ရန်သူများကို တစ်ယောက်တည်း ရင်ဆိုင်ခြင်း
Vol. 10 Ch. 149
Child of light (ကျန်းကုန်း)
Volume 5: Chapter 16 - Facing the Enemy Alone
မူကျီ လေးလေးနက်နက်နဲ့..
“မဟုတ်သေးဘူး။ နင်တစ်ယောက်တည်း အသက်နဲ့ရင်းပြီး ဘာလို့စွန့်စားရမှာလဲ။ ဘယ်လိုမှ ခွင့်မပြုနိုင်ဘူး”
“ဒါဆို နင့်မှာ ဒီထက်ကောင်းတဲ့ အကြံရှိသေးလို့လား။ စိတ်မပူနဲ့။ ငါ့မှာ ရှောင်ကျင်း ရှိသေးတယ်။ သူလဲ ငါ့အစွမ်းထက် မနိမ့်တဲ့ နဂါးဘုရင်တစ်ကောင်ပဲလေ.. နင်တို့တွေ စိတ်ပူလွန်းနေတာပါ”
စစ်ဝါ စိုးရိမ်တကြီးနဲ့..
“ဒါ ပေ မယ့်…”
“တော်လိုက်တော့။ ငါဆုံးဖြတ်ပြီးသွားပြီ။ နင်အနားမှာ မရှိရင် အာရုံပိုပြီး ကောင်းကောင်းစိုက်နိုင်မှာဆိုတော့ ငါနဲ့ လိုက်ဖို့ စိတ်ကူးမနေနဲ့။ မူကျီ နင် အိမ်ရှင်မကောင်းလေးလိုပဲ နင့်ယောက်ျား သတင်းကောင်းကို စောင့်နေလိုက်လေ”
သူ့ ယောက်ျားဆိုပြီး ကိုယ့်ကိုကိုယ် ပြောလိုက်တာတောင် မူကျီထူးထူးခြားခြား ငြိမ်နေလေရဲ့။ သူကျုပ်ကို မှီပြိး လက်ကို တင်းတင်းကိုင်ထားတယ်။ သူစိုးရိမ်စိတ် ကြီးစိုးနေတယ်ဆိုတာ ကောင်းကောင်းခံစားမိပါတယ်။ ခနကြာတော့ သူခေါင်းမော့ပြီး..
“ကျန်းကုန်း နင်တစ်ယောက်တည်း သွားတိုက်လို့ရတယ်။ ဒါပေမယ့် နင် ငါ့ကို ခေါ်သွားရမယ်။ နဂါးသစ်တောထဲက လူယုတ်မာတွေ နင့်ကို အနိုင်လိုချင်နေကြတာ။ သူတို့တွေ ငါတို့ လက်လှမ်းမမှီနိုင်တဲ့ နည်းလမ်းတွေ ကြံစည်ရဲမှာ သေချာတယ်။ နင်ဒါတွေကို တားနိုင်မှာမဟုတ်ဘူး”
စစ်ဝါလဲ ..
“ငါလည် မင်းနဲ့ လိုက်ခဲ့မှာ”
ကျုပ် ဘယ်လောက် နားချချ မူကျီနဲ့ စစ်ဝါကို ပြောမရတော့ဘူး။ ပြိုင်ပွဲကျင်းပချိန်ကလဲ နီးပြီဆိုတော့ သူတို့ (၂)ယောက်လုံး ခေါ်သွားယုံကလွဲပြီး ဘာလုပ်လို့ရတော့မှာလဲ။
နဂါးသစ်တော ဒုကျောင်းအုပ်ကြီး ရောက်လာပြီး အပြုံးနဲ့..
“မနေ့ကလိုပဲ ပြိုင်ကြမှာလား”
ကျုပ် ခေါင်းခါပြီး..
“ကျုပ် တစ်ယောက်ထဲ ပြိုင်မှာ..”
“မင်း တစ်ယောက်ထဲ ဘယ်လို ပြိုင်မှာတုန်း”
“ဘာလို့ မဖြစ်ရမှာလဲ။ (၃)ပွဲစလုံး အနိုင် တိုက်နိုင်ရင် ပြီးတာပဲ မို့လား..”
ဒုကျောင်းအုပ်ကြီး ကျုပ်ကို ကြည့်ပြီး ဆုံးဖြတ်ရခက်နေတဲ့ပုံပဲ။
“ဒါဆို ဒီလိုလုပ်မယ်။ တခြားကျောင်း ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးကြည့်လိုက်မယ်။ ခဏစောင့်အုံး”
မကြာပါဘူး ရှက်နေတဲ့ ရုပ်နဲ့ ပြန်ရောက်လာတယ်။
“ဘယ်လို ဆုံးဖြတ်လိုက်လဲ”
“မင်းတစ်ယောက်တည်း ပြိုင်တာ ပြိုင်လို့ရတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်..”
“အဲဒါ ဘာလဲ.. ပြောသာပြောပါ..”
“သူတို့က မင်းကို (၅)ယောက် (၁)ယောက် တိုက်ပြီး တစ်ပွဲတည်းနဲ့ အဖြေပေါ်ချင်တာ”
မူကျီ ဒေါသကို မျိုသိပ်ထားရတဲ့ပုံစံနဲ့..
“ရှင်တို့ လူတွေရော ဟုတ်သေးလား။ (၅)ယောက်ကို ဘယ်လိုသွားတိုက်နိုင်မှာလဲ။ မတရားလွန်းအားကြီးတယ်။ ကျန်းကုန်း သွားမယ်.. မပြိုင်နဲ့တော့…”
“မင်း မပြိုင်ရင် ဒီပွဲမှာ ရှုံးသွားပြီပဲ..”
ကျုပ် အေးစက်စက် ကြည့်လိုက်တော့ သူကြောက်လန့်တကြား နောက်ဆုတ်သွားတယ်။ ကျုပ် အံကြိတ်ပြီး..
“ကျုပ် ပြိုင်မယ်။ ဒါပေမယ့် ခင်ဗျားကို သတိမပေးဘူးလို့ အပြစ်မတင်နဲ့။ ကျုပ် လုံးဝ အလျော့ပေးမှာ မဟုတ်တော့ဘူး”
သူတို့ ရွံစရာလုပ်ရပ်ကြီးက ကျုပ် ဒေါသ တလိပ်လိပ် ထွက်လာတဲ့အထိပဲ။ ပြိုင်ဖက်ကို အမှုန့်ချေပစ်ချင်စိတ်ပေါက်တာ ဒါပထမဆုံးပဲ။
ကျုပ် ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ အအေးဓာတ်တွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးတောင် အပူရှိန်တွေ သိသိသာသာ ထိုးကျသွားတယ်။ မူကျီ ကျုပ်ကို တားဖို့ ပြင်နေတာမြင်တော့..
“ကျေးဇူးပြုပြီး ဝင်မပါနဲ့တော့။ သူတို့ ဘယ်လို ဗျူဟာသုံးမလဲဆိုတာ ငါတကယ်သိချင်သေးတယ်”
ကျုပ် မှော်နှင်တံလေးကို သိုလှောင်အိတ်ထဲက ထုတ်လိုက်တယ်။ ဒီပွဲက စစ်ဖုန့်ရီ နဲ့ တိုက်ပွဲလိုပဲ အန္တရာယ်များမယ်ဆိုတာ ကျုပ်သိနေတယ်။
ကျုပ် စင်မြင့်အလယ်မှာ ရပ်နေရင် အလင်းဓာတ်တွေ အမြန်ဆုံး စုစည်းလိုက်တယ်။ ဒေါသကြောင့် ပတ်ဝန်းကျင်က အလင်းရောင်တွေတောင် ကမောက်ကမ ဖြစ်နေပြီ။
ကျုပ် ရင်ဆိုင်ရမယ့် ပြိုင်ဖက်တွေက မီးမှော်ဆရာ(၂)ယောက်၊ လေမှော်ဆရာ(၂)ယောက်နဲ့ မြေကမ္ဘာမှော်ဆရာ (၁)ယောက်ပဲ။ ကြည့်ရတာ (၂)ယောက်ကတော့ ကျောင်းသားတွေပုံစံပဲ၊ တစ်ယောက်ကတော့ အနည်းဆုံး အသက်(၄၀)လောက်ရှိပြီ။ ဒီအဖွဲ့က နဂါးသစ်တော မှာ စွမ်းအား အပြင်းထန်ဆုံးအဖွဲ့ဖြစ်လောက်တယ်။ ဒုကျောင်းအုပ်ကြီးက..
“ပြိုင်ပွဲ စမယ်……..”
ကျုပ် စိတ်ဝိညာဉ်နဲ့ အလင်းဒြပ်စင်မန္တန်တွေကို ဘာမှ ရွတ်မနေပဲ ပေါင်းစည်းလိုက်တယ်။ ပြိုင်ဖက် အုပ်စုမှာ မြေကမ္ဘာမှော်ဆရာနောက်မှာ ကျန်တဲ့သူတွေ အကုန်ရပ်နေကြတယ်။ သူတို့တွေ အဆင့်မြင့် ခံစစ်မန္တန် အများကြီး ခပ်မြန်မြန် သုံးနေကြလေရဲ့။
ပေါင်းစပ် မန္တန်တွေက သူတို့ ခံစစ်မန္တန်တွေနဲ့ တွေ့တော့ ကောင်းကင်ကြီးတောင် တောက်ပသွားတယ်။ ကျုပ် ခြေလှမ်းနည်းနည်း နောက်ပြန်ဆုတ်လိုက်ရတယ်။ ကျုပ်ပြိုင်ဖက်တွေအကုန် မှော်သခင်တွေဆိုတာ သိလိုက်ရတော့ အေးစက်စက်နဲ့ အသက်ပြင်းပြင်း ရှုယုံကလွဲပြီး ဘာလုပ်နိုင်အုံးမှာလဲ။
သူတို့ကိုယ်တိုင် ကျုပ်ကို မတိုက်ဘဲ သူတို့ မှော်သားရဲတွေ လွှတ်လိုက်တယ်ဗျ။ သူတို့ မှော်သားရဲတွေ ဝိုင်းတိုက်တာဆိုတော့ ကျုပ်တဖြည်းဖြည်း ဖိနှိပ်ခံလိုက်ရတယ်။ ဖိအားပြင်းလွန်းလို့ ကျုပ်မှော်ဝတ်ရုံတောင် လှုပ်ခါဝေ့ရမ်းနေပြီ။ ကျုပ် သိသိသာသာကို အောက်စည်းရောက်နေတာ။
ကျောင်းအုပ်ကြီးနဲ့ ဒုကျောင်းအုပ်တို့တွေ ပွဲကြည့်စင်ကနေ အောင်ပွဲရပြီဆိုပြီး ပြုံးပျော်နေကြလေရဲ့။
ကျုပ် အံကြိတ်ပြီး..
“ရှောင်ကျင်း ထွက်ခဲ့တော့…”
ပြိုင်ပွဲစပါပြီ ဆိုကတည်းက ကျုပ်မှော်သားရဲကို သုံးတာ ဒါပထမဆုံးပဲလေ။ ရွှေရောင် အလင်းတန်းတစ်ခုနဲ့အတူ ရှောင်ကျင်းပေါ်လာပြီး ကျုပ်မှာ ရန်သူတွေနဲ့ ဖိအားတွေများနေတာသိတော့ သူ့ခန္ဓာကိုယ်ကြီးနဲ့ တံတိုင်းတစ်ခုလို ကာထားလိုက်တယ်။ ကျုပ်တောင် အမိန့်ပေးစရာမလိုဘဲနဲ့ သူ့ဟာသူ နဂါးခံစစ်ကို ဖော်ထုတ်လိုက်တယ်။ ဒါကြောင့် ကျုပ်ပေါ်ရောက်နေတဲ့ ဖိအားတွေ ချက်ချင်းကို လျော့ကျသွားပြီး သက်ပြင်းချနိုင်တော့တယ်။
ရှောင်ကျင်းကို မြင်လိုက်ရလို့ ဟိုအဖွဲ့ အံ့ဩနေတဲ့အချိန် အခွင့်ကောင်းယူပြီး ကျုပ်လက်ထဲက မှော်နှင်တံကို လှုပ်ရှားပြီး အပြင်းထန်ဆုံးမန္တန်ကို စရွတ်လိုက်တယ်။
“အို အလင်းရောင်ခြည်။ ကျုပ်ရဲ့ မိတ်ဆွေတို့ရေ။ အဆုံးမရှိတောက်ပသော အလင်းရောင်ဖြစ်လာစေဖို့ ကြယ်စင်အမှုန်အမွှားတွေအဖြစ်အသွင်ပြောင်းပြီး ရှေ့မှောက်ကရန်သူတွေကို ချေမှုန်းဖို့ သင့်စွမ်းအားတွေ သုံးလိုက်စမ်းပါ”
ဒါက အဆင့်မြင့် မန္တန်လေ။ တော်တော်လေး အစွမ်းထက်တဲ့အပြင် ကျုပ်လဲ လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်တယ်လေ။
ပတ်ဝန်းကျင်က အလင်းရောင်တွေအားလုံး ကျုပ်ဆီ စုလာပြီး ရွှေရောင်အလင်းရောင် တောက်လာတယ်။ ပြီးတော့ တစ်လက်လက် တောက်ပနေတဲ့ အလင်းလုံးတစ်ခု ဖြည်းဖြည်းချင်းပေါ်လာတာများ နေလုံးလေးနဲ့တောင် တူနေသေးတယ်။
“ချိုးဖျက်စမ်း…”
အလင်းလုံးကနေ ကျုပ်ခန္ဓာကိုယ်မှာ ချက်ချင်းအလင်းရောင်တွေနဲ့ ဖုံးသွားတယ်။
ပြိုင်ဖက်ထဲက မီးမှော်ဆရာတစ်ယောက်က…
“အားလုံး သတိထားကြ။ သူအပြင်းဆုံး မှော်ပညာသုံးတော့မယ်။ ကာကွယ်ရေးမန္တန်တွေ အမြန်ချ။ မှော်သားရဲတွေအကုန် ဝိုင်းတိုက်ဖို့ မင်းတို့ မှော်သားရဲတွေကို ခိုင်းလိုက်..”
ပြိုင်ဖက်အဖွဲ့က အဆင့်(၇) မှော်သားရဲတွေအားလုံး ရှောင်ကျင်းကို ဝိုင်းတိုက်ကြတယ်။ ကျုပ်ရှေ့မှာ အလင်းကြယ်ပေါ်လာတော့ ရှောင်ကျင်းကို ပြန်တိုက်ဖို့ ပြောလိုက်ပြီ။
ရှောင်ကျင်း တစ်ချက် ဟိန်းဟောက်လိုက်တယ်။ သူ့ အတောင်ပံကြီးတွေ ခတ်ပြီး လေမှော်သားရဲ(၂)ကောင်ကို ရိုက်လိုက်လိုက်ပြီး မြေမှော်သားရဲကို ဆွဲဆုပ်ယူလိုက်တယ်။
ကောင်းထင်ထိအောင် ကြယ်အလင်းတွေနဲ့ ထိန်ထိန်ညီးနေတဲ့ အလင်းကြယ်နဲ့ မှော်ဆရာ (၅)ယောက်ဆီကို ဦးတည်ပြီး ပစ်လွတ်လိုက်တယ်။
သူတို့ (၅)ယောက်လုံး ဒီမန္တန်ကို ခုခံနိုင်ဖို့ ခက်လိမ့်မယ်ဆိုတာ သိပြီးသားဆိုတော့ သူတို့ အစွမ်းအထက်ဆုံး ကာကွယ်ရေး မန္တန်တွေ ထုတ်သုံးလိုက်ကြတယ်။
အလင်းကြယ်က ပြိုင်ဖက် အကာအကွယ်မန္တန်တွေနား ရောက်သွားတဲ့အချိန် ကျုပ် တစ်ချက်ပြုံးပြီး လက်ထဲက မှော်နှင်တံလေးကို စက်ဝိုင်ပုံ လှုပ်ရှားလိုက်တယ်။ အလင်းကြယ် လေထုထဲမှာ ရုတ်တရက် ရပ်သွားတယ်။ ပြီးတော့ မျဉ်းဖြောင့်ပုံစံ ချက်ချင်းပုံပြောင်း ခံစစ်အကာအကွယ်တွေဆီကို တိုးဝင်သွားရော။
မှော်သားရဲ (၅)ကောင် အစွမ်းက ရှောင်ကျင်းထက် အများကြီးနိမ့်တော့ ရှောင်ကျင်း အနိုင်ကျင့်သမျှခံနေရတယ်။ အချိန် သိပ်မကြာခင်ပဲ ရှောင်ကျင်း အဲ့ကောင်တွေကို အမှောက်သိပ်ပြီး ကျုပ်ကိုကူဖို့ လုပ်နေတယ်။
============= (*^*)=============
အပိုင်း( ၁၅၀ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား