မကြိုးစားလိုက်ရသော အောင်ပွဲ
Vol. 10 Ch. 146
Child of light (ကျန်းကုန်း)
Volume 5: Chapter 13 - Effortless Victory
အချိန် နည်းနည်းကြာတော့ ဒုကျောင်းအုပ်ကြီး ကွင်းထဲ ပြန်ဝင်လာပြီး…
“ကောင်းပြီ….. ပထမဆုံး ပြိုင်ပွဲအတွက် လူစစ်နန်နဲ့ တော်ဝင်မှော်ပညာအထက်တန်းကျောင်းက ကျန်းကုန်းဝေ တို့ဖြစ်ပါတယ်။ နှစ်ဖက် ပြိုင်ပွဲဝင်တွေ ကွင်းထဲလာဖို့ ဖိတ်ခေါ်လိုက်ပါတယ်…..”
ကျုပ် လက်နှစ်ဖက် နောက်ပစ်ပြီး ကွင်းထဲကို အေးအေးဆေးဆေး ဝင်သွားလိုက်တယ်။ ကျုပ်ပြိုင်ဖက်က ခပ်လတ်လတ်ပဲ ရှိသေးတဲ့အပြင် ကျုပ်ထက်တောင် ငယ်အုံးမယ့်ပုံပဲ။ သူ့မှော်ဝတ်ရုံကို ကြည့်လိုက်တော့ လေမှော်ဆရာတစ်ယောက်လို့ ထင်တာပဲ။ သူ့ပြိုင်ဖက်က ကျုပ်ဆိုတာ သိလိုက်ရတော့ တော်တော်ကို ကြောက်နေတဲ့ပုံပဲ။
ဒုကျောင်းအုပ်ကြီးက..
“ကောင်ပြီ… ပြိုင်ပွဲ စမယ်…”
ပြောပြီးတာနဲ့ ကာကွယ်ရေး ဝင်္ကပါခိုင်ခန့်အောင် နဂါးသစ်တောကျောင်းက ကျန်တဲ့ ဆရာတွေအနဲ့အတူ တာဝန်ယူဖို့ ကွင်းအပြင်ကို ထွက်သွားတယ်။
ပြိုင်ဖက်က ကျုပ်ကို ဂါရဝပြုပြီး..
“ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါအုံး…”
“မင်း ယဉ်ကျေးနေဖို့ မလိုပါဘူး။ တိုက်ပွဲ စလိုက်ကြစို့”
လူစစ်နန် အသံတိုးတိုးနဲ့ အော်ပြီး သူ့လက်နှစ်ဖက်ကို လှုပ်ရှားလိုက်တာ လေဓားတွေ အများကြီး ကျုပ်ဆီ ဦးတည်လာကြတယ်။ သူ ကျုပ်ကို ဒီလောက် အားနည်းလွန်းတဲ့ မန္တန်နဲ့ တကယ်ကြီး တိုက်ခဲ့တာပဲ။ ကျုပ်လဲ ကျုပ်အတွက် ကာကွယ်ရေး မန္တန်တောင် သုံးချင်စိတ်မရှိတာမို့ ဘယ်ဘက်လက်ကိုပဲ ပေါ့ပေါ့ပါးပါး လှုပ်ရှားပြီး လေဟာနယ်မျဉ်းစောင်းလေး တစ်ခုနဲ့ ပစ်လွှတ်လိုက်တယ်။ ချက်ချင်းကို သူ့မန္တန်တွေအကုန်လုံးကို ဆွဲယူဝါးမြိုလိုက်တဲ့အပြင် သူ့ခန္ဓာကိုယ်ကိုတောင် ဆွဲငင်အားတွေ ရောက်နေသေးတယ်။
ကျုပ် သူ့ကို ပြုံးပြရင်း ဆက်မတိုက်သေးဘဲ..
“ငါမင်းကို မထိခိုက်စေချင်ဘူး။ အခုနေ နောက်ဆုတ်လိုက်တာကောင်းမယ်”
လူစစ် ဘာမှ ပြန်မပြောဘူးဗျ။ သူ့အနေနဲ့ အကြီးမြတ်ဆုံး မန္တန်ရွတ်ဖို့ အံကြိတ်ပြီး အားတင်းနေတယ်ဆိုတာ သိသာတယ်။
“မင်း လွတ်လွတ် လပ်လပ်သာ တိုက်ပါ”
အာ ဟ။ ကျုပ် ဘာလုပ်တော့မယ်ဆိုတာ သိအောင် သူ့ကို ပြုံးပြလိုက်သေးတယ်။ အဲလိုမှ မဟုတ်ရင် သူ့ လေမှော်ပညာတွေနဲ့ သွက်သွက်လက်လက်ကြီး ကျုပ်ကို အချိန်ကြာကြာ တိုက်နေနိုင်အုံးမှာလေ။ ဒါပေမယ့် သူမန္တန် စရွတ်နေပြီဆိုတော့ ရပ်လို့မရနိုင်တော့ဘူး။ ကျုပ်လဲ တိုက်ပွဲစိတ်ဝိညာဉ်နဲ့ မှော်ဒြပ်စင်တွေကို ညာလက်မှာ စုပြီး သူ့မန္တန် တိုက်ကွက်ကို စောင့်နေလိုက်တယ် “တိမ်ညွန့်စား လေဆင်နှာမောင်း”
သူ အဆင့်မြင့်မန္တန် သုံးလိုက်တဲ့ပုံပဲ။ ဒါတောင် သူ့အကန့်အသတ် အကုန်ပဲထင်တယ်။ သူလဲ ဟွာသဲလို သန်မာတဲ့အပြင် တော်တော်များများက မှော်သခင်တွေပဲ။ ကွာသွားတာဆိုလို့ ဒီကောင်က တော်တော်ယဉ်ကျေးတဲ့ ကျောင်းသားလေးဆိုတော့ လူစစ်နဲ့ ပတ်သက်ပြီး ကျုပ်မှာ အကောင်မြင်စိတ်တွေ ရှိနေတယ်လေ။
ကျုပ် ညာဘက်လက် လှုပ်ရှားပြီး ပေါင်းစည်းမန္တန် အဖြူရောင်ပစ်လွှတ်လိုက်တာ့ ပရိသတ် အံ့ဩသွားကြတယ်။ သူ့ လေဆင်နှာမောင်းကို တစ်ပိုင်း ပိုင်းပြီး လုစစ်ဆီ တည့်တည့် ရောက်သွားတယ်။
ကျုပ် ထပ်ခါတလဲလဲ လေ့ကျင့်ထားတာဆိုတော့ ပေါင်းစည်းမန္တန်ကို စိတ်ကြိုက်ထိန်းချုပ်နိုင်နေပြီလေ။ အလင်းဓား သူ့ဆီရောက်သွားတာနဲ့ ပေါင်းစည်းမန္တန်ကို လေထဲမှာ ဆွဲလှည့်ပြီး ကွင်းထဲမှာ သူထုတ်သုံးထားတဲ့ မန္တန်ကို ဖြေးဖြေးလေး ပွတ်ဆွဲပေးလိုက်တယ်။်ပြိုင်ပွဲစလို့ ဘယ်နှယ့်မိနစ်မှမရှိသေးဘူး ဒုကျောင်းအုပ်ကြီး အသံထွက်လာတယ်။
“ပထမပွဲမှာ တော်ဝင်မှော်ပညာအထက်တန်းကျောင်းက ကျန်းကုန်း အနိုင်ရပါတယ်”
ကြေငြာနေတုန်း မှာပဲ ဒုကျောင်းအုပ်ကြီး စိတ်ထဲမှာ.. ‘ကျန်းကုန်း ဘာလို့များ ဒီလောက်အစွမ်းထက်နေပါလိမ့်၊ လူစစ်ကို ဘာမှော်ပညာသုံးပြီး အနိုင်ယူလိုက်တာပါလိမ့်’လို့ တွေးနေမယ်ဆိုတာ ကျုပ်သိတာပေါ့။
ပြိုင်ပွဲစင်ပေါ်ကနေ ဆင်းလာပြီး မူကျီကို..
“အခုတော့ နင့်အပေါ် မူတည်သွားပြီ။ ဒီပွဲ တတ်နိုင်သမျှ မြန်မြန် လက်စသတ်ရမယ်နော်”
မူကျီ ခေါင်းညိတ်ပြပြီး ပြိုင်ပွဲ စင်ပေါ်ကို အေးအေးဆေးဆေး လွင့်မျောသွားတယ်။ သူ့ပြိုင်ဖက်က မီးမှော်ဆရာဗျ။ ဒီကောင် လူစစ်ထက် နည်းနည်း ပိုသာတဲ့ပုံပဲ။
ပွဲစတဲ့အချိန်ကျမှ သူတိုက်ခိုက်တာကို ကျုပ်ပထမဆုံးမြင်ဖူးတာမို့ တော်တော် အံ့ဩသွားတယ်။ မူကျီ ပြိုင်ပွဲဝင်နေတာရော ဟုတ်ရဲ့လား။ သူ့ဘဝတစ်လျှောက်လုံး မှော်ပညာပေါ်မှာပဲ အချိန်ကုန်ခဲ့တာထင်တယ်။ သူ့ပြိုင်ဘက် ဘာလုပ်နိုင်တယ်ဆိုတာ အရေးမကြီးဘူး။ သူက ဦးအောင် အဆင့်မြင့်မန္တန်တွေနဲ့ ဘက်ပေါင်းစုံကနေ တိုက်ခိုက်တော့တာ။ ဒီနည်းက သူ့မှော်စွမ်းအားတွေ အလွန်အကျွံ ဖြုန်းတီးနေသလိုပဲ။ လေမှော်ဆရာတွေက တိုက်ပွဲမှာ နိုင်ဖို့အတွက် သွက်လက်တဲ့ နည်းစနစ်တွေ သုံးကြတာ မဟုတ်ဘူးလား။ သူ မှော်စွမ်းအားတွေကို ကျုပ်ထက်ပိုကောင်းအောင်ကို ထိန်းချုပ်နိုင်လိမ့်မယ် ထင်ထားတာ။ ဘက်ပေါင်းစုံက တိုက်ခိုက်တဲ့ မန္တန်တွေကို သူမို့ စိတ်ကူးမိတယ်။ သဘောကျစရာပဲ။
ကျုပ် မာခယ့်ကို ကပ်ပြီး..
“သူ တိုက်လိုက်ရင် အမြဲတမ်း အဲလိုပဲလား”
“မူကျီ တိုက်ခိုက်တာက အမြဲ အဲလိုမျိုး ကြမ်းကြမ်းတမ်းတမ်းကြီးတွေပဲ။ သူ ငါတို့တွေထက် မန္တန်တွေကို ဘယ်လောက်ထိ မြန်မြန်သုံးနိုင်တယ်ဆိုတာ ငါလဲမသိတော့ဘူး။ သူက ပုံမှန် မှော်ဆရာတွေလို ပေါ့ပါးတဲ့ မန္တန်တွေမသုံးတတ်ပေမယ့် ဟိုတုန်းကလဲ သူ့ဒီလိုမျိုး အဆုံးမဲ့တိုက်ကွက်တွေကြောင့် ငါရှုံးခဲ့ရတာ ယုံကို မယုံနိုင်ဘူး”
ထင်ထားသလိုပဲ လမ်းကြောင်း ပေါင်းစုံကနေ တိုက်နေတဲ့ မူကျီမန္တန်တွေကို တစ်ဖက် ပြိုင်ပွဲဝင် ခံနိုင်ရည်မရှိတော့ဘူး။ မူကျီ ကျုပ်လောက် ယဉ်ကျေးမနေဘူးဗျ။ သူ့ပြိုင်ဘက်ကို စင်မြင့်ပေါ်က ကန်ချဖို့ လေဆင်နှာမောင်းတစ်ခုနဲ့ တွယ်ပစ်လိုက်တာ။ အဲ့ကောင်တော့ (၂)ရက်လောက် အိပ်ယာထဲက ထနိုင်မှာမဟုတ်တော့ဘူး။
စင်ပေါ်က ဆင်းလာတော့ မူကျီ မျက်နှာလေးမှာ ကြက်သွေးရောင်တွေ သန်းနေတာပဲ။
“မိုက်လိုက်တာဟာ။ နင့်အစွမ်းတွေ ထိန်းထားဖို့ ငါမှာလိုက်တယ်လေ။ ဘာလို့များ တစ်ပတ်လည် တိုက်ကွက်မန္တန်မျိုး သုံးရတာတုန်း”
မူကျီ နှုတ်ခမ်းလေး စူပြီး..
“နင့်ကို စိတ်အနှောက်အယှက်ပေးမိလို့လား။ ရွှေ့လျားရတာ ပင်ပန်းတယ်ဟ။ ဒီအတိုင်း မတ်တပ်ရပ်ပြီး ဆက်တိုက် တိုက်တော့ ပိုမကောင်းဘူးလား။ ခနကြာတာနဲ့ ပြိုင်ဖက်က သူ့ဟာသူ စင်ပေါ်က ပြုတ်ကျသွားမှာပဲကို”
ကျုပ် ဘာများ ပြောနိုင်အုံးမှာလဲ။ သူ ပျင်းလို့ ပေါ့လေ။ ဒီကြောက်စရာကောင်းတဲ့ ကောင်မလေးကို ခေါင်းခါနေယုံကလွဲပြီး ဘာမှ မဝေဖန်ရဲတော့ဘူး။ ဘာဖြစ်ဖြစ် သူ့လက်ကလေးကိုကိုင်ပြီး တတိယပွဲ ဆက်ကြည့်နေလိုက်တယ်။
စစ်ဝါ တိုက်ပွဲစင်မြင့်ပေါ် အေးအေးဆေးဆေး လျှောက်သွားတယ်။ သူ့ပြိုင်ဖက်က မီးမှော်ဆရာဗျ။ သူ့မှော်ပညာက မီးမှော်တွေ ထိပ်တိုက်ရင်ဆိုင်နိုင်တာကြောင့် စစ်ဝါ ယုံကြည်မှုရှိနေတဲ့အပြင် စွမ်းအား ကွာခြားချက်လဲ ကြီးလွန်းတယ်လေ။
စင်ပေါ်ရောက်တော့ စစ်ဝါက..
“ငါ့တိုက်ကွက်တွေက ပြင်းထန်မှာဆိုတော့ မင်းအနေနဲ့ ခံစစ်နည်းနည်း ပြင်ထားသင့်တယ်။ မဟုတ်ရင် မတော်တဆ ထိခိုက်မိသွားနိုင်တယ်”
သူ့ပြိုင်ဖက်ကဖြင့် ပထမ(၂)ပွဲမှာကတည်းက ကြောက်နေပြီ။ စစ်ဝါပြောတော့ ချက်ချင်းကို ကာကွယ်ရေး မန္တန်တွေ ပေါ်တင်သုံးတော့တာပဲ။
ကျုပ်တော့ ပွဲကြည့်စင်ပေါ်ကနေ ထိုင်ရီနေမိလိုက်တယ်။
“စစ်ဝါ အရမ်းတော်တာပဲ။ စင်ပေါ်ရောက်ယုံရှိသေးတယ် သူ့ပြိုင်ဖက် တိုက်ချင်ခိုက်ချင်စိတ်တွေ နည်းသွားပြီ”
စစ်ဝါ ပြိုင်ဖက်ရဲ့ အောက်ခြေကို တိုက်ခိုက်ဖို့ မြေသားလှံမန္တန် သုံးလိုက်တယ်။ မြေသားလှံက ခံစစ်မန္တန်ကို မထိုးဖေါက်နိုင်ဘူးဆိုတော့ သူ့ပြိုင်ဖက်လဲ ဆိုးတော့မဆိုးရှာပါဘူး။ ဒါကိုက စစ်ဝါ အစီအစဉ်ဖြစ်မယ်ထင်တယ်။ ကျုပ်တို့က တခြားသူတွေကို မလိုလားအပ်ဘဲ မထိခိုက်စေချင်ဘူးလေ။ ခံစစ်မန္တန်ကို မထိုးဖေါက်နိုင်ပေမယ့် သူ့ပြိုင်ဖက် အမြှောက်စံတစ်ခုလို မိုးပေါ် မြောက်တက်သွားပါလေရောလား။ ဒီကောင် ပြန်ကျလာတဲ့အချိန် တိုက်ပွဲစင်မြင်ကတော့ ဘာမှ မပြောင်းလဲသွားဘူး။ အလွယ်ဆုံးနဲ့ အမြန်ဆုံး အနိုင်ရတဲ့သူက စစ်ဝါလို့ကို မထင်မိဘူး။ ကြည့်ရတာ ဒီကောင့်မှာ တိုက်ပွဲ အတွေ့အကြုံ တော်တော် ရှိတဲ့ပုံပဲ။
မာခယ်က ကျုပ်ကိုကပ်ပြီး တိုးတိုးလေးနဲ့..
“ကျောင်မှာဆို စစ်ဝါ သူ့ပြိုင်ဖက်တွေကို အနိုင်ယူဖို့ ဒီအကွက် သုံးနေကျ။ သူ့မြေကမ္ဘာမှော်ရဲ့ ထူးခြားချက်က မှန်းလို့မရတဲ့ တိုက်ကွက်နဲ့ ခိုင်မာလွန်းတဲ့ ခံစစ်ပဲ။ သူမင်းကို ဘယ်ကနေ ထိုးဖေါက်မယ်ဆိုတာ မင်းဘယ်လိုမှ မသိနိုင်ဘူး”
နဂါးသစ်တော ဒုကျောင်းအုပ်ကြီးက..
“တော်ဝင်မှော်ပညာအထက်တန်းကျောင်းက စုစုပေါင်း(၃)မှတ် (၀)နဲ့ အနိုင်ရသွားပါတယ်။ မနက်ဖြန်မှာ ဒုတိယပွဲစဉ် ဆက်လက်ကျင်းပမှာပါ”
ဒီလောက် လွယ်လွယ်နဲ့ အနိုင်ရလိမ့်မယ် မထင်မိဘူး။ နားတောင် နားစရာ မလိုလိုက်ဘူးလေ။
စစ်ဝါက..
“ဒီနေ့ စွမ်းအား သိပ်မသုံးလိုက်ရဘူးဆိုတော့ နောက်နေ့ ထပ်ပြိုင်ချင်တယ်ကွာ။ မူကျီကို အနားပေးလိုက်မယ်။ ဒီတော့ ကျန်းကုန်း၊ မာခယ်နဲ့ ငါ မနက်ဖြန် ထပ်တိုက်ကြရအောင်”
ဒုတိယနေ့မှာ ပထမနေ့ကနဲ့ မတူပေမယ့် ပထမ(၃)ပွဲပြတ်နဲ့ပဲ အနိုင်ရခဲ့တယ်။ ဒါပေမယ့် မာခယ်နဲ့ စစ်ဝါတို့တော့ တော်တော်လေး အားပြင်းတဲ့ ပြိုင်ဖက်နဲ့ တိုက်ခဲ့ရတာဆိုတော့ နောက်ထပ် တိုက်ပွဲတွေအတွက် အားပြန်ဖြည့်ဖို့ လိုလိမ့်မယ်။
============= (*^*)=============
အပိုင်း( ၁၄၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား