆုံး ပြိုင်ဖက်နဲ့ မတိုက်ခင် ငါတို့ ကိုယ်ခံစွမ်းအားတွေ လျော့ချပစ်ဖို့ ဖြစ်လိမ့်မယ်။ ဒါကြောင့် ငါတို့ ပြိုင်ဖက်တွေကို အားအနည်းဆုံးကနေ အမြင့်ဆုံးပုံစံမျိုးနဲ့ စီစဉ်ထားကြလိမ့်မယ်။ ပြိုင်ပွဲ တစ်ပွဲပြိုင်ရတိုင်း အစွမ်းကုန် တိုက်ရတဲ့ တိုက်ပွဲ(၅)ပွဲ ဖြစ်လိမ့်မယ်။ နောက်တစ်နည်းပြောရရင် အရင်ဆုံး တွေ့ရမယ့် ပြိုင်ဖက်တွေက အားအနည်းတဲ့အတွက် အလွယ်တကူ အနိုင်ရလိမ့်မယ်။ ငါတို့တွေ အနားယူချိန်ရအောင် အဖွဲ့ (၂)ဖွဲ့ခွဲတိုက်ဖို့ အကြံပေးချင်တယ်။ အဲလို လုပ်မှပဲ ငါတို့တွေ နားချိန်ရမှာ”
မူကျီက..
“ငါတို့က (၅)ယောက်လေ။ ဘယ်လိုလုပ် (၂)ဖွဲ့ခွဲမလဲ”
“ဒါ လွယ်လွယ်လေးပါ။ စစ်ဝါ၊ မူကျီနဲ့ ငါ တစ်ဖွဲ့။ နောက်ဖွဲ့က မာခယ်၊ ဟိုင်ယွဲ့နဲ့ ငါ ပေါ့”
ဟိုင်ယွဲ့က..
“နင် နေ့တိုင်း ဝင်ပြိုင်နေရမှာ မဟုတ်ဘူးလား”
ကျုပ် ပုခုံးတွန့်ပြပြီး..
“မတတ်နိုင်ဘူးလေ။ ငါ့တိုက်ကွက်တွေတောင် သူတို့ ခံနိုင်ရည် ရှိမရှိ ငါမသိနိုင်ဘူးကိုး။ ဒီတော့ အရမ်းကြီး ပင်ပန်းရလိမ့်မယ်တော့ မထင်မိဘူး”
မာခယ်ကလဲ..
“အစ်ကိုကြီး အကြံက လောလောဆယ် အကောင်းဆုံးဖြစ်နေတယ်။ ဒီလိုသာဆိုရင် အစ်ကိုကြီးရယ်၊ မူကျီရယ်၊ စစ်ဝါရယ် အရင်ပြိုင်ရမယ်ဆိုရင် ပွဲတိုင်း နိုင်မှာပဲ”
“အေးအေး ဆေးဆေး သာနေပါကွာ။ မင်း ငါ့ကို မယုံဘူးလား။ ပြဿနာ မရှိလောက်ပါဘူး။ နောက်ပိုင်း ပြိုင်ပွဲတွေမှာ အရမ်း စွမ်းအားကောင်းတဲ့ လူနဲ့ တွေ့ရင်တောင် ငါ့မှာ လျှို့ဝှက် လက်နက် ရှိသေးတယ်လေ”
မာခယ် ခနလန့်သလိုဖြစ်သွားပြီး နည်းနည်းကြာမှ..
“ရှောင်ကျင်းလား…”
“အေးလေ။ သူပဲပဲပေါ့။ ရှောင်ကျင်းနဲ့ ငါသာ ပေါင်းစပ်လိုက်ရင် ငါတို့အင်အားက ဆရာကျန်းကိုတောင် ဒုက္ခပေးနိုင်သေးတာကို။ အဟေး ဟေး”
မူကျီ ကျုပ်လက်ဆွဲပြီး..
“ရှောင်ကျင်းဆိုတာ ဘယ်သူလဲ”
“နင် အနမ်းပေးရင် ငါပြောပြမယ်”
မူကျီ ကျုပ်ခေါင်းကို လက်သီးစုပ်လေးနဲ့ ထုပြီး..
“တွေးတောင် မတွေးနဲ့။ ပြောချင် နေပေါ့။ ဘယ်သူက သိချင်နေလို့တုန်း”
သူ ထုတဲ့နေရာလေးကို ပွတ်ပြရင်းနဲ့..
“မနမ်းချင်လဲ နေပါဟာ။ ဘာလို့များ ဒီလောက် ရက်စက်နေရတာတုန်းလို့”
ဒါကိုပဲ ကျန်တဲ့သူတွေ ဝိုင်ရယ်နေကြသေးတယ်။
*******************
နောက်တနေ့ရောက်တော့ ကျုပ်တို့အားလုံး မှော်ဝတ်ရုံကိုယ်စီ ဝတ်ထားကြတယ်။ ကျုပ်က ဆရာတိပေးထားတဲ့ ရွှေဖြူရောင် မှော်ဝတ်ရုံ ဝတ်ထားတယ်။ မူကျီက လေမှော်ပညာသုံးတာ သိသာအောင် ကိုယ်စားပြုအရောင်ဖြစ်တဲ့ အစိမ်းရောင် ဝတ်ရုံနဲ့။ ဟိုင်ယွဲ့က ရေဒြပ်စင် အရောင်ဖြစ်တဲ့ အပြာရောင် မှော်ဝတ်ရုံကို ဝတ်လို့။ မာခယ်က မီးမှော်ဒြပ်စင် အရောင်ဖြစ်တဲ့ အနီရောင်မှော်ဝတ်ရုံနဲ့ပေါ့။ စစ်ဝါကတော့ မြေကမ္ဘာမှော်အတွက် အဝါရောင် မှော်ဝတ်ရုံ ဝတ်ထားတယ်။
မှော်ဝတ်ရုံကိုယ်စီနဲ့ အားလုံးက ထူးထူးခြားခြားကို တက်ကြွနေကြတာ။ အရောင်(၅)ရောင် ပေါင်းလိုက်တော့ လူတိုင်းရဲ့ အာရုံစိုက်စရာ ဖြစ်သွားရော။ နဂါးသစ်တော မှော်ကျောင်းရဲ့ တိုက်ပွဲ ကွင်းထဲရောက်တော့ ကျုပ်တို့ရှေ့မှာ လူအုပ်ကြီးရောက်နေပြီ။ အတွင်းစည်းမှာက ကျောင်းက ဆရာတွေ၊ ကျောင်းသားတွေနဲ့ ပြည့်နေပြီး အပြင်ဘက်မှာတော့ သာမာန်လူတန်းစားတွေနဲ့ စည်ကားနေလိုက်တာများ လာမယ့် ပြိုင်ပွဲတွေအတွက် စိတ်လှုပ်ရှားမှုတွေကိုယ်စီ ပြည့်နေကြလေရဲ့။
ကျုပ်တို့တွေ ရောက်တာနဲ့ ကွင်းထဲမှာ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်သွားတယ်။ ဒုကျောင်းအုပ်ကြီး ရောက်လာပြီး..
“မင်းတို့ ရောက်လာကြပြီလား။ တခြား ကျောင်း(၅)ကျောင်းက ပြိုင်ပွဲဝင်တွေလဲ ရောက်နေကြပြီ”
ပြောပြီးတာနဲ့ ပြိုင်ပွဲဝင်တွေ ရှိတဲ့နေရာကို ခေါ်သွားတယ်။
ဘေးပတ်ပတ်လည်မျာလဲ ထိုင်နေကြသူတွေ အများကြီးပဲ။ သူတို့တွေက အထက်တန်းကျောင်း(၅)ခုက ပြိုင်ပွဲဝင်တွေ ဖြစ်လိမ့်မယ်။
ဒုကျောင်းအုပ်ကြီးက..
“ပြိုင်ပွဲဝင်တွေ အားလုံး စုံပြီဆိုတော့ ပြိုင်ပွဲစလိုက်ရအောင်”
အားလုံး သဘောတူကြောင်း ခေါင်းညိတ်ကြတော့ စတုရန်းမီတာ (၃၀၀၀)လောက် ကျယ်တဲ့ ပြိုင်ပွဲကျင်းပရေး ကွင်းအလယ်ကို လျှောက်သွားလိုက်ကြတယ်။
“ပြိုင်ပွဲ စတော့မှာမို့ အားလုံး ငြိမ်သက်ပေးကြပါ။ အခုပြိုင်ပွဲမှာ တော်ဝင်မှော်ပညာအထက်တန်းကျောင်းနဲ့ ဖီစစ်ဖူ မှော်ပညာအထက်တန်းကျောင်းတို့ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး နှစ်ဖွဲ့စလုံးက တိုက်ခိုက်မယ့် ပြိုင်ပွဲဝင် အစီအစဉ်တွေ ကျုပ်ကို ပေးကြပါ”
နှစ်ဖွဲ့စလုံးက ပြိုင်ပွဲဝင် အစီအစဉ်တွေ အတည်ပြုလိုက်ပါတယ်။ ပြိုင်ဖက်အဖွဲ့က ဘယ်သူတွေကို လွှတ်မယ်ဆိုတာ မသိသေးတော့ အခြေအနေတွေက လွန်ဆွဲနေတုန်းပါပဲ။
ကျုပ် လျှောက်သွားပြီး ဒုကျောင်းအုပ်ကြီးကို အစဉ်လိုက် နာမည်ပေးလိုက်တယ်။ ပထမပွဲက ကျုပ်၊ ဒုတိယပွဲက မူကျီ၊ တတိယပွဲက စစ်ဝါ၊ စတုတ္ထပွဲက မာခယ်၊ နောက်ဆုံး ပွဲကျမှ ဟိုင်ယွဲ့ ပေါ့ဗျာ။ ကျုပ်တို့ ပြိုင်ဖက်အဖွဲ့ကို နောက်ဆုံး ပွဲစဉ်အထိ သွားခွင့်မပေးမှာတော့ အသေအချာပဲ။
============= (*^*)=============
အပိုင်း( ၁၄၆ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား