အသက် မီးတောက်
Vol. 10 Ch. 150
Child of light (ကျန်းကုန်း)
Volume 5: Chapter 17 - Life’s Flame
အလင်းကြယ်နဲ့ ထိလိုက်တဲ့ အကာအကွယ် မန္တန်မှန်သမျှ တုန်ခါသွားလိုက်တာများ လှတောင်လှတယ်။ ပြိုင်ဖက်အဖွဲ့က (၅)ယောက်ကတော့ သဘောကျချိန်တောင်မရဘဲ..
“မကောင်းတော့ဘူး….”
ကျုပ် အလင်းကြယ်က ခိုင်ပါတယ်ဆိုတဲ့ သူတို့ အကာအကွယ်တွေကို ထိုးဖောက်သွားပြီလေ။ အားသိပ်မကျန်တော့တာတောင် သူတို့တွေ ပါးစပ်ထဲက သွေးတွေ အတောင်လိုက် ထွက်သွားကြတယ်။ ကျုပ် ဒီကစားပွဲကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီပေါ့။
ကျုပ် သူတို့ကို ထပ်တိုက်ချင်ပေမယ့် ကျုပ်ခန္ဓာကိုယ်က ရုတ်တရက် စွမ်းအားတွေ လျော့သွားတယ်။ ဒါတော်တော်ဆိုးတာပဲ။ ဒီရက်ပိုင်း စိတ်ဖိစီးလွန်းတော့ လုံလုံလောက်လောက် မနားခဲ့ရဘူးလေ။ ဒီအဆင့်မြင့် မန္တန်သုံးပြီးတာနဲ့ မှော်စွမ်းအား သိပ်မကျန်တော့ဘူး။ ပြီးတော့ ရှောင်ကျင်းကိုလဲ တိုက်ပွဲထဲမှာ စွမ်းအား ထောက်ပံ့ပေးနေရတာ မေ့သွားတယ်။ ရှောင်ကျင်း မှော်စွမ်းအားတွေ သူ့ဟာသူ စုဆောင်းနိုင်တယ်ဆိုပေမယ့် တစ်ချို့တဝက်တော့ ကျုပ်ဆီက ယူရတာပဲလေ။
ရှောင်ကျင်း ဟိန်းဟောက်ပြီး သူ့ပြိုင်ဖက် (၅)ကောင်ကို အလင်းလုံးနဲ့ ပစ်လိုက်တာ မြင်လိုက်ရတယ်။ ကျုပ် စိုးရိမ်စိတ် နည်းနည်းလျော့သွားတယ်။ ပြိုင်ဖက်အဖွဲ့က (၅)ယောက်ကို ရှောင်ကျင်းတိုက်ခိုင်းမလို့ လုပ်တုန်း ထူးဆန်းတာ မြင်လိုက်ရတယ်။
သူတို့(၅)ယောက်လုံး မျဉ်းတစ်ဖြောင့်တည်း အနေအထားနဲ့ ရပ်နေပြီး အခိုင်အမာ ဆုံးဖြတ်ပြီးသားပုံစံတွေနဲ့ဗျ။ အလယ်မှာရှိတဲ့ မြေကမ္ဘာမှော်ဆရာက..
“ငါတို့ကျောင်းအတွက် ငါတို့ ဂုဏ်ယူစွာ လုပ်ကြမယ်…”
ကျန်တဲ့သူတွေကလဲ ပြိုင်တူပဲ..
“မှန်တယ်။ ငါတို့ကျောင်းအတွက် …. “
ပြီးတော့ သူတို့ မျက်နှာပေါ်ကို ကောင်းကင်ကနေ အလင်းရောင်တွေ ကျလာတယ်။
တခါကြုံဖူးပြီးသားဆိုတော့ သူတို့ ဘာလုပ်တော့မယ်ဆိုတာ ကျုပ်သိနေတယ်။
“ရပ်လိုက်…”
ကျုပ်အော်လိုက်ပေမယ့် အချိန်မမှီတော့ဘူး။ သူတို့ (၅)ယောက်ကတော့..
“အို ကြီးမြတ်သော ဘုရားသခင်၊ ကျေးဇူးပြုပြီး ငါတို့အသက်ဘဝတွေကို လောင်ကျွမ်းပြီး စွမ်းအားတွေ ပေးသနားပါ..”
သူ့တို့ ဘဝအသက်စွမ်းအားတွေ လောင်ကျွမ်းပစ်လိုက်တာဆိုတော့ အတော်ဆိုးနေပြီ။ ဒါစွမ်းအား ရယူခြင်းအတွက် ပြန်ပေးဆပ်ရတဲ့ တန်ဘိုးဆိုပေမယ့် သူတို့စွမ်းအားတွေကို ယာယီ တိုးသွားမှာတော့ အမှန်ပဲ။ သူတို့ (၅)ယောက်မှာ သက်ဆိုင်ရာ မှော်အရောင်တွေနဲ့ တောက်ပနေလေရဲ့။
မကောင်းတော့ဘူးဆိုတာ ခံစားမိလို့ ရှောင်ကျင်း ကျုပ်ဆီကို ထိုးဆင်းလာတယ်။
“ဒါ တကယ် ထိုက်တန်လို့လား။ ဘာမဟုတ်တဲ့ အနိုင်ဆိုတာလေးက မင်းတို့ အသက်ထက် တန်ဘိုးရှိလို့ လောင်ကျွမ်းပစ်ရတာလား”
သူတို့ထဲက လေမှော်ဆရာက..
“ဟန်ဆောင်မနေနဲ့တော့။ မင်းရဲ့ အထက်တန်းကျတဲ့ စွမ်းအားတွေ ငါတို့ မြင်ခဲ့ရပြီးပြီ။ ငါတို့ ဘဝတွေက ဘာများ အသုံးကျလို့လဲ။ ဒီတော့ အဲ့ဘဝနဲ့ပဲ တစ်ခုခုတော့ ဖြစ်အောင်လုပ်ပေးရမှာပေါ့”
သူတို့ထဲက တစ်ယောက်က..
“သူနဲ့ အပြိုင်ပြောမနေနဲ့။ ငါတို့အတွက် အချိန်ကုန်တယ်။ မင်းတို့ တိုက်ကွက်တွေသာ မြန်မြန်ထုတ်တော့”
အသက်စွမ်းအား လောင်ကျွမ်းထားတာဆိုတော့ သူတို့ ခန္ဓာကိုယ်တွေပေါ်က ရထားသမျှ ဒဏ်ရာတွေ ချက်ချင်း သက်သာသွားကြတယ်။ မတူကွဲပြားတဲ့ မှော်ပညာ(၃)မျိုးနဲ့ ကျုပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာပြီ။
တိုက်ပွဲ စင်မြင့်အောက်မှာ မူကျီ အော်ဟစ်နေတယ်။ စစ်ဝါသာ တားမထားရင် စင်ပေါ်ထိ တက်လာမှာသေချာတယ်။
ရှောင်ကျင်း တိုက်ကွက်တွေကို ခုခံဖို့ သူ့အတောင်တွေ ဖြန့်လိုက်တယ်။ ပြန်ခုခံဖို့ကိုပဲ စွမ်းအားတွေ တော်တော်သုံးလိုက်ရတာ။ ဒါ ဘယ်ကောင်းတော့မလဲ။ ပြိုင်ဖက်ကို ပြန်တိုက်နိုင်အောင် ခံစစ်မန္တန်တွေ သုံးလိုက်ရတယ်။ ရုတ်တရက် ရှောင်ကျင်း နောက်ဆုတ်သွားတာ သတိထားမိလိုက်တယ်။ အသက်စွမ်းအား လောင်ကျွမ်းထားတဲ့ မှော်ဆရာ (၅)ယောက်ကို တားဆီးဖို့ဆိုတာ သူ့အတွက် တော်တော် ခက်ခဲလွန်းလောက်တယ်။
ရှောင်ကျင်းကို သူတို့ ဒုက္ခပေးမှာတော့ ကျုပ်ကြည့်မနေနိုင်ဘူး။ ရှောင်ကျင်း နောက်ထပ်လှုပ်ရှားမှုတစ်ခုခုအတွက် လိုအပ်တဲ့ စွမ်းအားတွေ ကူညီဖို့ စုထားပေမယ့် ပြိုင်ဖက်ရဲ့ တိုက်ကွက်တွေက ပြင်းထန်လွန်းအားကြီးတယ်။ ကောင်းကင်ဘုံမီးတောက်နဂါး၊ အာဏာရှင် လေဆင်နှာမောင်း၊ ဥက္ကာပျံ တွေအကုန်လုံး အစွမ်းထက်တယ်လေ။ ရှောင်ကျင်း နောက်တောင် မဆုတ်နိုင်တော့ဘူး။ သူ့ရွှေရောင် ကြေးခွံတွေမှာ သွေးတွေစီးကျနေတဲ့အပြင် ကြည်လဲ့လဲ့ သူ့မျက်လုံးကြီးတွေ တဖြည်းဖြည်း မှေးမှိန်လာပြီ။
မဟုတ်သေးဘူး။ ကျုပ် ရှောင်ကျင်းကို ထပ်ပြီး အသေမခံနိုင်ဘူး။ ကျုပ်သူ့ကို ခန္ဓာကိုယ်ထဲ ပြန်သိမ်းပြီး တိုက်ကွက်တွေ ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်တယ်။ ပြိုင်ဖက်တွေရဲ့ တိုက်ကွက်တွေက ကျုပ်အကာအကွယ်တွေကို ဖြတ်ကျော်လာနိုင်ခဲ့ပြီ။
အရေးပေါ်အချိန်ဆို မှော်ဝတ်ရုံ အကူအညီပေးလိမ့်မယ်။ ကျုပ်ရင်ဘတ်ပေါ်က အမြူတေက ကျုပ်အတွက် နောက်ဆုံး အကာအကွယ်အနေနဲ့ အလင်းတန်းတစ်ခု ထုတ်လွှတ်လာတယ်။
တိုက်ကွက်တွေ ရပ်သွားတဲ့အချိန် ကျုပ်ခန္ဓာကိုယ်မှာ ဒဏ်ရာရသွားလို့ မှော်နှင်တံလေးနဲ့ ထောက်ထားလိုက်ရတယ်။ ကျုပ် ပါးစပ်မှာလဲ သွေးတွေ စီးကျနေပြီ။ ကျုပ်အလင်းမှော်ဝတ်ရုံပေါ်က အမြူတေလဲ အက်ကွဲသွားပြီ။ ကျုပ်ကို ကာကွယ်ဖို့ သူ့အသက်ပေးသွားရသလိုပဲ။ မူကျီ ကျုပ်ဆီလာချင်လွန်းလို့ ရူးသွပ်မတတ်ဖြစ်နေပြီ။ ကျုပ် ခန္ဓာကိုယ် ယိုင်သွားပေမယ့် မတ်နိုင်သမျှ မတ်နေအောင် ပြန်ထိန်းပြီး လက်ရမ်းပြရင်း..
“ငါ မရှုံးသေးဘူး…”
“ဝေါ့ …”
ကျုပ်ပါးစပ်က သွေးတစ်လုပ် အံလိုက်ရတယ်။ ကျုပ် အကန့်အသတ်ထိ ရောက်နေပြီဆိုတာ ကျုပ်သိလိုက်ရတယ်။
တစ်ဖက်က ပြိုင်ဘက်တွေကို ကြည့်လိုက်တော့ သူတို့လဲ အခြေအနေ သိပ်ကောင်းပုံမရဘူး။ သူတို့မျက်နှာတွေ ဖြူဖွေးနေပြီး အသက်စွမ်းအင် လောင်ကျွမ်းထားတဲ့အရှိန်အဝါက မှိန်စပြုလာပြီ။
ကျုပ် ဆက်မထိန်းနိုင်တော့ဘူး။ ခန္ဓာကိုယ်ကလဲ မန္တန်တွေ မသုံးနိုင်သေးဘူး။ တိုက်ပွဲ စိတ်ဝညာဉ်လဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာဆိုတော့ လှည့်ပတ်ကြည့်လိုက်တာ အခြေအနေမကောင်းတော့ဘူး။
ကျုပ် တကယ်ကြီး ရှုံးတော့မှာလား….။
ကျုပ်ကိုယ်ကျုပ်တောင် မတွေးမိဘဲ အမြဲတမ်းလိုလို တလွှားလွှားနဲ့ သွားလာနေတတ်တဲ့ မာခယ့် အကြောင်း တွေးလိုက်မိတယ်။ ဒီကောင် သူခြေထောက်နဲ့သူ လမ်းမှ ပြန်လျှောက်နိုင်ပါ့မလား။ သူ့နောက်ဆုံး ဆန္ဒက ကျုပ် ပထမ ရဖို့ဗျ။
မာခယ်ရေ။ မင်းအစ်ကိုကြီးတော့ ကိစ္စပြတ်ပြီထင်တယ်။ မဟုတ်သေးဘူး။ လုံးဝ မဟုတ်သေးဘူး။ ငါ့ညီရဲ့ နောက်ဆုံး ဆန္ဒ ပြီးမြောက်စေရမယ်။
ကျုပ် မိုးပေါ်မော့ပြီး အသံအကျယ်ကြီးနဲ့ ဟိန်းဟောက်လိုက်မိတယ်။ ကျုပ် စိတ်ဓာတ်လေးတစ်ခုတည်းနဲ့ ပြိုင်ဖက် အဖွဲ့ဆီကို တစ်လှမ်းချင်း လျောက်သွားလိုက်တယ်။
နဂါးသစ်တောကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်နဲ့ စောင့်ကြည့်နေတဲ့သူတွေအကုန် မတ်တပ်တွေ ရပ်လာကြတယ်။ လူတိုင်းရဲ့ နှလုံးသားတွေ တထိတ်ထိတ် ခုန်နေကြလေရဲ့။ ကျောင်းအုပ်ကြီးနဲ့ ဒုကျောင်းအုပ်ကတော့ ပြိုင်ပွဲသမိုင်းတလျှောက် တော်ဝင်ကျောင်းတော်ကို ပထမဆုံး အနိုင်၊ အောင်ပွဲခံဖို့ ပြင်နေကြပြီ။
ရုတ်တရက် ကျုပ်ခန္ဓာကိုယ် မှာ စွမ်းအင်နွေးနွေးတစ်ခု စီးဆင်းတောက်ပလာတယ်။ ဖုန့်လျန့်ရီကို နိုင်ပြီးတဲ့အချိန် ဟိုင်ယွဲ့ရဲ့ တိုက်ကွက်ကို ခုခံပေးနိုင်တဲ့ စွမ်းအားဆိုတာ သတိရလိုက်မိတယ်။
စွမ်းအင် နွေးနွေးတွေ ကျုပ်ခန္ဓာကိုယ်တစ်ခုလုံးကို ခပ်မြန်မြန် စီးဆင်းသွားတယ်။ ကျုပ်ခန္ဓာကိုယ်ထဲမှာ ကွဲအက်ကျေမွနေတဲ့ သွေးကြောလေကြောတွေ ပြန်ကောင်းလာတယ်လို့ ခံစားရတယ်။ ကျုပ် လုံးဝ မလှုပ်တော့ဘဲ မျက်လုံးကို တင်းတင်း မှိတ်ထားပြီး စွမ်းအင်နွေးနွေးတွေ ကျုပ်ခန္ဓာကိုယ်ကို ပြန်ကုနေတာ ဒီအတိုင်း လွှတ်ထားလိုက်တော့တယ်။
ပြိုင်ဖက်အဖွဲ့က (၅)ယောက်လုံး ကျုပ်ခေါင်းမာခွန်းတဲ့ပုံကို လေးစားမှုတွေ ပြကြတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်လဲ အသက်ဘဝစွမ်းအားတွေ လောင်ကျွမ်းထားရတာရဲ့ နောက်ဆုံး လက်ကျန်အချိန်ဖြစ်နေတော့ နောက်ဆုံး တိုက်ကွက်အတွက် သူတို့လက်တွေ မြှောက်လိုက်ကြတယ်။ မြေကမ္ဘာမှော်ဆရာကတော့ နည်းနည်းလေး တွန့်ဆုတ်နေသလိုပဲ။
ကျုပ်ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းစက်ဝိုင်းတစ်ခု ထွက်လာပြီး ကောင်းကင်ကစွမ်းအားတွေ တဖြည်းဖြည်း ထုတ်လွှတ်လာတယ်။ ကျုပ်ပြိုင်ဖက်တွေ လန့်သွားပေမယ့် နောက်ဆုံးတိုက်ကွက်ကတော့ တိုက်ကြတာပါပဲ။
လေဆင်နှာမောင်း(၂)ခု၊ မီးမြွေ(၂)ကောင် (ပထမ အကြိမ်တုန်းကလို မီးနဂါး မဖန်တီးနိုင်တော့ဘူး)နဲ့ ဥက္ကာပျံ ကြီးတွေ ကျုပ်ဆီ တည့်တည့် ဝင်လာပြီ။
ဒါတွေကိုမြင်တော့ မူကျီနဲ့ စစ်ဝါ တိုက်ပွဲထဲ ဝင်ဖို့ အစွမ်းကုန် ပြေးလာကြတယ်။ ဒါပေမယ့် ကျုပ်နဲ့ (၁၀)မီတာ အကွာလောက်ရောက်တော့ မမြင်နိုင်တဲ့ စွမ်းအားတစ်ခုက ကျုပ်ဆီ ကပ်လာလို့မရအောင် တားဆီးတာ ခံလိုက်ရတယ်။
============= (*^*)=============
အပိုင်း( ၁၅၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား